အခန်း ၇၁
Vol. 4 Ch. 71
အပိုင်း(၇၁) အစွမ်းပိုင်ရှင်များနှင့် လူမျက်နှာ ကင်းမြီးကောက်
"နာလိုက်တာ... အရမ်းနာတာပဲ"
လူမျက်နှာကင်းမြီးကောက်က ထယ်ရှီး အပြင်းအထန် ထိုးကြိတ်ထားသော နေရာကို ၎င်း၏ လက်မောင်းညှပ်ကြီးဖြင့် ပွတ်သပ်နေပြီး မျက်နှာပေါ်ရှိ အမူအရာက လူသားတစ်ယောက်နှင့် အတိအကျ တူညီနေသည်။
မြင်ရသူအဖို့ ကြက်သီးမွေးညင်း ထစေလောက်သည်။
သို့သော် ထိုအချိန်မှာပင် လူမျက်နှာကင်းမြီးကောက်၏ မျက်နှာကြီးက ကျိုးလန်၏ မျက်နှာအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။
ချန်းရီ တစ်ယောက်တည်း မှင်သက်သွားခဲ့ခြင်း မဟုတ်ပေ။
ထယ်ရှီးနှင့် နာနာတို့ နှစ်ယောက်ပင်လျှင် မည်သို့ တုံ့ပြန်ရမည်ကို မသိဘဲ အငိုက်မိသွားခဲ့ကြသည်။
အဝေးတွင်ရှိနေသော ကျိုးရှောင်ရှောင်မှာမူ ထိုအချိန်၌ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
သူမက ပါးစပ်မှ တတွတ်တွတ် ရေရွတ်လိုက်၏။ "ဘာလို့လဲ... ဘာလို့ အမရဲ့ မျက်နှာ ဖြစ်နေရတာလဲ"
ကောင်မလေး၏ မျက်နှာပေါ်ရှိ အကာအကွယ်မဲ့နေသော အသားအရေမှာ စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူရော်သွားခဲ့သည်။
"ချန်းရီ... ရှင် ဘာလို့ ကျွန်မကို မကယ်ခဲ့တာလဲ... ရှင် ခဏလောက် ရပ်ပြီး ကျွန်မကို ကယ်ခဲ့ရင် ကျွန်မ သေစရာ မလိုဘူးလေ"
"ချန်းရီ... ရှင် အရမ်း ရက်စက်တာပဲ"
"ရှင် အရမ်း ရက်စက်တယ်"
ထိုဧရာမ မျက်နှာကြီးက ချန်းရီရှိရာသို့ လှည့်လာပြီး မျက်နှာပေါ်ရှိ အမူအရာသည် အလွန်တရာ နာကြည်းရက်စက်မှုများ ပြည့်နှက်နေသည်။
ဤမျှ ကြီးမားလှသော မျက်နှာကြီးက ထိုကဲ့သို့သော အမူအရာမျိုး လုပ်ပြနေသည်မှာ မြင်ရသူ၏ ဦးရေပြားကိုပင် ထုံကျင်သွားစေသည်။
ထိုခဏတွင် ချန်းရီသည် ကျိုးလန်ကိုယ်တိုင် ထိုနေရာ၌ ရပ်နေပြီး သူမကို အဘယ်ကြောင့် မကယ်ခဲ့သနည်းဟု သူ့ကို မေးမြန်းနေသကဲ့သို့ပင် ထင်ယောင်ထင်မှား ဖြစ်သွားခဲ့သည်။
ချန်းရီ၏ စိတ်ထဲတွင် သတိထားရမည့် အသိတစ်ခု ဝင်လာသည်။
မီးခိုးငွေ့များက မျက်စိရှေ့တွင် လျင်မြန်စွာ ပျံ့နှံ့လာပြီး သူ၏ အမြင်အာရုံကို ဖုံးကွယ်သွားစေ၏။
ဤလူမျက်နှာကင်းမြီးကောက်သည် တစ်ခုခု ထူးဆန်းနေသည်။
ပြင်းရှသော မီးခိုးငွေ့တစ်ပိုက်ကို မှုတ်ထုတ်လိုက်ရာ ချန်းရီ၏ ကိုယ်ပတ်လည်ရှိ မီးခိုးငွေ့များက ပိုမို ထူထပ်လာပြီး လွှမ်းခြုံထားသော ဧရိယာမှာလည်း အများကြီး ကျယ်ပြန့်သွားသည်။
ယခုလက်ရှိ သူ၏ အခြေအနေဖြင့် မီးခိုးငွေ့ တစ်ပိုက်တည်းနှင့် ပတ်ဝန်းကျင် မိုင်အနည်းငယ် အကွာအဝေးထိ လွှမ်းခြုံနိုင်ရန် မလုပ်နိုင်သေးပေ။
