အခန်း ၇၀
Vol. 4 Ch. 70
အပိုင်း(၇၀) လူ့မျက်နှာနှင့် ကင်းမြီးကောက်
ချန်းရီ၏ လည်ပင်းကို ဆွဲကိုင်ကာ အရှေ့တွင် ကာထားခြင်း ခံရချိန်၌ ကျိုးရှောင်ရှောင်က ထိုဧရာမ လူ့မျက်နှာကြီးကို မြင်တွေ့လိုက်ရသည်။
ဧရာမ လူ့မျက်နှာကြီးပေါ်တွင် ထူးဆန်းကျောချမ်းဖွယ် အပြုံးတစ်ခုက ပေါ်လွင်နေပြီး နှုတ်ခမ်းထောင့်များက အဆမတန် ပြဲအာနေ၏။
ကျိုးရှောင်ရှောင်၏ အလွန်တရာ ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးများက ထိုအရာကို စိုက်ကြည့်နေမိသည်။
ထိုပါးစပ်ကြီးက အဆမတန် ပြဲအာသွားပြီး ကြီးမားကျယ်ပြန့်လှသော ထိုပါးစပ်ကြီးထဲတွင် သွားများက အထပ်ထပ် ပေါက်ရောက်နေသည်။
သားရဲတိရစ္ဆာန်များ၏ အစွယ်ချွန်များမျိုး မဟုတ်ဘဲ လူသားများ၏ အံသွားများကဲ့သို့ ပြားချပ်နေသော သွားများက ပါးစပ်ကြီးထဲတွင် အထပ်လိုက် အထပ်လိုက် ပြန့်ကျဲနေခြင်း ဖြစ်၏။
ကျိုးရှောင်ရှောင်သည် သူမ၏ နှလုံးသားငယ်လေးကို ကြီးမားသော လက်ကြီးတစ်ဖက်က တင်းကျပ်စွာ ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။
ကျိုးရှောင်ရှောင်က အသိဉာဏ် ဖွံ့ဖြိုးလာကတည်းက သူမတွင် နာမည်ကြီး အမျိုးသမီးသရုပ်ဆောင် အမတစ်ယောက် ရှိကြောင်း သိထားခဲ့သည်။
ထို့ကြောင့် ကျိုးရှောင်ရှောင်သည်လည်း အမဖြစ်သူကဲ့သို့ နာမည်ကြီး ကြယ်ပွင့်တစ်လက် ဖြစ်လာစေရန် ရည်ရွယ်ထားခဲ့၏။
ချောမောလှပသော ရုပ်ရည်သွင်ပြင်ကြောင့် အနုပညာလောကထဲသို့ မဝင်ရောက်ရသေးမီကပင် ကျိုးရှောင်ရှောင်က လူအများ၏ စိတ်ဝင်စားမှု အမြောက်အမြားကို ရရှိခဲ့ပြီး ဖြစ်သည်။
အခြားသော ရွယ်တူများက နေ့ညမပြတ် စာကြိုးစားနေကြပြီး နောင်တစ်ချိန်တွင် ဝမ်းရေးဖူလုံမည့် အလုပ်အကိုင်တစ်ခု ရရှိရန် မျှော်လင့်နေကြချိန်တွင်...
