အခန်း ၆၇
Vol. 4 Ch. 67
အပိုင်း(၆၇) ရက်စက်သော ချန်းရီ
သဲမုန်တိုင်း...
ထိုစကားလုံးသုံးလုံးကို ကြားလိုက်ရသည့်အခါ ချန်းရီက ချက်ချင်းပင် ခေါင်းနပန်းကြီးသွား၏။
ယခင်က သဲကန္တာရဒေသသို့ မရောက်ဖူးခဲ့လျှင်တောင် သဲမုန်တိုင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ ကောင်းကောင်း သိထားသည်။
သူမော့ကြည့်လိုက်သည်။
နေကာမျက်မှန်အောက်တွင် ဖုံးကွယ်ထားသော ညာဘက်မျက်လုံးက အပ်ပေါက်အရွယ်အစားခန့်အထိ ကျဉ်းမြောင်းသွား၏။
အဆုံးအစမမြင်ရသော မြေဝါရောင် မိုးကုပ်စက်ဝိုင်းကြီးက တလိပ်လိပ် တက်လာနေသည်။
ကောင်းကင်နှင့် မြေကြီးက မြေဝါရောင်အဖြစ် တစ်သားတည်း ရောယှက်နေပြီး ခွဲခြား၍ပင် မရနိုင်တော့ပေ။
ကောင်းကင်ထက်မှ ပူပြင်းသော နေမင်းကြီးသည်လည်း ထိုမြေဝါရောင်များအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
မျက်နှာဆီသို့ တိုက်ခတ်လာသော လေပြင်းများကြောင့် နာကျင်မှုကို ခံစားလိုက်ရပြီး ကားပြတင်းပေါက်မှန်များထံမှ တဖျောက်ဖျောက် ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။
ဤခံစားချက်က ကမ္ဘာပျက်ကပ်ကြီး အမှန်တကယ် ကျရောက်လာသည့်အလား ပင်။
အဆင့်(၁) အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်နေလျှင်တောင်၊ နံပါတ် ငါးထောင်အတွင်းရှိ သဘာဝလွန်ပစ္စည်း တစ်ခုကို ပိုင်ဆိုင်ထားလျှင်တောင်မှ...
အချိန်တိုအတွင်း စွမ်းရည်များ အဆမတန် တိုးတက်လာမှုက ချန်းရီကို သွေးနားထင်ရောက် မသွားစေခဲ့ပေ။
ဤမျှလောက်သော စွမ်းရည်ဖြင့် ဤကဲ့သို့သော သဘာဝတရား၏ အမျက်ဒေါသကို ယှဉ်ပြိုင်နိုင်ပါမည်လော။
ကမ္ဘာမြေကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ဖိအားကြီးက ချန်းရီကို အသက်ရှူကြပ်သွားစေသည်။
အန္တရာယ်ကြီးကျရောက်လာပြီ။
အစွမ်းပိုင်ရှင် ဖြစ်သော ချန်းရီပင်လျှင် အံ့သြမှင်တက်ကာ စကားတစ်ခွန်းမျှ မပြောနိုင်အောင် ဖြစ်သွားရ၏။
အခြားသော အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာအမူအရာများမှာမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ကျိုးရှောင်ရှောင်က ပါးစပ်လေးဟကာ အဝေးဆီမှ မြေဝါရောင် မိုးကုပ်စက်ဝိုင်းကြီးကို အံ့သြမှင်တက်စွာ စိုက်ကြည့်နေပြီး လေပြင်းများကြောင့် သူမ၏ နားရွက်ဖျားခန့်ရှိသော ဆံပင်တိုလေးများမှာ ဖရိုဖရဲ လွင့်ဝဲနေသည်။
ကြောက်ရွံ့တုန်လှုပ်ဖွယ် ခံစားချက်တစ်ခုက ရုတ်တရက် ဝင်ရောက်လာ၏။
အမ... အမ ပြန်မရောက်သေးဘူး...