ယခုလိုမျိုး နည်းနည်းချင်းစီ စုပုံပြီး များလာအောင်သာ လုပ်နိုင်သေးသည်။
"ချန်းရီ... ရှင့်ကို ကျွန်မ သတ်မယ်"
လူမျက်နှာကင်းမြီးကောက်၏ နောက်ဆုံး သတ်မယ် ဆိုသော စကားလုံးက စူးရှပြီး နားကွဲမတတ် ဆူညံနေသည်။
ထိုအသံကြောင့် ပတ်ဝန်းကျင်ရှိ လူများမှာ ခေါင်းမူးပြီး မျက်စိပြာသွားကြသည်။
ကင်းမြီးကောက် အမြီးချွန်က ချန်းရီ ရပ်နေခဲ့သော နေရာသို့ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာ ထိုးစိုက်လာသည်။
မီးခိုးငွေ့များကြားတွင် အပေါက်တစ်ပေါက် ပေါက်သွားသော်လည်း ဘာတစ်ခုမျှ ဖြစ်မလာခဲ့ချေ။
မီးခိုးငွေ့များထဲတွင် ပုန်းအောင်းနေသော ချန်းရီက ကင်းမြီးကောက် အမြီးဆူး၏ နေရာကို အလွန် ရှင်းလင်းစွာ ခံစားသိရှိနိုင်ခဲ့ပြီး ဘာမှ မစဉ်းစားတော့ဘဲ လက်ကောက်ဝတ်ကို လှုပ်ခါကာ မရဏသွေး ထင်းခုတ်ဓားမကို ပစ်လွှတ်လိုက်သည်။
"နာတယ်... နာတယ်... နာတယ်"
မရဏသွေး ထင်းခုတ်ဓားမနှင့် ကင်းမြီးကောက် အမြီးဆူးတို့ ရိုက်ခတ်သွားပြီး မီးပွားများ တဖြာဖြာ ထွက်ပေါ်လာသည်။
မရဏသွေး ထင်းခုတ်ဓားမသည် လူမျက်နှာကင်းမြီးကောက်ကို ကြီးမားသော ထိခိုက်မှု မဖြစ်စေခဲ့သော်လည်း ၎င်း၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် လုံးဝ အရာမထင်ခဲ့သည်တော့ မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် စနစ်ဆီမှလည်း တုံ့ပြန်မှုအချို့ ရရှိလာပြီး သတ်ဖြတ်မှတ် အချို့ကို ရရှိခဲ့သည်။
သို့သော် ဤအချိန်၌ ချန်းရီတွင် ထိုအရာများကို ဝင်ရောက်စစ်ဆေးနေရန် စိတ်ကူးမရှိပေ။
"တောက်... ချန်းရီ... ရှင် ဘယ်မှာ ပုန်းနေတာလဲ... ထွက်ခဲ့စမ်း"
လူမျက်နှာကင်းမြီးကောက်သည် နာကျင်သွားသဖြင့် ပို၍ ဒေါသထွက်လာခဲ့သည်။
"ထယ်ရှီး... နာနာ... ဝင်မချဘဲ ဘာရပ်လုပ်နေတာလဲ"
ထယ်ရှီးက ဟိန်းဟောက်လိုက်ပြီး အသားစိမ်းသွေးစိမ်း တင့်ကားကြီးတစ်စီးကဲ့သို့ လူမျက်နှာကင်းမြီးကောက်ဆီသို့ ပြေးဝင်သွားသည်။
တိုက်တန် လမ်းစဉ်၏ တိုက်ခိုက်ရေးပုံစံမှာ ကိုယ်ခံပညာဖြင့် လက်နက်မဲ့ တိုက်ခိုက်ခြင်းဖြစ်ပြီး ကြီးမားလှသော ခန္ဓာကိုယ် ခွန်အားနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းတို့ကြောင့် မည်သည့် အနီးကပ် တိုက်ပွဲမျိုးကိုမဆို ကြောက်ရွံ့ခြင်း မရှိပေ။
"သွေးနီစက်က သစ္စာ... ဓားဝိညာဉ်က ခန္ဓာ... ငါ၏သွေးကို သောက်သုံး၍ ဝိညာဉ်သုံးပါးကို နိုးထစေ"
ကောင်မလေးက ဂါထာမန္တာန်များကို ရွတ်ဆိုလိုက်သည်။
ယခင်က ချန်ရှုရွာတွင် ခြေတံရှည်ကောင်မလေးသည် ဤအကွက်ကို အသုံးပြုခဲ့ဖူးသည်။
