← Chapters

အခန်း ၆၈

Vol. 4 Ch. 68

အခန်း ၆၈

Vol. 4 Ch. 68

အပိုင်း(၆၈) သဲမုန်တိုင်း

ချန်းရီက ကား၏ လီဗာကို အဆုံးထိ နင်းထားလိုက်ပြီ ဖြစ်၏။

ဤကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားလေးသည် ယခင်က မကြုံဖူးသေးသော စမ်းသပ်မှုကြီးကို ခံစားနေရသည်။

ကားလေးက ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ရှေ့သို့ အရှိန်ပြင်းပြင်း ပြေးထွက်နေပြီး အနောက်ဘက်တွင်မူ ဟိန်းဟောက်နေသော သဲမုန်တိုင်းကြီးက ထပ်ကြပ်မကွာ လိုက်ပါလာ၏။

သဲပွင့်များက ကားမှန်နှင့် ကားကိုယ်ထည်ပေါ်သို့ ရိုက်ခတ်နေသဖြင့် ထွက်ပေါ်လာသော တရှဲရှဲ အသံများသည် သေမင်း၏ လှောင်ပြောင်ရယ်မောသံနှင့်ပင် တူနေတော့သည်။

ထိုအချိန်တွင် မြင်ကွင်းက တဖြည်းဖြည်း မှုန်ဝါးလာခဲ့ပြီ ဖြစ်သည်။

ကံကောင်းသည်မှာ ရှေ့ရှိကားများက အချက်ပြမီးနှစ်ဖက်လုံးကို ဖွင့်ထားကြသဖြင့် ချန်းရီက ယာဉ်တန်း၏ အမြီးပိုင်းကို အမိအရ ကပ်လိုက်နိုင်သေးသည်။

အစတုန်းက သတ်ဖြတ်မှတ်များကို ချွေတာရန်အတွက် အချက်ပြမီး ဖွင့်ခြင်းကိုပင် ချန်းရီက ဖျက်သိမ်းထားခဲ့ခြင်း ဖြစ်သည်။

ကားခေါင်းပိုင်းရှိ မီးလုံးတစ်လုံးတည်းကသာ မှိန်ဖျော့ဖျော့ အလင်းရောင်လေးကို ထုတ်လွှတ်ပေးနေ၏။

ယာဉ်တန်းကြီးသည် သဲမုန်တိုင်း၏ ရှေ့မှနေ၍ အရူးအမူး ပြေးလွှားနေကြပြီး အချိန်မရွေး သဲမုန်တိုင်း၏ ဝါးမျိုခြင်းကို ခံရနိုင်ခြေ ရှိနေသည်။

မိုးမခကိုင်းက ချန်းရီ၏ လက်မောင်းတွင် ရစ်ပတ်ထားပြီး ဖြစ်သည်။

ချန်းရီက ရှေ့မှ တဖျတ်ဖျတ် လင်းနေသော အနီရောင် နောက်မီးများကို စိုးရိမ်တကြီး စိုက်ကြည့်နေသည်။

မဟုတ်သေးဘူး... လုံးဝ မဟုတ်သေးဘူး။

ဒီအတိုင်း ဆက်ပြေးနေရင် သေလမ်းရှာတာနဲ့ ဘာမှ ကွာခြားမှာ မဟုတ်ဘူး။

ယခင်က သဲကန္တာရသို့ တစ်ခါမျှ မရောက်ဖူးခဲ့သလို သဲမုန်တိုင်းနှင့်လည်း မကြုံဖူးခဲ့သဖြင့် သူ့တွင် မည်သည့် အတွေ့အကြုံမျှ မရှိပေ။

အစကတော့ သူများတွေ ပြေးသည်ကို မြင်၍ သူလည်း လိုက်ပြေးခဲ့ခြင်း ဖြစ်သည်။

ယာဉ်တန်းထဲရှိ လူအများစုမှာလည်း ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံဖူးခဲ့ကြမည် မဟုတ်ချေ။

ယခုလို စိတ်ကို တည်ငြိမ်အောင် ထားပြီး စဉ်းစားကြည့်မှသာ မည်မျှ မိုက်မဲကြောင်းကို သူ သိလာရတော့သည်။