ရှုလီနာက မူလက မနက်ခင်းတွင် ချန်းရီထံသွား၍ ယမန်နေ့ညက ဖယ်ချန်ထားခဲ့သော ဝက်အူချောင်း တစ်ဝက်ကို သွားပေးရန် ရည်ရွယ်ထားခဲ့သည်။
မနေ့ညက ရှုလီနာက ချန်းရီထံ မသွားဘဲ အောင့်အည်းနေခဲ့ခြင်းမှာ သူမကိုယ်သူမ ဈေးပေါပေါ မိန်းမတစ်ယောက်အဖြစ် အထင်မခံရစေရန်အတွက် ဖြစ်သည်။
ဤအမျိုးသမီးက အမျိုးသားများနှင့် ဆက်ဆံရာတွင် အတိုင်းအတာကို ကောင်းစွာ နားလည်ထားပြီး ဆွဲဆောင်မှုရှိရန် လိုအပ်သော်လည်း လွယ်ကူသော မိန်းမတစ်ယောက်အဖြစ် မပြသလိုပေ။
ချန်းရီက ဤဝက်အူချောင်း တစ်ဝက်ကို မလိုအပ်ဘူးဆိုသည်ကို ယုံကြည်ထားသော်လည်း...
၎င်းက သူမ၏ စေတနာသာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် အမျိုးသားများ တန်ဖိုးထားတတ်သည်မှာ သင်ပေးလိုက်သော ပစ္စည်း၏ တန်ဖိုးမဟုတ်ဘဲ ထိုပစ္စည်းတွင် ပါဝင်နေသော စေတနာပင် ဖြစ်သည်။
ရှုလီနာက ဤသဘောတရားကို ကောင်းစွာ နားလည်ထား၏။
ယနေ့တွင် လေအနည်းငယ် တိုက်နေပြီး ကောင်းကင်ထက်မှ နေမင်းကလည်း သိပ်မပူပြင်းသောကြောင့် အပူချိန်မှာ အလွန်အမင်း မမြင့်မားလှပေ။
လေပြင်းကြောင့် ရှုလီနာ၏ စကတ်လေးမှာ လွင့်ဝဲနေပြီး ဤအမျိုးသမီး၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားကို ပီပြင်စွာ ပေါ်လွင်နေစေသည်။
ထိုနှစ်များအတွင်း ငှက်လှောင်အိမ်ထဲမှ ရွှေငှက်လေးအဖြစ် နေထိုင်ခဲ့ရစဉ်က ရှုလီနာသည် သူမ၏ အလုပ်အကိုင်ကို တိုးတက်အောင် ကြိုးစားခဲ့ရုံသာမက သူမ၏ ခန္ဓာကိုယ်အချိုးအစားကိုလည်း ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည်။
အကယ်၍ ကမ္ဘာပျက်ကပ်သာ မကျရောက်လာခဲ့လျှင် ဤအမျိုးသမီးသည် အမှန်တကယ်ပင် ကြီးမားသော အောင်မြင်မှုတစ်ခုကို ရရှိနိုင်ကောင်း ရရှိနိုင်ပေလိမ့်မည်။
နှစ်များစွာကြာပြီးနောက်တွင် သူမသည် စိတ်ဓာတ်ခွန်အားပေးသော စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပေသည်။
ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ သင် အောင်မြင်လာသော နေ့တွင် သင့်၏ အတိတ်မှ အမည်းစက်များသည် သင် ဖြတ်သန်းခဲ့ရသော လမ်းခရီးတစ်ခုမျှသာ ဖြစ်သွားလိမ့်မည်။
ဟန်ရှင်းသည် ခြေထောက်အောက်မှ ဖြတ်သွားရသော စော်ကားမှုကို ခံခဲ့ရသော်လည်း စစ်နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်မဟုတ်ပါလော။
