အခန်း ၇၇
Vol. 4 Ch. 77
အပိုင်း(၇၇) အခြားယာဉ်တန်းများ၏ သတင်း
လမ်းစဉ်အစွမ်း နိုးကြားလာပြီးနောက်ပိုင်း ချန်းရီက ဤကာလအတွင်း သူ၏အစွမ်းကို အမြဲတစေ လေ့ကျင့်နေခဲ့သည်။
စွမ်းရည်တိုးတက်လာခြင်းက ကမ္ဘာပျက်ကပ်တွင် အသက်ရှင်သန်ရန် တစ်ခုတည်းသော နည်းလမ်းကောင်းဖြစ်သည်။
သေချာသည်မှာ ဤသို့လေ့ကျင့်ခြင်းက ရိုးအအ နည်းလမ်းတစ်ခု ဖြစ်နေသည်။
ဆေးလိပ်ကို မရပ်မနားသောက်ကာ မီးခိုးငွေ့များ မှုတ်ထုတ်ရပြီးနောက် အစွမ်းကိုအသုံးပြု၍ တိရစ္ဆာန်အမျိုးမျိုး၏ ပုံသဏ္ဌာန်များကို ဖန်တီးယူရသည်။
သို့တည်းမဟုတ် သူ၏ ကိုယ်ပတ်လည်တွင် မီးခိုးမြူများ ဖုံးလွှမ်းသွားစေရန် ပြုလုပ်ရ၏။
လက်ရှိစွမ်းရည်က စတင်နိုးကြားခါစအချိန်နှင့် ယှဉ်လျှင် အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်မှာ သေချာသည်။
သို့သော် တိုးတက်မှုက အလွန်အကန့်အသတ် ရှိနေဆဲပင်။
ပြီးခဲ့သည့်အကြိမ် လူ့မျက်နှာနှင့် ကင်းမြီးကောက်ကို တိုက်ခိုက်စဉ်က ချန်းရီက အချိန်တော်တော်များများ ယူခဲ့ရပြီး ဆေးလိပ်အမြောက်အမြား သောက်သုံးပြီးမှသာ မီးခိုးမြူများကို ဖန်တီးနိုင်ခဲ့သည်။
အကယ်၍သာ ပြိုင်ဘက်က လူသားဖြစ်နေပြီး ကူညီမည့်သူသာ မရှိခဲ့ပါက ချန်းရီတစ်ယောက် စောစောစီးစီးပင် အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။
ဤနည်းလမ်းက အလွန် ရိုးအလွန်းပြီး စွမ်းရည်တိုးတက်မှုကလည်း အလွန် နှေးကွေးလှသည်။
တစ်ချိန်တည်းမှာပင် ဆေးလိပ်လည်း အလွန်ကုန်၏။
အကယ်၍ နီကိုတင်း ခံနိုင်ရည် ဟူသော နောက်ခံအစွမ်းသာ မရှိခဲ့လျှင် ချန်းရီကိုယ်တိုင်လည်း ဤသို့ လေ့ကျင့်ရဲမည် မဟုတ်ပေ။
ချန်းရီက ချူချယ်ကို တစ်ခါက မေးဖူးသည်။
လမ်းပြသူ လမ်းစဉ်က အလွန် ထူးခြားပြီး တစ်နေ့လျှင် နှစ်ဆယ့်လေးနာရီပတ်လုံး ထူးဆန်းသောအရာများကို အမြင့်မားဆုံး အာရုံခံနိုင်စွမ်းဖြင့် အာရုံခံနေရခြင်း ဖြစ်သည်။
ထို့ကြောင့် ချူချယ်၏ အစွမ်းက နေ့စဉ်နှင့်အမျှ အလိုအလျောက် လေ့ကျင့်ပြီးသား ဖြစ်နေသည်။
ချူချယ်၏ အဆိုအရ အသက်ရှင်သန်သည့် အချိန်ကာလ လုံလောက်ပါက လမ်းစဉ်အစွမ်း တိုးတက်လာမည်မှာ သေချာသည်။
သို့သော် ဤတိုးတက်မှုဖြစ်စဉ်က အနည်းငယ် နှေးကွေးနိုင်ပေသည်။
ချူချယ်၏ နည်းလမ်းက အနှစ်သာရအားဖြင့် ချန်းရီ၏ နည်းလမ်းနှင့် အတူတူပင် ဖြစ်သည်။
ထယ်ရှီးက တိုက်တန် လမ်းစဉ်၏ အစွမ်းပိုင်ရှင် ဖြစ်သည်။
