← Chapters

အခန်း ၆၅

Vol. 4 Ch. 65

အခန်း ၆၅

Vol. 4 Ch. 65

အပိုင်း(၆၅) လမ်းကြောင်းပြောင်းခြင်း

ယာဉ်တန်း စတင်ထွက်ခွာလာသည်။

အရှေ့ဆုံးမှ ဦးဆောင်လာသည်ကတော့ ကားကိုယ်ထည်ပေါ်တွင် "တရားမျှတမှု" ဟု အနီရောင် ဆေးသုတ်ထားသော ခေါင်းဆောင်ချူ၏ အဆင့်မြှင့်တင်ထားသည့် လမ်းကြမ်းမောင်းကားပင် ဖြစ်သည်။

၎င်း၏နောက်တွင်တော့ ပန်းရောင်ဆံပင်၊ ခြေတံရှည်ရှည်နှင့် အရက်ကြိုက်တတ်သော အထက်တန်းနောက်ဆုံးနှစ် ကျောင်းသူလေး လိုက်ပါလာ၏။

ကားမှန်မှတစ်ဆင့် လှမ်းကြည့်လိုက်ရာ ချန်းရီက ထိုကောင်မလေး ထပ်မံ၍ အရက်များသွားပြီး ယာဉ်မောင်းဘေးခုံတွင် မှောက်အိပ်နေသည်ကို မြင်လိုက်ရသည်။

တစ်ရက်လျှင် ၂၄ နာရီ ရှိသည့်အနက် နာရီ ၂၀ လောက်အထိ မူးယစ်နေအောင် ဤကောင်မလေး မည်သို့များ သောက်နိုင်သနည်း ဆိုသည်ကိုတော့ အမှန်ပင် မသိတော့ချေ။

ချန်းရီက သူမကို ကြည့်နေသည်ကို မြင်သောအခါ ထိုကောင်မလေးက လက်ထဲမှ ဘီယာဘူးကို ဝှေ့ယမ်းပြလိုက်သည်။

ချန်းရီကလည်း လက်ထဲမှ ဆေးလိပ်ကို ပြန်လည် မြှောက်ပြလိုက်ရာ ဆေးလိပ်သမား တစ်ယောက်နှင့် အရက်သမား တစ်ယောက်တို့ကြား နားလည်မှု တစ်ခုဟုပင် ဆိုရပေမည်။

ပစ်ကပ်ကားက အနည်းငယ် တုန်ခါသွားပြီးနောက် ဂီယာချိန်းကာ စတင် ထွက်ခွာလာသည်။

ကမ္ဘာပျက်ကပ်၏ သိသာထင်ရှားသော ဟန်ပန်များ ရှိနေသည့် ဤပစ်ကပ်ကားကြီးသည် ဧရာမ သားရဲကြီး တစ်ကောင်အလား ခြေတံရှည်ကောင်မလေး၏ ကားနောက်မှ လိုက်ပါလာခဲ့သည်။

ဤကားတွင် လိုအပ်ချက်များစွာ ရှိနေသေးသည်။

ထို့ထက်ပို၍ အားနည်းချက်များစွာ ရှိနေသေးသည်။

သို့သော် ချန်းရီအတွက်ကတော့ ဤကားသည် ကမ္ဘာပျက်ကပ်ထဲတွင် အကောင်းဆုံးသော ကားတစ်စီးပင် ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူ အများအပြားက အားကျနေသော အကြည့်များဖြင့် ကြည့်နေကြပြီး ချန်းရီကို ကားထဲမှ ဆွဲထုတ်ကာ သူတို့ကိုယ်တိုင် ဝင်ထိုင်ချင်နေကြပုံ ပေါ်သည်။

ကမ္ဘာပျက်ကပ်ထဲတွင် ယခုလို ကားမျိုးကို ရှာတွေ့နိုင်ခြင်းမှာ လူအများစုအတွက် အိပ်မက်ထဲတွင်ပင် မမက်ရဲသော အရာတစ်ခု ဖြစ်ပေသည်။

ကားထဲတွင် ထိုင်နေရင်းဖြင့် မျက်စိတစ်ဆုံး ကျယ်ပြောလှသော သဲကန္တာရကြီးကို မြင်တွေ့နေရသည်။

မိမိတို့၏ ယာဉ်တန်းမှလွဲ၍ ပတ်ဝန်းကျင်တွင် အခြားသော လူသူအရိပ်အယောင်ဟူ၍ လုံးဝ မရှိချေ။

ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးမှာ လုံးဝ မဖြစ်နိုင်ပေ။

ကမ္ဘာပျက်ကပ် မတိုင်မီက ဤမြေပြင်ပေါ်တွင် အလွန် ခေါင်ဖျားသော နေရာများ၌ပင်လျှင် လူသားတို့၏ ခြေရာလက်ရာများကို တွေ့မြင်နိုင်သည်။

လအနည်းငယ်ခန့်မျှသော အချိန်ကာလလေးအတွင်းမှာပင် ဤမြေပြင်ကြီးသည် မိမိ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဤကမ္ဘာပျက်ကပ်ကြီးသည် သာမန် ရိုးရှင်းလှသည် မဟုတ်ဟု ချန်းရီက အမြဲတစေ ခံစားနေရ၏။

ဥပမာအားဖြင့် ဤမျှ ဆိုးရွားလှသော သဲကန္တာရ ရာသီဥတုမျိုးပင် ဖြစ်သည်။

နေ့ဘက် အပူချိန်မှာ လူသေလောက်အောင် ပူပြင်းလှသည်။

ညဘက် အပူချိန်ကလည်း လူသေလောက်အောင် အေးခဲလှပြန်သည်။

ဤမျှ ဆိုးရွားသော ရာသီဥတုမျိုးမှာ ယခင်က ကြားတောင် မကြားဖူးခဲ့ပေ။

ထို့အပြင် ထိုထူးဆန်းသော သတ္တဝါဆိုးကြီးများလည်း ရှိသေး၏။

၎င်းတို့မှာ ကမ္ဘာပေါ်တွင် ရှိသင့်သော သတ္တဝါများ လုံးဝ မဟုတ်ကြချေ။

အမည်မသိ ဟင်းလင်းပြင် တစ်ခုနှင့် ကမ္ဘာ့ဟင်းလင်းပြင်တို့ ပေါင်းစပ်သွားခြင်း ဖြစ်နိုင်သည်ဟု ယခင်က အသက်ရှင်ကျန်ရစ်သူ အချို့က ခန့်မှန်းခဲ့ကြသည်။

ချီစွမ်းအင်များ ပြန်လည်နိုးထလာခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းသူများလည်း ရှိကြသည်။

မည်သို့ပင်ဖြစ်စေ လူအမျိုးမျိုး စကားအဖုံဖုံ ပြောနေကြခြင်းပင်။

ရာသီဥတုမှာ အရင်ကအတိုင်းပင် ပူပြင်းလှသည်။

ချန်းရီက ကားပြတင်းပေါက် နှစ်ဖက်လုံးကို ချထားလိုက်ရာ ပူပြင်းခြောက်သွေ့သော လေပူများက သဲသောင်ပြင်များကို ဖြတ်သန်းပြီး ကားထဲသို့ ဝင်ရောက်လာကာ နားထင်မှ ချွေးများကို သယ်ဆောင်သွားလေသည်။

ချန်းရီသည် မျက်နှာပေါ်တွင် အနက်ရောင် နေကာမျက်မှန်ကို တပ်ဆင်ထားပြီး ပြတင်းပေါက် အပြင်ဘက်မှ ပြင်းထန်သော အလင်းရောင်များကို ကာကွယ်ထားသဖြင့် မျက်လုံးများ အနည်းငယ် သက်သာရာ ရစေသည်။

ဤနေကာမျက်မှန်မျိုးကို ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ရှားပါးလှသော ပစ္စည်းတစ်ခု မဟုတ်ပေ။

သို့သော် ယခုလို ပစ္စည်းများ အလွန် ရှားပါးနေသည့် အခြေအနေမျိုးတွင် လူအများအပြားက ချန်းရီ၏ နေကာမျက်မှန်ကို အားကျနေကြသည်။

လူအချို့က ချန်းရီနှင့် ဤမျက်မှန်ကို လာရောက် လဲလှယ်လိုကြသော်လည်း ချန်းရီက ငြင်းပယ်ခဲ့သည်။

ခြေထောက်တွင်တော့ ညှပ်ဖိနပ် တစ်ရန်ကို စီးထားသည်။

ယခင်က စီးခဲ့သော ဖိနပ်မှာ ကြီးမားသည့် ယာဉ်တိုက်မှုကြီး ဖြစ်ပွားခဲ့ရာ နေရာတွင် ကားအသစ် ရှာဖွေရန် ဆင်းလာစဉ် ဖိနပ်အောက်ခံ ပြုတ်ထွက်သွားခဲ့သဖြင့် ချန်းရီမှာ ဤအတောအတွင်း ညှပ်ဖိနပ်ကိုသာ စီးနေရတော့သည်။

