← Chapters

အခန်း ၇၃

Vol. 4 Ch. 73

အခန်း ၇၃

Vol. 4 Ch. 73

အပိုင်း(၇၃) လူမျက်နှာကင်းမြီးကောက်၏ မျက်နှာအရေခွံ

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသံကို ကြားလိုက်ရသည်နှင့် ချူချယ်က ချန်းရီထက်ပင် ပို၍ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဘေးနားသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားလေသည်။

ချန်းရီကလည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေး အလန့်တကြား အော်ဟစ်လိုက်သည့် အရာကို မြင်တွေ့လိုက်ရ၏။

ထိုအရာမှာ မျက်လုံးနှင့် ပါးစပ်ပေါက်များ အထင်းသား ပါရှိနေသော နူးညံ့သည့် လူမျက်နှာ အရေခွံတစ်ခု ဖြစ်နေသည်။

ထိုအရာကို မြင်လိုက်ရချိန်တွင် ချန်းရီသည် အလိုအလျောက်ပင် နေရခက်သည့် ခံစားချက်ကို ရရှိသွားခဲ့သည်။

ဒါက ဟို လူမျက်နှာကင်းမြီးကောက်ရဲ့ မျက်နှာကြီးပဲ မဟုတ်လား။

ဒုတိယမြောက် သဘာဝလွန်ပစ္စည်းက ဒီအရာ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

စောစောက လူမျက်နှာကင်းမြီးကောက်နှင့် တိုက်ခိုက်ခဲ့ရသည့် အချိန်ကို ပြန်လည်တွေးမိလိုက်သောအခါ ချန်းရီ၏ မျက်နှာအမူအရာက သိပ်မကောင်းတော့ချေ။

ချန်းရီထက် မျက်နှာအမူအရာ ပိုဆိုးနေသူမှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေးပင် ဖြစ်သည်။

စောစောက တိုက်ခိုက်နေစဉ်အတွင်း ထိုမျက်နှာအရေခွံသည် သူမနှင့် ခပ်ဆင်ဆင်တူသော အမျိုးသမီး မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလော။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ထိုအမျိုးသမီးမျက်နှာကို မြင်လိုက်ရချိန်၌ တိုက်ခိုက်နိုင်စွမ်းများ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရသည်။

ယခု ထိုမျက်နှာအရေခွံကို ထပ်မံမြင်တွေ့လိုက်ရချိန်တွင် သူမ၏ မျက်နှာအမူအရာက ကောင်းနေမည်ဆိုလျှင်သာ အံ့သြစရာ ဖြစ်ပေလိမ့်မည်။

ဆန့်ကျင်ဘက်အနေဖြင့် ခေါင်းဆောင်ချူ၏ မျက်နှာပေါ်တွင်မူ စိတ်လှုပ်ရှားနေသည့် အမူအရာများ အထင်းသား ပေါ်လွင်နေ၏။

သူက ထိုမျက်နှာအရေခွံကို လက်လှမ်းယူလိုက်ပြီး အလွန်တရာ သဘောကျကာ လက်မှပင် အောက်မချနိုင်အောင် ဖြစ်နေသည်။

သတ်ဖြတ်မှတ် (၉၀) ကို အသုံးပြုလိုက်ပြီးနောက် ချန်းရီသည် သူ၏ ရှေ့မှောက်ရှိ လူမျက်နှာအရေခွံနှင့် ပတ်သက်သော အခြေခံ အချက်အလက်များကို ရရှိသွားခဲ့သည်။

[ပစ္စည်းအမည် - လူမျက်နှာကင်းမြီးကောက်၏ မျက်နှာအရေခွံ]

[အမျိုးအစား - သဘာဝလွန်ပစ္စည်း]

[ဇာစ်မြစ် - လမ်းစဉ် အစွမ်းပိုင်ရှင် သုံးဦး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော လူမျက်နှာကင်းမြီးကောက်ထံမှ ကျလာသည့် ပစ္စည်း]

