အခန်း ၇၆
Vol. 4 Ch. 76
အပိုင်း(၇၆) မျက်နှာပြောင်တိုက် ရက်စက်ခြင်း
"လူမျက်နှာ ကင်းမြီးကောက်ရဲ့ အရေခွံကို နင်လိုချင်တယ်ဟုတ်လား"
နာနာ... မဟုတ်သေး၊ စွန်းချန်းချန်းက သူမလည်း ထိုလူမျက်နှာ ကင်းမြီးကောက်၏ အရေခွံကို လိုချင်ကြောင်း ချန်းရီအား ပြောလာသောအခါ ချန်းရီ အနည်းငယ် အံ့သြသွားမိသည်။
မနေ့က ထိုအရေခွံကို ရှာတွေ့ခဲ့စဉ်က စွန်းချန်းချန်းသည် ထိုအရာကို အလွန် ရွံရှာနေခဲ့ပြီး တစ်ချက်လေးပင် ပိုမကြည့်ချင်ခဲ့ပေ။
မိုးပင်မလင်းသေးခင်မှာပဲ ဤအမျိုးသမီး၏ စိတ်ကူးက ပြောင်းလဲသွားလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။
ယခုအချိန်တွင် သူမက ချန်းရီကို အနည်းငယ် ချွဲနွဲ့သော လေသံဖြင့် ပြောဆိုနေ၏။
"အင်း... အဲဒီ ကင်းမြီးကောက်က ပစ္စည်းကောင်းလေးမို့ ညီမ လိုချင်လို့ပါ"
"အစ်ကို... ညီမကို ကူညီပါနော်"
ချန်းရီ၏ အသက်က အသက် (၁၈) နှစ်အရွယ် နာနာ... မဟုတ်ပေ၊ စွန်းချန်းချန်းထက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ပိုကြီးသဖြင့် ချန်းရီအား အစ်ကိုဟု ခေါ်ဆိုခြင်းမှာ အပြစ်ဆိုဖွယ်ရာ မရှိပေ။
"ဒါဆို မနေ့က နင်က"
"မနေ့ကက မနေ့ကလေ... ဒီနေ့က ဒီနေ့ပေါ့"
"မနေ့က ကျွန်မတို့ လူမျက်နှာ ကင်းမြီးကောက်ကို သတ်လိုက်တုန်းက သဘာဝလွန်ပစ္စည်း နှစ်ခု ထွက်လာတယ်မလား... အဲဒီအကြေးခွံက တစ်ခုဆိုရင် အဲဒီလူမျက်နှာ အရေခွံကလည်း တစ်ခုပဲလေ"
"အဲဒီအကြေးခွံအကြောင်း အရင်မပြောသေးဘူးဆိုရင်တောင် လူမျက်နှာ အရေခွံကတင် သာမန်မဟုတ်ဘူးလေ"
"နင်က ဘယ်လိုလုပ် သိတာလဲ"
ချန်းရီက စွန်းချန်းချန်း၏ စကားကို ဖြတ်ကာ အံ့သြတကြီး မေးလိုက်သည်။
သူကိုယ်တိုင်ကတော့ စနစ်ရှိနေသဖြင့် စစ်ဆေးခွဲခြားနိုင်ခြင်း ဖြစ်သည်။