ဒီအတိုင်း ဆက်ပြေးနေရင် ဘယ်တော့များမှ အဆုံးသတ်မှာလဲ။

ဒါ့အပြင် ကားတစ်စီးက သဲမုန်တိုင်းကို ဘယ်လိုလုပ် ကျော်တက်နိုင်မှာလဲ။

မြင်ကွင်းက တဖြည်းဖြည်း မှုန်ဝါးလာပြီး မျက်ကန်းတစ္ဆေလို မောင်းနှင်နေရသည့် အခြေအနေမျိုးတွင် အကယ်၍ အတားအဆီးတစ်ခုခုကို ဝင်တိုက်မိလျှင် သို့မဟုတ် သဲကျင်းထဲ ကျွံကျသွားလျှင်...

သို့တည်းမဟုတ် လမ်းမှားပြီး ယာဉ်တန်းနှင့် ကွဲကွာသွားလျှင်...

သို့မဟုတ်ပါကလည်း ဆီကုန်သွားလျှင်...

မည်သည့် အခြေအနေမျိုး ဖြစ်လာသည်ဖြစ်စေ သေချာပေါက် သေမည့် လမ်းသာ ဖြစ်သည်။

ပြေးလို့ မဖြစ်တော့ဘူး။

ရပ်တန့်ပြီး သဲမုန်တိုင်းကို ပုန်းအောင်းရှောင်ရှားမှသာ အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက် ရှိတော့မယ်။

ချန်းရီ၏ နဖူးမှ ချွေးစေးများ ပျံလာသည်။ ဤအချိန်တွင် ခေါင်းဆောင်ချူနှင့် ဆက်သွယ်ချင်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ကားထဲတွင် စကားပြောစက်လည်း မရှိပေ။

အပြင်သို့ ခေါင်းပြုပြီး အသံကုန် အော်ဟစ်ပြောဆိုလျှင်ပင် ခေါင်းဆောင်ချူက ကြားနိုင်ခြေ မရှိသလောက်ပင်။

ဘယ်လိုလုပ်ရမလဲ။

သို့သော် ထိုအချိန်မှာပင် ချန်းရီက ရှေ့မှကားသည် အရှိန်ပြင်းပြင်းဖြင့် နီးကပ်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။

ချန်းရီက စတီယာရင်ကို အလျင်အမြန် ကွေ့ချလိုက်ရာ ပစ်ကပ်ကားလေးမှာ ယိမ်းထိုးသွားပြီး ရှေ့ကား၏ အမြီးပိုင်းနှင့် ပွတ်ကာသီကာလေး ရှောင်တိမ်းနိုင်ခဲ့သည်။

အကဲခတ်ကြည့်လိုက်ရာ ခေါင်းဆောင်ချူနှင့် နာနာတို့၏ ကားများ အားလုံး ရပ်တန့်သွားသည်ကို မြင်လိုက်ရ၏။

ထယ်ရှီး၏ အဝါရောင် ကျောင်းကားကြီးပင်လျှင် ထိုနေရာ၌ ရပ်တန့်နေပြီ ဖြစ်သည်။

ကားအားလုံးက ထိုနေရာတွင်ပင် ရပ်ကာ အချက်ပြမီးများ ဖွင့်ထားကြသည်။

ချန်းရီ သဘောပေါက်သွားသည်။ ခေါင်းဆောင်ချူ သတိဝင်သွားခြင်း ဖြစ်ရမည်။

တကယ့်ကို ခေါင်းဆောင်ချူ ပီသပါပေတယ်။

စတင်ချိန်မှ ယခုအထိ ဆယ်မိနစ်ကျော်သာ ရှိသေးသော်လည်း သူက ချက်ချင်း သတိဝင်သွားခဲ့ခြင်း ဖြစ်သည်။

ခေါင်းဆောင်ချူ၏ ကားဘက်မှ တစ်စုံတစ်ခု လှုပ်ရှားသွားသည်ကို မြင်လိုက်ရ၏။

ထို့နောက် လမ်းကြမ်းမောင်းကား နှစ်စီးက ထယ်ရှီး၏ ကျောင်းကားဆီသို့ ချဉ်းကပ်သွားကြသည်။