[သုံးသပ်ချက် - ၎င်းသည် ဝိုင်းဝန်းတိုက်ခိုက်ခံရသော လူမျက်နှာကင်းမြီးကောက်၏ မျက်နှာအရေခွံ ဖြစ်သည်။ အစွမ်းထက်သော ပုံပန်းသွင်ပြင် ပြောင်းလဲနိုင်စွမ်းနှင့် ပြန်လည်ကုစားနိုင်စွမ်းတို့ ပါရှိသည်။ နေ့ခင်းဘက်အချိန်သာ မဟုတ်ခဲ့လျှင် လူမျက်နှာကင်းမြီးကောက်သည် လုံးဝ သေဆုံးနိုင်မည် မဟုတ်ပေ။ အလွန် ရှားပါးသော သဘာဝလွန်ပစ္စည်း တစ်ခုဖြစ်ပြီး သေချာစွာ သိမ်းဆည်းထားသင့်ပါသည်။]

ချူချယ်ကမူ မျက်လုံးများ အရောင်လက်သွားပြီး လက်ထဲမှ အရေခွံကို ပွတ်သပ်ရင်း ပါးစပ်မှ တီးတိုးရေရွတ်လိုက်သည်။

"ကံထူးပြီ... ကံထူးပြီဟေ့"

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာပေါ်တွင် ရွံရှာသည့် အမူအရာ ပေါ်လာပြီး လှည့်ထွက်သွားလေသည်။

ချန်းရီကမူ ဤလူမျက်နှာအရေခွံအပေါ် အလွန်အမင်း စိတ်ဝင်စားနေမိ၏။

ဤပစ္စည်းကို စစ်ဆေးရန် သတ်ဖြတ်မှတ် (၉၀) လိုအပ်သည်။ ယခင်က အရေခွံဆုတ် တစ္ဆေ ဦးရေပြားလောက် မကောင်းသော်လည်း ၎င်းသည် တန်ဖိုးကြီးမားသည့် ပစ္စည်းတစ်ခု ဖြစ်နိုင်သည်ဟု သူ ထင်မြင်မိသည်။

သို့သော် ခေါင်းဆောင်ချူ၏ မျက်နှာပေါ်မှ အမူအရာကို မြင်လိုက်ရသောအခါ ချန်းရီသည် မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။

ယခင်က သူ့ထံမှ လဲလှယ်ရယူခဲ့သော အရေခွံဆုတ် တစ္ဆေ ဦးရေပြားသည် ဤလူမျက်နှာကင်းမြီးကောက်၏ မျက်နှာအရေခွံထက် များစွာ ပို၍ အဖိုးတန်ကြောင်း သိသာထင်ရှားလှသည်။

စနစ်၏ စစ်ဆေးမှုရလဒ်အရ အရေခွံဆုတ် တစ္ဆေ ဦးရေပြားသည် နံပါတ်စဉ် နှစ်ထောင်အတွင်းရှိသော သဘာဝလွန်ပစ္စည်းများကို ဖန်တီးနိုင်စွမ်း ရှိသည်။

သို့သော် ဤလူမျက်နှာအရေခွံတွင်မူ ထိုကဲ့သို့သော မှတ်ချက်မျိုး ပါမလာခဲ့ပေ။

နံပါတ်စဉ် နှစ်ထောင်အတွင်းရှိ သဘာဝလွန်ပစ္စည်းကို မဖန်တီးနိုင်လျှင်တောင်မှ ၎င်း၏ တန်ဖိုးမှာ သိပ်ကွာခြားမည်တော့ မဟုတ်ပေ။

"ဘယ်လိုလဲ... မင်းလည်း ဒါကို လိုချင်နေတာလား"

ခေါင်းဆောင်ချူက ချန်းရီ၏ တောက်ပနေသော အကြည့်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် မရိုးသားသော အပြုံးယုတ်ကြီးတစ်ခု ပေါ်လာလေသည်။

