← Chapters

အခန်း ၇၄

Vol. 4 Ch. 74

အခန်း ၇၄

Vol. 4 Ch. 74

အပိုင်း(၇၄) ကမ္ဘာပျက်ကပ်၏ နေ့စဉ်ဘဝ

စနစ်မှ သူ၏ သတ်ဖြတ်မှတ် သုံးသောင်းကျော် ရှိနေကြောင်း ပြသနေသည်ကို မြင်လိုက်ရသောအခါ ချန်းရီတစ်ယောက် အလွန်တရာ စိတ်ကြည်နူးသွားရပြီး ကောင်းကင်ထက်၌ တွဲခိုနေသော သွေးရောင်လမင်းကြီးကပင်လျှင် ပွဲတော်ရက်အလား ကျက်သရေရှိနေသည်ဟု ခံစားလိုက်ရ၏။

သတ်ဖြတ်မှတ် သုံးသောင်းကျော်ဆိုသည်မှာ သူ၏ စွမ်းအားကို ကြီးမားသော အတိုင်းအတာ တစ်ခုအထိ သေချာပေါက် အဆင့်မြှင့်တင်ပေးနိုင်စွမ်း ရှိပေသည်။

မော်တော်ယာဉ်ကို ပြုပြင်ပြောင်းလဲ အဆင့်မြှင့်တင်ရန်အတွက် ဖြစ်စေ၊ စွမ်းအားကို မြှင့်တင်ရန်အတွက် ဖြစ်စေ အသုံးဝင်လှသည်။

တွေးကြည့်ရုံမျှဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

သတ်ဖြတ်မှတ် ပြတ်လပ်နေသည့် နေ့ရက်များကို ချန်းရီတစ်ယောက် လုံလောက်အောင် ဖြတ်သန်းခဲ့ပြီးပြီ ဖြစ်သည်။

စနစ်ထံမှ အကြွေးတင်နေသော သတ်ဖြတ်မှတ် တစ်သောင်းကိုမူ... ချန်းရီက လောလောဆယ် ပြန်ဆပ်ရန် လုံးဝ စိတ်ကူးမရှိသေးပေ။

လောလောဆယ်တော့ အကြွေးပဲ ထားလိုက်ဦးမည်။

စနစ်က သူ့ကို သတ်ပစ်နိုင်လို့လား။

ထိုမှော်ဆေးတောင့်လေးတွေရယ်...

မရဏသွေး ထင်းခုတ်ဓားမကို အဆင့်မြှင့်တင်တာရယ်...

အားလုံးကို သူ လိုချင်သည်။

ဒါနဲ့... စောစောက လူမျက်နှာ ကင်းမြီးကောက်ကို သတ်ဖြတ်စဉ်တုန်းက...

လူမျက်နှာ ကင်းမြီးကောက် သေဆုံးသွားချိန်တွင် ၎င်းထံမှ မီးခိုးရောင် မြူခိုးတန်းတစ်ခုကို မရဏသွေး ထင်းခုတ်ဓားမက စုပ်ယူသွားသည်ကို ချန်းရီ သေချာပေါက် မြင်တွေ့လိုက်ရသည်။

မရဏသွေး ထင်းခုတ်ဓားမ၏ တတိယမြောက် လက္ခဏာဖြစ်သည့် မုန်းတီးမှုများကို စုပ်ယူ စုဆောင်းကာ အဆင့်မြှင့်တင်နိုင်သည့် အချက်ကို သတိရသွားသည်။

စောစောကတော့ သူ သေချာ ကြည့်ရှုရန် အချိန်မရခဲ့ပေ။

ချန်းရီက ခါးတွင် ချိတ်ဆွဲထားသော ထင်းခုတ်ဓားမကို နောက်ပြန်လှမ်း၍ ဆွဲထုတ်လိုက်၏။

သွေးရောင် လမင်းကြီး၏ အလင်းရောင်ဖြင့် ချန်းရီက ညာဘက်မျက်လုံးကို ကပ်၍ ကြည့်လိုက်သည်။

သူ့ရှေ့ရှိ ထင်းခုတ်ဓားမ၏ အသွင်အပြင်မှာ ယေဘုယျအားဖြင့် ဘာမှ ပြောင်းလဲမသွားဘဲ ယခင်အတိုင်းပင် ဖြစ်သည်။

မဟုတ်သေးဘူး...