ချန်းရီကို ပို၍ အနေရခက်စေသည်မှာ ခန္ဓာကိုယ်မှ အနံ့အသက်ပင် ဖြစ်သည်။

ရေမချိုးရသည်မှာ လအနည်းငယ်မျှပင် ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုအနံ့ကြီးက အမှန်တကယ်ပင် လက်ခံနိုင်ဖွယ်ရာ မရှိပေ။

ဆေးလိပ်တိုကို ပြတင်းပေါက် အပြင်ဘက်သို့ လွှင့်ပစ်လိုက်ပြီး လက်တစ်ဖက်က စတီယာရင်ကို ကိုင်ကာ ကျန်လက်တစ်ဖက်က ယာဉ်မောင်းဘေးခုံမှ ရေသန့်ဘူး တစ်ဘူးကို ယူလိုက်သည်။

ဘူးထဲတွင် နောက်ဆုံးကျန်နေသော ရေအနည်းငယ်ကို တစ်ကျိုက်တည်းနှင့် မော့သောက်လိုက်သည်။

ပါးစပ်ထဲတွင် အနည်းငယ် စိုစွတ်သွားသည်ဟု ခံစားလိုက်ရပြီးနောက် ရေသန့်ဘူးကို ယာဉ်မောင်းဘေးခုံ အောက်သို့ ဂရုတစိုက် ထည့်သွင်းသိမ်းဆည်းလိုက်သည်။

ယခင်ကဆိုလျှင် ချန်းရီသည် ဤဘူးခွံများကို အမှိုက်ပုံးထဲသို့ အလွယ်တကူ လွှင့်ပစ်ခဲ့ပေလိမ့်မည်။

သို့သော် ယခုအခါတွင်တော့ ဤဘူးခွံလေးများသည်ပင် အဖိုးတန် ပစ္စည်းများ ဖြစ်နေချေပြီ။

ဘယ်အချိန်တွင် ရေအရင်းအမြစ်သစ်ကို ရှာတွေ့မည်မှန်း မည်သူမျှ မပြောနိုင်ပေ။

ထိုအချိန်ကျလျှင် ဤဘူးများသည် ရေသိုလှောင်ရန် ခွက်များ ဖြစ်လာပေလိမ့်မည်။

ဤကဲ့သို့သော ဘူးခွံအလွတ်များကို ချန်းရီ ဒါဇင်နှင့်ချီ၍ စုဆောင်းထားခဲ့သည်။

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ယခင်က ကားမောင်းရသည့် စိတ်လှုပ်ရှားမှုများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ချန်းရီအတွက် အနည်းငယ် ပျင်းရိစရာပင် ကောင်းလာခဲ့သည်။

ဤအချိန်တွင် ရေဒီယိုလေး တစ်လုံးလောက် ရှိပြီး သီချင်းလေး ဘာလေး ဖွင့်နိုင်ပါက ဘယ်လောက်တောင် ကောင်းလိုက်မည်နည်း။

သို့မဟုတ် ကားအဲကွန်းလေး တစ်လုံးလောက် တပ်ဆင်နိုင်ပါက သိပ်ကို ဇိမ်ကျနေမည် မဟုတ်ပါလော။

ထို့အပြင် ဤကားကြီးကလည်း အလွန်အမင်း ကြမ်းတမ်းလွန်းလှသည်။

လမ်းပေါ်မှ ကျောက်ခဲငယ်လေးများကပင် ချန်းရီ၏ ကျောပြင်ဆီသို့ ရှင်းလင်းစွာ ရိုက်ခတ်လာနိုင်၏။

ယခင်က ဒီဇိုင်းဆွဲရာတွင် မဖယ်ဘဲချန်ထားခဲ့သော ရှော့ဘ်ဘား အနည်းငယ်ကလည်း ဘာမှ အသုံးမဝင်လှပေ။

ဒါက လူတို့၏ လောဘရမ္မက် မပြည့်ဝနိုင်ခြင်းပင် ဖြစ်ပေလိမ့်မည်။

အရင်က ကားတစ်စီး လိုချင်ခဲ့ပြီး ကားရလာသောအခါတွင် ပိုမို ကောင်းမွန်သော ပတ်ဝန်းကျင်ကို ထပ်မံ လိုချင်လာပြန်သည်။