"အရင်က မင်းကို ပေးလိုက်တဲ့ အရေခွံက... ဘာပစ္စည်းမှန်း အတိအကျ မသိပေမဲ့... အရမ်းတန်ဖိုးကြီးမယ်ဆိုတာတော့ ခန့်မှန်းလို့ရတယ်"

"အဲဒါက မထင်မှတ်ဘဲ ရလာတာဆိုတော့... ပေးလိုက်ရလည်း မနှမြောပါဘူး"

"မင်းကို လဲပေးလိုက်တယ်ဆိုတာကလည်း... မင်းက ငါတို့ ယာဉ်တန်းထဲက လူတစ်ယောက် ဖြစ်နေလို့ပဲ... နောက်ဆုံးတော့လည်း ယာဉ်တန်းအတွက် ပြန်အသုံးဝင်မှာ သေချာတယ်လေ"

"ဒါပေမဲ့ ဒီပစ္စည်းကတော့... ဟီးဟီး"

ချူချယ်က လက်ထဲမှ အရေခွံကို ပွတ်သပ်လိုက်ပြီး သူ၏ မျက်နှာပေါ်ရှိ အပြုံးယုတ်ကြီးမှာ ပို၍ သိသာလာသည်။

"လူမျက်နှာကင်းမြီးကောက်ကို သတ်တဲ့နေရာမှာ... နာနာရဲ့ ဓားချက်သာ မပါခဲ့ရင်... ထယ်ရှီးသာ ရှေ့ကနေ မကာကွယ်ပေးခဲ့ရင်... မင်းရဲ့ မီးခိုးငွေ့တွေသာ မရှိခဲ့ရင်... ဒါမှမဟုတ် ငါ့ရဲ့ ခွေးနက်သွေးသာ မပါခဲ့ရင်"

"ငါတို့တွေ လူမျက်နှာကင်းမြီးကောက်ကို သတ်နိုင်မှာ မဟုတ်ဘူး"

"ဒါကြောင့်... ဒီလူမျက်နှာကင်းမြီးကောက်ရဲ့ မျက်နှာအရေခွံနဲ့ အရင်ရခဲ့တဲ့ အကြေးခွံတွေမှာ... ငါတို့ လေးယောက်စလုံး ပိုင်ဆိုင်ခွင့် ရှိတယ်... မင်း သဘောတူတယ် မဟုတ်လား"

ချူချယ်၏ စကားကို ကြားလိုက်ရသောအခါ ချန်းရီအနေဖြင့် ဘာများ ဆက်ပြောနိုင်မည်နည်း။

ချူချယ် ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။

တစ်ယောက်ယောက်သာ လိုအပ်သွားခဲ့လျှင် ဤလူမျက်နှာကင်းမြီးကောက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

အရေခွံနှင့် အကြေးခွံများကို ရရှိနိုင်ရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။

"ဘာမှ ပြောစရာ မရှိပါဘူး"

"ဒါကြောင့်... မင်း ဒီလူမျက်နှာအရေခွံ ဒါမှမဟုတ် အကြေးခွံကို လိုချင်ရင်... ပစ္စည်းနဲ့ လာလဲရမယ်... တရားမျှတမှုက အရေးအကြီးဆုံးပဲ"

ချန်းရီ "..."

သူက ဤပစ္စည်းကို အလွန်စိတ်ဝင်စားနေသော်လည်း လတ်တလောတွင် သူ့လက်ထဲ၌ လဲလှယ်စရာ ပစ္စည်း ဘာမျှ မရှိပေ။

ထို့အပြင် ဤသဲမုန်တိုင်းကြီးကို ဖြတ်သန်းခဲ့ရသဖြင့် သူ၏ ရိက္ခာနှင့် ပစ္စည်းများစွာလည်း ဆုံးရှုံးသွားလောက်ပြီ ဖြစ်သည်။

"ဒီပစ္စည်းကို လောလောဆယ် ငါ့ဆီမှာပဲ သိမ်းထားလိုက်မယ်... မင်းမှာ လဲလှယ်ဖို့ ပစ္စည်း အလုံအလောက်ရှိရင် အချိန်မရွေး လာခဲ့... နာနာနဲ့ ထယ်ရှီးကိုပါ ငါ ကူပြောပေးမယ်"