ဒီ မရဏသွေး ထင်းခုတ်ဓားမက... နောက်ထပ် အနည်းငယ် ပြောင်းလဲသွားပြန်သည့်ပုံပင်။

ဥပမာအားဖြင့် ဓားသွားပေါ်ရှိ ပန်းကနုတ် အဆင်များတွင် အမည်းရောင် မျဉ်းကြောင်းငယ်လေး တစ်ခု ပိုလာခြင်းမျိုး ဖြစ်သည်။ သူ၏ အမြင်အာရုံသာ အံ့မခန်း ကောင်းမွန်မနေပါက လုံးဝ သတိထားမိမည် မဟုတ်ပေ။

ထင်းခုတ်ဓားမ၏ အသွားကို လက်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ အေးစက်စက် အထိအတွေ့ကို ခံစားလိုက်ရ၏။

ထင်းခုတ်ဓားမ၏ အချက်အလက်များက ခေါင်းထဲတွင် ပေါ်လာသည်။

[မရဏသွေး ထင်းခုတ်ဓားမ - နံပါတ်စဉ် ၀၄၈၈၀]

၀၄၈၈၀ ဟုတ်လား။

နံပါတ်စဉ် တစ်ဆင့် တက်သွားတာလား။

ဒါက...

ဒီလိုမျိုးလည်း ရတာပဲလား။

သူ ပိုင်ဆိုင်ထားသော ထူးဆန်းသည့် ပစ္စည်းများအားလုံးထဲတွင် မရဏမိုးမခပင်၏ အကိုင်းသည်သာ အထင်သေးခံရဆုံးသော အရာဖြစ်နေမည်ကို ချန်းရီ ရုတ်တရက် သဘောပေါက်သွားသည်။

၎င်းတွင် မရဏမိုးမခပင်၏ လက္ခဏာ အနည်းငယ်မျှ ပါဝင်နေလျှင်ပင် ဤထင်းခုတ်ဓားမ၏ တန်ဖိုးကို သိသိသာသာ မြင့်တက်သွားစေရန် လုံလောက်နေပေသည်။

နောင်တစ်ချိန် အခွင့်အရေး ရလာပါက ချန်ရှုရွာသို့ နောက်တစ်ခေါက် ထပ်သွားရန်ကလည်း မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ပေ။

ကျေနပ်အားရစွာဖြင့် ထင်းခုတ်ဓားမကို ခါးနောက်တွင် ပြန်ထိုးထည့်လိုက်သည်။

မလှမ်းမကမ်းတွင် မီးပုံလေး တစ်ခု လင်းထိန်လာ၏။

ခေါင်းဆောင်ချူက ချန်းရီကို လှမ်း၍ လက်ယပ်ခေါ်လိုက်သည်။

အခြားတစ်ဖက်တွင် ထိုင်နေသော ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း ချန်းရီကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်လာသည်။

ကြည့်ရသည်မှာ ထမင်းစားချိန် ရောက်ပြီ ထင်သည်။

ချန်းရီက ယိမ်းယိုင်ယိမ်းယိုင်ဖြင့် သူ၏ ပစ်ကပ်ကားရှေ့သို့ သွားကာ ကားနောက်ခန်းထဲသို့ ဝင်ပြီး ဂျုံမှုန့် တစ်အိတ်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ခဏမျှ စဉ်းစားပြီး ယခင်က ကျန်နေသေးသော ဝက်ပေါင်ခြောက်ကိုပါ ထုတ်ယူလိုက်၏။

ဤဝက်ပေါင်ခြောက်ကို ကားထဲတွင် ထားထားသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။

ဟင်းချက်လက်ရာ အလွန်ညံ့ဖျင်းသဖြင့် ဤကဲ့သို့သော အစားအစာကောင်းများ အလဟဿ ဖြစ်သွားမည်ကို စိုးရိမ်ကာ ယခုတိုင် မစားရက်ဘဲ သိမ်းထားခဲ့ခြင်း ဖြစ်သည်။

