အခန်း ၆၆
Vol. 4 Ch. 66
အပိုင်း(၆၆) နံပါတ်စဉ် ၀၄၈၇၉
တစ်နေ့တာလုံး ခရီးကြမ်းနှင်ပြီးနောက်။
ယာဉ်တန်းရှိ အသက်ရှင်ကျန်ရစ်သူများမှာ ပင်ပန်းနွမ်းနယ်ကာ အားအင်ကုန်ခမ်းနေကြပြီ ဖြစ်သည်။
ယခင်က ကားလမ်းမကြီးက လမ်းပြပေးနေသဖြင့် အသက်ရှင်ကျန်ရစ်သူများအတွက် စိတ်သက်သာရာရစေခဲ့သည်။ ကားလမ်းမဆိုသည်မှာ ယဉ်ကျေးမှုအသိုင်းအဝိုင်း ရှိနေခြင်း၏ သင်္ကေတပင် ဖြစ်သည်။
သို့သော် ယခုအခါ၌မူ...
မျက်စိတစ်ဆုံး လှမ်းကြည့်လိုက်လျှင် အဆုံးအစမရှိသော သဲကန္တာရကြီးကိုသာ မြင်တွေ့နေရပြီး မိမိတို့ မည်သည့်နေရာသို့ ရောက်နေမှန်းပင် မသိကြတော့ပေ။
စခန်းချရာ နေရာမှ တိုးတိတ်သော ငိုရှိုက်သံများကို အခါအားလျော်စွာ ကြားနေရသည်။ မလှမ်းမကမ်းရှိ အဘိုးကျန်း၏သုံးဘီးစက်ဘီးမှာ ယနေ့တွင် ပိုမို ကြမ်းတမ်းစွာ လှုပ်ခါနေပြီး ဖော်ပြရန် ခက်ခဲသော အသံအချို့လည်း ထွက်ပေါ်လာနေ၏။
ကံကောင်းသည်မှာ ယာဉ်တန်း၌ ရိက္ခာပစ္စည်းများ လုံလုံလောက်လောက် ရှိနေသေးခြင်းပင် ဖြစ်သည်။ သို့သော် သောက်သုံးရေမှာမူ ထိုမျှလောက် မကျန်တော့ပေ။
ချန်းရီက ထမင်းချက်ရာတွင်ပင် ရေကို များများ မထည့်ရက်ခဲ့ချေ။
အခြားသော အသက်ရှင်ကျန်ရစ်သူများ၏ အဆိုးမြင် စိတ်ဓာတ်ကျဆင်းမှုများနှင့် နှိုင်းယှဉ်လျှင် လမ်းစဉ် အစွမ်းပိုင်ရှင်များကမူ တည်ငြိမ်နေကြဆဲ ဖြစ်သည်။
နာနာ ဆိုသော ကောင်မလေးမှာ အလွန်အမင်း မူးယစ်နေပြီး သတိလစ်မတတ် ဖြစ်နေလေသည်။
လူသန်ကြီး ထယ်ရှီး၏ ဧရာမ ခန္ဓာကိုယ်ကြီးက မီးပုံဘေးတွင် ထိုင်နေပြီး မည်သည့်စကားမျှ မဆိုဘဲ တိတ်ဆိတ်နေသည်။
ခေါင်းဆောင်ချူ တစ်ယောက်တည်းသာ အရိပ်အယောင်မျှ မတွေ့ရဘဲ သူ၏ တဲအတွင်းသို့ ဝင်ကာ လက်ဖက်ရည် သောက်နေခြင်း ဖြစ်တန်ရာ၏။
ချန်းရီက လောင်စာအတုံးမှ လောင်ကျွမ်းနေသော လိမ္မော်ရောင် မီးတောက်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
[၀၀:၀၀:၀၂]
[၀၀:၀၀:၀၁]
[အဆင့်မြှင့်တင်ခြင်း ပြီးဆုံးပါပြီ]