သဲတစ်ပွင့်က လေနှင့်အတူ လွင့်စင်လာပြီး ရှုလီနာ၏ မျက်နှာပေါ်သို့ ကျရောက်သွားသဖြင့် အနည်းငယ် နာကျင်သွားရသည်။
ရှုလီနာက လုံးဝ ဂရုမစိုက်ဘဲ ချန်းရီနှင့် တွေ့သည့်အခါ မည်သို့ ပြောဆိုရမည်ကိုသာ စိတ်ထဲတွင် တွေးတောနေခဲ့သည်။
ရုတ်တရက် တစ်စုံတစ်ယောက်က သဲမုန်တိုင်းဟု အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏။
ရှုလီနာက လန့်သွားပြီး အမြန် မော့ကြည့်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှုလီနာ၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများအားလုံး ထောင်ထသွားတော့သည်။
ကောင်းကင်နှင့် မြေကြီးကြားရှိ ထိုမြေဝါရောင် မိုးကုပ်စက်ဝိုင်းကြီးက ရှုလီနာ၏ မျက်ဝန်းများထဲတွင် အပြည့်အမောက် နေရာယူသွားခဲ့၏။
ရှုလီနာသည် ခြေထောက်များ ပျော့ခွေသွားပြီး မတ်တတ်ရပ်ရန်ပင် ခက်ခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား၏ ခေါင်မိုးပေါ်တွင်။
လေပြင်းများက ပန်းရောင်ဆံပင်များကို နောက်သို့ လွင့်စဉ်သွားစေပြီး နုနယ်သော မျက်နှာလေးကို ပေါ်လွင်လာစေသည်။
သဲပွင့်များက ကောင်မလေး၏ ခါးနောက်ရှိ ဓားရှည်၏ လက်ကိုင်ရိုးပေါ်သို့ ရိုက်ခတ်သွားပြီး တဖျောက်ဖျောက် အသံများ ထွက်ပေါ်လာသည်။
တက္ကသိုလ်ဝင်တန်းကျောင်းသူ ခြေတံရှည် ပန်းရောင်ဆံပင် ကောင်မလေးက မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် မူးဝေနေသော အရိပ်အယောင်များ ရှိနေပြီး မနက်စောစောစီးစီးပင် အရက်မူးနေပြီဖြစ်ကြောင်း သိသာလှသည်။
အသက်ရှင်ကျန်ရစ်သူ အများအပြား၏ ဘောင်းဘီခွကြားများမှာ စိုရွှဲနေပြီး ရေများပင် တစ်စက်စက် ကျနေပြီ ဖြစ်သည်။
အချို့က ပါးစပ်အဟောင်းသား ဖြစ်နေပြီး နှုတ်ခမ်းများ တုန်ယင်နေကာ ဘာပြောရမှန်းပင် မသိတော့ပေ။
"ခွေးကောင်တွေ... ဘာကြောင်ကြည့်နေကြတာလဲ... ပြေးကြလေ"
အလျင်မြန်ဆုံး တုံ့ပြန်နိုင်ခဲ့သူမှာ ချန်းရီပင် ဖြစ်သည်။
သူက အကျယ်ကြီး အော်ဟစ်လိုက်ပြီး ချက်ပြုတ်နေဆဲဖြစ်သော မနက်စာကိုပင် ဂရုမစိုက်နိုင်တော့ပေ။
မြေပြင်ပေါ်ရှိ ဂတ်စ်မီးဖိုလေးကိုပင် သိမ်းဆည်းရန် အချိန်မရတော့ဘဲ ပစ်ကပ်ကားကြီးဆီသို့ တိုက်ရိုက် ပြေးသွားတော့သည်။
"သေစမ်း... ပြေး"