သို့သော် သူ့ရှေ့ရှိ ဆံပင်ပန်းရောင်နှင့် ဤကောင်မလေးက မည်သို့ သိနေရသနည်း။ သူမတွင်လည်း သူ မသိသေးသော လျှို့ဝှက်ချက် တစ်ခုခု ရှိနေသည်လား။
"အစ်ကိုက အတုံးလေးပဲ... အဲဒီလူမျက်နှာ အရေခွံကို ကြည့်လိုက်တာနဲ့တင် ရင်ထဲမှာ ကြက်သီးထပြီး နေလို့ထိုင်လို့ မကောင်းဖြစ်သွားတယ်မလား... ဟိုအကြေးခွံကြီးကို ကြည့်ရတာကမှ ဘာခံစားချက်မှ မဖြစ်တာ"
"လူကို နေမထိထိုင်မသာ ဖြစ်စေတဲ့ သဘာဝလွန်ပစ္စည်းတွေက များသောအားဖြင့် ပစ္စည်းကောင်းတွေ ကြီးပဲ"
"ဒါက သဘာဝလွန်ပစ္စည်းတွေ တန်ဖိုးရှိမရှိ ခွဲခြားဖို့ အရေးကြီးတဲ့ စံသတ်မှတ်ချက်ပဲ"
"အင်းပေါ့... ဒီလို ခွဲခြားတဲ့ စံနှုန်းက ရာနှုန်းပြည့် မှန်ချင်မှ မှန်မှာဆိုပေမယ့် အဲဒီ လူမျက်နှာ ကင်းမြီးကောက်ရဲ့ အရေခွံကို ခွဲခြားတဲ့ နေရာမှာတော့ မှားနိုင်စရာ အကြောင်းမရှိဘူး"
ဆံပင်ပန်းရောင် ကောင်မလေးက အသက်ငယ်ငယ်လေးနှင့် သူသိသည်ထက်ပင် ပိုသိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ချန်းရီက သူ သိမ်းဆည်းထားသော အရေခွံဆုတ် တစ္ဆေ ဦးရေပြားကို ပြန်တွေးမိသွားသည်။ သူ စတင်မြင်တွေ့ခဲ့ရစဉ်ကလည်း ထိုကဲ့သို့ နေရခက်သော ခံစားချက်မျိုး ဖြစ်ပေါ်ခဲ့သည် မဟုတ်ပါလော။ ကြည့်ရသည်မှာ ဤနည်းလမ်းက မှန်ကန်ပုံပေါ်၏။
"ယာဉ်တန်းရဲ့ စည်းကမ်းအရဆိုရင် ကျွန်မတို့ လေးယောက် ညီတူမျှတူ ခွဲယူရမှာလေ"
"အစ်ကို့ရဲ့ ဝေစု ညီမကို ပေးပါနော်... အစ်ကိုက မက္ကန်းနစ်လမ်းစဉ် အစွမ်းပိုင်ရှင်ပဲ... အစ်ကိုကိုယ်တိုင် ခေါင်းဆောင်ချူနဲ့ ဟိုလူသန်ကြီး ထယ်ရှီးတို့ကို သွားပြောပေးရင် သေချာပေါက် ရမှာပါ"
"ပြီးရင် ညီမရဲ့ ဓားကိုပါ အဆင့်မြှင့်ပေးဦးနော်"
ဆံပင်ပန်းရောင် ကောင်မလေးက တစ်ပတ်လှိမ့်လိုက်ပြီး ဖိအိပ်ထားသော ဓားရှည်ကို တိုက်ရိုက် ဆွဲထုတ်လာသည်။
"ငါ အဆင့်မြှင့်နိုင်တယ်ဆိုတာကို နင်က ဘယ်လိုသိ..."