ယခု ဟင်းချက်ပေးမည့်သူ ရှိနေပြီဖြစ်ရာ ထုတ်ယူပြီး ဝေမျှစားသောက်ရန် မဖြစ်နိုင်စရာ မရှိတော့ပေ။

ကံကောင်း၍ ဆားနယ်ထားသော အသားဖြစ်နေသဖြင့်သာ တော်တော့သည်။ မဟုတ်လျှင် ပုပ်သိုးနေသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။

ဓားကို မြှောက်ကာ ခုတ်ချလိုက်ပြီးနောက် ချန်းရီက ဝက်ပေါင်ခြောက်ကို နှစ်ပိုင်း ပိုင်းလိုက်သည်။ ထို့နောက် အနည်းငယ် ပိုကြီးသော အပိုင်းကို ပြန်လည် ထုပ်ပိုးထားလိုက်ပြီး ကျန်သော အပိုင်းကိုမူ လက်ထဲတွင် ကိုင်ထားလိုက်၏။

အစမှ အဆုံးတိုင်အောင် ထင်းခုတ်ဓားမ၏ ဓားသွားပေါ်တွင် ဆီအစွန်းအထင်း တစ်စက်မျှပင် မပေကျံခဲ့ချေ။

ထူးဆန်းသည့် ပစ္စည်းတစ်ခုကို ချန်းရီ ဤကဲ့သို့ အသုံးပြုနေသည်ကိုသာ ခေါင်းဆောင်ချူ သိသွားပါက ဒေါသတကြီး ခုန်ဆွခုန်ဆွဖြင့် ဆဲရေးတိုင်းထွာတော့မည်မှာ အသေအချာပင်။

နောက်ဆုံးတွင် ချန်းရီက ကားနောက်ခန်းထဲမှ အာလူး အနည်းငယ်ကိုပါ ရှာဖွေ ထုတ်ယူလိုက်သည်။

ထို့နောက်မှသာ ဆေးလိပ်တစ်လိပ်ကို ခဲကာ ယိမ်းယိုင်ယိမ်းယိုင်ဖြင့် မီးပုံရှိရာသို့ လျှောက်သွားလိုက်သည်။

လမ်းတစ်လျှောက်တွင် အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ ချန်းရီလက်ထဲရှိ ရိက္ခာများကို ကြည့်ကာ တံတွေးများ မျိုချနေကြ၏။

ဝက်ပေါင်ခြောက်ပင် ဖြစ်လင့်ကစား လူအများစုမှာ အသားအရသာကို မမြည်းစမ်းရသည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သည်။

"ဦးလေးအားပေါင်... ဒါက ကျွန်တော့်ရဲ့ ရိက္ခာပဲ"

ချန်းရီက သူ၏ ရိက္ခာများကို ဦးလေးအားပေါင်ထံသို့ ကမ်းပေးလိုက်သည်။

ဦးလေးအားပေါင်က ထိုမျှများပြားသော ပစ္စည်းများကို မြင်လိုက်ရသောအခါ မျက်လုံးများက လခြမ်းကွေးလေးများအဖြစ် ပြောင်းလဲသွားသည်အထိ ပြုံးရွှင်သွားတော့သည်။

"ကောင်းပါပြီကွာ... စိတ်ချပါ... ဦးလေး အကုန်မှတ်ထားပါတယ်"

ဘေးတစ်ဖက်တွင်လည်း အိတ်တစ်အိတ် ရှိနေပြီး ထိုအိတ်မှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေး ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိသာလှသည်။

"ထမင်းစားဖို့တောင် မတက်ကြွဘူးဆိုတော့... အစ်ကို့ခေါင်းထဲ တစ်ခုခုများ ဖြစ်နေလို့လားဟင်"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဘီယာဗူးကို မြှောက်ကာ ချန်းရီကို အချက်ပြလိုက်သည်။

ချန်းရီက ထိုကောင်မလေး၏ နောက်ပြောင်မှုကို လုံးဝ အဖက်မလုပ်တော့ဘဲ မီးပုံဘေးသို့ သွားရောက် ထိုင်ချလိုက်၏။

"နင် ဘယ်လောက်တောင် သောက်ထားလို့... ဒီလောက်တောင် မူးနေရတာလဲ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာမှာ နီရဲနေပြီး "ဟီးဟီး... တစ်ဗူးတည်းပါ ရှင့်"