သူ၏ လက်လှမ်းမီရာတွင်ရှိသော ထင်းခုတ်ဓားမမကြီးမှာ တစ်ခဏမျှ ဝေဝါးသွားပြီး ယခင်က ခွေးနက်သွေးနှင့် မရဏမိုးမခပင်၏ အကိုင်းများ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားလေသည်။
လက်ထဲတွင် လေးလံသွားပြီး ရင်းနှီးနေသော အထိအတွေ့ကြောင့် ချန်းရီ၏ ရင်ထဲတွင် စိတ်ချယုံကြည်မှုများ ဖြစ်ပေါ်လာသည်။
သူက လက်ထဲမှ ထင်းခုတ်ဓားမမကြီးကို မြှောက်ကာ သေချာ ကြည့်ရှုလိုက်၏။
သွေးရောင်လမင်း၏ အလင်းရောင်အောက်တွင် ဓားသွားအတွင်း၌ သွေးရောင်စွမ်းအင်များ တိတ်တဆိတ် စီးဆင်းနေသည်ကို ချန်းရီ မြင်တွေ့နေရသည်။ သို့သော် သေချာ စူးစိုက်ကြည့်လိုက်သောအခါတွင်မူ မည်သည့်အရာကိုမျှ မတွေ့ရတော့ပေ။
သူ၏ မျက်စိရှေ့ရှိ ထင်းခုတ်ဓားမမကြီးမှာ ယခင် ဓားမကြီးနှင့် ယှဉ်လျှင် ပုံပန်းသဏ္ဌာန် အနည်းငယ် အပြောင်းအလဲ ရှိသွားခဲ့သည်။
၁၆ လက်မခန့် အရှည်ရှိပြီး ထူထဲသော ဓားဗြက်မှာ အလွန် ခိုင်မာတောင့်တင်းပုံရကာ ဓားသွားက သွေးရောင်အလင်းတန်းများ ဖြာထွက်နေသည်။
အနည်းငယ် နောက်ပြန်ကွေးနေသော ဓားရိုးမှာ ၈ လက်မခန့် အရှည်ရှိပြီး ကိုင်တွယ်ကာ ခုတ်ထစ်ရသည်မှာ အလွန် အဆင်ပြေလှသည်။
ဓားရိုးတွင် လျှော်ကြိုးတစ်ကြိုးကို ရစ်ပတ်ထားပြီး တိုက်ခိုက်ရာတွင် မချော်စေရန် အထောက်အကူပြုပေးသည်။
မဟုတ်သေး၊ ဒါက လျှော်ကြိုး မဟုတ်ချေ။
ချန်းရီက ဓားရိုးကို မျက်လုံးအနီးသို့ ယူဆောင်ကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
ဒါက...
ဓားရိုးတွင် ရစ်ပတ်ထားသည်မှာ မရဏမိုးမခပင်၏ အကိုင်းပင် ဖြစ်သည်။
ချန်းရီက ၎င်းမှာ မရဏမိုးမခအကိုင်းမှန်း သိလိုက်ချိန်မှာပင် ဓားရိုး၏ အစွန်းတစ်ဖက်မှ မြစိမ်းရောင် အဖူးအညွန့်လေး တစ်ခု ထွက်ပြူလာသည်။
ချန်းရီ အလွန်တရာ အံ့အားသင့်သွားသည်။
ချန်းရီ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ မိုးမခအကိုင်းက လျင်မြန်စွာ ကြီးထွားလာပြီး သူ၏ လက်ကောက်ဝတ်တွင် တစ်ပတ် ရစ်ပတ်သွားလေသည်။
လက်ကောက်ဝတ်နှင့် ထင်းခုတ်ဓားမမကြီးကို ချိတ်ဆက်ပေးလိုက်ပြီးနောက် မိုးမခအကိုင်း ဆက်လက် ကြီးထွားခြင်း ရပ်တန့်သွားသည်။
ဒါက...