ထယ်ရှီး၏ အဆိုအရ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရုံဖြင့် ပိုမို သန်မာလာနိုင်သည်ဟု ဆို၏။
ထို့ကြောင့် ခရီးမသွားရသည့် အချိန်များတွင် ထယ်ရှီးတစ်ယောက် သဲကန္တာရထဲ၌ ခန္ဓာကိုယ် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ လုပ်နေသည်ကို ချန်းရီက အကြိမ်ကြိမ် တွေ့ခဲ့ရသည်။
ဤနည်းလမ်းကလည်း အခြေခံအားဖြင့် ချန်းရီနှင့် အတူတူပင် ဖြစ်သည်။
သို့သော် ချန်းရီက ကျေနပ်ရောင့်ရဲမှု မရှိပေ။
မိမိ၏ အစွမ်းသာ ဤထက်ပို၍ စွမ်းအားကြီးမားခဲ့လျှင် ယခင်က လူ့မျက်နှာနှင့် ကင်းမြီးကောက်ကို ရင်ဆိုင်ရချိန်တွင် ထိုမျှလောက် အပင်ပန်းခံ တိုက်ခိုက်ရမည် မဟုတ်ချေ။
ယာဉ်ကို အဆင့်မြှင့်တင်ခြင်း ဖြစ်စေ၊ စွမ်းရည်ကို မြှင့်တင်ခြင်း ဖြစ်စေ အားလုံးက ကမ္ဘာပျက်ကပ်ထဲတွင် အသက်ရှင်သန်နိုင်ရန်အတွက်သာ ဖြစ်သည်။
ဤကဲ့သို့သော ရွှေ့ပြောင်းခရီးစဉ်မျိုးတွင် ယာဉ်နှင့် ကိုယ်ပိုင်အစွမ်း နှစ်ခုစလုံးက မရှိမဖြစ် လိုအပ်လှသည်။
သိုင်းဝတ္ထုများထဲကလို နေ့စဉ် သိုင်းကျင့်စဉ် တစ်ခုခုကို လေ့ကျင့်ရုံဖြင့် စွမ်းရည် တိုးတက်လာနိုင်မည့် နည်းလမ်းများ မရှိနိုင်တော့ဘူးလား။
နေ့စဉ် အချိန်ဖြုန်းပြီး ပင်ပင်ပန်းပန်း လေ့ကျင့်နေရသည့် နည်းလမ်းထက် အနည်းငယ် ပိုမြန်လျှင်ပင် လုံလောက်ပြီ ဖြစ်သည်။
"စနစ်... လမ်းစဉ်အစွမ်းကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းမျိုး ရှိလား... ဥပမာ"
ချန်းရီက သိုင်းဝတ္ထုများထဲမှ အတွင်းအား ကျင့်စဉ်များ၏ သဘောတဘာဝကို စနစ်အား ရှင်းပြသည်။
လည်ပတ်နေသော စက်ဝိုင်းငယ်လေးက တစ်ဖန် ပြန်လည် ပေါ်လာပြန်၏။
စနစ်က စဉ်းစားနေသည်မှာ သိသာလှသည်။
တကယ်ပဲ ရှိနေတာလား။
ချန်းရီက အနည်းငယ် စိတ်လှုပ်ရှားလာပြီး အသက်ရှူနှုန်းများလည်း အတန်ငယ် မြန်ဆန်လာသည်။
တကယ်လို့များ ထိုသို့သော အတွင်းအား ကျင့်စဉ်မျိုးသာ ရှိနေပါက ဈေးအနည်းငယ် ကြီးနေလျှင်တောင် လက်ခံနိုင်သေးသည်။
ယင်းက စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည့် အရာ မဟုတ်ပါလော။
[သီအိုရီအရဆိုရလျှင် လမ်းစဉ်အစွမ်းနှင့် ပိုင်ရှင်ပြောသော အတွင်းအားဆိုသည်မှာ စွမ်းအင်ကို အသုံးချခြင်းများပင် ဖြစ်ပါသည်]
"ဒီလိုဆိုရင် ဖြစ်နိုင်တယ်ပေါ့"
ချန်းရီက စနစ်၏ ရှင်းလင်းချက်ကို မနေနိုင်ဘဲ ကြားဖြတ်ဟန့်တားမိပြီး သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေ၏။
တကယ်သာ ဖြစ်နိုင်ခဲ့မည်ဆိုလျှင်တော့...