သူမ၏ လက်ထဲရှိ ဓားရှည်မှ အဖြူရောင်အလင်းတန်းများ ဖြာထွက်နေပြီး ဤမျှ ဝေးကွာသော နေရာမှပင်လျှင် ဓားစွမ်းအင်၏ ထက်မြက်မှုကို ချန်းရီ ခံစားနေရဆဲ ဖြစ်သည်။
ကောင်မလေးက ခေါင်းကို အနည်းငယ် စောင်းရှောင်လိုက်ရာ မည်းနက်နေသော ကင်းမြီးကောက် အမြီးဆူးက လေထဲသို့သာ ထိုးစိုက်သွားသည်။
ဒီမိန်းမမှာများ အရှေ့အနောက် မျက်လုံးတွေ ပါနေတာလား။
ဒါမှမဟုတ် ဓားနတ်ဘုရား လမ်းစဉ်ရဲ့ စွမ်းရည်တစ်မျိုးများ ဖြစ်နေမလား။
ဤလူမျက်နှာကင်းမြီးကောက်သည် အလွန်ပင် ကောက်ကျစ်စဉ်းလဲလှသည်။ ၎င်းက ကျိုးလန်၏ မျက်နှာအဖြစ် ပြောင်းလဲကာ သူ့ကို ပစ်မှတ်ထားနေသည်ဟု အားလုံးကို ထင်မှတ်စေခဲ့သည်။
သို့သော် လက်တွေ့တွင်မူ ခြေတံရှည်ကောင်မလေးကို ရုတ်တရက် လှည့်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တကယ့်ကို ကောက်ကျစ်လွန်းတဲ့ မိစ္ဆာပဲ။
"တောက်"
ကောင်မလေး၏ ကိုယ်ဟန်က ပန်းခင်းထဲမှ လိပ်ပြာလေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူမ၏ လက်ထဲရှိ ဓားရှည်က လူမျက်နှာကင်းမြီးကောက်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများကို အဆက်မပြတ် ဖြစ်ပေါ်စေခဲ့သည်။
ဓားနတ်ဘုရား လမ်းစဉ်၏ ဒုတိယအဆင့်ဖြစ်သော ထက်မြက်သောဓား အဆင့် ရှိသည့် ဓားနတ်ဘုရား ပီသပါပေသည်။
ဆယ်ပေခန့် မြင့်သော လူသန်ကြီးမှာ ကုန်တင်ကားကြီး တစ်စီးအရွယ်အစားရှိသော လူမျက်နှာကင်းမြီးကောက်ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် သေးငယ်နေသယောင် ထင်ရသည်။
လူမျက်နှာကင်းမြီးကောက်၏ တစ်ကိုယ်လုံးကို မာကျောသော အခွံများဖြင့် ဖုံးအုပ်ထားသဖြင့် ထယ်ရှီး၏ တိုက်ခိုက်မှုစွမ်းရည်မှာ အနည်းငယ် အားနည်းနေပုံရသည်။
"မျက်နှာကို ချ"
ချန်းရီ၏ အသံက မီးခိုးငွေ့များကြားမှ ထွက်ပေါ်လာသည်။
ကောင်မလေး၏ ဓားရှည်က တောက်ပသွားပြီး လူမျက်နှာကင်းမြီးကောက်၏ မျက်လုံးများဆီသို့ တိုက်ရိုက် ထိုးစိုက်သွားသည်။
"ရှီးရှီး... ငါ ဘယ်သူလဲဆိုတာ သေချာကြည့်စမ်း"
ဓားရှည်က လူမျက်နှာကင်းမြီးကောက်၏ မျက်လုံးများထဲသို့ ထိုးစိုက်ဝင်သွားမည့် ဆဲဆဲတွင် ၎င်း၏ မျက်နှာကြီးက ထပ်မံ တွန့်လိမ်သွားပြီး ဒေါသထွက်နေချိန်တွင်ပင် ချစ်စရာကောင်းနေတတ်သော အမျိုးသမီး တစ်ဦး၏ မျက်နှာအဖြစ် ပြောင်းလဲသွားခဲ့သည်။
အမျိုးသမီး၏ မျက်နှာသည် ခြေတံရှည်ကောင်မလေးနှင့် လေးငါးဆယ်ရာခိုင်နှုန်းခန့် ဆင်တူသော်လည်း ပို၍ ရင့်ကျက်တည်ငြိမ်သော အသွင်ရှိသည်။