ကျိုးရှောင်ရှောင်က သာမန်လူများ၏ အဆင့်အတန်းမှ ခွဲထွက်နေခဲ့ပြီ ဖြစ်၏။
ရိုက်ကွင်းပေါ်တွင် မြင်တွေ့ရသမျှ လူတိုင်းက သူမကို ယဉ်ယဉ်ကျေးကျေးနှင့် ကောင်းမွန်စွာ ဆက်ဆံကြသည်။
အိမ်တွင်လည်း မိဘများက အလွန်တရာ အလိုလိုက် အကြိုက်ဆောင်ကြပြီး နာမည်ကြီး အမျိုးသမီးသရုပ်ဆောင် ဖြစ်သော အမကပင် သူမကို အားပေးထောက်ခံမှု များခဲ့သည်။
အနုပညာလောက၏ ညစ်ညမ်းမှုများက ဤအနာဂတ် ကြယ်ပွင့်လေးအနားသို့ ချဉ်းကပ်ခွင့်ပင် မရခဲ့ကြချေ။
ကျိုးရှောင်ရှောင် ကိုယ်တိုင်ကပင် သူမသည် အနာဂတ်တွင် ပြည်တွင်း ဖျော်ဖြေရေးလောက၏ ထိပ်တန်း ကြယ်ပွင့်တစ်ဦး ဖြစ်လာမည်ဟု ယုံကြည်ထားခဲ့သည်။
သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးတွင်ပင် ကမ္ဘာပျက်ကပ်ကြီးက ရောက်ရှိလာခဲ့၏။
မည်သည့် ကြိုတင်ပြင်ဆင်မှုမျှ မရှိဘဲ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ရိုက်ကွင်းတွင် ဇာတ်ကားရိုက်ကူးနေသော ကျိုးရှောင်ရှောင်နှင့် ကျိုးလန်တို့မှာ သေမတတ် ထိတ်လန့်သွားခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် ရိုက်ကွင်းထဲမှနေ၍ အသက်လု ထွက်ပြေးနိုင်ခဲ့ကြသည်။
ထို့နောက် ယာဉ်တန်းထဲသို့ ဝင်ရောက်လာခဲ့သည်အထိ ဖြစ်၏။
ရိက္ခာပစ္စည်းများ သွားရောက်ရှာဖွေတိုင်း ညီအမနှစ်ယောက်စလုံးက တက်ကြွစွာ ပါဝင်ခဲ့ကြသဖြင့် ယာဉ်တန်းထဲတွင် သူတို့ ညီအမ၏ နေထိုင်ရမှုမှာ မဆိုးလှဟု ဆိုရမည်။
အနည်းဆုံးတော့ အခြေခံ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့သော် အရာရာက အမြဲတမ်း ချောမွေ့နေမည်တော့ မဟုတ်ပေ။
ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် တစ်နေ့နေ့ တစ်ချိန်ချိန်၌ ရိက္ခာရှာဖွေရာ တစ်နေရာရာတွင် သေဆုံးသွားနိုင်သလို အခြားသူများ သို့မဟုတ် ထူးဆန်းသောအရာများ၏ လက်ချက်ဖြင့်လည်း အသက်ပျောက်သွားနိုင်သေးသည်။
ထို့ကြောင့် ကျိုးလန်သည် ချန်းရီက သဘာဝလွန်အစွမ်း လမ်းစဉ် နိုးထလာသည်ကို မြင်တွေ့ပြီးနောက် ချန်းရီထံတွင် ခိုလှုံရန် ဆန္ဒရှိခဲ့သည်။
အနည်းဆုံးတော့ ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားချင်ခဲ့၏။
သို့သော် ကျိုးရှောင်ရှောင်ကမူ အမဖြစ်သူ၏ ဆုံးဖြတ်ချက်ကို သဘောမတူခဲ့ချေ။
ထို့ကြောင့်ပင် အမဖြစ်သူက ချန်းရီကို လက်ဆောင်ပေးထားသော ဓာတ်ဆီများကို ပြန်ယူသည့် ကိစ္စရပ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ကျိုးရှောင်ရှောင်သည် မည်သည့်အချိန်တွင်မဆို ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းသာလျှင် အစစ်အမှန်ဖြစ်သည်ဟု ယူဆထားသည်။