[သီအိုရီအရ ဖြစ်နိုင်ပါသည်... တွက်ချက်ဖန်တီးရန်အတွက် သတ်ဖြတ်မှတ်များကို သုံးစွဲရန် လိုအပ်ပါသည်]
"ကောင်းပြီ ကောင်းပြီ... သတ်ဖြတ်မှတ် ဘယ်လောက် လိုအပ်မလဲ"
[ခန့်မှန်းခြေအားဖြင့် သတ်ဖြတ်မှတ် တစ်သောင်း လိုအပ်မည်ဖြစ်ပြီး တွက်ချက်ဖန်တီးရန်အတွက် ၃၆ နာရီ ကြာမြင့်ပါမည်]
[လက်ရှိတွင် စနစ်၏ လုပ်ငန်းစဉ် တစ်ခုကို လုပ်ဆောင်နေဆဲဖြစ်ပါသည်... ယခုလုပ်ဆောင်နေသော လုပ်ငန်းစဉ်ကို ရပ်တန့်လိုပါသလား]
[သတိပေးချက် - လက်ရှိလုပ်ငန်းစဉ်ကို ရပ်တန့်လိုက်ပါက သုံးစွဲထားသော သတ်ဖြတ်မှတ်များကို ပြန်လည်ရရှိမည် မဟုတ်ပါ]
[သင့်အနေဖြင့် သေချာစွာ စဉ်းစားဆုံးဖြတ်ပါရန်]
သတ်ဖြတ်မှတ် တစ်သောင်း ဟုတ်လား။ တွက်ချက်ဖို့ကိုလည်း (၃၆) နာရီတောင် ကြာဦးမယ်ပေါ့။
သတ်ဖြတ်မှတ် ပေးရုံဖြင့် လိုချင်သော ရလဒ်ကို ချက်ချင်း ရနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့မိသည်။
ချန်းရီက စနစ်၏ နောက်ထပ် ထူးခြားချက်အသစ် တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
စနစ်အတွက် ရိုးရှင်းသော အချက်အလက်များဆိုလျှင် သတ်ဖြတ်မှတ် ပေးချေလိုက်ရုံဖြင့် ရလဒ်ကို ချက်ချင်း ရရှိနိုင်သည်။
ပိုမိုရှုပ်ထွေးခက်ခဲသော လုပ်ငန်းစဉ်များအတွက်မူ သတ်ဖြတ်မှတ် ပိုမိုပေးချေရသကဲ့သို့ အချိန်လည်း ပိုမို ကြာမြင့်မည်ဖြစ်သည်။
ဥပမာအားဖြင့် ယခု လမ်းစဉ်အစွမ်းကို လေ့ကျင့်မည့် နည်းလမ်းမျိုးပင်။
စနစ်အတွက် ဤကိစ္စက အလွန် ရှုပ်ထွေးခက်ခဲသော အရာတစ်ခု ဖြစ်ပုံရသည်။
သေချာသည်မှာ သူ၏အပေါ် အထောက်အကူပြုမှုကလည်း ပိုမို ကြီးမားလှပေသည်။
လက်ရှိလုပ်ငန်းစဉ်ကို ရပ်တန့်ရန် ကိစ္စအတွက်မူ ချန်းရီက လုံးဝ ငြင်းပယ်မည်မှာ သေချာသည်။