ထိုမျက်နှာကို မြင်လိုက်ရချိန်တွင် ကောင်မလေးမှာ တစ်ကိုယ်လုံး ကြောင်အမ်းသွားခဲ့သည်။
"အမ... နာနာ"
နာနာ... သူမက နာနာ မဟုတ်ဘူးလား။
ဤမျက်နှာကို မြင်ပြီးနောက်တွင် ကောင်မလေး၏ လက်ထဲရှိ ဓားက မည်သို့မျှ ဆက်မထိုးနိုင်တော့ဘဲ တစ်ကိုယ်လုံးသည်လည်း ဂါထာဖြင့် ချုပ်နှောင်ခံလိုက်ရသူ တစ်ယောက်ကဲ့သို့ ရပ်တန့်သွားသည်။
ထိုမျက်နှာကို မှင်သက်စွာ စိုက်ကြည့်နေရင်း သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်လာခဲ့၏။
"ဟီးဟီး... ရှီးရှီး... နင် ငါ့ကို မှတ်မိသေးတာပဲ... မှတ်မိသေးတာပဲ"
"ငါ အချစ်ရဆုံး ညီမလေး... ငါလည်း နင့်ကို အရမ်း သတိရနေတာ... အရမ်း သတိရနေတာ"
"နင် ငါ့ကို စားပစ်လိုက်ပေမဲ့ ငါ နင့်ကို အပြစ်မတင်ပါဘူး... ဘာလို့လဲဆိုတော့ ငါတို့တွေ နောက်ဆုံးတော့ တစ်သားတည်း ဖြစ်သွားကြပြီလေ... အခု နင်က ငါပဲ... ငါက နင်ပဲ"
"ညီမလေး"
"ငါ့ရဲ့ ညီမလေး"
ချန်းရီ၏ မျက်ခွံများ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး အန္တရာယ်ရှိသော ခံစားချက်က ချက်ချင်း နီးကပ်လာသည်။
တကယ်ပါပဲ... မိစ္ဆာတွေဆိုတာ တစ်ကောင်မှ ကိုင်တွယ်ရမလွယ်ပါလား။
"ထယ်ရှီး... ချလေ"
"မင်းအမေကို လာပြီး သရဲဟန်ဆောင်နေ... သွားစမ်း"
ထယ်ရှီးသည်လည်း အခြေအနေမဟန်သည်ကို ရိပ်မိသွားပြီး လက်မောင်းညှပ်ကြီး နှစ်ခုကို ကွေ့ရှောင်ကာ ကင်းမြီးကောက် အမြီးဆူး၏ တိုက်ခိုက်မှုကို အတင်း ခံယူရင်း လူမျက်နှာကင်းမြီးကောက်၏ အနီးသို့ ပြေးဝင်သွားသည်။
"သေလိုက်စမ်း"
သဲအိတ်အရွယ်အစားရှိသော လက်သီးဆုပ်ကြီးဖြင့် လူမျက်နှာကင်းမြီးကောက်၏ မျက်နှာကို ထိုးချလိုက်သည်။
မည်သူက ထင်မှတ်မည်နည်း၊ လူမျက်နှာကင်းမြီးကောက်၏ မျက်နှာက ထပ်မံ၍ လျင်မြန်စွာ တွန့်လိမ်သွားပြန်သည်။
"ခေါင်းဆောင်ကြီး... ကျွန်တော် ဘယ်သူလဲဆိုတာ ကြည့်ပါဦး"
လူမျက်နှာကင်းမြီးကောက်၏ မျက်နှာ ထပ်မံ ပြောင်းလဲသွားပြီး ယခုတစ်ကြိမ်တွင်မူ ဆံပင်ဖြူနေသော အဘွားအို တစ်ဦး၏ မျက်နှာ ဖြစ်နေသည်။
ဤမျက်နှာကို မြင်လိုက်ရချိန်တွင်။
ချန်းရီသည် စိတ်ထဲမှ ဒုက္ခပဲဟု ရေရွတ်လိုက်မိသည်။ "လူသန်ကြီး... သူ့ကို မကြည့်နဲ့"
ဤစကားကို အော်ပြောလိုက်ချိန်တွင် အချိန်နှောင်းသွားခဲ့ချေပြီ။
ထိုဧရာမ မျက်နှာကြီး၏ အမူအရာက ကြင်နာသနားဟန် ပေါ်နေသည်။
"သား... ဒီနှစ်တွေအတွင်း သား အများကြီး ပင်ပန်းခဲ့ရပြီနော်"
ဤစကားကို ကြားလိုက်ရသည်နှင့် လူသန်ကြီးတစ်ယောက်ကဲ့သို့ ကြီးမားလှသော ထယ်ရှီး၏ ခန္ဓာကိုယ်ကြီးက ပြင်းထန်စွာ တုန်ယင်လာပြီး မျက်ရည်ဝဲလာခဲ့သည်။