ထို့နောက် သူ၏ ဦးနှောက်ထဲသို့ ဤထင်းခုတ်ဓားမမကြီး သဘာဝလွန်ပစ္စည်းနှင့် ပတ်သက်သော သတင်းအချက်အလက်အားလုံး အတူတကွ ဝင်ရောက်လာ၏။
[သဘာဝလွန်ပစ္စည်း အမည် - မရဏသွေး ထင်းခုတ်ဓားမ၊ ကုဒ်နံပါတ် - ၀၄၈၇၉]
ဤကုဒ်နံပါတ် အဆင့်သတ်မှတ်ချက်ကို မြင်လိုက်ရသော်လည်း ချန်းရီ သိပ်ပြီး စိတ်ပျက်မသွားခဲ့ပေ။
အခြေခံအကျဆုံး သဘာဝလွန်ပစ္စည်း အကြမ်းထည်များကိုသာ အသုံးပြု၍ ပြုလုပ်ထားသော ပစ္စည်းဖြစ်ရာ ကုဒ်နံပါတ်တစ်ခု ရရှိလာခြင်းကပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။
ထို့အပြင် ကုဒ်နံပါတ်မှာ ၅၀၀၀ အတွင်း၌ပင် ရှိနေသေးသည်။
သတင်းအချက်အလက်များ၏ အောက်တွင် ဤမရဏသွေး ထင်းခုတ်ဓားမကြီးနှင့် ပတ်သက်သည့် မိတ်ဆက် အကြောင်းအရာများ ပါဝင်လေသည်။
[အသုံးပြုပုံ - (၁) ဓားသွားသည် ထူးဆန်းသောအရာများအပေါ် အတိုင်းအတာတစ်ခုအထိ ဖိနှိပ်နိုင်စွမ်း ရှိသည်]
[(၂) ထင်းခုတ်ဓားမကို ပစ်လွှတ်လိုက်သည့် တစ်ချိန်တည်းမှာပင် မိုးမခအကိုင်းက ပြန်လည်ဆွဲငင်ပေးနိုင်စွမ်း ရှိပြီး ဓားကို ထိန်းချုပ်နိုင်သည့် အာနိသင် တစ်ချို့ရှိသည်]
(သွေးရောင်လမင်းအောက်တွင် ဤအာနိသင်က ပိုမို အားကောင်းလာမည် ဖြစ်သည်။)
[(၃) မရဏသွေး ထင်းခုတ်ဓားမသည် အငြိုးအာဃာတများကို စုပ်ယူနိုင်စွမ်းရှိပြီး အငြိုးအာဃာတ စုဆောင်းမှုမှာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားပါက အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲများပင် ဖြစ်ပေါ်လာနိုင်မည်]
ဤထင်းခုတ်ဓားမ၏ စွမ်းရည်သုံးခုကို မြင်တွေ့လိုက်ရသောအခါ ချန်းရီ၏ စိတ်ထဲတွင် အလွန်တရာ စိတ်လှုပ်ရှားသွားသည်။
ပထမဆုံး အသုံးပြုပုံကတော့ ရှင်းလင်းလှသည်။ ၎င်းသည် ခွေးနက်သွေး၏ အာနိသင်ကို အမွေဆက်ခံထားခြင်းပင် ဖြစ်လိမ့်မည်။
ဒုတိယအချက်မှာ မရဏမိုးမခပင်၏ စွမ်းရည်ဖြစ်တန်ရာ၏။ ယခင်က ချန်ရှုရွာ၌ ရှိနေစဉ်က မရဏမိုးမခပင်အောက်တွင် ဆွဲချိတ်ထားသော အလောင်းများမှာ လွတ်လပ်စွာ ခုန်ပျံနိုင်ခဲ့ကြသည် မဟုတ်ပါလော။