စကားတစ်ဝက်ခန့်အရောက်တွင် ချန်းရီက သူ မေးလိုက်သော မေးခွန်းမှာ အလွန်တုံးအလွန်းကြောင်း သူ့ကိုယ်သူ သတိပြုမိသွားသည်။
"ဟီးဟီး... ညီမကို ငတုံး မှတ်နေလား... အစ်ကို့ကားက တစ်နေ့တစ်မျိုး ပြောင်းနေတာကို... တကယ်တော့ အစ်ကိုက မက္ကန်းနစ်လမ်းစဉ် မဟုတ်လောက်ဘူးဆိုတာ ကျွန်မတို့ သိထားတာ ကြာပြီ"
"ဒါပေမဲ့ အခုလို အချိန်ကြီးမှာ ဘယ်သူကများ လျှို့ဝှက်ချက် ကိုယ်စီ မရှိဘဲ နေမှာလဲ... အစ်ကို တစ်ယောက်တည်းမှာပဲ ရှိတယ် ထင်နေတာလား"
"ဟီးဟီး"
ကောင်မလေး၏ မျက်နှာထက်တွင် မြေခွေးမလေးတစ်ကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲသော အမူအရာများ အပြည့်ဖြစ်နေသည်။
ကောင်မလေးက ဓားရှည်ပေါ်သို့ အာရုံပြန်လွှဲလိုက်ပြီး ဆက်ပြောလေ၏။
"ဓားနတ်ဘုရား လမ်းစဉ်တိုင်းမှာ ကိုယ်ပိုင် ဇာတာခွင်ဓား တစ်လက်တော့ ရှိရတယ်လေ... ဒီဓားက အရင်က ကျွန်မ အဘိုး သိမ်းထားတဲ့ အလှပြဓားလေးပါ"
"ကျွန်မ အစွမ်းပိုင်ရှင် ဖြစ်လာကတည်းက ဒီဓားက ကျွန်မဘေးကနေ မခွာခဲ့ဘူး... အခု သူ့ရဲ့ နံပါတ်စဉ်က သုံးထောင်ကျော်ပဲ ရှိသေးတာ"
"အစ်ကို့မှာ သဘာဝလွန်ပစ္စည်းတွေကို အဆင့်မြှင့်နိုင်တဲ့ နည်းလမ်းရှိတယ်ဆိုတာ ညီမ သိပါတယ်... ညီမကို ကူညီပါနော်"
ကောင်မလေးက ချန်းရီ၏ လက်မောင်းကို ဆွဲကိုင်ကာ ချွဲနွဲ့နေသည်။
သူမ၏ ခေါ်ဝေါ်ပုံများကပင် ပို၍ ချိုသာရီဝေလာ၏။
သို့သော် ချန်းရီက ကောင်မလေး၏ ချွဲနွဲ့မှုကြောင့် စိတ်ပျော့မသွားခဲ့သလို မနေ့ညက သူတို့နှစ်ဦး၏ ပိုမိုနီးကပ်သွားသော ဆက်ဆံရေးကြောင့်လည်း သူ၏ တည်ကြည်မှုကို လျှော့ချမပစ်ခဲ့ပေ။
သူ့အကြည့်များက ပို၍ ရှင်းလင်းပြတ်သားလာကာ"နင်က ဘာနဲ့ လဲမှာလဲ"
စွန်းချန်းချန်းက ချန်းရီ၏ ဤစကားကို ကြားလိုက်ရသောအခါ မျက်လုံးပြူးသွားပြီး ချန်းရီအား မယုံနိုင်သလို စိုက်ကြည့်နေတော့သည်။
ငါက ဒီလောက်ထိတောင် လုပ်ပေးပြီးတာကို နင်က ငါနဲ့ ဒီလောက်တောင် ရှင်းရှင်းလင်းလင်း တွက်ချက်နေသေးတာလား။
"အလုပ်က အလုပ်ပဲလေ... ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်... ငါလည်း အဲဒီ လူမျက်နှာ ကင်းမြီးကောက်ရဲ့ အရေခွံကို လိုချင်တယ်"