ထို့အပြင် အချိန်တိုင်းတွင်လည်း သူမ၏ ထိုခံယူချက်ကို လက်တွေ့အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သည်။
ချန်းရီကဲ့သို့သော လမ်းစဉ် အစွမ်းပိုင်ရှင် ဖြစ်နေလျှင်တောင်မှ ကျိုးရှောင်ရှောင်သည် ထိုသူအား မျက်နှာချိုသွေးရန် မလိုဟု တွေးထားပြီး အဆက်အသွယ် ပြုလုပ်ရန်ပင် မလိုအပ်ဟု ထင်မြင်ထားခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူမသည် ကျိုးရှောင်ရှောင် ဖြစ်နေသောကြောင့်တည်း။
ယခင်က ရိုက်ကွင်းပေါ်တွင် ရှိနေစဉ်က ကျိုးရှောင်ရှောင်သည် ဒါရိုက်တာနှင့် ထုတ်လုပ်သူများ၏ သဘောထားကိုပင် ဂရုစိုက်ရန် မလိုခဲ့သည့်အတိုင်း ဖြစ်သည်။
သို့သော် ယခုအချိန်သည် ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေချေပြီ။
ကျိုးရှောင်ရှောင်သည် သူမ၏ စိတ်ကူးအယူအဆများကို ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် သင်က လုံလောက်အောင် အစွမ်းအစရှိနေမှသာလျှင် ရမည်။
ထိုသို့မဟုတ်ပါက သင်၏ ဤကဲ့သို့သော အမူအကျင့်များသည် သင့်ကို သေတွင်းဆီသို့ ပို့ဆောင်ပေးမည့် ဘေးဒုက္ခများပင် ဖြစ်လာပေလိမ့်မည်။
သွားများ အထပ်ထပ် ပေါက်နေသော ပါးစပ်ကြီး၏ ဝါးမြိုစားသောက်ခြင်းကို ခံရတော့မည့် အခြေအနေကို မျက်ဝါးထင်ထင် မြင်လိုက်ရချိန်တွင်...
ကျိုးရှောင်ရှောင်သည် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ ပူနွေးစိုစွတ်သွားသည်ကို ခံစားလိုက်ရပြီး မျက်နှာပေါ်တွင်လည်း နှပ်ရည်များနှင့် မျက်ရည်များက ရောထွေးစီးကျလာကာ လှပသေသပ်သော မျက်နှာလေးမှာ ခဏတွင်းချင်းပင် ပေပွရှုပ်ယှက်ခတ်သွားတော့သည်။
သေမင်းနှင့် နီးကပ်လာချိန်တွင် ကျိုးရှောင်ရှောင်သည် ဤအချိန်၌ နောင်တရနေခြင်းလား သို့မဟုတ် ကြောက်ရွံ့နေခြင်းလား ဆိုသည်ကိုပင် ဝေခွဲမရတော့ချေ။
"ဒုန်း"
အသားစိုင်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်သဖြင့် ထွက်ပေါ်လာသော လေးလံသည့် အသံကြီး ဖြစ်သည်။
ကျိုးရှောင်ရှောင်က သူမရှေ့ရှိ ဧရာမ လူ့မျက်နှာကြီးပေါ်တွင် နာကျင်စွာ အော်ဟစ်လိုက်သော မျက်နှာအမူအရာ ပေါ်လာသည်ကို မြင်လိုက်ရပြီး ထိုမျက်နှာကြီး တစ်ခုလုံး ဘေးသို့ လန်ထွက်သွားသည်။
ကျိုးရှောင်ရှောင်၏ လက်နှစ်ဖက်က သဲပြင်ကို ထိတွေ့မိချိန်တွင် သူမ တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ခွေကျသွားပြီး ခန္ဓာကိုယ်၌ အင်အား တစ်စက်မျှပင် မကျန်တော့ချေ။
"ညီမကျိုး... မြန်မြန်ပြေး"
ကျိုးရှောင်ရှောင်က ဤလူငယ်ကို သိသည်။ သူက ကျောင်းကားပေါ်မှ ရှောင်ဖူ ဆိုသူဖြစ်ပြီး အနည်းငယ် ရိုးအသော တက္ကသိုလ်ကျောင်းသား တစ်ယောက် ဖြစ်သည်။