ထိုကဲ့သို့သော အမူအရာမျိုးကို ချန်းရီက ထယ်ရှီးထံတွင် တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးပေ။
ဘေးဘက်မှနေ၍ တိုက်ပွဲအခြေအနေကို အမြဲတစေ စောင့်ကြည့်နေသော ခေါင်းဆောင်ချူသည်လည်း ပူနေသော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ပြာယာခတ်နေသည်။
အကယ်၍ ချန်းရီတို့ သုံးယောက်သာ ရှုံးနိမ့်သွားပါက ယနေ့ ယာဉ်တန်းတစ်ခုလုံး အတူတကွ သေပွဲဝင်ရတော့မည် ဖြစ်သည်။
ချူချယ်က ကောင်းကင်ယံမှ နေမင်းကြီးကို မော့ကြည့်လိုက်သည်။
ယခင်က တိုက်ခတ်ခဲ့သော သဲမုန်တိုင်းကြီး ပြီးဆုံးသွားပြီဖြစ်ရာ နေရောင်ခြည်က ကမ္ဘာမြေပြင်တစ်ခုလုံးကို ပြန်လည် ထွန်းလင်းပေးနေပြီ ဖြစ်သည်။
သူ၏ အာရုံခံစားမှုအရ ဤလူမျက်နှာကင်းမြီးကောက်၏ စွမ်းရည်မှာ အတော်လေး ဖိနှိပ်ခံထားရသည်ကို သိနေသည်။
သို့တိုင်အောင် ဖိနှိပ်ခံထားရသော ဤမိစ္ဆာသည် သူတို့ သုံးယောက်ကို လုံးဝ လက်တုံ့ပြန်နိုင်စွမ်း မရှိတော့သည်အထိ တိုက်ခိုက်နိုင်နေသေးသည်။
အကယ်၍ သွေးရောင်လမင်းကြီးသာ ထွက်ပေါ်လာပါက သူတို့တွင် ခုခံနိုင်မည့် အခွင့်အရေးပင် ရှိတော့မည် မဟုတ်ပေ။
"တောက်"
မိုးမခကိုင်းကို ဆွဲချိတ်ထားသော ထင်းခုတ်ဓားမတစ်လက်က ထိုဧရာမ မျက်နှာကြီးဆီသို့ တိုက်ရိုက် ထိုးစိုက်သွားသည်။
"ချန်းရီ"
ထိုမျက်နှာကြီးက ကျိုးလန်၏ မျက်နှာအဖြစ် ထပ်မံ ပြောင်းလဲသွားပြန်သည်။
သို့သော် ထင်းခုတ်ဓားမက မျက်နှာတည့်တည့်ဆီသို့ တိုက်ရိုက် ခုတ်ချလာသည်။
လူမျက်နှာကင်းမြီးကောက်က ချန်းရီကဲ့သို့သော လူမျိုးကို နားမလည်နိုင်ပေ။ ၎င်းက ချန်းရီ၏ မှတ်ဉာဏ်ထဲမှ ဖတ်ရှုရယူထားသည်မှာ ဤကျိုးလန်၏ မျက်နှာပင် ဖြစ်သည်။
အဘယ်ကြောင့် သူ၏ မျက်စိရှေ့မှ ဤလူက ရက်ရက်စက်စက် လုပ်ရက်နိုင်ရသနည်း။
အမှန်တကယ်တော့ လူမျက်နှာကင်းမြီးကောက် မသိခဲ့သည်မှာ တကယ့် ကျိုးလန် အစစ်သာဖြစ်နေလျှင်တောင် ချန်းရီက ခုတ်ချမည်သာ ဖြစ်သည်။
"အား"
မျက်နှာပေါ်တွင် သွေးထွက်နေသော ဒဏ်ရာကြီးတစ်ခု ပေါ်လာသည်။
"ချန်းရီ... ရှင်... ကျွန်မ ဘယ်သူလဲဆိုတာ သေချာကြည့်ပါဦး"
လူမျက်နှာကင်းမြီးကောက် ထပ်မံ ပြောင်းလဲသွားပြန်သည်။
အဘွားအို တစ်ဦး၏ မျက်နှာ ဖြစ်သည်။
ချန်းရီက အနည်းငယ် တွေဝေသွားသော်လည်း ထိုတွေဝေမှုက တစ်ခဏမျှသာ ဖြစ်သည်။
တစ်ကိုယ်လုံးမှ မီးခိုးငွေ့များ ဆူပွက်လာပြီး ခွေးကြီး အကောင်ရေ အချို့က မီးခိုးငွေ့များကြားမှ ထွက်ပေါ်လာကာ လူမျက်နှာကင်းမြီးကောက်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားကြသည်။