"အမ... မြန်မြန်ဆင်းခဲ့... ကျွန်မတို့ သွားရတော့မယ်"
အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား၏ ယာဉ်မောင်းခန်းထဲမှ ခေါင်းလေးတစ်ခု ထွက်လာပြီး ကားခေါင်မိုးပေါ်ရှိ ပန်းရောင်ဆံပင် ကောင်မလေးကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယခုလိုအချိန်မျိုးရောက်နေတာတောင် အမဖြစ်သူက အခုထိ ဟန်ရေးပြနေတုန်းပင်။
သူမလို အလှလေးက ဘာဝဋ်ကြွေးတွေ ပါလာလို့ ဒီလိုအမမျိုးကို ရထားရတာလဲ။
"လီနာ... မြန်မြန်ပြန်လာ... သဲမုန်တိုင်း လာနေပြီ... သွားကြမယ်"
ရှုလီနာက ယိုင်နဲ့သွားပြီး မျက်နှာတစ်ခုလုံး ဖြူလျော့သွားသည်။ မြေပြင်ပေါ်သို့ ကျသွားသော ဝက်အူချောင်း တစ်ဝက်ကိုပင် ပြန်မကောက်နိုင်တော့ဘဲ သူမ၏ ရှည်လျားသော ခြေတံကြီးများဖြင့် ကျောင်းကားဆီသို့ ပြေးသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ရှုလီနာက အဝေးကြီးသို့ ရောက်မနေခဲ့သောကြောင့် ခြေလှမ်းအနည်းငယ် ခပ်သွက်သွက် လျှောက်လိုက်ရုံဖြင့် ကျောင်းကားထဲသို့ ပြန်ရောက်သွားခဲ့သည်။
ဤအချိန်တွင် ကားက စက်နှိုးပြီးနေပြီ ဖြစ်သည်။
လောင်လီက စတီယာရင်ကို လှည့်ကာ ကားခေါင်းကို လှည့်လိုက်သည်။
"သွားမယ်"
"ငါ့ကို စောင့်ပါဦး"
"ခွေးကောင်... သဲမုန်တိုင်း လာနေတာတောင် မင်းက မနက်စာကို နှမြောနေသေးတယ်ပေါ့"
ဤအချိန်က မနက်စာစားချိန် ဖြစ်သောကြောင့် လူအများစု၏ မနက်စာမှာ ယခုမှသာ ကျက်ရုံရှိသေးသည်။
အချို့သူများက ချန်းရီနည်းတူ မနက်စာကို ဂရုမစိုက်နိုင်တော့ဘဲ အသက်လု ထွက်ပြေးရန်သာ စဉ်းစားကြသည်။
အချို့ကမူ ယခုမှ ချက်ပြုတ်ပြီးခါစ မနက်စာကို နှမြောတသ ဖြစ်နေကြ၏။
စခန်းတစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားတော့သည်။
ချန်းရီက ပစ်ကပ်ကားကြီး၏ ယာဉ်မောင်းခန်းထဲသို့ ပြန်လည်ရောက်ရှိသွားပြီး ကားတံခါးကို အားကုန်သုံး၍ ပိတ်လိုက်သည်။ ကားကိုယ်ထည်ပေါ်သို့ သဲများ ရိုက်ခတ်သံက ပိုမို ကျယ်လောင်လာပြီး ကားပြတင်းပေါက်မှန်များပေါ်တွင် ခြစ်ရာများ စတင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
စက်နှိုး ဂီယာချိန်းလိုက်ပြီး ကားက စတင် ထွက်ခွာသွား၏။