ခေါင်းဆောင်ချူက ချန်းရီ၏ ပခုံးကို ပုတ်လိုက်ပြီး သဘောကျစွာ ပြုံးရယ်လိုက်သည်။

ထိုအချိန်တွင် နေမင်းကြီးက အနောက်ဘက်သို့ ယိမ်းကျနေပြီ ဖြစ်ကာ လိမ္မော်ရောင် အလင်းတန်းများက သဲသောင်ပြင်ပေါ်သို့ ဖြာကျနေပြီး အိပ်မက်တစ်ခုပမာ လှပနေလေသည်။

ဤမြေပြင်ပေါ်တွင် မကြာမီကမှ သဲမုန်တိုင်းကြီးတစ်ခု တိုက်ခတ်သွားခဲ့သည်ဟု မည်သူက ထင်မှတ်မိမည်နည်း။

ထယ်ရှီး ခေါ် လူသန်ကြီးကမူ သဲသောင်ပြင်ပေါ်တွင် ပက်လက်လှန်ကာ ဟောက်သံကြီးပေး၍ အိပ်မောကျနေဆဲပင်။

လောင်လီက လူအချို့ကို ခေါ်ယူကာ ပူပြင်းသော လိမ္မော်ရောင် နေရောင်ခြည်ကို ကာကွယ်ရန် တဲကြီးတစ်ခုကို ဆောက်လုပ်ထားပြီး ဖြစ်သည်။

ထယ်ရှီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ တဖြည်းဖြည်း ကျက်လာပြီ ဖြစ်သည်။

သို့သော် အချို့သော ဒဏ်ရာများမှာ သိသိသာသာ မည်းနက်နေပြီး လူမျက်နှာကင်းမြီးကောက်၏ အမြီးစူးဖြင့် အထိုးခံထားရကြောင်း ထင်ရှားနေသည်။ ကင်းမြီးကောက်၏ အမြီးစူးတိုင်းတွင် အဆိပ်များ ပါဝင်သည် မဟုတ်ပါလော။

အနက်ရောင် သွေးများက ဒဏ်ရာများထဲမှ တဖြည်းဖြည်း စိမ့်ထွက်နေ၏။

လောင်လီသည် ထယ်ရှီးကို ပြုစုရန်အတွက် အသက်ငယ်ရွယ်သော ကောင်မလေးတစ်ဦးကို ထားရစ်ခဲ့သည်။

အနက်ရောင် သွေးများ စိမ့်ထွက်လာတိုင်း ထိုကောင်မလေးက မျက်နှာသုတ်ပဝါဖြင့် ထယ်ရှီးအား သုတ်သင်ပေးနေသည်။

ချန်းရီ လျှောက်လာသည်ကို မြင်သောအခါ ထိုကောင်မလေးက ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားပြီး ချန်းရီကို အလွန်အမင်း ကြောက်ရွံ့နေကြောင်း သိသာနေသည်။

ကားအများစုမှာ သဲပုံကြီးများအောက်တွင် နစ်မြုပ်နေကြ၏။

ထိုအိမ်စီးကားငယ် နှစ်စီးဆိုလျှင် ထက်ဝက်ကျော်ခန့်ပင် သဲများ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။

သဲပုံထဲမှ ကားများကို ဆွဲထုတ်ရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။

ထို့အပြင် သဲမုန်တိုင်းဒဏ်ကို ယခုမှ ဖြတ်သန်းထားရသော သဲသောင်ပြင်ဖြစ်သဖြင့် သဲများက အလွန် ပျော့အိနေသည်။

ထိုအချက်က အသက်ရှင်ကျန်ရစ်သူများ၏ အလုပ်တာဝန်ကို ပို၍ လေးလံသွားစေသည်။

ဤအချိန်တွင် ကျားမ မခွဲခြားတော့ဘဲ အသက်ရှင်ကျန်ရစ်သူ အားလုံးသည် လက်ရောခြေပါ အသုံးပြုကာ ရနိုင်သမျှ ပစ္စည်းများကို ထုတ်ယူပြီး သဲများကို တူးဆွနေကြသည်။