တတိယစွမ်းရည်မှာလည်း မရဏမိုးမခပင်၏ ဝိသေသလက္ခဏာကို အမွေဆက်ခံထားခြင်း ဖြစ်ရပေမည်။ သို့မဟုတ်ပါက မရဏမိုးမခပင်ဟူသော အမည်က မည်သို့ ရရှိလာမည်နည်း။
ဤသို့ဆိုလျှင် ထိုမရဏမိုးမခပင်၌လည်း တူညီသော ဝိသေသလက္ခဏာ ရှိရပေမည်။ သစ်ပင်အောက်တွင် ဆွဲချိတ်ထားသော အလောင်းများ များပြားလေလေ၊ ထိန်းချုပ်ထားနိုင်သော အလောင်းရုပ်သေးများ များပြားလေလေဖြစ်ပြီး ၎င်းသည်လည်း အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပေသည်။
ချန်ရှုရွာရှိ မရဏမိုးမခပင်ကို ပြန်လည်တွေးမိလိုက်သောအခါ ချန်းရီ၏ ရင်ထဲတွင် အေးစက်ကျောချမ်းသွားသလို ခံစားလိုက်ရသည်။
ထို ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို ဖယ်ရှားလိုက်၏။
ချန်းရီက မရဏသွေး ထင်းခုတ်ဓားမ၏ သတင်းအချက်အလက်များကို ဆက်လက် စစ်ဆေးကြည့်လိုက်သည်။
[ပေးဆပ်ရမည့် တန်ဖိုး - (၁) နေ့စဉ် ပိုင်ရှင်၏ သွေးဖြင့် ကျွေးမွေးရန် လိုအပ်သည်]
နေ့တိုင်း သွေးနဲ့ ကျွေးမွေးရမယ်။
ဤအချက်က လုပ်ဆောင်ရန် မခက်ခဲလှပေ။ နေ့စဉ် ၎င်းကို သွေးတစ်စက် နှစ်စက်ခန့် ကျွေးမွေးလိုက်လျှင် လုံလောက်လောက်ပါသည်လေ။
မိမိ၏ လမ်းစဉ် အစွမ်းပိုင်ရှင် ခန္ဓာကိုယ်ဖြင့်ဆိုလျှင်တော့ ခံနိုင်ရည် ရှိနိုင်လောက်ပေသည်။
မည်သို့ပင်ဖြစ်စေ ကုဒ်နံပါတ် လေးထောင်ကျော် ငါးထောင်နီးပါးသာ ရှိသော သဘာဝလွန်ပစ္စည်း တစ်ခုသာ မဟုတ်ပါလော။
ဘေးထွက်ဆိုးကျိုးက အလွန်အမင်း ပြင်းထန်လိမ့်မည်တော့ မဟုတ်တန်ရာ။
[တားမြစ်ချက် - (၁) သွေးသားတော်စပ်သူများ၏ ရှေ့တွင် လုံးဝ ဓားမထုတ်ရ။ သို့မဟုတ်ပါက ဓားသွားသည် မိသားစုဝင်များဘက်သို့ လှည့်သွားလိမ့်မည်]
သွေးသားတော်စပ်သူ။
ယခုကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် သွေးသားတော်စပ်သူကို ဘယ်သွားရှာရမည်နည်း။