ယင်းက သတ်ဖြတ်မှတ် တစ်သောင်းခွဲတောင် တန်ကြေးရှိသည့် လုပ်ငန်းစဉ် မဟုတ်ပါလော။
ရင်ထဲမှ လှုပ်ရှားနေသော စိတ်ကို အတင်းဖိနှိပ်ထားပြီး (၄၈) နာရီ ပြည့်သွားပြီးမှသာ ဆက်လက် စဉ်းစားရန် ဆုံးဖြတ်သည်။
မိုးကုပ်စက်ဝိုင်းဆီမှ အလင်းရောင် သဲ့သဲ့ပေါ်လာပြီး သွေးရောင်လမင်းကြီးက တဖြည်းဖြည်း ဝင်ရောက်သွားကာ သဲကန္တာရပေါ်ရှိ သွေးရောင်များလည်း တဖြည်းဖြည်း ဖျော့တော့သွားသည်။
နေ့စဉ် နံနက်ခင်းတိုင်း၌ နံနက်ခင်း နေရောင်ခြည်ကို ကြိုဆိုခွင့် ရနေခြင်းက ကမ္ဘာပျက်ကပ်ထဲရှိ အသက်ရှင်ကျန်ရစ်သူများအတွက် မျှော်လင့်ချက်အချို့ ယူဆောင်လာပေးသည်မှာ သေချာလှသည်။
ချန်းရီ ကိုယ်တိုင်ပင်လျှင် နံနက်တိုင်း ဤကဲ့သို့သော နေရောင်ခြည်ကို မြင်တွေ့ရချိန်တွင် ရင်ထဲမှ မှိုင်းညို့နေမှုများ အတန်ငယ် လွင့်စင်သွားရသည်။
လူအချို့ စတင် နိုးထလာကြပြီး စခန်းချရာ နေရာ၌ လှုပ်ရှားသံများ ထွက်ပေါ်လာသည်။
အချို့က ကားပေါ်မှဆင်းကာ အဝေးသို့သွား၍ ကိုယ်လက်သန့်စင်မှုများ ပြုလုပ်ကြသည်။
အချို့ကမူ မီးဖိုများတည်ကာ မီးမွှေးနေကြပြီ ဖြစ်သည်။
မလှမ်းမကမ်းရှိ သဲကုန်းပေါ်မှ သွယ်လျလှပသော ပုံရိပ်လေးတစ်ခု ဆင်းသက်လာသည်။
သူမ၏ ပန်းရောင် ဆံပင်ရှည်ကြီးက နံနက်ခင်း နေရောင်အောက်တွင် တောက်ပနေ၏။
သို့သော် ထိုပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး စိုစွတ်နေသော ဆံနွယ်များက မျက်နှာနှင့် လည်ပင်းပေါ်တွင် တွဲလွဲကျနေသည်။
ထိုကောင်မလေး၏ လက်ထဲတွင်လည်း ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသေးသည်။
ဒီကောင်မလေး... ဓားသိုင်းသွားကျင့်နေခဲ့တာများလား။ မနေ့ည တစ်ညလုံး... အခုအချိန်အထိပါ ပေါင်းလိုက်ရင် ဒီကောင်မလေးက တကယ်ပဲ...