အဝေးဆီရှိ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားကြီးက ရှေ့သို့ ထိုးထွက်သွားခဲ့ပြီ ဖြစ်ပြီး ကားကိုယ်ထည်ပေါ်တွင် အနီရောင်ဆေးဖြင့် ရေးသားထားသော "တရားမျှတမှု" ဟူသည့် စာလုံးနှစ်လုံးက လူတို့၏ ရင်ကို တုန်လှုပ်သွားစေသည်။
၎င်း၏နောက်တွင် အဆင့်မြှင့်တင်ထားသော အခြားလမ်းကြမ်းမောင်းကား တစ်စီးကလည်း ကပ်ပါလာသည်။
ထိုကားမှာ နာနာ၏ ကားပင် ဖြစ်သည်။
ချန်းရီက ပါးစပ်မှ တတွတ်တွတ် ကျိန်ဆဲလိုက်၏။
ဤနှစ်ယောက်က လမ်းစဉ်အစွမ်းပိုင်ရှင်တွေ ဖြစ်လာတာ အံ့သြစရာမရှိပေ။ ဤထွက်ပြေးသည့် အမြန်နှုန်း တစ်ခုတည်းကပင် သာမန်လူများနှင့် ယှဉ်နိုင်စရာ မရှိပေ။
ထိုကျောင်းကားကြီးသည်ပင်လျှင် ယိမ်းထိုးကာ တတိယနေရာမှ လိုက်ပါလာပြီး အဝေးကြီးမှနေ၍ပင် အင်ဂျင်၏ ဟိန်းဟောက်သံကို ကြားနေရဆဲ ဖြစ်သည်။ ကျောင်းကား၏ ကိုယ်ထည်မှာ ဘယ်ညာ ယိမ်းထိုးနေပြီး ရူးသွပ်စွာဖြင့် အရှိန်မြှင့်တင်နေသည်။
သဲမုန်တိုင်းက တွေးထင်ထားသည်ထက် ပိုမို မြန်ဆန်စွာ ရောက်ရှိလာ၏။
ထိုမြေဝါရောင် မိုးကုပ်စက်ဝိုင်းကြီးက မျက်စိရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မြောက်မြားစွာသော သဲပွင့်များက ကားပြတင်းပေါက်မှန်များပေါ်သို့ ရိုက်ခတ်နေပြီး ကားကိုယ်ထည်ပင်လျှင် အနည်းငယ် တုန်ခါနေသည်။
ရှေ့ဆုံးမှ ဦးဆောင်သွားသော အဆင့်မြှင့်တင်ထားသည့် လမ်းကြမ်းမောင်းကားထဲတွင်။
"ရှောင်ချယ်... မင်းက လမ်းပြသူလမ်းစဉ် မဟုတ်ဘူးလား... ဒီလောက်ကြီးတဲ့ သဲမုန်တိုင်းကို မင်း မခံစားမိဘူးလား"
ဦးလေးအားပေါင်က စတီယာရင်ကို ထိန်းကိုင်ရင်း အကျယ်ကြီး မေးလိုက်သည်။
ခေါင်းဆောင်ချူက နောက်မှ လိုက်ပါလာသော နာနာကို တစ်ချက်ကြည့်လိုက်ပြီး တတွတ်တွတ် ကျိန်ဆဲကာ ပြောလိုက်သည်။ "ကျွန်တော်က လမ်းပြသူလေ... မိုးလေဝသ ပညာရှင်မှ မဟုတ်တာ... ကျွန်တော်က ထူးဆန်းတဲ့ အရာတွေကိုပဲ ခံစားသိရှိနိုင်တာ... ရာသီဥတုကို ခံစားမသိနိုင်ဘူး"
လမ်းစဉ်အဆင့် မြင့်သွားရင်တော့ တစ်မျိုးပေါ့။
နောက်ဆုံးစကားတစ်ခွန်းကိုမူ ခေါင်းဆောင်ချူက နှုတ်မှ ထုတ်မပြောခဲ့ပေ။
လုမြို့မှ ထွက်ပြေးလွတ်မြောက်လာသော လူစီးကားငယ်လေးပင်လျှင် အနောက်မှ လိုက်ပါသွားခဲ့သည်။
ချန်းရီ၏ ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်ချက်များ အလွန်များပြားနေသဖြင့် စခန်းချရပ်နားသည့် အကြိမ်တိုင်းတွင် ချန်းရီ၏ ကားက အမြဲတမ်း ခပ်ဝေးဝေး၌ ရပ်လေ့ရှိသည်။