ဤတားမြစ်ချက်ကိုတော့ ဂရုစိုက်နေစရာ မလိုပေ။
သို့သော် ခေါင်းဆောင်ချူ၏ ခိုးနားထောင်သည့် ရေဒီယို၏ တားမြစ်ချက်က ဘာများပါလိမ့်။
ကုဒ်နံပါတ် နှစ်ထောင်အတွင်းရှိသော သဘာဝလွန်ပစ္စည်းများ၏ တားမြစ်ချက်က အလွန် ပြင်းထန်လောက်ပေသည်။
[မှတ်ချက် - အကယ်၍ မရဏမိုးမခပင်၏ ပင်စည်ကို ဓားရိုးအဖြစ် အသုံးပြုနိုင်ပါက ဤဓား၏ အဆင့်သတ်မှတ်ချက်မှာ များစွာ ပိုမို မြင့်တက်လာနိုင်ပေသည်]
နောက်ဆုံးက ဤမှတ်ချက်လေးက ချန်းရီအား မရဏမိုးမခပင်ကို ထပ်မံ သတိရသွားစေပြန်သည်။
သို့သော် မရဏမိုးမခပင်၏ ပင်စည်ကို ဓားရိုးအဖြစ် အသုံးပြုရမည်ဆိုလျှင်တော့။
လောလောဆယ်တော့ ထားလိုက်ပါတော့လေ။
နောင်တစ်ချိန် စွမ်းအားတွေ ကြီးမားလာမှပဲ ချန်ရှုရွာကို တစ်ခေါက်လောက် ထပ်သွားရမည်။
ထိုရွာလေးတွင် ဖော်ထုတ်ရမည့် လျှို့ဝှက်ချက်များစွာ ကျန်ရှိနေသေးသည်ဟု သူ ခံစားနေရသည်။
ချန်းရီက လက်ထဲမှ ထင်းခုတ်ဓားမကို ဟိုလှည့်ဒီလှည့် လုပ်ကြည့်နေရင်း လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ သွေးရောင်လမင်းအောက်တွင် ထင်းခုတ်ဓားမက အဝေးသို့ ပျံထွက်သွားပြီး မိုးမခအကိုင်းလေးက အမှောင်ထုထဲတွင် အဆုံးအစမရှိ ရှည်ထွက်သွားလေသည်။
လွင့်ထွက်သွားသော ထင်းခုတ်ဓားမကို မိုးမခအကိုင်းမှတစ်ဆင့် သူ ထိန်းချုပ်နိုင်စွမ်းပင် ရှိနေကြောင်း ချန်းရီ ခံစားလိုက်ရသည်။
ထို့အပြင် ဤထင်းခုတ်ဓားမမှာ သွေးရောင်လမင်းအောက်တွင် တိတ်တဆိတ် စိတ်လှုပ်ရှားနေသည်ကိုပင် ချန်းရီ ခံစားသိရှိနေနိုင်သည်။
၎င်းမှာ သွေးရောင်လမင်းအောက်ရှိ အားဖြည့်ပေးသည့် အာနိသင်ပင် ဖြစ်ပေလိမ့်မည်။
လက်ကောက်ဝတ်ကို တစ်ချက် လှုပ်လိုက်ရာ မိုးမခအကိုင်းက အလျင်အမြန် ပြန်လည် ရုတ်သိမ်းသွားသည်။
လက်ထဲတွင် လေးလံသွားပြီး ထင်းခုတ်ဓားမက လက်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။
ဒီလို ခံစားချက်မျိုးက...