ကမ္ဘာပျက်ကပ်တွင် ယာဉ်များသည် အရေးအကြီးဆုံးသော ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သည်မှာ ယုံမှားသံသယ ဝင်စရာ မလိုပေ။

ချန်းရီသည်လည်း သူ၏ ပစ်ကပ်ကားကို ချက်ချင်း သွားရောက် စစ်ဆေးလိုက်သည်။

ဘယ်ညာ နှစ်ဖက်စလုံးရှိ ပြတင်းပေါက် မှန်များအားလုံး ကွဲကြေနေပြီ ဖြစ်သည်။

ရှေ့လေကာမှန်ပင်လျှင် ကင်းလွတ်ခွင့် မရခဲ့ပေ။

ကားနောက်ဘက်ရှိ အမိုးမှာလည်း ပျက်စီးသွားခဲ့ပြီး မည်သည့်နေရာသို့ လွင့်စဉ်သွားမှန်းပင် မသိရတော့ချေ။

ယခုအခါ ပြောင်ရှင်းနေသော ကားနောက်ခန်း တစ်ခုသာ ကျန်ရစ်တော့သည်။

ယခင်က ကားအမိုးပေါ်တွင် ချည်နှောင်ထားခဲ့သော ပစ္စည်းများမှာလည်း ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီ ဖြစ်သည်။

ကံကောင်းသည်မှာ စားစရာများတော့ ကျန်ရှိနေသေးခြင်းပင်။

သူ့ကားလေးက တံခါးနှစ်ပေါက်သာ ပါတဲ့ သေးငယ်တဲ့ ကားလေးဖြစ်ပေမဲ့ နောက်ခန်းထိုင်ခုံတွေတော့ ပါသေးတယ်လေ။

ယခင်က ချန်းရီသည် စားစရာများကို နောက်ခန်းထိုင်ခုံပေါ်တွင် တင်ထားခဲ့ခြင်း ဖြစ်သည်။

သဲမုန်တိုင်းက ကားအမိုးကို လွှင့်စဉ်သွားစေခဲ့သော်လည်း ယာဉ်မောင်းခန်းကိုမူ မဖျက်ဆီးနိုင်ခဲ့ပေ။

ဖိသိပ်ခံထားရသဖြင့် အနည်းငယ် ပုံပျက်သွားရုံမျှသာ ရှိသည်။

စနစ်၏ စစ်ဆေးမှုအရ ကားမှာ အခြေခံအားဖြင့် ကောင်းမွန်နေဆဲပင်။

ထိုအခါမှသာ ချန်းရီသည် အနည်းငယ် စိတ်အေးသွားရတော့သည်။

မူလကတည်းက ဤကားလေးမှာ ကမ္ဘာပျက်ကပ် စတိုင်လ် ပေါက်နေပြီး ယခု သဲမုန်တိုင်းဒဏ်ကို ဖြတ်သန်းပြီးနောက်တွင်မူ ပို၍ပင် ကမ္ဘာပျက်ကပ် စတိုင်လ် ပေါက်သွားတော့သည်။

မှန်တွေ မရှိတော့ဘူးဆိုတော့ ကားမောင်းတဲ့အခါ ပိုပြီး အေးနေမှာပဲဟု ချန်းရီက သူ့ကိုယ်သူ နှစ်သိမ့်လိုက်ရုံသာ တတ်နိုင်တော့သည်။

အသက်ရှင်ကျန်ရစ်သူ အဖွဲ့သည် ညသန်းခေါင်တိုင်အောင် အလုပ်လုပ်ကြပြီးနောက်မှသာ ကားများအားလုံးကို ဆွဲထုတ်နိုင်ခဲ့ကြသည်။

ဤသဲမုန်တိုင်းကြီးကို ဖြတ်သန်းပြီးနောက်...