"ဒီလိုလုပ်ကြတာပေါ့... အဲဒီအကြေးခွံက ငါ့ဝေစုနဲ့ အရေခွံက နင့်ဝေစုကို လဲကြမယ်... ငါက လူမျက်နှာ အရေခွံကို ယူမယ်... နင်က ကင်းမြီးကောက် အကြေးခွံကို ယူလိုက်"
"ငါ နင့်အတွက် သဘာဝလွန်ပစ္စည်း အဆင့်မြှင့်ပေးလို့ ရတယ်... ဒါပေမဲ့ ငါ တစ်ခါလုပ်ပေးရင် ဈေးအရမ်းကြီးတယ်နော်"
"ပြီးတော့ ချူချယ်နဲ့ ထယ်ရှီးတို့ကိုပါ သွားပြောပေးလို့ ရတယ်... ဒါပေမဲ့လည်း... ခုနက စကားအတိုင်းပဲ နင်က ငါ့ကို ဘာနဲ့ ပြန်ပေးမှာလဲ"
ချန်းရီ၏ အမူအရာမှာ လုံးဝကို စီးပွားရေး စကားပြောဆိုနေသည့် ပုံစံမျိုးပင် ဖြစ်နေသည်။
"ချန်းရီ... နင် ထွက်သွားစမ်း... သွား... သွား... ထွက်သွား"
အဆုံးသတ်ရလဒ်မှာတော့ ချန်းရီတစ်ယောက် ဤအဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားပေါ်မှ ကန်ချခံလိုက်ရခြင်းပင် ဖြစ်သည်။
ဤအချိန်တွင် မိုးကုပ်စက်ဝိုင်းဆီမှ အရုဏ်ဦး အလင်းရောင်များ သဲ့သဲ့လေး ပေါ်လာရုံသာ ရှိသေးပြီး အပူချိန်ကလည်း လုံးဝ မြင့်တက်မလာသေးပေ။
ကံကောင်းသည်မှာ ချန်းရီက လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေပြီဖြစ်ရာ ဤမျှလောက် အပူချိန်ကို ခံနိုင်ရည်မရှိဟု မခံစားရချေ။
ချန်းရီက ပခုံးတွန့်ကာ ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင်။
ကားတံခါးက ထပ်မံ ပွင့်လာပြန်သည်။
ဆံပင်ပန်းရောင် ချစ်စဖွယ် မျက်နှာလေးက ချန်းရီ၏ မျက်စိရှေ့တွင် ပေါ်လာပြီး မထီမဲ့မြင် လေသံဖြင့် ဆိုလေသည်။ "အကျင့်မကောင်းတဲ့လူ... မှတ်ထားလိုက်... နင့်ကို ဒီအမကြီးက ကစားသွားတာပဲ"
"ဒုန်း"
ကားတံခါးက တစ်ဖန် ပြန်ပိတ်သွားသည်။
ချန်းရီတစ်ယောက် နေရာမှာပင် ကြက်သေ သေသွားပြီး သူ၏ ရင်ထဲတွင် ရုတ်တရက် အရှက်ရစေသော ခံစားချက်ကြီး တစ်ခု လွှမ်းမိုးလာ၏။
သူ့ကိုယ်ပိုင် အိုဟောင်းစုတ်ပြတ်နေသော ပစ်ကပ်ကားလေးဆီသို့ ပြန်သွားကာ ကားနောက်ခန်းထဲတွင် ကိုယ်ကိုဆန့်၍ လှဲလျောင်းလိုက်သည်။
ကားအမိုးမှာ သဲမုန်တိုင်း၏ ဖျက်ဆီးမှုကြောင့် စုတ်ပြတ်သတ်သွားခဲ့ပြီး ဘယ်ဆီဘယ်ဝယ် လွင့်စဉ်သွားမှန်းပင် မသိရတော့ပေ။
မနေ့က ကြုံတွေ့ခဲ့ရသော အရှက်ရဖွယ် အတွေ့အကြုံများကို အနည်းငယ် ပြန်လည် စဉ်းစားမိပြီးနောက် စိတ်ကို ပြန်လည် စုစည်းလိုက်သည်။