"တစ်ဗူးတည်းနဲ့ ဒီလောက်မူးနေတာ... ဟုတ်လို့လား"

ထိုကောင်မလေး၏ အရက်သောက်နိုင်စွမ်း ညံ့ဖျင်းလွန်းလှမှုကို ချန်းရီ အံ့အားသင့်သွားရသည်။

ဒီကောင်မလေး ယခုအချိန်အထိ သောက်စရာ အရက် ရှိနေသေးသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

ဒါကို ကြည့်ခြင်းအားဖြင့် ဒီကောင်မလေးကို မြင်ရတိုင်း ဘာကြောင့် အမြဲတမ်း အရက်မူးနေရသလဲ ဆိုသည်ကို နားလည်နိုင်ပြီ ဖြစ်သည်။

အရင် ကျောင်းတက်စဉ်တုန်းက သူ့အခန်းဖော် တစ်ယောက်ဆိုလျှင် ဘီယာကို အနည်းဆုံး တစ်ဖာလောက် အေးဆေး သောက်နိုင်သည်ကို သူ မှတ်မိနေသေးသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အရက်သောက်နိုင်စွမ်းမှာ အလွန်တရာ ညံ့ဖျင်းလွန်းလှပြီး အရက်သမား ဆိုသော စကားလုံးကိုပင် စော်ကားလိုက်သကဲ့သို့ ဖြစ်နေသည်။

"အရက်သောက်နိုင်စွမ်း နည်းတဲ့သူက... အရက်ကို မကြိုက်ရဘူးလို့ ဘယ်သူပြောလဲ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ခေါင်းမာစွာဖြင့် တုံ့ပြန်လာသည်။

"သူက သောက်တော့သောက်ချင်ရှာပါတယ်... ဒါပေမဲ့ သောက်နိုင်စွမ်းကတော့ အတော်လေး ညံ့တယ်လေ"

ခေါင်းဆောင်ချူက ဘေးမှနေ၍ ဝင်ရောက် ရှင်းပြလိုက်၏။

ချန်းရီက မင်း ပျော်ရင်ပြီးတာပါပဲ ဆိုသည့် သဘောဖြင့် ပခုံးတွန့်ပြလိုက်သည်။

"ထယ်ရှီးကတော့ အိပ်မောကျနေတုန်းပဲ... လောလောဆယ်တော့ နိုးလာဦးမယ့်ပုံ မပေါ်ဘူး... ဒီနေ့တော့ ငါတို့ သုံးယောက်ပဲ စားကြတာပေါ့"

"ဒါက အဒေါ်ကြီးချွီတဲ့... လက်ရာ တော်တော်ကောင်းတယ်... ငါ စားကြည့်ပြီးပြီ... နောက်ဆိုရင် သူပဲ ငါတို့အတွက် ဟင်းချက်ပေးလိမ့်မယ်"

အသက်လတ်ပိုင်း အမျိုးသမီးက မျက်နှာကို မော့ကာ ချန်းရီကို ဖော်ရွေသော အပြုံးတစ်ခု ပြုံးပြလာသည်။

ဤအမျိုးသမီးမှာ အသက် ငါးဆယ်ဝန်းကျင်ခန့် ရှိပြီဖြစ်ပြီး ခန္ဓာကိုယ်မှာ အနည်းငယ် ဖိုသီဖတ်သီ ဖြစ်နေသော်လည်း သူမ၏ ဟန်ပန်အမူအရာမှာ သာမန်လူတစ်ယောက်နှင့် မတူဘဲ ကြော့ရှင်း မြင့်မြတ်သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

ချန်းရီက ဘာမျှ ကန့်ကွက်ခြင်း မပြုသော်လည်း သူ့ရှေ့ရှိ ဤအသက်လတ်ပိုင်း အမျိုးသမီးမှာ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရ၏။

ချန်းရီ၏ အကြည့်ကို သတိထားမိသွားသော ခေါင်းဆောင်ချူက "အဒေါ်ကြီးချွီက အရင်က စားသောက်ဆိုင်ခွဲတွေ ဖွင့်ခဲ့တာလေ... သူ ကိုယ်တိုင် ချက်ပြုတ်ပေးမှာဆိုတော့ ငါတို့ အစားကောင်း စားရတော့မယ်" ဟု ရှင်းပြလိုက်သည်။