ယာဉ်တန်းကြီး တဖြည်းဖြည်း အရှိန်လျှော့လာသည်ကို သတိထားမိလိုက်သည်။

ခေါင်းပြူ၍ ကြည့်လိုက်ရာ ရှေ့နားမှ လမ်းဘေးတွင် ကားနှစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရ၏။

ထိုကားနှစ်စီးမှာ မီးလောင်ကျွမ်းထားသဖြင့် ပြာကျနေပြီး ကားကိုယ်ထည် အခွံများသာ ကျန်ရှိတော့သည်။

ခေါင်းဆောင်ချူ၏ ကားက ရပ်တန့်သွားပြီ ဖြစ်သည်။

လူငယ်တစ်ယောက်က ကားထဲမှ ပြေးထွက်လာသည်။

ထိုလူကို ချန်းရီ သိထားပြီး သူက ခေါင်းဆောင်ချူ၏ ကားပေါ်တွင် လိုက်ပါလာသော တတိယမြောက် လူပင် ဖြစ်သည်။

ခေါင်းဆောင်ချူ၏ ကားပေါ်တွင် စုစုပေါင်း လူသုံးယောက် ရှိသည်။ ဦးလေးအားပေါင်က ပုံမှန်အားဖြင့် ခေါင်းဆောင်ချူကို ကူညီပြီး ယာဉ်တန်း၏ ကိစ္စအဝဝကို တာဝန်ယူ ဖြေရှင်းပေးလေ့ရှိပြီး၊ ခေါင်းဆောင်ချူကတော့ သာမန် အခြေအနေမျိုးတွင် ယာဉ်တန်းကိစ္စများကို ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။

ကျန်တစ်ယောက်ကတော့ ဤရှောင်ဝမ်ပင် ဖြစ်သည်။ သူက ဦးလေးအားပေါင်၏ လက်ထောက်ဟု ဆိုနိုင်ပြီး တစ်ခါတစ်ရံ ကားကူမောင်းပေးကာ၊ တစ်ခါတစ်ရံတွင် ဦးလေးအားပေါင်ကို အချို့ကိစ္စများတွင် ကူညီပေးလေ့ရှိသည်။

ဦးလေးအားပေါင်က သူ့ကို "ရှောင်ဝမ်" ဟု ခေါ်သည်ကို အမြဲ ကြားဖူးသည်။

ယာဉ်တန်း၏ လက်ထောက်ဟူသော နေရာမျိုးပင် ဖြစ်သည်။

ခြေတံရှည် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကားပေါ်တွင် သူမကိုယ်တိုင် အပါအဝင်မှ လူနှစ်ယောက်တည်းသာ ရှိသည်။ ခြေတံရှည်ကောင်မလေးမှလွဲ၍ ကျန်တစ်ယောက်၏ အမည်မှာ "ရှောင်ယွီ" ဟု ခေါ်သည်။

အရပ်က ငါးပေပင် မပြည့်သော ကလေးမလေး ဖြစ်ပြီး အနက်ရောင် မျက်မှန်ကို တပ်ဆင်ထားကာ၊ ကြားရသလောက်တော့ သူမ၏ အသက်က ခြေတံရှည် ပန်းရောင်ဆံပင်နှင့် ကောင်မလေးထက်ပင် ပိုငယ်သေးသည်ဟု ဆို၏။

ဤကလေးမလေးက ခြေတံရှည်ကောင်မလေးကို ကားထဲသို့ အလွန် ခက်ခဲစွာ ဆွဲသွင်းနေသည်ကို ချန်းရီ နှစ်ကြိမ်တိုင်တိုင် တွေ့ခဲ့ရဖူးသည်။

ချန်းရီသည် ထိုကလေးမလေးက နာနာကို "အမဝမ်းကွဲ" ဟု ခေါ်သည်ကိုပင် ကြားခဲ့ရသေးသည်။

ဤကလေးမလေးက ထိုအဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားကြီးကို မောင်းနှင်နေသည်ကိုပင် ချန်းရီ တွေ့ခဲ့ဖူးသေးသည်။

အကယ်၍ သေချာ ဂရုတစိုက် မကြည့်ပါက ထိုကားမှာ လူမပါဘဲ မောင်းနှင်နေသည်ဟုပင် ထင်မှတ်ရပေလိမ့်မည်။