ချန်းရီသည် မည်သို့ အဆင့်မြှင့်တင်ရမည်ကို စတင် တွက်ချက်တော့သည်။
လက်ရှိတွင် အဆင့်မြှင့်တင်ရန် လမ်းကြောင်း သုံးခု ရှိနေသည်။
ပထမတစ်ခုမှာ မရဏသွေး ထင်းခုတ်ဓားမကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။
လက်ထဲတွင်လည်း အရေခွံဆုတ် တစ္ဆေ ဦးရေပြား ရှိနေသေးသည်။
သို့သော် သတ်ဖြတ်မှတ် သုံးသောင်း ကုန်ကျမည် ဖြစ်သည်။
သတ်ဖြတ်မှတ်များက လုံလောက်မှု ရှိသော်လည်း အကယ်၍ သုံးသောင်းသာ သုံးစွဲလိုက်ပါက သူ့လက်ထဲရှိ သတ်ဖြတ်မှတ်များ အားလုံး ကုန်ခမ်းသွားပေလိမ့်မည်။
နောက်ပိုင်းတွင် အရေးပေါ် အခြေအနေ တစ်ခုခုနှင့် ကြုံတွေ့လာပါက စနစ်မှာ အလှပြသက်သက်သာ ဖြစ်သွားတော့မည်။
ဒုတိယနည်းလမ်းမှာ စနစ်ထဲမှနေ၍ မှော်ဆေးတောင့် တစ်ခု လဲလှယ်ရန် ဖြစ်သည်။
ချူချယ်က ထိုမှော်ဆေးတောင့် အကြောင်းကို ပြောပြပြီးကတည်းက ချန်းရီသည် ထိုအမည်ကို စိတ်ထဲတွင် အမြဲ မှတ်သားထားခဲ့သည်။
ခေါင်းဆောင်ချူ၏ အဆိုအရ မှော်ဆေးတောင့်သည် လူ့ခန္ဓာကိုယ်၏ အလားအလာများကို အပြည့်အဝ ဖော်ထုတ်ပေးနိုင်စွမ်း ရှိသည်ဟု ဆိုသည်။
လမ်းစဉ် အစွမ်းပိုင်ရှင်များ၏ စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်သည်။
လမ်းစဉ်ဆေးထိုးအပ်များထက်ပင် ပို၍ တန်ဖိုးကြီးမားသေး၏။
သေချာသည်မှာ ထိုကဲ့သို့ အလားတူ အာနိသင်မျိုး ရှိသည်က စွန်းချန်းချန်း စားသုံးခဲ့သော မှော်သစ်သီးပင် ဖြစ်သည်။
သို့သော်... မဖြစ်နိုင်ဘူးလေ။
ဆွေမျိုးသားချင်းတွေရဲ့ သွေးသားကို အသုံးပြုပြီး မှော်သစ်သီး ဖန်တီးကာ အစွမ်းပိုင်ရှင် ဖြစ်လာရမှာကိုတော့ သူ ကိုယ်တိုင် သံမဏိလို ခိုင်မာတဲ့ နှလုံးသားရှိနေရင်တောင် ဒီလိုကိစ္စမျိုးကို လုပ်ရက်မည်မဟုတ်ပေ။
"စနစ်... မှော်ဆေးတောင့် တစ်တောင့် လဲလှယ်ဖို့ သတ်ဖြတ်မှတ် ဘယ်လောက် လိုလဲ"
[မှော်ဆေးတောင့် - ကမ္ဘာပျက်ကပ် မတိုင်မီက လူသားတို့၏ ဉာဏ်ပညာများကို စုစည်း၍ ဖန်တီးထားသော ဆေးတောင့်တစ်မျိုး ဖြစ်ပြီး လူ့ခန္ဓာကိုယ်၏ အလားအလာများကို ကြီးမားစွာ ဖော်ထုတ်ပေးနိုင်ကာ အလွန် တန်ဖိုးကြီးမားပါသည်]
[မှော်ဆေးတောင့် တစ်တောင့် လဲလှယ်ရန် သတ်ဖြတ်မှတ် ငါးသောင်း လိုအပ်ပါသည်]
[လဲလှယ်လိုပါသလား]
ငါးသောင်း ဟုတ်လား။