ထိုသို့ သတိပေးခံလိုက်ရမှသာ ချန်းရီတစ်ယောက် မှတ်မိသွားတော့သည်။

ယခင်က စားသောက်ဆိုင်ခွဲများ ဖွင့်လှစ်ခဲ့သော ဤအမျိုးသမီး၏ ဘဝမှာ အလွန်တရာ အံ့မခန်း ဖြစ်ခဲ့သည်။ အစပထမတွင် သရေစာဆိုင်လေး တစ်ဆိုင်မှ စတင်ခဲ့ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံးက သိရှိလာသည်အထိ အောင်မြင်ခဲ့ကာ ပိုင်ဆိုင်မှု သန်းပေါင်းထောင်ချီ ရှိသည့် တစ်နိုင်ငံလုံးတွင် နာမည်ကြီးသော စိတ်ဓာတ်ခွန်အားပေး အမျိုးသမီး စွန့်ဦးတီထွင်သူ တစ်ဦး ဖြစ်ပေသည်။

(ဒီမှာဆို ဓနုမြူဒေါ်စောရီလို ဆိုင်မျိုး)

ချန်းရီ ရင်းနှီးနေသည်ဟု ခံစားရခြင်း၏ အကြောင်းရင်းမှာ ဤအမျိုးသမီးသည် လူလုံးထွက်ပြလေ့ရှိပြီး ရုပ်သံ ဖျော်ဖြေရေး အစီအစဉ်များတွင် နှစ်ကြိမ်တိုင်တိုင် ပါဝင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

ယခုအခါတွင် သူတို့အတွက် သီးသန့် ဟင်းချက်ပေးရမည့် စဖိုမှူး ဖြစ်လာလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ပေ။

ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီးနောက် လူသားတို့၏ ဘဝအခြေအနေများမှာ တကယ်ကိုပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"ဟင်း... အဲဒါတွေက အတိတ်က ကိစ္စတွေပါကွယ်... အခုချိန်မှာ အသက်ရှင်နေရတာကိုပဲ ကျေနပ်နေပါပြီ"

အသက်လတ်ပိုင်း အမျိုးသမီးက သက်ပြင်းသဲ့သဲ့ချလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် မတတ်သာသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။

ဟင်းချက်ပြီးသွားသောအခါ ဤအမျိုးသမီးက တိတ်တဆိတ် ထွက်ခွာသွားသည်။

ဤထမင်းဝိုင်းလေးမှာ သဘာဝကျကျပင် အလွန် ပျော်ရွှင်စွာ စားသောက်ခဲ့ကြပြီး ချန်းရီ ကိုယ်တိုင် ချက်သည်ထက် အများကြီး ပိုမို ကောင်းမွန်နေခဲ့သည်။

ထမင်းစားသည့် လုပ်ငန်းစဉ် တစ်ခုလုံးမှာ မိနစ် သုံးဆယ်သာ ကြာမြင့်ခဲ့၏။

အိုးအောက်ခြေမှ ဟင်းရည်ကိုပင် တစ်စက်မျှ မချန်ခဲ့ကြပေ။

မလှမ်းမကမ်းတွင် အာလူးပြုတ်ရည် သောက်နေကြသော အသက်ရှင်ကျန်ရစ်သူများမှာ တံတွေးများကို ရူးသွပ်မတတ် မျိုချနေကြသည်။

သဲမုန်တိုင်း တိုက်ခတ်ပြီးနောက် သူတို့၏ နေ့စဉ် ရိက္ခာများမှာ ပို၍ပင် ဆိုးရွားလာခဲ့သည်။

ဗိုက်ဝရုံမျှသာ မနည်း ကြိတ်မှိတ် စားသောက်နေရ၏။

သို့သော် မည်သူကမျှ ဤကိစ္စအပေါ် မကျေမနပ် ဖြစ်ခြင်း မရှိကြပေ။

ယနေ့တွင် ထိုလူတစ်စုက လူမျက်နှာနှင့် ထူးဆန်းသည့် အရာ၏ ကြောက်မက်ဖွယ် ကောင်းပုံကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ဖြစ်သည်။

သာမန်လူသာ ဆိုပါက ထိုလူမျက်နှာ ကင်းမြီးကောက်၏ မျိုချခြင်းကို ခံလိုက်ရသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။

ထိုလူမျက်နှာ ကင်းမြီးကောက်၏ သောင်းကျန်းမှု အပြီးတွင်...