ရှောင်ဖူက တစ်ကိုယ်လုံး ပျော့ခွေနေသော ကျိုးရှောင်ရှောင်ကို ဆွဲကာ အနောက်သို့ အရူးအမူး ဆွဲခေါ်သွားလေသည်။
ဤအချိန်တွင် ရှုလီနာသည်လည်း သတိဝင်လာပြီး သူမ၏ မျက်လုံးများထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများ ကျန်ရစ်နေသေးသော်လည်း ခဏမျှ တုံဆိုင်းနေပြီးနောက် ရှောင်ဖူနှင့်အတူ ကျိုးရှောင်ရှောင်ကို ဆွဲကာ အဝေးသို့ ပြေးလေတော့သည်။
ကျိုးရှောင်ရှောင်က အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီး ထိုဘီလူးကြီး၏ အသွင်အပြင်အစစ်အမှန်ကို မြင်လိုက်ရချိန်တွင် ယခုလေးတင်မှ အနည်းငယ် ပြန်လည်ရရှိလာသော သတ္တိများက ချက်ချင်းပင် အကြောက်တရားအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြန်သည်။
"သတိထား... ဒီထူးဆန်းတဲ့အရာက... ရင်ဆိုင်ရ တော်တော်ခက်တယ်"
ထယ်ရှီးက ဩရှရှ အသံကြီးဖြင့် ပြောလိုက်သည်။
ဤလူသန်ကြီးက သူ၏ သဘာဝလွန်အစွမ်းကို ထပ်မံ အသုံးပြုလိုက်ပြီး ဆယ်ပေခန့် မြင့်မားသော လူသန်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
စောစောက သူ၏ လက်သီးတစ်ချက်ကပင် အရှေ့ရှိ လူ့မျက်နှာနှင့် ကင်းမြီးကောက်ကြီးကို လွင့်စင်သွားစေခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက ကျိုးရှောင်ရှောင်မှာ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
ယခုအချိန်တွင် ထိုလူသန်ကြီးသည် သူ၏ လက်ကို ခါရမ်းနေပြီး အလွန် နာကျင်နေသည့် ပုံပေါက်နေသည်။
ချန်းရီက နောက်သို့ တရစပ် ဆုတ်လိုက်ပြီး သူနှင့် အရှေ့ရှိ ထူးဆန်းသောအရာကြားမှ အကွာအဝေးကို ချဲ့လိုက်သည်။
ဤအချိန်ရောက်မှသာ ချန်းရီသည် သူ၏ အရှေ့ရှိ ထူးဆန်းသောအရာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
၎င်းမှာ အလွန်တရာ ကြီးမားလှသော ကင်းမြီးကောက်ကြီး တစ်ကောင်ဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကုန်တင်ကားကြီး တစ်စီးနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်လေသည်။
လူများကို ပို၍ ကြောက်မက်ဖွယ် ကောင်းစေသည်မှာ ဤကင်းမြီးကောက်ကြီး၏ ခေါင်းပိုင်းက ဧရာမ လူ့မျက်နှာကြီး တစ်ခု ဖြစ်နေခြင်းပင်။
ထိုလူ့မျက်နှာပေါ်ရှိ နာကျင်နေသော အမူအရာမှာ သာမန်လူများနှင့် ဘာမှ ကွာခြားမှု မရှိသလောက်ပင် ဖြစ်သည်။
ထို့အပြင် ကြီးမားလှသော လက်မကြီးများနှင့် အထက်သို့ မြင့်မားစွာ ထောင်မတ်နေသော အနက်ရောင် အဆိပ်ဆူးတို့က ဤလူ့မျက်နှာနှင့် ကင်းမြီးကောက်ကြီးကို ရင်ဆိုင်ရန် မလွယ်ကူကြောင်း ဖော်ပြနေကြသည်။