ချန်းရီ နားလည်သွားပြီး သူ၏ ကားကိုလည်း ကျောင်းကားဆီသို့ ဖြည်းဖြည်းချင်း မောင်းနှင်သွားလိုက်သည်။

ကားထဲတွင် ထိုင်နေရင်း အနောက်ဘက်ရှိ ကားအမိုးမှာ လေပြင်းများကြောင့် ရူးသွပ်စွာ ယိမ်းခါနေသည်ကို ခံစားနေရသည်။

ကားအမိုးမှာ ယခင်က အမျိုးသမီးဝတ်စုံများကို ဆက်စပ်ချုပ်လုပ်ထားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ဆိုင်ကယ်ပစ္စည်းများဖြင့် ခိုင်ခံ့အောင် ပြုလုပ်ထားသော်လည်း အနိုင်နိုင် အသုံးပြုနေရခြင်း ဖြစ်သည်။

ကားအမိုးလေး ဆက်လက် တောင့်ခံနိုင်မည်လား ဆိုသည်ကိုတော့ ချန်းရီ သိပ်ပြီး မျှော်လင့်ချက် မထားဝံ့ပေ။

ရိက္ခာပစ္စည်းများ အများကြီး ဆုံးရှုံးမသွားစေရန်သာ မျှော်လင့်ရတော့မည်။

ထယ်ရှီး၏ အဝါရောင် ကျောင်းကားကြီးကို ဗဟိုပြုကာ ချန်းရီတို့၏ ကားများက ပတ်လည် ဝိုင်းရံထားကြသည်။

ပတ်ဝန်းကျင်ရှိ လေတိုက်သံများ ပိုမို ကျယ်လောင်လာပြီး သဲများလည်း ပိုများလာကာ ကားမှန်များကို ရိုက်ခတ်သည့် အသံမှာလည်း ပို၍ ဆူညံလာသည်။

ကားမှန်များပေါ်တွင်လည်း ခြစ်ရာများ ပိုမို များပြားလာ၏။

ကြည်လင်နေသော ကားမှန်သည် ယခုအခါ မှုန်ဝါးဝါး မှန်တစ်ချပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သဲမုန်တိုင်းက တဖြည်းဖြည်း နီးကပ်လာသည်။

၎င်းသည် နားနားတွင် ဟိန်းဟောက်နေသော ဧရာမ သားရဲကြီးတစ်ကောင်အလား ဖြစ်နေပြီး အချိန်မရွေး ပြေးဝင်လာကာ သူတို့လို ပုရွက်ဆိတ်လေးများကို တစ်လုတ်တည်း ဝါးမျိုပစ်နိုင်ခြေ ရှိနေသည်။

အား... !

ဝေးတစ်လှည့် နီးတစ်လှည့် စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ကားမှန်မှတစ်ဆင့် ကြည့်လိုက်ရာ ဆိုင်ကယ်တစ်စီးမှာ လေထဲသို့ လွင့်စင်သွားပြီး မှုန်ဝါးဝါး အဝေးဆီသို့ လွင့်ပါသွားသည်ကို မြင်လိုက်ရ၏။

ထိုဆိုင်ကယ်၏ နောက်တွင် လူရိပ်တစ်ခုပါ လိုက်ပါသွားသည်။

မျက်နှာကို သေချာ မမြင်ရသော်လည်း ထိုသူမှာ ယခင်က ယာဉ်တန်းထဲမှ ဆိုင်ကယ်စီးသော အသက်ရှင်ကျန်ရစ်သူ ဖြစ်မည်ဟု ချန်းရီ ခန့်မှန်းမိသည်။