အသက်ရှင်ကျန်ရစ်သူများမှာ မိမိတို့နှင့် လမ်းစဉ် အစွမ်းပိုင်ရှင်များကြားမှ ကွာဟချက်ကို ပို၍ပင် သဘောပေါက် နားလည်သွားကြသည်။

ရှုလီနာက သူမ၏ ပန်းကန်ထဲမှ အာလူးတုံး အနည်းငယ်နှင့် ဆန်ပြုတ်ကျဲကျဲကို ကြည့်လိုက်ပြီး မလှမ်းမကမ်းမှ ပေါကြွယ်ဝသော ရိက္ခာများကို လှမ်းကြည့်ကာ တံတွေးများ အဆက်မပြတ် ထွက်ကျလာသကဲ့သို့ ခံစားလိုက်ရသည်။

အသားဟင်း အနံ့များ တစ်သင်းသင်း လွင့်ပျံ့လာသောအခါ ရှုလီနာ၏ ရင်ထဲတွင် ကြောင်ကုတ်ခံရသကဲ့သို့ ဖြစ်လာ၏။

ယခင်က အသားဟင်းကို ဤမျှ မွှေးကြိုင်လှသည်ဟု တစ်ခါမျှ မခံစားခဲ့ရဖူးပေ။

သို့သော် ယခုတော့... အကယ်၍ ချန်းရီကသာ သူမကို အသားတစ်ဖတ်ကျွေးမည် ဆိုပါက သူမသည် ချန်းရီ၏ ပစ်ကပ်ကားထဲသို့ ယခုချက်ချင်းပင် ပြောင်းရွှေ့နေထိုင်ရန် ဆန္ဒရှိနေပေသည်။

"လီနာ... ကြိုးစားစမ်းပါ... နင် ချန်းရီရဲ့ စိတ်ကို ဆွဲဆောင်နိုင်မှာ သေချာတယ်... ကြိုးစားလိုက်စမ်း"

ရှုလီနာက ပန်းကန်ထဲမှ ဆန်ပြုတ်ကို တစ်ခွက်တည်း မော့သောက်လိုက်ပြီး သူမ၏ မျက်လုံးများက ပိုမို ခိုင်မာ ပြတ်သားလာတော့သည်။

...

အီလည်လည် ဖြစ်နေမှုကို ဖြေဖျောက်ရန် ချန်းရီက ဆေးလိပ်တစ်လိပ်ကို ထုတ်ယူရန် ပြင်လိုက်သည်။ သို့သော် ယခင် ဆေးလိပ်ဘူးမှာ ကားပေါ်တွင် ကျန်ရစ်ခဲ့ကြောင်း တွေ့လိုက်ရ၏။

ခေါင်းဆောင်ချူက လက်မြှောက်ကာ ဆေးလိပ်တစ်ဘူးကို လှမ်းပစ်ပေးလိုက်သည်။

"ငါ့ကား နည်းနည်း ပြဿနာတက်နေလို့... တစ်ချက်လောက် ကူကြည့်ပေးပါလား"

သဲမုန်တိုင်းကြောင့် ကားအပေါ် အနည်းငယ် သက်ရောက်မှု ရှိသွားခြင်း ဖြစ်နိုင်ပြီး ပြဿနာ သိပ်ကြီးမည် မထင်ပေ။

ချန်းရီ တစ်ခုခု ပြန်ပြောရန် အချိန်မရလိုက်မီမှာပင် ဘေးနားရှိ ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း နောက်ထပ် ဆေးလိပ်တစ်ဘူးကို ထပ်မံ လှမ်းပစ်ပေးလာပြန်သည်။

"ညီမကားကိုလည်း တစ်ချက်လောက် ကူကြည့်ပေးပါဦးနော်"