ဤဈေးနှုန်းကို ကြားလိုက်ရသောအခါ ချန်းရီသည် လဲလှယ်လိုသော စိတ်ကူးကို ချက်ချင်း ဖျောက်ဖျက်ပစ်လိုက်တော့သည်။
တတိယမြောက် အစီအစဉ်မှာ ယာဉ်ကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။
ပစ်ကပ်ကား၏ အမိုးကို ယာယီ ပြင်ဆင်ရန် မလိုသေးပေ။
ကား၏ လျှပ်စစ်စနစ်မှာမူ အလွန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။
ဓာတ်ဆီ (၁၅) ဂါလန်မှာ ယခုအခါ သိပ်မကျန်တော့ချေ။
သူ၏ ရိက္ခာ အရန်သိုလှောင်မှုမှာ ချူချယ်၊ စွန်းချန်းချန်းနှင့် ထယ်ရှီးတို့နှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
သူတို့၏ အပြောအရ ယခင်က သူတို့ ဓာတ်ဆီဆိုင် တစ်ဆိုင်ကို ရှာတွေ့ခဲ့ကြဖူးပြီး ထိုအချိန်က ချန်းရီသည် ယာဉ်တန်းထဲသို့ ဝင်ရောက်မလာသေးပေ။
ထိုသူများသည် ထိုဓာတ်ဆီဆိုင်မှ လုံလောက်သော လောင်စာဆီများကို ရရှိခဲ့ကြသည်။
သူကိုယ်တိုင်ကတော့ သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိခဲ့ချေ။
ယခုအချိန်ထိ သူသည် ချူချယ်အား လောင်စာဆီ (၄) ဂါလန် အကြွေးဆပ်ရန် ကျန်နေသေးသည်။
အကယ်၍ အစားထိုး လောင်စာသာ မရှိပါက ဤကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားကြီးမှာ နောက်နှစ်ရက်နေလျှင် တစ်ယောက်ယောက်ထံ ထပ်မံ ငှားရမ်းရတော့မည် ဖြစ်သည်။
ထို့ကြောင့် ဤကိစ္စသည် လက်ရှိတွင် အရေးအကြီးဆုံးသော ကိစ္စရပ်ပင် ဖြစ်နေတော့သည်။
စနစ်နှင့် တစ်ကြိမ်တစ်ခါမျှ ဈေးဆစ်ကြည့်လိုက်သည်။
နောက်ဆုံး အတည်ပြုလိုက်သော အစီအစဉ်မှာ သတ်ဖြတ်မှတ် တစ်သောင်းခွဲ အသုံးပြုကာ နာရီ (၄၀) ကျော်အတွင်း နေရောင်ခြည်စွမ်းအင်သုံး အားသွင်းပြားကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။
အဆင့်မြှင့်တင်မှု ပြီးစီးသွားပါက နေရောင်ခြည် အပြည့်အဝရရှိသော အချိန် နာရီ (၂၀) အတွင်း ကားတွင် ပါဝင်သော လျှပ်စစ် (၁၀) ယူနစ်ကို အပြည့်အဝ အားသွင်းနိုင်မည် ဖြစ်သည်။
အကောင်းဆုံး အခြေအနေတွင် လျှပ်စစ် (၁၀) ယူနစ်ဖြင့် ထောက်ပံ့ထားသော မီနီကားလေး၏ မောင်းနှင်နိုင်စွမ်းမှာ မိုင် (၆၀) အထိ ရောက်ရှိနိုင်သည်။
သို့သော် ဤကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားကြီး၏ အရွယ်အစားမှာ ထိုမီနီကားလေးထက် အများကြီး ပိုမို ကြီးမားနေသည်။