ဒီနေ့ မနက်စာက ဆန်ပြုတ် ဖြစ်သည်။ ထမင်းချက်သည့် အမျိုးသမီးက တကယ်ကို တော်သည်ဟု ဝန်ခံရမည်။
ရိုးရှင်းလှသော ဆန်ပြုတ်ဖြူဖြူလေးကိုပင် ဆန်မွှေးနံ့များ သင်းပျံ့နေအောင် ချက်ပြုတ်နိုင်စွမ်း ရှိသည်။
ထယ်ရှီးက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲ ဖြစ်သည်။
ချူချယ်၏ အဆိုအရ ဤတစ်ကြိမ် လူ့မျက်နှာနှင့် ကင်းမြီးကောက်ကို တိုက်ခိုက်ရာတွင် ထယ်ရှီး၏ ဒဏ်ရာက ဒုတိယသာဖြစ်ပြီး အဆိပ်မိထားခြင်းကသာ ပြဿနာအကြီးဆုံး ဖြစ်နေသည်။
အကယ်၍ အခြား လမ်းစဉ်(၁) အစွမ်းပိုင်ရှင် တစ်ယောက်ယောက်သာ ဆိုလျှင် အဆိပ်တက်၍ သေဆုံးသွားသည်မှာ ကြာလောက်ပြီ ဖြစ်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချန်းရီနှင့် ပြန်လည် ဆုံတွေ့ချိန်တွင် လုံးဝ ရှက်ရွံ့နေသည့်ပုံ မပေါ်ပေ။ မနေ့က ဘာမှ မဖြစ်ခဲ့သည့်အလားပင် ရှိနေသည်။
ချန်းရီက အနည်းငယ် အံ့သြသွား၏။ သို့သော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားသည်။
အမှန်တကယ်တော့ ချန်းရီ မသိခဲ့သည်မှာ စွန်းချန်းချန်း၏ ရင်ထဲတွင်လည်း ဗျာများနေပြီး ချန်းရီက သူမအပေါ် မည်ကဲ့သို့ တာဝန်ယူမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ကောင်မလေး၏ အမြင်တွင် ချန်းရီက ၂၀၀၀ ခုနှစ်အလွန် မျိုးဆက်ဖြစ်ပြီး သူမက ၂၀၁၀ ခုနှစ်အလွန် မျိုးဆက် ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် မွေးဖွားခဲ့သော သူမက ယခု ၂၀၃၀ ခုနှစ်တွင် အသက် (၁၈) နှစ်ပြည့်၍ လူကြီးဖြစ်ခါစသာ ရှိသေးသည်။
ဤလကုန်သွားလျှင်ပင် အသက် (၁၉) နှစ်သာ ရှိသေး၏။ ချန်းရီကဲ့သို့သော ရှေးရိုးစွဲလူကြီး၏ အယူအဆများက သူမနှင့် တူညီမည် မဟုတ်ပေ။
ယခင်က ရုပ်ရှင်ကြည့်ဖူးသည့် အတွေ့အကြုံများအရ ထိုရှေးရိုးစွဲလူကြီးများသည် အယူအဆ ဟောင်းနွမ်းကြပြီး တစ်ခုခု ဖြစ်ပျက်သွားသည်နှင့် တစ်သက်လုံး အတူတူနေရမည်ဟု ထင်မှတ်တတ်ကြသည်။
ထို့ကြောင့် ကောင်မလေး၏ ရင်ထဲတွင် ဖိအားများစွာ ရှိနေခဲ့သည်။
မနက်ခင်းက ချန်းရီထံသွား၍ လူ့မျက်နှာနှင့် ကင်းမြီးကောက်၏ မျက်နှာခွံဝေစုကို တောင်းဆိုခဲ့ခြင်းမှာ အခြေအနေကို စမ်းသပ်ကြည့်ခြင်းသာ ဖြစ်သည်။
နောက်ပိုင်းတွင် ချန်းရီက ငြင်းဆိုခဲ့၏။ ထိုအချက်အတွက် ကောင်မလေးက စိတ်ပျက်အားငယ်သွားခြင်း မရှိသည့်အပြင် စိတ်သက်သာရာ ရသွားသကဲ့သို့ပင် ခံစားခဲ့ရသည်။
သူမ၏ အသက်က (၁၈) နှစ်သာ ရှိသေးသည်ဟု အထင်မသေးသင့်ပေ။ သူမ၏ တွေးတောပုံက လူကြီးများထက် လုံးဝ မလျော့နည်းချေ။