ယာဉ်တန်းထဲမှ လူအတော်များများ ထပ်မံ လျော့နည်းသွားကြောင်း ချန်းရီ သိသာစွာ သတိထားမိလိုက်သည်။

"ဟူး... အရင်က ချန်ရှုရွာ ကနေ ထွက်လာတုန်းက လူ လေးဆယ်ကျော် ရှိသေးတာ... အခုတော့ သုံးဆယ်တောင် မပြည့်တော့ဘူး"

ဦးလေးအားပေါင်၏ မျက်နှာပေါ်ရှိ အရွယ်လွန် အရေးအကြောင်းများမှာ ပိုမို နက်ရှိုင်းသွားသည်။

"ဘယ်နှစ်ယောက် ပျောက်သွားတာလဲ"

ချန်းရီက ပါးစပ်တွင် ဆေးလိပ်ကို ကိုက်ကာ နေကာမျက်မှန်ကို တပ်ထားရင်း မေးလိုက်သည်။

"အရင်က ဆိုင်ကယ်စီးလာတဲ့ အသက်ရှင်ကျန်ရစ်သူ နှစ်ယောက်လုံး ပျောက်သွားတယ်... ပြီးတော့ အားချိုင် ဆိုတဲ့ တစ်ယောက်လည်း ပျောက်သွားတယ်"

ဦးလေးအားပေါင်က တတွတ်တွတ် ရေရွတ်နေ၏။

အသက်လေးဆယ်ကျော် အမျိုးသားတစ်ယောက် ဖြစ်သော်လည်း ယခုအခါတွင် အသက်ငါးဆယ်ကျော်အရွယ်ဟု ထင်ရလောက်အောင် အိုမင်းနေလေသည်။

ယာဉ်တန်းအတွင်းရှိ နေ့စဉ်ကိစ္စရပ်များကို သူကသာ တာဝန်ယူ ဖြေရှင်းပေးနေခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုလူများသည် ယာဉ်တန်းထဲတွင် သူနှင့်အတူ အချိန်အတိုင်းအတာ တစ်ခုအထိ အတူနေထိုင်ခဲ့ကြသူများ ဖြစ်သည်။

ယခု လူတွေ ပျောက်ဆုံးသွားသောအခါ ဦးလေးအားပေါင်၏ စိတ်ထဲတွင် ဝမ်းနည်းမှုအချို့ ဖြစ်ပေါ်နေခြင်းမှာ သဘာဝပင် ဖြစ်သည်။

"ကျွန်တော်တို့ အသက်ရှင်နေသေးတာပဲ ကောင်းပါတယ်ဗျာ... အခုလို အခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ်တောင် အနိုင်နိုင်ပဲလေ"

ချန်းရီ၏ အသံမှာ တည်ငြိမ်နေပြီး မည်သည့် စိတ်လှုပ်ရှားမှုမျှ ပါဝင်ခြင်း မရှိပေ။

သူက ထိုလူများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိဘဲ ပုံမှန်အားဖြင့် တွေ့လျှင် ခေါင်းညိတ်ပြရုံမျှသာ ရှိသော ဆက်ဆံရေးမျိုးသာ ဖြစ်သည်။

ကျိုးလန် ပျောက်ဆုံးသွားချိန်ကပင် သူ၏ စိတ်ထဲတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ပေ။

ဦးလေးအားပေါင်က ချန်းရီ၏ အေးစက်နေသော အကြည့်ကို မြင်လိုက်ရသောအခါ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ 'ဒီကောင်လေးက တကယ့်ကို သံမဏိလို မာကျောတဲ့ နှလုံးသား ပိုင်ရှင်ပဲ'

ချူချယ်၊ နာနာနှင့် ထယ်ရှီးတို့ကဲ့သို့ တူညီသော အစွမ်းပိုင်ရှင်များသာ သူ၏ အမြင်တွင် အရေးပါသူများ ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်တွင် အချိန်တိုင်း လူများ သေဆုံးနေကြသည်။ ယခင်က ကျန်းချန်မြို့မှ ထွက်ပြေးလွတ်မြောက်လာစဉ်ကလည်း သေဆုံးသူများကို အများအပြား မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