နောင်တစ်ချိန် ရန်သူနှင့် တွေ့ဆုံရပါက မီးခိုးငွေ့များ၏ ဖုံးကွယ်မှုအောက်တွင် ဆိုလျှင် အလွန်တရာ အစွမ်းထက်ပြီး ကြောက်မခန်းလိမ့်မခန်းပင် ဖြစ်ပေလိမ့်မည်။
အချိန်အတော်ကြာ ကစားကြည့်ပြီးနောက်တွင်မူ ချန်းရီက မိုးမခအကိုင်း၏ အများဆုံး အကွာအဝေးမှာ ၆၅ ပေခန့် ရှိနိုင်ကြောင်း ခန့်မှန်းသိရှိလိုက်သည်။
(မြင်အောင်ပြောရရင် God of war ဂိမ်းထဲက ကရာတိုကိုင်တဲ့ သံကြိုးတပ်ပုဆိန်လိုမျိုးပဲ)
ဤကုဒ်နံပါတ် ၀၄၈၇၉ ရှိသော ထင်းခုတ်ဓားမနှင့် ပတ်သက်၍။
ကုဒ်နံပါတ် အဆင့်သတ်မှတ်ချက်ကို မည်သို့ စီစဉ်ထားကြောင်း မသိရသော်လည်း။
ချန်းရီကမူ အလွန်ပင် ကျေနပ်နေမိသည်။
ဓားသွားဖြင့် လက်ချောင်းထိပ်ကို ခြစ်လိုက်ရာ နီရဲသော သွေးစက်များက ထင်းခုတ်ဓားမ၏ ဓားသွားပေါ်သို့ ကျဆင်းသွားသည်။
ထင်းခုတ်ဓားမမှာ အသက်ဝင်လာသည့်အလား သွေးများကို ရူးသွပ်စွာ စုပ်ယူနေပြီး ဓားရိုးပေါ်ရှိ မရဏမိုးမခအကိုင်းပင်လျှင် အနည်းငယ် ပို၍ ဖြန့်ကျက်သွားလေသည်။
ချန်းရီက ထိုအခြေအနေကို မြင်လိုက်ရသဖြင့် ပြတ်ရှသွားသော ဒဏ်ရာကို ထင်းခုတ်ဓားမ၏ ဓားသွားပေါ်သို့ တိုက်ရိုက် ဖိကပ်လိုက်သည်။
ထင်းခုတ်ဓားမကို ပထမဆုံးအကြိမ် သွေးကျွေးခြင်းဖြစ်ရာ မည်မျှအထိ လိုအပ်မည်မှန်း မသိသဖြင့် ၎င်းက သွေးမည်မျှအထိ စုပ်ယူနိုင်မည်ကို ချန်းရီ စမ်းသပ်ကြည့်ချင်မိသည်။
ချန်းရီက သက်တောင့်သက်သာမဖြစ်မှုကို အနည်းငယ် ခံစားလိုက်ရချိန်တွင် ထင်းခုတ်ဓားမ၏ သွေးစုပ်ယူမှုက ရပ်တန့်သွားသည်။
ဓားရိုးတွင် ရစ်ပတ်ထားသော မိုးမခအကိုင်းက သိမ်မွေ့စွာ တုန်ခါနေပြီး ဝမ်းသာအားရ အောင်ပွဲခံနေသည့်အလား ပင်။
ဤမျှလောက် သွေးစုပ်ယူမှုကိုတော့ မိမိ ခံနိုင်ရည် ရှိသေးသည်။
တွေးကြည့်ရလျှင် အဆင့်သတ်မှတ်ချက်က သိပ်မမြင့်မားသဖြင့် ပေးဆပ်ရသည့် တန်ဖိုးမှာလည်း အလွန်အမင်း မများပြားခြင်း ဖြစ်နိုင်သည်။
သို့သော် ဤအဆင့်သတ်မှတ်ချက်ကို မည်သူက စီစဉ်ပေးခဲ့သနည်း ဆိုသည်ကိုတော့ မသိရပေ။
သို့မဟုတ် အဆင့်တစ်ရာအတွင်းရှိသော သဘာဝလွန်ပစ္စည်းများက မည်သို့သော ပုံစံမျိုး ရှိကြမည်နည်း။
ဘယ်လောက်တောင် အစွမ်းထက်နေကြမလဲ။
တူးခြစ်ခြစ် အနံ့တစ်မျိုး လွင့်ပျံ့လာသည်။
"သေစမ်း... ငါ့ထမင်းအိုး"
ထမင်းအိုးထဲတွင် မည်းတူးနေသော အတုံးအခဲများသာ ကျန်ရှိတော့ပြီး ဆိုးရွားသော တူးခြစ်ခြစ် အနံ့များ ထွက်ပေါ်နေသည်။
ဤညတွင်တော့ ချန်းရီတစ်ယောက် တူးနေသော ထမင်းများကိုသာ စားလိုက်ရသည်။