မီးခိုးပုံဖော်ခြင်း ဖြစ်သည်။
ထယ်ရှီးနှင့် နာနာတို့ နှစ်ယောက်မှာ မျက်ရည်များ စီးကျနေရင်းဖြင့် နေရာတွင်ပင် ရပ်နေဆဲဖြစ်ကာ ပါးစပ်မှလည်း ဘာတွေ ပြောနေမှန်း မသိရအောင် တတွတ်တွတ် ရေရွတ်နေကြသည်။
မီးခိုးငွေ့ခွေးကြီးများက လူမျက်နှာကင်းမြီးကောက်ရှေ့သို့ ရောက်လာပြီး ထိုမျက်နှာကြီးကို အတင်း ကိုက်ဖြတ်ကြသည်။
ကင်းမြီးကောက်၏ လက်မောင်းညှပ်ကြီးက ရမ်းခါသွားပြီး မီးခိုးငွေ့ခွေးကြီးများကို တိုက်ရိုက် ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သည်။
သို့သော် မလှမ်းမကမ်းမှ တစ်ပုံစံတည်း တူညီသော မီးခိုးငွေ့ခွေးကြီးများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ထင်းခုတ်ဓားမကလည်း အရူးအမူး လှုပ်ရှားနေသည်။
ချန်းရီ၏ ပါးစပ်နှင့် နှာခေါင်းထဲမှ ပြင်းရှသော မီးခိုးဖြူများ အဆက်မပြတ် ထွက်ပေါ်နေပြီး မီးခိုးငွေ့များ၏ ဧရိယာသည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။
"ချန်းရီ... ကျွန်မကို ကြည့်ပါဦး"
"မင်းအမေလင်ကို ကြည့်ရမှာလား"
အခြား ရင်းနှီးကျွမ်းဝင်နေသော မျက်နှာတစ်ခုကို ရင်ဆိုင်ရချိန်တွင် ချန်းရီက ဓားကို မြှောက်ကာ ခုတ်ချလိုက်ပြီး လူမျက်နှာကင်းမြီးကောက်၏ မျက်နှာပေါ်တွင် သွေးထွက်နေသော ဒဏ်ရာတစ်ခုကို ထပ်မံ ချန်ရစ်ခဲ့ပြန်သည်။
လူမျက်နှာကင်းမြီးကောက်က နားမလည်နိုင်ပေ။ အဘယ်ကြောင့် ဤလူသည် ဤမျှ ရက်စက်ကြမ်းကြုတ်ရသနည်း။
ဤမျက်နှာများ အားလုံးသည် သူ၏ မှတ်ဉာဏ်ထဲမှ ဖတ်ရှုရယူထားခြင်းများ ဖြစ်သည်။
သူ ဘယ်လိုလုပ်ပြီး ရက်ရက်စက်စက် လုပ်ရက်နိုင်တာလဲ။
တိုက်ပွဲ ပတ်ဝန်းကျင်တွင် မသိမသာဖြင့် မီးခိုးငွေ့များ အတော်များများ ပျံ့နှံ့နေပြီဖြစ်ပြီး ၎င်း၏ အမြင်အာရုံကို ပြင်းထန်စွာ အနှောင့်အယှက် ပေးနေပြီဖြစ်ကြောင်းကို လူမျက်နှာကင်းမြီးကောက် သတိမထားမိခဲ့ပေ။
"အား"
လူမျက်နှာကင်းမြီးကောက်၏ အမြီးဆူးက အရူးအမူး ထိုးစိုက်နေပြီး မီးခိုးငွေ့များကြားတွင် အပေါက်လေးများ ချန်ရစ်ခဲ့သော်လည်း မကြာမီတွင် မီးခိုးငွေ့များက ပြန်လည် ဖုံးလွှမ်းသွားသည်။
ထိုဧရာမ လက်မောင်းညှပ်ကြီးများကို အရူးအမူး ရမ်းခါနေသော်လည်း မီးခိုးငွေ့များကို တလိပ်လိပ် တက်လာစေရုံသာ တတ်နိုင်တော့သည်။
အသက်ရှင်ကျန်ရစ်သူများက တိုက်ပွဲအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရစေရန် မျက်လုံးများကို ပြူးကျယ်ထားကြသည်။
သို့သော် ဝမ်းနည်းစရာမှာ တိုက်ပွဲမြေပြင်က တဖြည်းဖြည်း ပို၍ မှုန်ဝါးလာခဲ့သည်။
