← Chapters

အခန်း ၈၀

Vol. 4 Ch. 80

အခန်း ၈၀

Vol. 4 Ch. 80

အပိုင်း(၈၀) အကြံကိုယ်စီ

"မင်္ဂလာပါ... ကျွန်တော်က မိုဟိုင်ရမ်ပါ... ခေါင်းဆောင်မို ဒါမှမဟုတ် အဘိုးမိုလို့ပဲ ခေါ်ပါ"

ပါးစပ်တွင် ဆေးတံခဲထားသော အဘိုးအို၏ မျက်နှာပေါ်ရှိ အပြုံးက ပန်းပွင့်တစ်ပွင့်အလား ဖြာဝေနေ၏။ သူက ပူလောင်နေသော သဲပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေရင်း ခေါင်းဆောင်ချူထံသို့ လက်ကမ်းပေးလိုက်သည်။

အနောက်မြောက်လေသံ အပြည့်ပါနေသော စကားသံက ကြားရသူကို အနည်းငယ်တော့ အထူးအဆန်း ဖြစ်သွားစေသည်။

ချူချယ်ကလည်း ပြုံးရွှင်စွာဖြင့် လက်ကမ်းပေးလိုက်သည်။ "ကျွန်တော်က ချူချယ်ပါ... တရားမျှတရေး ယာဉ်တန်းရဲ့ ခေါင်းဆောင်ပါ... ခေါင်းဆောင်မို... ကြိုဆိုပါတယ်"

နောက်ဆုံးတော့ ယာဉ်တန်းနှစ်ခု တွေ့ဆုံသွားကြပြီ ဖြစ်သည်။

နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် အကဲခတ်နေကြသလို အပြန်အလှန်လည်း သတိထားနေကြ၏။

ချန်းရီက လူများ၏ အာရုံစိုက်မှုကို တတ်နိုင်သမျှ မခံရစေရန် ထယ်ရှီး၏ နောက်ကျောဘက် ခြေတစ်လှမ်းဝက်ခန့်သို့ တိတ်တဆိတ် ဆုတ်လိုက်သည်။

ကုလားအုတ်ယာဉ်တန်း နီးကပ်လာသောအခါ ပထမဆုံး သတိထားမိလိုက်သည်မှာ ထိုယာဉ်တန်းထဲရှိ အသက်ရှင်ကျန်ရစ်သူများပင် ဖြစ်သည်။

စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ထိုအသက်ရှင်ကျန်ရစ်သူများက သူတောင်းစားများထက်ပင် ပို၍ သူတောင်းစားနှင့် တူနေကြသေး၏။

လူတိုင်းက အရိုးပေါ် အရေတင် ပိန်ချုံးနေကြသည်။

မျက်လုံးများကလည်း အရောင်အဝါ ကင်းမဲ့နေ၏။

တီဗီဇာတ်လမ်းတွဲများထဲမှ ကျွန်များနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။

ပို၍ အံ့သြစရာကောင်းသည်မှာ ထိုလူများ၏ လက်နှင့် ခြေထောက်များတွင် ချည်နှောင်ထားသော ကြိုးများပင် ဖြစ်သည်။

ချန်းရီတို့ကို မြင်တွေ့လိုက်ရချိန်တွင်ပင် ထိုလူများ၏ အကြည့်များက ဘာမှပြောင်းလဲမသွားဘဲ အသက်မဲ့ပြီး လွတ်ဟာနေဆဲပင်။

ဤလူများအပေါ် ဆက်ဆံပုံက ကုလားအုတ်များလောက်ပင် အဆင့်အတန်း မရှိပေ။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူတို့ယာဉ်တန်းထဲမှ အသက်ရှင်ကျန်ရစ်သူများက အနည်းငယ် ပိန်သွားရုံမျှသာ ရှိပြီး အခြေအနေကတော့ အများကြီး ပိုကောင်းနေသေးသည်။

ယာဉ်တန်းထဲရှိ အသက်ရှင်ကျန်ရစ်သူများက ထို "သူတောင်းစားများ" ကို ကြည့်ရင်း တိုးတိုးတိတ်တိတ် စကားပြောနေကြပြီး ဦးဆောင်လာသော အဘိုးအိုကိုလည်း မကြာခဏ ခိုးကြည့်နေကြ၏။