ဤအချိန်တွင် အားနည်းချက်က ပေါ်ထွက်လာတော့သည်။ အခြားသူများ၏ ကားများက ရှေ့သို့ ထိုးထွက်သွားကြပြီဖြစ်သော်လည်း သူ၏ကားလေးသာလျှင် ယိမ်းထိုးယိုင်နဲ့ကာ နောက်မှ လိုက်ပါလာရသည်။
ထို့အပြင် ချန်းရီ၏ ကားမှာ မန်နျူရယ်ဂီယာ ဖြစ်သဖြင့် အရှိန်မြှင့်ရာတွင် အခြားကားများလောက် မမြန်ဆန်ပေ။
ထိုမျှမက ချန်းရီက မနေ့ကမှ မန်နျူရယ်ကားကို ပထမဆုံးအကြိမ် တရားဝင် စတင်မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အမြန်နှုန်းက ပို၍ပင် နှေးကွေးနေတော့၏။
"အမ"
"အမ... ချန်းရီ... ကျွန်မအမကို ကယ်ပါဦး"
နားကွဲမတတ် စူးရှသောအသံတစ်ခုက လေတိုက်သံများကို ဖောက်ထွင်းကာ ချန်းရီ၏ နားထဲသို့ ရောက်ရှိလာသည်။
အကယ်၍ ချန်းရီ၏ ဘက်စုံခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန်လူများထက် များစွာ မသာလွန်နေပါက လုံးဝ ကြားနိုင်မည် မဟုတ်ပေ။
ကျိုးရှောင်ရှောင်ပင် ဖြစ်သည်။
ကျိုးရှောင်ရှောင်က ကားပြတင်းပေါက်မှ ခေါင်းပြူထွက်လာပြီး သူမ၏ ဆံပင်တိုလေးများက လေထဲတွင် လွင့်ဝဲနေသည်။ သူမက ချန်းရီရှိရာဘက်သို့ အကျယ်ကြီး အော်ဟစ်နေပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့် ရှိနေသည်။
မနေ့ညက စခန်းချစဉ်က ကျိုးညီအမ၏ ကားမှာ စခန်း၏ အလယ်ဗဟိုတွင် ရပ်နားထားပြီး ချန်းရီ၏ ကားနှင့် အလွန် ဝေးကွာနေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျိုးလန်သည် သူမ၏ ကိုယ်ပိုင်ကားဆီသို့ ပြေးသွားရန် အလွန် ခက်ခဲလှသည်။
ချန်းရီက နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်ရာ ကျိုးလန်ဟူသော အလှလေးက ယခုအချိန်ကျမှသာ သဲကုန်းတစ်ခုအောက်မှ တိုးထွက်လာသည်ကို တွေ့လိုက်ရသည်။
စခန်းအတွင်းတွင် နေ့စဉ် မနက်ခင်း ကိုယ်လက်သန့်စင်ရေးက အလွန် ဒုက္ခပေးသော ပြဿနာတစ်ခု ဖြစ်သည်။
သွားမတိုက်လျှင် ရသည်။ မျက်နှာမသစ်လျှင်ပင် ရသေးသည်။
သို့သော် အပေါ့အလေးမသွားဘဲတော့ မနေနိုင်ပေ။
ကောင်မလေးများအတွက် ကိုယ်လက်သန့်စင်ရေး ပြဿနာက ပို၍ပင် ဒုက္ခများလှသည်။
အထူးသဖြင့် ကျိုးလန်ကဲ့သို့သော နာမည်ကြီး အမျိုးသမီးသရုပ်ဆောင် တစ်ဦးအတွက်မူ ကမ္ဘာပျက်ကပ်တွင်ပင်လျှင် သူမကို တစွန်းတစ စောင့်ကြည့်နေသူများ အမြဲတမ်း ရှိနေတတ်သည်။