ကောင်းကင်ယံမှ နေရောင်ခြည်ကို သဲမုန်တိုင်းက လုံးဝ ဖုံးကွယ်ထားလိုက်ပြီ ဖြစ်သည်။

ပတ်ဝန်းကျင် တစ်ခုလုံးက ရုတ်တရက် မှောင်မိုက်သွား၏။

ချန်းရီသည် သူ၏ ပစ်ကပ်ကားထဲတွင် ထိုင်နေရင်း ခန္ဓာကိုယ်မှာလည်း ကားနှင့်အတူ ဘယ်ညာ ယိမ်းထိုးနေသည်။

သဲကန္တာရထဲတွင် ရှိနေပါလျက်နှင့် လှေစီးနေရသကဲ့သို့ ခံစားနေရသည်။

ဒီသဲမုန်တိုင်းက အရမ်း ကြောက်စရာ ကောင်းမနေဘူးလား။

"ခွမ်း"

ဘယ်ဘက်မှ ကားမှန်က လေတိုက်ခံရသဖြင့် တိုက်ရိုက် ပေါက်ကွဲထွက်သွားလေသည်။

အားပြင်းသော လေလုံးကြီးက ကားထဲသို့ တိုက်ရိုက် ဝင်ရောက်လာပြီး ချန်းရီ၏ ဆံပင်များကို ရေညှိပင်များအလား လွင့်စင်သွားစေသည်။

ချန်းရီက မျက်နှာပေါ်ရှိ နေကာမျက်မှန်ကို အိတ်ကပ်ထဲသို့ အလျင်အမြန် ထိုးထည့်လိုက်ပြီး ဘယ်ဘက်ကားမှန်ကို တစ်ခုခုဖြင့် ပိတ်ဆို့ရန် ပြင်လိုက်သည်။

"ခွမ်း"

ညာဘက်မှ ကားမှန်ပါ လေတိုက်ခံရသဖြင့် ထပ်မံ ပေါက်ကွဲထွက်သွားပြီး ကွဲအက်သွားသော မှန်စများက ချန်းရီ၏ ပါးပြင်ရှိ အရေပြားကို ရှပ်ထိသွားစေသည်။

"မလုပ်နဲ့"

ဝေးတစ်လှည့် နီးတစ်လှည့် စူးစူးဝါးဝါး အော်ဟစ်သံ နောက်တစ်ခု ထွက်ပေါ်လာပြန်သည်။

ဘာတွေဖြစ်နေမှန်း ချန်းရီ မသိသော်လည်း မျက်လုံးကို မှေးကာ ရှေ့သို့ လှမ်းကြည့်လိုက်သည်။

ကျောင်းကားထဲမှ ဧရာမ ခန္ဓာကိုယ်ကြီး တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။

ထယ်ရှီးပဲ။

ထိုလူကြီးသည် ကားထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် ပိုမို ကြီးမားလာခဲ့သည်။

အမြင့် (၁၀) ပေခန့်ရှိသော လူသန်ကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားလေသည်။

တိုက်တန် လမ်းစဉ်၏ အစွမ်းပင် ဖြစ်သည်။

ထိုလူသန်ကြီး၏ လက်ထဲတွင် တစ်ခုခုကို ကိုင်ထားသလိုပင်... ဒါကြိုးခွေကြီးပဲ။

သူက လက်ထဲတွင် ကြိုးကို ကိုင်ကာ ပတ်ဝန်းကျင်ရှိ ကားများကို ပတ်၍ ပြေးလွှားနေသည်။

ကားအားလုံးကို ကြိုးဖြင့် တုပ်နှောင်ထားရန် ကြိုးစားနေခြင်းပင်။

သို့သော် ပတ်ဝန်းကျင်ရှိ လေတိုက်နှုန်းက တကယ်ကို ပြင်းထန်လွန်းလှသည်။

အမြင့် (၁၀) ပေရှိသော ကြွက်သားအပြည့်နှင့် လူသန်ကြီးပင်လျှင် အနည်းငယ် အခက်တွေ့နေဆဲ ဖြစ်သည်။

"ချန်းရီ... ငါ့ကို လာကူဦး"

လေတိုက်သံများကို ဖောက်ထွင်း၍ ထွက်ပေါ်လာသော ဟိန်းဟောက်သံကြီးက ချန်းရီ၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာသည်။

"တောက်"