တူးနေသော ထမင်းဖြစ်သည့်တိုင်အောင် ချန်းရီက လွှင့်မပစ်ရက်ခဲ့ချေ။
မိမိပိုင်ဆိုင်သော ပထမဆုံး သဘာဝလွန်ပစ္စည်း တစ်ခုကို ရရှိခဲ့သဖြင့် သူ၏ စိတ်အခြေအနေက အလွန် ကောင်းမွန်နေဆဲ ဖြစ်သည်။
ဆိုးရွားသော ညစာကို စားသုံးပြီးနောက်။
လေပြေလေးတစ်ချက် တိုက်ခတ်လာပြီး အံ့ဖွယ်ကောင်းလောက်အောင် ပူအိုက်မှုကို အနည်းငယ် ယူဆောင်လာပေးသည်။
ချန်းရီ အနည်းငယ် အံ့သြသွားပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ကောင်းကင်ထက်ရှိ သွေးရောင်လမင်းကြီးက အဝေးတစ်နေရာတွင် တွဲခိုနေ၏။
ယခင်က လက်လှမ်းမီလောက်သည့် နေရာတွင် ရှိနေတတ်သော ကြယ်လေးများကိုမူ ယနေ့ညတွင် တစ်ပွင့်မျှပင် မမြင်တွေ့ရတော့ပေ။
စိတ်ကို ပြန်လည်စုစည်းလိုက်ပြီးနောက် သူ ရရှိထားသော နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားဆီသို့ ချန်းရီ အကြည့်ရောက်သွားသည်။
ယခုအချိန်တွင် ဓာတ်ဆီကလည်း များများစားစား မကျန်တော့ပေ။
၁၅ ဂါလံခန့် ရှိသော ဓာတ်ဆီက နောက်ဆက်တွဲ ခရီးစဉ်အတွက် အဆင်ပြေစေမည်ဟု အာမမခံနိုင်ပေ။
ထို့အပြင် ယနေ့တွင်လည်း အတော်များများ သုံးစွဲခဲ့ပြီး ဖြစ်သည်။
ယခု လက်ကျန် ဓာတ်ဆီမှာလည်း များများစားစား မရှိတော့ချေ။
ပစ်ကပ်ကား၏ ဘက်ထရီကို အားသွင်းရန်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည်။
ပထမဆုံး လုပ်ရမည့် တာဝန်မှာ နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကို ပြင်ဆင်ရန်ပင် ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကို ပြင်ဆင်ရန် ၅ နာရီ ကြာမြင့်မည်ဖြစ်ပြီး သန်းခေါင်ယံအချိန်တွင် အဆင့်မြှင့်တင်မှု ပြီးစီးသွားမည် ဖြစ်သည်။
ကံကောင်းသည်မှာ သတ်ဖြတ်မှတ် ၁၀၀ သာ ကုန်ကျခြင်း ဖြစ်သည်။
သို့သော်လည်း ချန်းရီအတွက်တော့ နှမြောစရာ ကောင်းနေဆဲပင်။
တစ်ညလုံး ဘာမှ ထပ်မဖြစ်ခဲ့ပေ။
နောက်တစ်နေ့ နံနက်ပိုင်း နိုးထလာသောအခါ နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားမှာ အောင်မြင်စွာ ပြင်ဆင်ပြီးစီးနေပြီ ဖြစ်သည်။
အဆင့်မြှင့်တင်မှု တာဝန်တစ်ခုကို အလဟဿ ဖြုန်းတီးပစ်လိုက်ရသည်ဟု စိတ်ပျက်နေချိန်မှာပင်။
ချန်းရီက နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကို အရေးပေါ် အဆင့်မြှင့်တင်ရန် စတင်လိုက်သည်။