ထို့ကြောင့် မနက်ခင်းတိုင်း ကိုယ်လက်သန့်စင်ရန် သွားသည့်အခါ လုံခြုံသော နေရာတစ်ခုကို ရှာတွေ့ရန် ကျိုးလန်သည် အမြဲတမ်း ခပ်ဝေးဝေးသို့ ထွက်သွားရလေ့ရှိသည်။
ယနေ့ သူမသွားသော နေရာက ချန်းရီ၏ ကားနှင့် အတော်လေး နီးကပ်နေသည်။
ဤသည်ကလည်း ကျိုးလန်က တမင်တကာ ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပျက်ကပ်ဖြစ်နေ၍ တစ်စုံတစ်ရာ ပြဿနာကြုံလာပါက အကျယ်ကြီး အော်ဟစ်လိုက်လျှင် ချန်းရီက လာရောက် ကူညီပေးနိုင်သေးသည် မဟုတ်ပါလော။
ဘယ်လိုပဲဖြစ်ဖြစ် အရင်က ကိစ္စတွေလည်း ကြာခဲ့ပြီပဲလေ။
ဒီလူက အခုထိ အငြိုးထားနေမှာတော့ မဟုတ်လောက်ပါဘူး။
ကိုယ်လက်သန့်စင်ရေး ပြဿနာကို ယခုလေးတင် ဖြေရှင်းပြီးစီးသွားသော ကျိုးလန်သည် "သဲမုန်တိုင်း" ဟူသော စကားလုံး သုံးလုံးကို ကြားလိုက်ရသည်။
ကျိုးလန် တစ်ကိုယ်လုံး တုန်တက်သွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ရူးသွပ်စွာ ကခုန်နေသော သဲဝါများနှင့် တဝေါဝေါ တိုက်ခတ်နေသော လေပြင်းများကို တွေ့လိုက်ရသည်။
ကျိုးလန်သည် ကြောက်လန့်တကြားဖြင့် စခန်းဆီသို့ လူးလှိမ့်ကာ ပြေးလာခဲ့တော့သည်။
သူမ၏ လက်ရှိ နေရာနှင့် အနီးဆုံးကားမှာ ချန်းရီ၏ ကားပင် ဖြစ်သည်။
ထိုအဆင့်မြှင့်တင်ထားသော ပစ်ကပ်ကားကြီးက လူတို့၏ အာရုံကို အလွန်အမင်း ဖမ်းစားနိုင်လွန်းလှသည်။
ချန်းရီကလည်း နောက်မှ လိုက်ပါလာသော ကျိုးလန်ကို တွေ့လိုက်ရသည်။
နာမည်ကြီး အမျိုးသမီးသရုပ်ဆောင်၏ မျက်ဝန်းများထဲတွင် တောင်းပန်မှုများနှင့် မျှော်လင့်ချက်များ အပြည့်အမောက် ရှိနေသည်။
အကယ်၍ ချန်းရီက ယခုအချိန်တွင် ကားရပ်ကာ ခဏစောင့်ပေးလိုက်ပါက ကျိုးလန်သည် ကားပေါ်သို့ ရောက်လာနိုင်ပေလိမ့်မည်။
သို့သော် သူကိုယ်တိုင်မူ သဲမုန်တိုင်းထဲတွင် နစ်မြုပ်သွားနိုင်ပေသည်။
သို့သော် ချန်းရီက ထိုသို့လုပ်ရန် လုံးဝ အစီအစဉ် မရှိပေ။
မည်မျှပင် လှပသော မိန်းမချောလေးဖြစ်ပါစေ သူ့အသက်ထက်တော့ အရေးမကြီးပေ။
ကားက စက်နှိုးပြီးနေပြီ ဖြစ်ပြီး ချန်းရီ၏ ညာဘက်ခြေထောက်က လီဗာကို ကြမ်းခင်းထဲအထိ ဝင်သွားမတတ် နင်းချထားသဖြင့် ကားကို ရပ်တန့်ကာ အရှိန်လျှော့ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ဂီယာ တစ်... ဂီယာ နှစ်...