အဘိုးအိုကမူ ဘာမှမမြင်သည့်အလား ဟန်ဆောင်ကာ ခေါင်းဆောင်ချူနှင့် ပျော်ရွှင်စွာ စကားပြောနေသည်။

ကုလားအုတ်များဆီမှ လွင့်ပျံ့လာသော အနံ့ဆိုးကြီးကြောင့် ချန်းရီမှာ နှာခေါင်းကို အုပ်ထားချင်စိတ်ကို မနည်းထိန်းထားရ၏။

ဤယာဉ်တန်းထဲရှိ ကုလားအုတ် အရေအတွက်က သူထင်ထားသည်ထက်ပင် ပိုများနေသေးသည်။

ဤမျှသာမက ဤကုလားအုတ်ယာဉ်တန်းထဲတွင် ခွေးကြီး ငါးကောင်ပင် ပါသေး၏။

ဤခွေးကြီး ငါးကောင်က ခေါင်းဆောင်ချူ မွေးထားသော ခွေးနက်နှစ်ကောင်ထက် အဆပေါင်းများစွာ ပိုမို ခန့်ညားပြီး အရွယ်အစားကလည်း အဆပေါင်းများစွာ ပိုကြီးမားသည်။

မဟုတ်သေး။

ဒါတွေက... ခွေးတွေမဟုတ်ဘူး... ဒါ... ဒါ ဝံပုလွေ ငါးကောင်ပဲ။

ချန်းရီ၏ ရင်ထဲတွင် ထိတ်လန့်သွား၏။ ဤဝံပုလွေ ငါးကောင်၏ မျက်လုံးများက အလွန် ကြမ်းကြုတ်နေပြီး သူတို့ ယာဉ်တန်းနှင့် ထိတွေ့ချိန်တွင် အသံတိတ် ဝိုင်းရံထားလိုက်ကြသည်။

သူတို့ကို သားကောင်များအဖြစ် သတ်မှတ်ထားပုံရ၏။

ချန်းရီ၏ သူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"အားဝူး"

ထူးဆန်းသော အူသံတစ်သံ ထွက်ပေါ်လာ၏။

ဝံပုလွေ ငါးကောင်က ကိုယ်ကို နှိမ့်ချလိုက်ပြီး အမျိုးသားတစ်ယောက်၏ ဘေးသို့ ခပ်ကုပ်ကုပ်လေး သွားလိုက်ကြသည်။

ချန်းရီ၏ အကြည့်ကလည်း ဝံပုလွေ ငါးကောင်၏ လားရာသို့ လိုက်သွားလေသည်။

ထိုသူမှာ အသက်သုံးဆယ်ကျော်အရွယ် လူငယ်တစ်ယောက် ဖြစ်သည်။

လူငယ်က ပါးစပ်မှ ထူးဆန်းသော အသံများ ပြုလုပ်နေပြီး ထိုဝံပုလွေများနှင့် ဆက်သွယ်နေပုံရ၏။

ဝံပုလွေ ငါးကောင်က အမျိုးသား၏ ဘေးတွင် လှည့်ပတ်နေပြီး အလွန် လိမ္မာကျိုးနွံနေပုံရသည်။

ဤလူက... ဝံပုလွေတွေကို ထိန်းချုပ်နိုင်တာပဲ။

ဒါလမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ရမည်။

"ခေါင်းဆောင်ချူ... မိတ်ဆက်ပေးရဦးမယ်... ဒါက ကျန်းလိန်တဲ့... ကျွန်တော်တို့ အဖွဲ့ရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ... ဟားဟားဟား"

မိုဟိုင်ရမ်က ဝံပုလွေများနှင့် ဆော့ကစားနေသော လူငယ်ကို လက်ညှိုးထိုးပြကာ ချူချယ်ကို မိတ်ဆက်ပေးလိုက်သော်လည်း တစ်ဖက်လူ၏ လမ်းစဉ်က ဘာဖြစ်သည် ဆိုသည်ကိုတော့ တစ်ခွန်းမျှ ထုတ်မပြောပေ။

သို့သော် ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်ပါသည်။

ဤသူ၏ လမ်းစဉ်အစွမ်းက သားရဲတိရစ္ဆာန်များကို ယဉ်ပါးအောင် ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်ပုံရ၏။

"ပြီးတော့... ဒါက တင်းတုံတဲ့... သူလည်း ကျွန်တော်တို့ အဖွဲ့ရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်ပဲ"