ချူချယ်မှာ ယခုအချိန်တွင် ရင်ထဲ၌ မီးလောင်နေသကဲ့သို့ ပူလောင်နေပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားကာ သူ၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားဆီသို့ ပြန်ပြေးသွားပြီး ကားနောက်ဖုံးထဲတွင် တစ်ခုခုကို မွှေနှောက် ရှာဖွေနေခဲ့သည်။
ခေါင်းဆောင်ချူ၏ လက်ထဲတွင် သွေးနီရောင် အရည်အိတ် တစ်အိတ်ကို မြှောက်ကိုင်ထားသည်။
"ချန်းရီ"
မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက်က ထိုသွေးနီရောင် အရည်အိတ်ကို လှမ်းဆွဲယူကာ မီးခိုးငွေ့များကြားသို့ ပြန်လည် ဆုတ်ခွာသွားသည်။
ထိုအရာသည် ခွေးနက်သွေး တစ်အိတ် ဖြစ်သည်။
ယခင်က ချန်းရီ ပြောခဲ့ဖူးသည်မှာ ခွေးနက်သွေးသည် မိစ္ဆာများကို အတိုင်းအတာ တစ်ခုအထိ ထိရောက်မှု ရှိသည်ဟူ၍ ဖြစ်သည်။
ချူချယ်က ထိုအချက်ကို မှတ်သားထားခဲ့ပြီး ယာဉ်တန်းထဲတွင် မွေးမြူထားသော ခွေးနက်ကြီး နှစ်ကောင်ထံမှ အချိန်အချို့ ကြာတိုင်း ခွေးနက်သွေး အချို့ကို ထုတ်ယူလေ့ရှိသည်။
ဤသွေးများမှာ သူ မနည်း စုဆောင်းထားခဲ့ရခြင်း ဖြစ်သည်။
ဤအချိန်တွင် ထိုခွေးနက်ကြီး နှစ်ကောင်မှာ ကြောက်လန့်တကြားဖြင့် ကားထောင့်တွင် ပုန်းအောင်းနေကြပြီ ဖြစ်သည်။
"အားးးးးးးး ချန်းရီ... ရှင့်ကို ကျွန်မ သတ်မယ်"
အလွန်တရာ နာကြည်းရက်စက်သော အသံကြီး ထွက်ပေါ်လာသည်။
ချူချယ်က ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း မိစ္ဆာ၏ စွမ်းအင်များ အားနည်းသွားသည်ကို သူ အာရုံခံနိုင်ခဲ့သည်။
ဤအချိန်တွင် မီးခိုးငွေ့များကြား၌။
ထိုခွေးနက်သွေးအိတ်ကို ချန်းရီက လူမျက်နှာကင်းမြီးကောက်၏ ခေါင်းပေါ်သို့ လောင်းချလိုက်သည်။
မည်းနက်သော မီးခိုးငွေ့များ အလုံးလိုက် တက်လာသည်။
"နာနာ... လူသန်ကြီး... မင်းတို့ ငတုံးနှစ်ကောင် အခုထိ သတိမဝင်သေးဘူးလား"
"ငါ တစ်ယောက်တည်း ဒီလောက် ကြာကြီး ချနေတာကို... မင်းတို့နှစ်ယောက်က ဒီအတိုင်း ကြည့်နေကြတာလား"
ချန်းရီက လက်ကို မြှောက်ကာ ကောင်မလေး၏ နူးညံ့သော မျက်နှာလေးကို အားကုန် ရိုက်ချလိုက်သည်။
"ဖြန်းးးးးးးး"
ရက်စက်ကြမ်းကြုတ်သော ချန်းရီ၏ ဤပါးရိုက်ချက်သည် လုံးဝ ညှာတာခြင်း မရှိခဲ့ပေ။
ကောင်မလေး၏ မျက်နှာပေါ်တွင် ချက်ချင်းပင် နီရဲသော လက်ဝါးရာကြီး ထင်သွားပြီး သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်အောင် ယောင်ကိုင်းလာခဲ့သည်။
"ဖြန်းးးးးးးး"
လက်ကို လှည့်ကာ ထယ်ရှီးကိုလည်း ပါးတစ်ချက် ချလိုက်သည်။
နှစ်ယောက်သား သတိဝင်လာကြသည်။
ဆယ်မိနစ် ကြာပြီးနောက်...