ချန်းရီ၏ အကြည့်များအောက်တွင် ရှောင်ဝမ်သည် ကားကိုယ်ထည် အခွံများသာ ကျန်ရှိတော့သည့် ထိုမီးလောင်ထားသော ကားနှစ်စီး ရှေ့သို့ အလျင်အမြန် ပြေးသွားလေသည်။

ချန်းရီလည်း ထိုအခြေအနေကို မြင်သောအခါ ကားကို သေချာစွာ ရပ်တန့်လိုက်ပြီး ကားပေါ်မှ ခုန်ဆင်းလိုက်သည်။

ယခုအချိန်တွင် ကားကို တွေ့လိုက်သည်နှင့် ချန်းရီ၏ မျက်လုံးများက အရောင်လက်သွားလေ့ရှိသည်။ ထိုကားထဲတွင် မိမိ လိုအပ်သော ပစ္စည်းတစ်ခုခုများ ရှိနေမည်လား မည်သူပြောနိုင်မည်နည်း။

ပစ္စည်းများ စုဆောင်းရှာဖွေခြင်းက ကမ္ဘာပျက်ကပ်တွင် အသက်ရှင်သန်ရေးအတွက် ပထမဆုံးသော စည်းမျဉ်းပင် ဖြစ်သည်။

နောက်ဘက်မှ လူအချို့လည်း ကားပေါ်မှ ဆင်းလာကြရာ သူတို့လည်း ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တစ်ချက်လောက်တော့ စမ်းကြည့်ချင်သော အတွေးမျိုး ရှိနေပုံရသည်။

"အစ်ကိုရီ..."

အခြေအနေကို စစ်ဆေးနေသော ရှောင်ဝမ်က ချန်းရီ လာသည်ကို မြင်သောအခါ အလျင်အမြန် နှုတ်ဆက်လိုက်သည်။

ချန်းရီက ခေါင်းညိတ်ပြလိုက်ပြီး သူ့ရှေ့ရှိ ကားကိုယ်ထည် အခွံနှစ်ခုကို အကဲခတ်လိုက်သည်။

ဤကားနှစ်စီးမှာ အပြည့်အဝ မီးလောင်ကျွမ်းခံထားရပြီး ကားထဲတွင် မည်သည့် ပစ္စည်းမျှ မရှိတော့ပေ။

ကားနှစ်စီးထဲတွင် တစ်စီးလျှင် အလောင်းနှစ်လောင်းစီ ရှိနေပြီး အလောင်းများမှာ မီးလောင်ကျွမ်းကာ မီးသွေးခဲများအလား ပြောင်းလဲနေကြပြီ ဖြစ်သည်။

ချန်းရီသည် အသုံးဝင်မည့် ပစ္စည်းတစ်ခုမျှ မတွေ့ရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ကားပေါ်သို့ ပြန်တက်လာခဲ့သည်။

အခြားသူများလည်း အလွန် စိတ်ပျက်သွားကြသည်။

ယာဉ်တန်းကြီး ထပ်မံ၍ စတင်ထွက်ခွာလာပြန်သည်။

ဤကဲ့သို့ ကြားဖြတ် ဖြစ်စဉ်လေး တစ်ခု အပြီးတွင်တော့ ယာဉ်တန်းကြီးမှာ ယခင်ကကဲ့သို့ သေမင်းတမန် တိတ်ဆိတ်ငြိမ်သက်မှုဆီသို့ ထပ်မံ ရောက်ရှိသွားပြန်သည်။

ယနေ့ညတွင် မည်သည့်နေရာ၌ အနားယူရမည်ကို မည်သူမျှ မသိကြပေ။

ဤကဲ့သို့သော ဘဝမျိုး မည်သည့်အချိန်တွင် ပြီးဆုံးမည်ကိုလည်း မသိကြချေ။

ဤကဲ့သို့ ရွှေ့ပြောင်းသွားလာနေရမှုကြီး မည်သည့်အချိန်တွင် ပြီးဆုံးမည်ဆိုသည်ကို ပို၍ပင် မသိနိုင်ကြပေ။

လူတိုင်းက မျှော်လင့်ချက်မဲ့စွာဖြင့် မျက်စိတစ်ဆုံး ကျယ်ပြောလှသော သဲကန္တာရကြီးကို ကြည့်နေကြ၏။