သို့မဟုတ်ပါကလည်း ယခုအချိန်အထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။ ကမ္ဘာပျက်ကပ်တွင် စိတ်ထားဖြူစင်သူများ အသက်ရှင်ကျန်ရစ်နိုင်ခြင်းမှာ ခဲယဉ်းလှသည်။
ယခု ချန်းရီက ထိုကိစ္စကို လုံးဝ အရေးမစိုက်သည့်ပုံစံ တွေ့ရမှသာ သူမလည်း သက်ပြင်းချကာ စိတ်အေးသွားတော့သည်။
သို့သော် ရင်ထဲမှ အက်ကွဲနာကျင်မှုလေးက ဆူးတစ်ချောင်းလို စူးနစ်နေပြီး အသက်အန္တရာယ် မရှိလျှင်တောင်မှ သူမရှေ့ရှိ အမျိုးသားက အခြားသူများနှင့် လုံးဝမတူညီကြောင်း သူမကို အချိန်တိုင်း သတိပေးနေ၏။
အမှန်တော့ ကောင်မလေး မသိခဲ့သည်မှာ ချန်းရီက သူမထင်ထားသည်ထက် များစွာ ပို၍ သွေးအေးနေခြင်း ဖြစ်သည်။
အကယ်၍ အန္တရာယ်နှင့် ကြုံတွေ့ရပြီး တစ်ယောက်ကို စတေးမှသာ အသက်ရှင်နိုင်မည် ဆိုပါက ချန်းရီက တွန့်ဆုတ်နေခြင်းမရှိဘဲ ထိုသို့ ပြုလုပ်မည်သာ ဖြစ်သည်။
သူတို့နှစ်ယောက်ကြားတွင် ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ဖူးလျှင်တောင်မှ ထိုသို့ပြုလုပ်ရန် ဝန်လေးမည် မဟုတ်ပေ။
ကောင်မလေးကိုလည်း သူ့အပေါ် ထိုသို့သာ ပြုမူစေချင်သည်။ ကမ္ဘာပျက်ကပ်ထဲတွင် အသက်ရှင်သန်နိုင်ရန်အတွက် လူတိုင်းက ကိုယ့်စွမ်းကိုယ်စဖြင့်သာ ရပ်တည်ရမည် မဟုတ်ပါလော။
အချစ်ရေးကိုသာ ဦးစားပေးသူများက ကမ္ဘာပျက်ကပ်တွင် ဆက်လက် ရှင်သန်နိုင်မည် မဟုတ်ချေ။
ခေါင်းဆောင်ချူ၏ အကြည့်များက သူတို့နှစ်ယောက်ဆီသို့ အကြိမ်ကြိမ် ရောက်ရှိနေပြီး သူတို့နှစ်ဦးထံမှ ထူးခြားသည့် အရိပ်အယောင်တစ်ခုခုကို မြင်တွေ့ရရန် မျှော်လင့်နေသည်။
သို့သော် သူတို့နှစ်ဦးမှာ လုံးဝ ရင်းနှီးပတ်သက်နေသည့်ပုံ သို့မဟုတ် ရှက်ရွံ့နေသည့်ပုံ မပေါ်သည်ကို တွေ့ရသောအခါ ခေါင်းဆောင်ချူ ကိုယ်တိုင်ပင် တွေဝေသွားရသည်။
ငါ မနေ့ညက ကြားလိုက်တာ မှားသွားတာများလား။
"ထမင်းစားပြီးရင် ကျွန်မရဲ့ကားလေးကို ခဏလောက် လာကြည့်ပေးဦး... မမေ့နဲ့ဦးနော်"
"အေးပါ"
"ကားလေးတစ်ခေါက် ကြည့်ပေးတာကို ဆေးလိပ်တစ်ဘူးဆိုတာတော့ ရှင့်ဘက်က အရမ်း ဈေးများလွန်းတယ်"
"ဈေးကြီးတယ် ထင်ရင်လည်း တခြားသူကို သွားရှာလို့ ရတာပဲလေ"
"ဟွန့်... ဒါဆိုလည်း ရှင် ကျွန်မကို ဆေးလိပ်ဘူး ပြန်ပေး... ကျွန်မ တခြားသူကိုပဲ ရှာလိုက်မယ်"
"ရှက်တတ်တဲ့စိတ်လေး ဘာလေး မရှိဘူးလား... သူများဆီ ပေးပြီးသား ပစ္စည်းကို ဘယ်သူကများ ပြန်တောင်းတတ်လို့လဲ"
"တော်ကြပါတော့ တော်ကြပါတော့... ငါလည်း အခကြေးငွေ ပေးထားတာပဲလေ... ချန်းရီ... ခဏနေရင် ငါ့ကားကို အရင်ကြည့်ပေး... ပြီးမှ သူ့ကားကို ကြည့်ပေးလိုက်... အဲဒါဆို အဆင်ပြေတယ် မဟုတ်လား"