ချန်းရီက ကျိန်ဆဲလိုက်ပြီး ကိုယ်ကို လှည့်ကာ ကားထဲမှ တိုက်ရိုက် ထွက်လာခဲ့သည်။

ဤအချိန်တွင် သူ ဘယ်လောက်ပဲ မထွက်ချင်နေပါစေ မဖြစ်မနေ ထွက်လာရတော့မည် ဖြစ်သည်။

အကယ်၍ ပတ်ဝန်းကျင်ရှိ ကားများကို မကာကွယ်နိုင်ပါက သူ၏ ကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားလေးလည်း ကာကွယ်နိုင်မည် မဟုတ်ပေ။

စည်းလုံးခြင်း၏ အဓိပ္ပာယ်ကို ငယ်စဉ်ကတည်းက ဆရာများက အကြိမ်ပေါင်းများစွာ သင်ကြားပေးခဲ့ပြီး ဖြစ်သည်။

လေတိုက်နှုန်းက တဖြည်းဖြည်း ပိုပြင်းလာပြီး ခုနက ဆိုင်ကယ်တစ်စီးမှာ အကောင်းဆုံး သာဓကပင် ဖြစ်သည်။

ဤကဲ့သို့ အခြေအနေမျိုးတွင် သူတို့လို လမ်းစဉ်အစွမ်းပိုင်ရှင်များသာလျှင် တစ်ခုခု တတ်နိုင်ပေလိမ့်မည်။

ချန်းရီက ကားထဲမှ ထွက်ကာ ထယ်ရှီးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။

လူနှစ်ယောက်က ကြိုးကို ကိုင်ကာ ကားများကို အလျင်အမြန် ပတ်လည် ဝိုင်းရံလိုက်ကြသည်။

နှစ်ပတ်တိတိ ပတ်လိုက်ကြသည်။

ထယ်ရှီးက ကြိုးကို အထုံးတစ်ခု ထုံးလိုက်ပြီး ကျန်တစ်ဖက်ကိုမူ သူကိုယ်တိုင် ဆွဲကိုင်ထားလိုက်သည်။

ဟိန်းဟောက်သံ တစ်ချက်နှင့်အတူ ထယ်ရှီးက ခြေထောက်နှစ်ဖက်ကို အားပြုကာ သဲပြင်ထဲသို့ အသေအချာ စိုက်ချလိုက်သည်။

ခန္ဓာကိုယ် တစ်ဝက်က အပြင်တွင် ရှိနေပြီး ကျန်တစ်ဝက်က သဲကုန်းထဲတွင် နစ်မြုပ်နေ၏။

သူ၏ ပုံစံကို ကြည့်ရသည်မှာ ထိုကားများကို ဆွဲထားရန် သူ့ကိုယ်သူ အလေးတုံးတစ်ခုအဖြစ် အသုံးပြုရန် ရည်ရွယ်ထားပုံရသည်။

ဒီလို လုပ်လို့ရော ရပါ့မလား။

ဤလူကြီး၏ အမြင့်က (၁၀) ပေကျော်ရှိပြီး တစ်ကိုယ်လုံးတွင် ကြွက်သားများ အပြည့်အမောက်နှင့် တောင်ကုန်းငယ်လေးတစ်ခုအလား ထင်ရသည်။ ကိုယ်အလေးချိန် သက်သက်ပင်လျှင် ပိဿာ (၃၀၀)၊ (၄၀၀) ခန့် ရှိပေလိမ့်မည်။

အလေးတုံးအဖြစ် အသုံးပြုမည် ဆိုပါကလည်း မဖြစ်နိုင်စရာတော့ မရှိပေ။

"ချန်းရီ... မင်း... ပြန်သွားတော့... ကျန်တာ... ငါ့တာဝန်ထား"

လေထဲမှတစ်ဆင့် ထယ်ရှီး၏ အသံက ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည်။

"လူသန်ကြီး... ငါ လာကူမယ်"

ပန်းရောင် ဆံပင်ရှည်ကြီး တစ်ခုက ဓားသန်လျက်တစ်ခုအလား သဲမုန်တိုင်းကို ထိုးဖောက်၍ ထွက်ပေါ်လာသည်။