မျက်စိတစ်မှိတ်အတွင်း ဆေးလိပ် နှစ်ဘူး ရရှိသွားသဖြင့် ချန်းရီ၏ မျက်လုံးများက လခြမ်းကွေးလေးများသဖွယ် ပြုံးရွှင်သွားတော့သည်။

"ရပါတယ်... ခဏနားပြီးရင် သွားကြည့်ပေးမယ်"

"ဂလု"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဘီယာဗူးကို မ၍ အားရပါးရ မော့သောက်လိုက်ပြီး နောက်ဆုံး တစ်စက်ကိုပင် မချန်ခဲ့ပေ။

ထို့နောက် ဘီယာဗူးကို အလုံးလေးဖြစ်သွားအောင် ညှစ်ချေလိုက်ပြီး အဝေးသို့ လွှင့်ပစ်လိုက်သည်။

ထိုအမျိုးသမီးက သူမ၏ ဘေးမှ နောက်ထပ် ဘီယာတစ်ဗူးကို ထုတ်ယူလိုက်ပြန်သည်။ ၎င်းမှာလည်း လီတာဝက်ဝင် ဘူးကြီး တစ်ဘူးပင် ဖြစ်နေသေး၏။

"ဟေ့... နင် တကယ် သောက်နိုင်သေးလို့လား"

အကယ်၍ အခြားသူ တစ်ယောက်ယောက်သာ ဆိုပါက ချန်းရီ လုံးဝ မေးမည် မဟုတ်ပေ။

ဤမျှ ဂရုစိုက်နေရခြင်း၏ အကြောင်းရင်းမှာ ချန်းရီ၏ စိတ်နေသဘောထား ပြောင်းလဲသွား၍ မဟုတ်ဘဲ ဤအမျိုးသမီးက ယာဉ်တန်းတစ်ခုလုံးတွင် နံပါတ်တစ် အတော်ဆုံး အစွမ်းပိုင်ရှင် ဖြစ်နေသောကြောင့်ပင်။

နောင်တစ်ချိန်တွင် အသုံးချစရာ တန်ဖိုး ရှိနေသေးသည်။

"အစ်ကိုနဲ့ မဆိုင်ပါဘူးနော်... ညီမ သောက်ချင်လို့ သောက်တာပါ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အသစ်ဖောက်လိုက်သော ဘီယာဗူးကို တစ်ကျိုက်တည်းဖြင့် တစ်ဝက်တိတိ သောက်ချလိုက်ပြီး မူးရီနေသော မျက်လုံးများဖြင့် ချန်းရီကို စိုက်ကြည့်နေသည်။

စကားလုံးများက ဒေါသတကြီး ခပ်ကြမ်းကြမ်း ဖြစ်နေပေမယ့်...

ဒီကောင်မလေး၏ ပါးစပ်မှ ထွက်လာသောအခါတွင်မူ ဝမ်းနည်းနာကျင်မှုများနှင့် ငြီးတွားသံများ ရောယှက်နေပြီး နူးညံ့ပျော့ပျောင်းနေဆဲပင် ဖြစ်သည်။

ချန်းရီက နှာခေါင်းကို တစ်ချက်ပွတ်လိုက်ပြီး ထိုစကားကြောင့် ဒေါသထွက်ခြင်းမျိုး မရှိခဲ့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် သူမက ဆယ်ကျော်သက်အရွယ် ကောင်မလေး တစ်ယောက်မျှသာ မဟုတ်ပါလော။

မိမိကိုယ်တိုင်ကလည်း အရွယ်ရောက်ပြီး လူကြီးတစ်ယောက် ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။

"ထားလိုက်ပါတော့... ဖြည်းဖြည်း သောက်ပါ... ငါ ပြန်အိပ်တော့မယ်"

ဝှား... အိပ်ချင်လာပြီ...

အမှန်တော့ ချန်းရီက အိပ်ချင်နေခြင်း မဟုတ်ပေ။

သူ့လက်ထဲရှိ သတ်ဖြတ်မှတ်များကို မည်သို့ ခွဲဝေအသုံးပြုရမည်ဆိုသည်ကို အစီအစဉ်ဆွဲရန် ရည်ရွယ်ထားခြင်းသာ ဖြစ်သည်။

ဆက်ရန်...

All Chapters