ကားအရှိန်က ပိုပိုပြီး မြန်ဆန်လာသည်။
ကျိုးလန်၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်မဲ့မှုများက ပိုမို များပြားလာသည်။
"ချန်းရီ... တောင်းပန်ပါတယ်... ကျွန်မအမကို ကယ်ပါဦး"
ဤမြင်ကွင်းက ယခင်က ချန်ရှုရွာတွင် ဖြစ်ပွားခဲ့သော အခြေအနေနှင့် အလွန် ဆင်တူနေသည်။
အကယ်၍ ယခုအချိန်တွင် ချန်းရီရှေ့၌ ဒူးထောက်ပေးရမည် ဆိုလျှင်ပင် ကျိုးရှောင်ရှောင်က တုံဆိုင်းနေခြင်း အလျဉ်းမရှိဘဲ ဒူးထောက်ပေးလိုက်မည် ဖြစ်သည်။
ချန်းရီက ကျိုးရှောင်ရှောင်ကို လုံးဝ ဂရုမစိုက်ပေ။ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကြီး၏ အင်ဂျင်က ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ကားကိုယ်ထည်တစ်ခုလုံး တုန်ခါနေသည်။
အရှိန်ကလည်း ပိုပို မြန်လာ၏။
"အစ်ကိုချန်း... ကယ်ပါဦး"
အမျိုးသားတစ်ဦးက ဘေးမှ ရုတ်တရက် ပြေးထွက်လာသည်။
ချန်းရီက စွေကြည့်ရုံသာ ကြည့်လိုက်ပြီး ထပ်မကြည့်တော့ပေ။
ဤအမျိုးသားမှာ ထယ်ရှီး၏ ကျောင်းကားပေါ်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး စောစောကမှ ကျက်ခါစ မနက်စာကို နှမြောနေသဖြင့် ကားပေါ်တက်ရန် ခြေတစ်လှမ်း နောက်ကျသွားခဲ့သူ ဖြစ်သည်။
ကျောင်းကားက သူ့ကို စောင့်ပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရလဒ်အနေဖြင့် လောင်လီက ကျောင်းကားကို တိုက်ရိုက် မောင်းထွက်သွားခဲ့သည်။
ချန်းရီ၏ ကားကို မြင်လိုက်ရသောအခါ အလျင်အမြန် ပြေးလာပြီး အကူအညီ တောင်းခြင်း ဖြစ်သည်။
ဤအမျိုးသားနည်းတူ အခြား နှစ်ယောက် သုံးယောက်ခန့်လည်း ချန်းရီ၏ ကားဆီသို့ အပြေးအလွှား လာရောက်ကြသည်။
အချို့က လက်နှစ်ဖက်ကို ဆန့်တန်းကာ ချန်းရီ၏ ကားရှေ့တွင် ပိတ်ရပ်ထားကြသေးသည်။
သို့သော် ချန်းရီက လုံးဝ ဂရုမစိုက်ဘဲ ကားဂီယာကို လေးမှနေ၍ ငါးသို့ တိုက်ရိုက် ထိုးချလိုက်သည်။ အင်ဂျင်မှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ကားအရှိန်က ပိုမို မြန်ဆန်သွားတော့သည်။
ရှေ့မှ ယာဉ်တန်းကို တိုက်ရိုက် လိုက်ပါသွား၏။
ခွေးကောင် ချူချယ်... မင်းက လမ်းပြသူ မဟုတ်ဘူးလား... ဘယ်လို လမ်းပြနေတာလဲ...
လက်နှစ်ဖက်ကို ဆန့်တန်းထားသော အမျိုးသားမှာ ကြောက်လန့်တကြားဖြင့် ဘေးသို့ ခုန်ရှောင်လိုက်ရပြီး အကျယ်ကြီး ကျိန်ဆဲလိုက်တော့သည်။
ဆက်ရန်...