နာနာ ဖြစ်သည်။

ထိုကောင်မလေးက သူမ၏ ခြေတံရှည်ကြီးများကို ယိမ်းနွဲ့ကာ ယခင်က မူးယစ်နေသော ပုံစံမှ လုံးဝ ပြောင်းလဲသွားပြီး မျက်လုံးများမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်နေသည်။

ကောင်မလေးက ထယ်ရှီး၏ အနောက်မှ ကြိုးကို လှမ်းဖမ်းကိုင်လိုက်ပြီး ပါးစပ်မှလည်း တစ်ခုခုကို ရေရွတ်လိုက်ရာ ရှည်လျားသော ဓားရှည်ကြီးက (၆) ပေကျော် ရှည်သော ဓားအလင်းတန်းများကို ထုတ်လွှတ်ကာ မြေပြင်ထဲသို့ တိုက်ရိုက် စိုက်ဝင်သွားလေသည်။

"ချန်းရီ... ဘာကြောင်ကြည့်နေတာလဲ... လာမကူဘူးလား"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချန်းရီကို မျက်ခုံးပင့်ပြလိုက်သည်။

"ဟုတ်ပြီလေ... လူတိုင်းမှာ ကိုယ်ပိုင် နည်းလမ်းတွေ ရှိနေမှတော့ ငါ့ရဲ့ အစွမ်းကိုလည်း ပြရသေးတာပေါ့"

ချန်းရီက လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ခါလိုက်ရာ အစိမ်းရောင် မိုးမခကိုင်း တစ်ခုက လက်မောင်းလုံးခန့်ရှိသော ကြိုးဆီသို့ တန်းတန်းမတ်မတ် ရစ်ပတ်သွားလေသည်။

မရဏသွေး ထင်းခုတ်ဓားမကြီးက ချန်းရီ၏ လက်ထဲတွင် လည်ပတ်သွားပြီး မြေပြင်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် စိုက်ဝင်သွားသည်။

"သွားစမ်း"

ဓားမကြီးက တဝီဝီ မြည်ဟည်းသွားပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော အပေါက်ကြီးတစ်ခု ဖြစ်သွားစေသော်လည်း ချက်ချင်းပင် သဲများဖြင့် ပြန်လည် ဖုံးလွှမ်းသွားလေသည်။

မိုးမခကိုင်းက တင်းကျပ်သွားပြီး ကြိုးကို အသေအချာ ဆွဲထားလိုက်သည်။

မရဏသွေး ထင်းခုတ်ဓားမကြီး၏ ပထမဆုံးအကြိမ် ဓားစမ်းသပ်မှုသည် ထူးဆန်းသောအရာများကို တိုက်ခိုက်ရန် မဟုတ်ဘဲ ချန်းရီ၏ စွန်လွှတ်ခြင်းအတွက် အသုံးပြုခံလိုက်ရခြင်းပင် ဖြစ်သည်။

"ချန်းရီ... ရှင်လည်း ဘယ်ဆိုးလို့လဲ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အချိန်ရသေးသဖြင့် ချန်းရီကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သေးသည်။

ချန်းရီ၏ မျက်နှာတွင် မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။ သဲမုန်တိုင်းက တဖြည်းဖြည်း ပိုမို ပြင်းထန်လာသည်။

မိုးမခကိုင်းမှတစ်ဆင့် ခံစားရသော တုန်ခါမှုများအရ လေတိုက်နှုန်းက ပိုမို ပြင်းထန်လာကြောင်း ချန်းရီက သိသိသာသာ ခံစားနေရသည်။ သူကိုယ်တိုင်ပင် လွင့်မျောသွားတော့မလို ဖြစ်နေသဖြင့် မိုးမခကိုင်းကိုသာ အသေအချာ ဆုပ်ကိုင်ထားရတော့သည်။

တုပ်နှောင်ခံထားရသော ကားများဆီမှ သတ္တုများ ပွတ်တိုက်ကြိတ်ချေသည့် တကျွီကျွီ မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာနေသည်။

ဆက်ရန်...

All Chapters