ချန်းရီက ပြင်းရှသော မီးခိုးငွေ့တစ်ဝိုက်ကို မှုတ်ထုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပတ်လည် ဆယ်ပေ အကွာအဝေးအတွင်း၌ သေးငယ်သော မီးခိုးတံတိုင်းတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ မျက်လုံးများက သတိဝီရိယ အပြည့် ရှိနေသည်။
ညာဘက်လက်က မိုးမခကိုင်းကို ဆုပ်ကိုင်ထားပြီး မရဏသွေး ထင်းခုတ်ဓားမကြီးက သူ၏ လက်ထဲတွင် လည်ပတ်နေ၏။
"ခေါင်းဆောင်ချူ... ရှင်ဘယ်လိုဖြစ်တာလဲ"
"ရှင်က လမ်းပြသူ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဒီထူးဆန်းတဲ့အရာက ကျွန်မတို့ကို လိုက်မီလာရတာလဲ... ရှင့်လို ခေါင်းဆောင်ကရော အသုံးကျပါ့မလား"
ခြေတံရှည်ကောင်မလေးကပင် ယုံကြည်မှု မရှိသည့် ပုံစံဖြင့် "ခေါင်းဆောင်ချူ... ရှင်က ဒီလောက် ကိစ္စလေးကိုတောင် သေချာ မလုပ်နိုင်ဘူးလား"
ထိုလေသံနှင့် အမူအရာက ချူချယ်သည် ခြေတံရှည်ကောင်မလေး၏ လက်အောက်ငယ်သား တစ်ယောက်အလား ဖြစ်နေပြီး သူမက လိုသလို ဆူပူကြိမ်းမောင်းနိုင်သည့်ပုံ ပေါက်နေသည်။
ဤမျှများပြားသော အသက်ရှင်ကျန်ရစ်သူများ ရှေ့တွင် ခြေတံရှည်ကောင်မလေးက ချန်းရီထက်ပင် ပို၍ ဆိုးရွားနေပြီး ခေါင်းဆောင်ဖြစ်သူကို မျက်နှာပျက်စေရန် လုံးဝ ဝန်မလေးခဲ့ပေ။
ချူချယ်မှာ ဒေါသထွက်လွန်း၍ သွေးများ ခေါင်းထဲသို့ ဆောင့်တက်လာသော်လည်း ယခုအချိန်သည် ဤလူနှစ်ယောက်နှင့် ရှင်းရမည့် အချိန်မဟုတ်ကြောင်း သိထားသည်။
ထို့ကြောင့် အံကြိတ်ကာ ခါးသီးစွာ ပြုံးလိုက်ပြီး "ငါလည်း မသိဘူး... ထူးဆန်းတဲ့အရာတွေကလည်း ကြီးထွားလာနိုင်တာ နေမှာပေါ့"
"အခုက နေ့ဘက်ပဲ ရှိသေးတော့ ဒီထူးဆန်းတဲ့အရာရဲ့ အစွမ်းတွေက အတိုင်းအတာ တစ်ခုအထိ ဖိနှိပ်ခံထားရတယ်... မင်းတို့အနေနဲ့ သွေးရောင်လမင်းကြီး မထွက်လာခင် အမြန်ဆုံး ရှင်းပစ်လိုက်နိုင်မှ ရမယ်... အဲဒီလိုမှ မဟုတ်ရင်..."
"ငါတို့ အကုန်လုံး သေရလိမ့်မယ်"
လမ်းပြသူ လမ်းစဉ်သည် ထူးဆန်းသောအရာများ၏ အငွေ့အသက်များကို အလွန်တရာ အာရုံခံနိုင်စွမ်း ရှိသည်။
ဤထူးဆန်းသောအရာ၏ စွမ်းအားများသည် နေ့ဘက်တွင် အတိုင်းအတာ တစ်ခုအထိ ဖိနှိပ်ခံထားရကြောင်း ချူချယ် ခံစားသိရှိနိုင်၏။
သို့မဟုတ်ပါက သွေးရောင်လမင်းကြီး ထွက်ပေါ်လာချိန်တွင်ဆိုလျှင်တော့။
ပတ်ဝန်းကျင်မှ စောင့်ကြည့်နေကြသော အသက်ရှင်ကျန်ရစ်သူများ၏ အခြေအနေမှာကား ပို၍ပင် ဆိုးရွားနေကြသေးသည်။
အချို့ဆိုလျှင် ဒုတိယအကြိမ်မြောက် သေးထွက်ကျနေကြပြီဖြစ်ပြီး တစ်ကိုယ်လုံးတွင် သေးနံ့များ နံစော်နေ၏။
အချို့ကမူ မျက်လုံးများ ပြူးကျယ်နေပြီး မလှမ်းမကမ်းတွင် ဒူးထောက်ကာ ဤလူ့မျက်နှာနှင့် ကင်းမြီးကောက်ကြီးကို မရပ်မနား ဦးညွှတ်ခစားနေကြပြီး ပါးစပ်မှလည်း တစ်စုံတစ်ခုကို ရေရွတ်နေကြသည်။