သူတို့နှစ်ယောက် ရန်ဖြစ်တော့မည့် အခြေအနေကို မြင်လိုက်ရသဖြင့် ချူချယ်က အလျင်အမြန် ဝင်ရောက် ဖြန်ဖြေပေးသည်။
န်းရောင်ဆံပင်နှင့် ကောင်မလေးက မာနတခွဲသားနှင့် ခေါင်းကိုမော့ကာ "ဟွန့်" ဟု အသံပြုလိုက်၏။
ထယ်ရှီးဘက်မှမူ ကားစစ်ဆေးပေးရန် ချန်းရီကို အကူအညီ လာမတောင်းပေ။
ပထမအချက်အနေဖြင့် ချန်းရီက ကားစစ်ဆေးပေးရာတွင် ဆေးလိပ်တစ်ဘူး တောင်းဆိုခြင်းက အလွန် ဈေးကြီးလွန်းနေသည်။
ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဆေးလိပ်တစ်ဘူးမှာ ယွမ် ဆယ်ဂဏန်းဝန်းကျင်မျှသာ ရှိသည်။ သို့သော် ယခုအချိန်က ကမ္ဘာပျက်ကပ် ရောက်နေပြီ ဖြစ်၏။
ဒုတိယအချက်အနေဖြင့် ကျောင်းကားပေါ်တွင် လူအများအပြား ပါရှိပြီး သူတို့ကိုယ်ပိုင် ကားပြင်သမားများလည်း ရှိကြသည်။
သူတို့ ဖြေရှင်း၍ မရသော အခြေအနေမျိုး ကြုံတွေ့ရမှသာ ချန်းရီက ဝင်ရောက် ကူညီပေးရခြင်း ဖြစ်သည်။
"ဒါနဲ့... မင်းတို့နှစ်ယောက်ဆီမှာ ရေသန့် ဘယ်လောက် ကျန်သေးလဲ"
ပန်းကန်ကို ချလိုက်သည်နှင့် တပြိုင်နက် ချူချယ်က ထိုကဲ့သို့သော လေးနက်သည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။
ချန်းရီကလည်း လက်ထဲမှ ပန်းကန်ကို ချလိုက်ပြီး "ငါ့ဆီမှာ လေးငါးဘူးလောက်တော့ ကျန်ပါသေးတယ်"
"ကျွန်မက နည်းနည်း ပိုများတယ်... ဆယ်ဘူးလောက် ကျန်သေးတယ်"
ချူချယ်၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားပြီး သူ၏ မျက်နှာအမူအရာက အလွန် လေးနက်တည်ကြည်သွားသည်။
"အားလုံး ရေကို ချွေတာသုံးကြဦး... ခန့်မှန်းရသလောက်ဆိုရင် ဒီရက်ပိုင်းအတွင်းမှာပဲ တခြား ယာဉ်တန်းတွေနဲ့ ငါတို့ ဆုံတွေ့နိုင်တယ်... အဲဒီအချိန်ရောက်ရင် အဆင်ပြေပြေနဲ့ သူတို့ဆီက ရေတချို့ကို လဲလှယ်လို့ ရလောက်မှာပါ... အဲဒီမတိုင်ခင် ထယ်ရှီး တစ်ယောက် သတိပြန်လည်လာဖို့ မျှော်လင့်ရတာပဲ"
အခြား ယာဉ်တန်း ဟုတ်လား။
ဤသတင်းကို ကြားလိုက်ရသောအခါ ချန်းရီ၏ မျက်နှာမှာလည်း လေးနက်သွားသည်။
စွန်းချန်းချန်း၏ မျက်နှာလေးမှာလည်း တင်းမာသွား၏။
ကမ္ဘာပျက်ကပ်ထဲတွင် တစ်ခါတစ်ရံ၌ သင့်ကို ဒုက္ခပေးမည့်အရာက ထူးဆန်းသောအရာများ မဟုတ်ဘဲ လူသားများ ဖြစ်နိုင်ချေ အလွန် များလှသည်။
ဤကဲ့သို့သော အချိန်မျိုးတွင် အခြား ယာဉ်တန်းများနှင့် ဆုံတွေ့ရခြင်းက လူမျက်နှာနှင့် ကင်းမြီးကောက်ကို ရင်ဆိုင်ရသည်ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေသေးသည်။
ဆက်ရန်...