ထိုအချိန်မှာပင် အရှေ့ဘက်ဆီမှ ကားဟွန်းသံများ ထွက်ပေါ်လာသည်။

"သတိထားကြပါ... သတိထားကြပါ... လမ်းကြောင်း အပြောင်းအလဲ ရှိပါတယ်... ကျွန်တော်တို့ ကတ္တရာလမ်းပေါ်ကနေ ဆင်းရပါမယ်"

"သတိထားကြပါ... ကတ္တရာလမ်းပေါ်ကနေ ဆင်းကြပါမယ်"

ဤစကား၏ အဓိပ္ပာယ်မှာ ယာဉ်တန်းသည် လမ်းမကြီးပေါ်မှ ဆင်းရမည် ဖြစ်ကြောင်းပင်။

ဤသတင်းအချက်အလက်က လူအများအပြား၏ စည်းချက်များကို တိုက်ရိုက် ကမောက်ကမ ဖြစ်သွားစေသည်။

ကျိုး ညီအမများနှင့် အခြားသော အိမ်စီးကားလေးပေါ်ရှိ လူများ၏ မျက်နှာများမှာ ပြောင်းလဲသွားကြသည်။

ကားများကို သဲပြင်ပေါ်တွင် မောင်းနှင်ခြင်းနှင့် လမ်းမကြီးပေါ်တွင် မောင်းနှင်ခြင်းမှာ လုံးဝကို မတူညီသော သဘောတရားပင် ဖြစ်သည်။

အခြားသော လမ်းကြမ်းမောင်းကားများ အတွက်တော့ ကိစ္စမရှိလှပေ။

အိမ်စီးကားလေးများမှာမူ သိသိသာသာကို ပို၍ အထိနာပေလိမ့်မည်။

ယာဉ်တန်းကြီး တဖြည်းဖြည်း ရပ်တန့်သွားသည်။

လူအများအပြားက အကြောင်းရင်းကို သိရှိရန် ဦးလေးအားပေါင်ထံသို့ သွားရောက် မေးမြန်းကြသည်။

ချန်းရီက ဆေးလိပ်ကို ကိုက်လျက် ခေါင်းဆောင်ချူထံသို့ သွားရောက်ခဲ့သည်။

နာနာနှင့် ထယ်ရှီးတို့လည်း အနားသို့ ရောက်လာကြသည်။

ခေါင်းဆောင်ချူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေသည်။

"တစ်ခြားလမ်းမရှိတော့ဘူး... အရှေ့ဘက်မှာ အန္တရာယ်ရှိနေတယ်... ငါတို့ လမ်းအတိုင်းဆက်သွားရင် တစ်ယောက်မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

"အဲဒီလောက်တောင် အန္တရာယ်ရှိတာလား"

ချန်းရီက ဆေးလိပ်ပြာကို ခါချလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် တည်ကြည်သွားသည်။

"အရမ်း အန္တရာယ်များတယ်... ငါတို့ ယာဉ်တန်းမှာ သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင် လေးယောက် ရှိပေမယ့်... တော်တော်လေး စွမ်းတဲ့ ထူးဆန်းတဲ့ အရာတွေနဲ့ တွေ့ရင် မင်းတို့ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"

ခေါင်းဆောင်ချူက လေးနက်စွာ ပြောလိုက်သည်။

"ထားလိုက်ပါတော့... ထားလိုက်ပါတော့... လမ်းပေါ်က ဆင်းရမယ်ဆိုလည်း ဆင်းတာပေါ့... ကျွန်မတို့ ကားကတော့ ပြဿနာ မရှိပါဘူး"

ပန်းရောင်ဆံပင်၊ ခြေတံရှည်နှင့် အရက်သမား အထက်တန်းနောက်ဆုံးနှစ် ကျောင်းသူလေးက ခေါင်းကို ယိမ်းထိုးရင်း ပြောလိုက်သည်။

အရက်များသွား၍ ဖြစ်မည်ထင်သည်။ ဤအချိန်တွင် မတ်တတ်ပင် ဖြောင့်အောင် မရပ်နိုင်တော့ဘဲ ချန်းရီ၏ ပခုံးကို လှမ်းကိုင်ထားကာ ပါးစပ်မှလည်း တခစ်ခစ် ရယ်မောနေသည်။