အသက်ရှင်သန်နိုင်ရန်အတွက် ချန်းရီသည် ပိုမို၍ မာကျောအေးစက်လာခဲ့ရခြင်း ဖြစ်သည်။

"ချန်းရီ... ယာဉ်တန်းထဲမှာ လူ သိပ်မကျန်တော့ဘူး... ချူချယ်ရဲ့ သဘောကတော့ နောက်ဆိုရင် အားလုံး အတူတူ ထမင်းစားကြမယ်တဲ့"

"ဒီလိုလုပ်ရင် ရိက္ခာ တချို့ကိုလည်း ချွေတာနိုင်လိမ့်မယ်"

"ဒါပေမဲ့ ချက်ဖို့ပြုတ်ဖို့ ဆန်နဲ့ ဟင်းလျာတွေကိုတော့ ကိုယ့်ဘာသာ ထုတ်ပေးရမှာပေါ့"

ဦးလေးအားပေါင်က ချန်းရီထံ လာရောက်ရခြင်းမှာ နောက်နောင် အတူတကွ ထမင်းစားရန် ကိစ္စကို ပြောဆိုရန်ပင် ဖြစ်သည်။

ချန်းရီက ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်၏။

အတူတူ ထမင်းစားရသည်ကလည်း မဆိုးလှပေ။ သူ၏ ကိုယ်ပိုင် ဟင်းချက်လက်ရာကို သူကိုယ်တိုင်ပင် အလွန်အမင်း ငြီးငွေ့နေပြီ ဖြစ်သည်။

ခေါက်ဆွဲပြုတ် ပြုတ်ရာတွင် လက်ရာမဆိုးသည်မှလွဲ၍ အခြား ဟင်းလျာများမှာမူ အလွန် သာမန်မျှသာ ဖြစ်သည်။

ဦးလေးအားပေါင် ပြန်လည်ပြောပြသော ချူချယ်၏ သဘောထားအရ နောက်နောင်တွင် ထမင်းတစ်အိုးတည်း ချက်စားကြမည် ဖြစ်သည်။

ချန်းရီ၊ ချူချယ်၊ နာနာနှင့် ထယ်ရှီးတို့ လေးယောက်က အတူတကွ ထမင်းစားကြမည် ဖြစ်သည်။

အခြား အသက်ရှင်ကျန်ရစ်သူများက သီးသန့် အတူတကွ စားသောက်ကြမည်။

ထိုသို့ အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဆန္ဒမရှိသူများ ရှိပါကလည်း အတင်းအကျပ် တိုက်တွန်းမည်တော့ မဟုတ်ပေ။

ခေါင်းဆောင်ချူ၏ ရည်ရွယ်ချက်ကို ချန်းရီ နားလည်ပြီး ထိုအစီအစဉ်ကိုပင် အလွန် သဘောတူမိသည်။

ဦးလေးအားပေါင် ထွက်သွားပြီးနောက် ချန်းရီသည် ထမင်းမစားမီ ဤတစ်ကြိမ် ရရှိခဲ့သော သတ်ဖြတ်မှတ်များကို စစ်ဆေးကြည့်ရန် ရည်ရွယ်လိုက်သည်။

စနစ်တွင် ပြသနေသော သတ်ဖြတ်မှတ် အရေအတွက်ကို မြင်လိုက်ရချိန်တွင် သူ၏ နှလုံးသားလေးမှာ ဒိန်းခနဲ ခုန်သွားရလေတော့သည်။

မထင်မှတ်ထားလောက်အောင် သတ်ဖြတ်မှတ် သုံးသောင်းကျော်ပင် ရှိနေသည်။

၎င်းမှာ သူ စနစ်ကို ရရှိပြီးကတည်းက ပိုင်ဆိုင်ဖူးသမျှ အများဆုံးသော သတ်ဖြတ်မှတ် အရေအတွက်ပင် ဖြစ်လေသည်။

ဆက်ရန်...

All Chapters