ချန်းရီ၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
တောက်... ဒီလိုကျတော့လည်း။
တကယ်ပဲ ဒီထူးဆန်းတဲ့အရာနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာလား။
ငါ အစွမ်းနိုးထလာတာမှ ရက်ပိုင်းပဲ ရှိသေးတာကို။
"ကြည့်ရတာ... ဒီတစ်ကြိမ်တော့ ကျွန်မတို့ အသက်လုပြီး တိုက်မှ ရတော့မယ်"
ခြေတံရှည်ကောင်မလေးက ခါးမှ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး သူမ၏ မျက်နှာအမူအရာက ယခင်က တစ်ခါမှ မဖြစ်ဖူးလောက်အောင် လေးနက်တည်ကြည်သွားသည်။
ထယ်ရှီးက သူ၏ သံမဏိလက်သီးများကို အချင်းချင်း ထိခတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် ရူးသွပ်သော အပြုံးတစ်ခု ပေါ်လာ၏။
"ဒီမိစ္ဆာကောင်ကြီး ဘယ်လောက် စွမ်းလဲဆိုတာကို ငါ အရင်စမ်းကြည့်မယ်... မင်းတို့နှစ်ယောက် အခွင့်အရေးကို ရှာကြ"
တိုက်ပွဲနှင့် ကြုံတွေ့ရသည့်အခါ ဤလူသန်ကြီး၏ အခြားသော စိတ်တစ်ခုက ထွက်ပေါ်လာပြန်သည်။
အရှေ့ရှိ ထယ်ရှီးသည် အခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
ဆေးလိပ်တစ်လိပ် ကုန်သွားပြီးနောက် ချန်းရီသည် မီးခြစ်ကို ထုတ်ကာ နောက်တစ်လိပ်ကို ထပ်မံ မီးညှိလိုက်သည်။
"သေလိုက်ပါတော့... ငါ အစွမ်းနိုးထလာတာမှ ရက်ပိုင်းပဲ ရှိသေးတာကို ဒီလို မိစ္ဆာကြီးနဲ့ ရင်ဆိုင်ခိုင်းနေတာလား"
ပြင်းရှသော မီးခိုးငွေ့တစ်ဝိုက်ကို မှုတ်ထုတ်လိုက်ရာ ထိုမီးခိုးငွေ့များက မရပ်မနား လည်ပတ်လှိုင်းထနေပြီး အသက်ဝင်နေသည့်အလား သူ၏ ပတ်လည်တွင် ရစ်ပတ်ကာကွယ်ပေးထားပြီး ပတ်ဝန်းကျင်ရှိ မီးခိုးငွေ့များကလည်း ပိုမို ထူထပ်လာသည်။
လွှမ်းခြုံထားသော နယ်ပယ်ကလည်း တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ချန်းရီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ဖြစ်၏။
ဤသည်မှာ သဘာဝလွန်အစွမ်း လမ်းစဉ် နိုးကြားလာပြီးနောက် ပထမဆုံးအကြိမ် တိုက်ပွဲဝင်ရခြင်း ဖြစ်သည်။
ဘာကြောင့်များ ရင်ခုန်စိတ်လှုပ်ရှားနေမိတာပါလိမ့်။
လက်ထဲမှ မရဏသွေး ထင်းခုတ်ဓားမကြီးက တဖြည်းဖြည်း တုန်ခါနေသကဲ့သို့ ရှိသည်။
မှန်ပေသည်။ မရဏသွေး ထင်းခုတ်ဓားမကြီး၏ ထူးခြားချက် တစ်ခုမှာ ထူးဆန်းသောအရာများကို သတ်ဖြတ်ပြီး ၎င်းတို့၏ မကျေနပ်ချက် ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းဖြင့် ဓားမကြီးကို အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေနိုင်ခြင်း ဖြစ်သည်။ ၎င်းမှာ အမှန်တကယ် ဟုတ်မဟုတ်ကိုမူ မသိရသေးပေ။
ဆက်ရန်...