ချန်းရီက ဘာမှမတတ်နိုင်စွာဖြင့် နှုတ်ခမ်းကိုသာ တွန့်လိုက်မိသည်။

သို့သော် နောက်ဘက်ရှိ အဝါရောင် ကျောင်းကားပေါ်မှ ဆွဲဆောင်မှုရှိသော မျက်ဝန်းတစ်စုံက သဝန်တိုမှု အရိပ်အယောင်များ ဖုံးကွယ်လျက် ကြည့်နေသည်ကိုတော့ သူမသိခဲ့ပေ။

"ကဲ... အားလုံးလည်း အရမ်း စိတ်မပူကြပါနဲ့... ငါတို့ ရှေ့ဆက်မသွားသရွေ့ အန္တရာယ် မရှိပါဘူး... အားလုံး ကိုယ့်ကားဆီ ပြန်သွားပြီး ကားတာယာ လေတွေကို နည်းနည်းစီ လျှော့ထုတ်ထားလိုက်ကြ"

သဲကန္တာရထဲတွင် ကားမောင်းရမည် ဖြစ်သဖြင့် သဲကန္တာရ အခြေအနေအပေါ် မူတည်၍ တာယာလေပေါင်ချိန်ကို ချိန်ညှိရမည် ဖြစ်သည်။

ချန်းရီလည်း သူ၏ ကားပေါ်သို့ ပြန်တက်လာပြီး ဘီးလေးဘီးလုံးမှ လေအချို့ကို လျှော့ထုတ်လိုက်ကာ ယာဉ်မောင်းခန်းထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။

ယာဉ်တန်းကြီး လမ်းမကြီးပေါ်မှ ဆင်းလာပြီးနောက် အစပိုင်းတွင် လူတိုင်း အနည်းငယ် စိုးရိမ်ပူပန်နေကြသည်။

သို့သော် မကြာမီမှာပင် အသားကျသွားကြသည်။

ထိုအထဲတွင် ကျိုး ညီအမများ၏ အိမ်စီးကားလေး တစ်ကြိမ် နစ်သွားခဲ့သေးသည်။

နာနာ၏ ကားဖြင့် ဆွဲထုတ်ပေးခဲ့ရသည်။

ညအမှောင်က တဖြည်းဖြည်း ကျရောက်လာသည်။

သို့သော် ခေါင်းဆောင်ချူကတော့ ကားရပ်ရန် အမိန့် လုံးဝ မပေးသေးပေ။

ယာဉ်တန်းထဲတွင် စိုးရိမ်ပူပန်မှု လေထုတစ်ရပ်က ပျံ့နှံ့နေသည်။

ချန်းရီ၏ နှုတ်ခမ်းထောင့်မှ ဆေးလိပ်မှာ လုံးဝ ပြတ်မသွားခဲ့ဘဲ ကားခန်းထဲတွင် မီးခိုးငွေ့များဖြင့် ပြည့်နှက်နေသည်။

ဤမီးခိုးငွေ့များကပင် သူ၏ လက်နက် ဖြစ်သည်။ မီးခိုးငွေ့များ ပျံ့နှံ့နေသော နယ်ပယ်အတွင်း၌သာ ဆိုလျှင် ထိုနယ်ပယ်အတွင်းရှိ အခြေအနေများကို ချန်းရီက အာရုံခံ သိရှိနိုင်ပေသည်။

ဤမီးခိုးငွေ့များကို ချန်းရီ၏ မျက်လုံးများဟုပင် ဆိုနိုင်ပေသည်။

ဓားမကြီးက အဆင့်မြှင့်တင်ရန် နောက်ထပ် နာရီအနည်းငယ် လိုအပ်နေသေးသည်။

ကံကောင်းသည်မှာ ကောင်းကင်ယံတွင် သွေးရောင်လမင်းကြီး မြင့်မားစွာ သာလင်းလာချိန်တွင်တော့ ခေါင်းဆောင်ချူက အနားယူနိုင်ပြီ ဖြစ်ကြောင်း နောက်ဆုံးတွင် ပြောလာခဲ့သည်။

ခေါင်းဆောင်ချူကို မေးကြည့်မှသာ ဤအချိန်မှာ ည ၉ နာရီ ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

နောက်ထပ် နာရီဝက် ကြာလျှင်တော့ ပထမဆုံးသော သဘာဝလွန်ပစ္စည်း အဆင့်မြှင့်တင်ခြင်း ပြီးဆုံးတော့မည် ဖြစ်သည်။

ဆက်ရန်...

All Chapters