ခရီးအကွာအဝေး မိုင် (၄၀) ခန့် မောင်းနှင်နိုင်လျှင်ပင် ကျေးဇူးတင်ရတော့မည် ဖြစ်သည်။
မိုင် (၄၀) ဆိုသည်ကလည်း လုံလောက်သည်ဟု ဆိုနိုင်ပါသည်။ ယာဉ်တန်း၏ နေ့စဉ် ရွှေ့ပြောင်းသွားလာရသော ခရီးအကွာအဝေးမှာ အတိအကျ သတ်မှတ်ထားခြင်း မရှိပေ။
လုံခြုံစိတ်ချရသော နေရာသို့ ရောက်ရှိသွားပါက ချူချယ်သည် စခန်းချ အနားယူရန် ရွေးချယ်တတ်သည်။
တစ်ခါတစ်ရံတွင် တစ်နေ့လျှင် မိုင် (၆၀) ထက်ပင် ပို၍ သွားရတတ်သည်။
တစ်ခါတစ်ရံတွင်တော့ တစ်နေ့လျှင် ဆယ်မိုင်ဂဏန်းခန့်သာ သွားရတတ်သည်။
ချန်းရီသည် ဤအဆင့်မြှင့်တင်ရေး အစီအစဉ်ကို အတည်ပြုလိုက်ချိန်တွင် သူ့လက်ချောင်းများပင် တုန်ယင်နေသည်ဟု ခံစားလိုက်ရ၏။
ခုလေးတင်မှ လက်ထဲရောက်လာသော သတ်ဖြတ်မှတ် သုံးသောင်းမှာ မျက်စိတစ်မှိတ်အတွင်း တစ်သောင်းကျော်သာ ကျန်တော့သည်ကို သူ ကြည့်နေမိသည်။
ဤခံစားချက်မှာ လစဉ် လစာထုတ်ပြီးသည်နှင့် တစ်ဝက်ကို အိမ်လခ ပေးလိုက်ရသကဲ့သို့ပင် ဖြစ်သည်။
ဤခံစားချက်ကြီးက တကယ်ကို နေလို့ထိုင်လို့ မကောင်းလှပေ။
ပစ်ကပ်ကား၏ အထက်တွင် သဲနာရီ ရေတွက်စနစ် တစ်ခု ပေါ်လာသည်။
[၄၇:၅၉:၅၉]
ကျန်ရှိနေသေးသော သတ်ဖြတ်မှတ်များကို ကြည့်ရင်း...
ချန်းရီ တကယ်ကို ကျေနပ်နိုင်ခြင်း မရှိခဲ့ပေ။
သတ်ဖြတ်မှတ် သုံးသောင်းကို သုံးလိုက်ရသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တစ်စက်ကလေးမျှပင် တိုးတက်မလာခဲ့ခြင်းကို မကျေမနပ် ဖြစ်နေမိသည်။
သဘာဝလွန်ပစ္စည်းကိုလည်း အဆင့်မမြှင့်နိုင်ခဲ့သလို သူ့ခန္ဓာကိုယ်အတွက်လည်း အသုံးမပြုနိုင်ခဲ့ပေ။
ထို့အပြင် ဤကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားကြီး၏ လျှပ်စစ်စနစ်မှာလည်း တကယ်ကို ချွေတာ၍ မရနိုင်သော အရာဖြစ်နေသည်။
စဉ်းစားရင်းဖြင့် ချန်းရီသည် မှော်ဆေးတောင့်ကို ထပ်မံ သတိရသွားပြန်သည်။
လုံလောက်သော သတ်ဖြတ်မှတ်များ မရှိမှတော့ အစားထိုး နည်းလမ်းတစ်ခုခုကိုများ ရှာမရနိုင်ဘူးလား။
သိုင်းဝတ္ထုတွေထဲမှာဆိုရင် အတွင်းအား ကျင့်စဉ်ဆိုတာမျိုး ရှိတယ် မဟုတ်လား။
စွမ်းအားကို မြှင့်တင်နိုင်မယ့် နည်းလမ်းဆိုလို့ တကယ်ပဲ မရှိတော့ဘူးလား။
ဆက်ရန်...