မီးခိုးငွေ့များကြားမှ အဆက်မပြတ် ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများ ကြားလိုက်ရချိန်တွင် ခြေသလုံးများပင် တုန်ယင်လာကြသည်။
လူမျက်နှာကင်းမြီးကောက်မှာ ဒေါသထွက်နေသော ကောင်မလေးနှင့် ထယ်ရှီးတို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် တဖြည်းဖြည်း အားနည်းလာခဲ့သည်။
ချန်းရီက မီးခိုးငွေ့များကြားတွင် ပုန်းကွယ်နေပြီး မကြာခဏဆိုသလို ခိုး၍ တိုက်ခိုက်နေသည်။
တစ်ခါတစ်ရံတွင် ထင်းခုတ်ဓားမကို ပစ်လွှတ်လိုက်သည်။
တစ်ခါတစ်ရံတွင်မူ ပုံဖော်ထားသော ခွေးကြီးများဖြင့် တိုက်ခိုက်သည်။
သူတို့သုံးယောက်ထဲတွင် တိုက်ခိုက်ရေးစွမ်းရည် အားအနည်းဆုံးသူမှာ ချန်းရီ ဖြစ်သော်လည်း ချန်းရီ ပြုလုပ်လိုက်သော ထိခိုက်မှုများမှာမူ အခြားသူများနှင့် ယှဉ်လျှင် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပေ။
စနစ်ထဲတွင် သတ်ဖြတ်မှတ်များ ရရှိကြောင်း အသိပေးချက်များ အဆက်မပြတ် ထွက်ပေါ်လာသည်။
ချန်းရီက ထယ်ရှီး၏ အနောက်တွင် ရပ်နေသည်။ ဤလူသန်ကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက တိုက်ခိုက်မှုများကို ကောင်းစွာ ကာကွယ်ပေးနိုင်စွမ်း ရှိသည်။
ဤအချိန်တွင် ထယ်ရှီး၏ တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေသော်လည်း သူက ပို၍ စိတ်လှုပ်ရှားနေပုံရပြီး တိုက်ခိုက်ရာတွင်လည်း အသက်ကို ပဓာနမထားဘဲ ပိုမို ကြမ်းရမ်းလာသည်။
ချန်းရီက လက်ထဲရှိ ထင်းခုတ်ဓားမကို လေရဟတ်ကဲ့သို့ လှည့်ပတ်နေသည်။
ကောင်မလေးက သူမ၏ ဓားရှည်ပေါ်သို့ သွေးတစ်လုတ် မှုတ်ချလိုက်ရာ ဓားရှည်မှ အလင်းရောင်များ တောက်ပသွားပြီး လူမျက်နှာကင်းမြီးကောက်၏ ခေါင်းတစ်ဝက်ကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းလိုက်သည်။
ဓားနတ်ဘုရား လမ်းစဉ်၏ ဒုတိယအဆင့်ဖြစ်သော ထက်မြက်သောဓား အဆင့် ရှိသည့် ဓားနတ်ဘုရားတစ်ယောက်က တကယ်တမ်း အလေးအနက်ထားလာပြီဆိုလျှင် အလွန် ကြောက်စရာကောင်းလှသည်။
"သွားစမ်း"
လှည့်ပတ်နေသော ထင်းခုတ်ဓားမက ကြီးမားလှသော အရှိန်အဟုန်ဖြင့် လူမျက်နှာကင်းမြီးကောက်၏ ခေါင်းဆီသို့ ပြင်းထန်စွာ ပျံသန်း ခုတ်ပိုင်းသွားသည်။
"မလုပ်နဲ့"
လူမျက်နှာကင်းမြီးကောက်၏ နာကြည်းရက်စက်သော အသံကြီးက ရုတ်တရက် ရပ်တန့်သွားသည်။
ချန်းရီ၏ စနစ်ဆီမှလည်း အသိပေးချက် ရရှိလာခဲ့သည်။
[သင် လူမျက်နှာကင်းမြီးကောက်ကို သတ်ဖြတ်လိုက်သည့်အတွက် သတ်ဖြတ်မှတ် +၂၀၀၀၀ ရရှိပါသည်]
ဆက်ရန်...