ဤ နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကို ချူချယ်ထံမှ လဲလှယ်ရရှိခဲ့ခြင်း ဖြစ်ပြီး ပုံမှန်အားဖြင့်ဆိုလျှင် ဖုန်း သို့မဟုတ် ပါဝါဘဏ် ကဲ့သို့သော လျှပ်စစ်ပစ္စည်း အသေးစားများကိုသာ အားသွင်းရန် လုံလောက်ပေသည်။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ လျှပ်စစ်စွမ်းအင် အစားထိုး အသုံးပြုမှုအဖြစ် အသုံးပြုရန်မှာတော့ လုံးဝကို စိတ်ကူးယဉ်ဆန်လွန်းလှသည်။
ကံကောင်းသည်မှာ မိမိတွင် အဆင့်မြှင့်တင်ရေး စနစ် ရှိနေခြင်းပင်။
ထို့ကြောင့် ဤကိစ္စမှာ လုံးဝ မဖြစ်နိုင်သည့် အရာတော့ မဟုတ်တော့ပေ။
သို့သော် မကြာမီမှာပင် ချန်းရီ မျှော်လင့်ချက်မဲ့သွားသည်။
မျှော်မှန်းထားသော အားသွင်းစွမ်းရည်ကို ရရှိရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြား၏ မျက်နှာပြင် အကျယ်အဝန်းကို တိုးမြှင့်ရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အားသွင်းနိုင်စွမ်းကိုလည်း မြှင့်တင်ရမည် ဖြစ်သည်။
၎င်းမှာ ဤခေတ်၏ နည်းပညာထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
ထို့ကြောင့် စနစ်မှ တောင်းဆိုသော ဈေးနှုန်းမှာ သတ်ဖြတ်မှတ် ငါးသောင်းပင် ဖြစ်သည်။
ချန်းရီ လက်ထဲရှိ သတ်ဖြတ်မှတ်များမှာ လုံးဝ မလုံလောက်ပေ။
နောက်ဆုံးတွင် အစီအစဉ်ကို ရိုးရှင်းအောင်သာ ပြောင်းလဲလိုက်ရသည်။
နေရောင်ခြည် လက်ခံရရှိသည့် အကျယ်အဝန်းကို တိုးမြှင့်ပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲမှု စွမ်းဆောင်ရည်ကို မြှင့်တင်လိုက်သည်။
လိုအပ်ချက်များလည်း လျော့နည်းသွားသည်။
နေရောင်ခြည် ၅၀ နာရီ ရရှိပါက အားအပြည့်သွင်းနိုင်မည် ဆိုလျှင် ကျေနပ်လောက်ပြီ ဖြစ်သည်။
ထိုသို့ ဖြစ်လျှင်တောင်မှ သတ်ဖြတ်မှတ် ၅၀၀၀ လိုအပ်နေဆဲ ဖြစ်သည်။
၎င်းက ချန်းရီကို အတော်လေး အကြပ်ရိုက်သွားစေသည်။
မိမိ လက်ထဲရှိ သတ်ဖြတ်မှတ်များမှာ လုံးဝကို မလုံလောက်ချေ။
ဒီတော့ ဘယ်လိုလုပ်ရမလဲ။
စနစ်ဆီကနေ ထပ်ပြီး ချေးငှားရဦးမလို့လား။
အရင်ချေးထားတဲ့ အကြွေးကလည်း မဆပ်ရသေးဘူး။
စနစ်က ချေးပေးမယ် မထင်ဘူး။
ချန်းရီက ထပ်မံ ချေးငှား၍ ရမရ စမ်းသပ်ကြည့်ရန် ပြင်ဆင်လိုက်ချိန်မှာပင်။
စခန်းချရာ နေရာမှ အလွန်အမင်း ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထိုအသံပိုင်ရှင်မှာ အလွန် ကြောက်မခန်းလိမ့်မခန်း မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ပင်။
"အဲဒါ... အဲဒါ... သဲမုန်တိုင်းကြီးပဲ"
"သဲမုန်တိုင်းကြီး... သဲမုန်တိုင်းကြီး လာနေပြီ"
ဆက်ရန်...