အဘိုးအိုက ဘေးတွင် လက်ပိုက်ရပ်နေသော ကြံ့ခိုင်သည့် အမျိုးသမီးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

အမျိုးသမီးက ရုပ်ရည်သာမန် ဖြစ်သော်လည်း လက်တွင် ပတ်တီးများ စည်းထား၏။ သူမ၏ မျက်နှာအမူအရာက အေးစက်စူးရှနေပြီး အလွယ်တကူ ရန်စ၍ ရမည့်သူ မဟုတ်ကြောင်း သိသာနေသည်။

မိုဟိုင်ရမ်က သူမကို မိတ်ဆက်ပေးနေသည်ကို မြင်သောအခါ ထိုအမျိုးသမီးက ခေါင်းတစ်ချက် ညိတ်ပြရုံမှလွဲ၍ ဘာမှမပြောပေ။

ချန်းရီကမူ အမျိုးသမီး၏ လက်ပေါ်ရှိ ပတ်တီးများကို တစ်ချက်ပို၍ သတိထားကြည့်လိုက်မိသည်။

ဤပတ်တီးမျိုးက လက်ဝှေ့သမားများ လေ့ကျင့်ချိန်တွင် လက်ကို ကာကွယ်ရန် ပတ်ထားလေ့ရှိသော ပတ်တီးမျိုး ဖြစ်သည်။

ဤအမျိုးသမီး၏ လမ်းစဉ်က သူမ လက်ပေါ်ရှိ ပတ်တီးများနှင့် ဆက်စပ်မှု ရှိနိုင်၏။

"သူ့ဘေးက တစ်ယောက်ကတော့ လျှိုယန်လို့ ခေါ်တယ်... ကလေးပဲ ရှိသေးတယ်... အရွယ်မရောက်သေးဘူး... တစ်ခုခု အမှားလုပ်မိရင်လည်း ခွင့်လွှတ်ပေးပါဗျာ"

နောက်ဆုံးတစ်ယောက်မှာ လူအုပ်၏ အနောက်ဆုံးတွင် ရပ်နေသော လူငယ်လေး ဖြစ်သည်။

လူငယ်လေးက ခေါင်းစွပ်ပါသော ဝတ်ရုံရှည်ကြီးကို တစ်ကိုယ်လုံး လွှမ်းခြုံထားပြီး ယခုအချိန်တွင် နေရောင်ကို ရှောင်ရှားရန် ကုလားအုတ်တစ်ကောင်၏ အနောက်တွင် ပုန်းကွယ်နေ၏။

ချန်းရီက ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။ ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူ "ကျွန်များ" က ဤလူငယ်လေးကို အထူး ကြောက်ရွံ့နေကြပုံရ၏။

အခြားသော လမ်းစဉ် အစွမ်းပိုင်ရှင် အဖော်များပင်လျှင် ဤလူငယ်လေးအနီးသို့ သိပ်မကပ်ချင်ကြသလိုပင်။

ချန်းရီက သူ့ကို ကြည့်လိုက်ချိန်တွင် လူငယ်လေးက သွားများ ပေါ်သည်အထိ ပြုံးပြလိုက်ပြီး လည်ပင်းကို ဖြတ်မည့် ဟန်ပန်တစ်ခု လုပ်ပြလိုက်သည်။

ဒါက... ရန်စတာလား။

မဟုတ်သေး... ဒီ ရန်စတာက ငါ့ကို ရည်ရွယ်တာ မဟုတ်ဘူး။

လူကောင်ကြီးပြီး ဉာဏ်နည်းတဲ့ ထယ်ရှီးကို ရည်ရွယ်တာပဲ။

ထင်တဲ့အတိုင်းပင် ထိုအချိန်တွင် ထယ်ရှီးမှာ မျက်နှာရော နားရွက်များပါ နီရဲနေပြီး သူ၏ အသက်ရှူသံများကလည်း မမှန်တော့ပေ။

ချူချယ်ကလည်း တစ်ဖက်လူ၏ ပုံစံအတိုင်း အတုခိုးကာ သူတို့ဘက်ရှိ လူများကို လက်ညှိုးထိုးပြလိုက်သည်။ "ထယ်ရှီး... စွန်းချန်းချန်း... ချန်းရီ"

ကောင်းပြီလေ။ ခင်ဗျားက ရိုးရိုးရှင်းရှင်း မိတ်ဆက်တယ်ဆိုတော့... ကျွန်တော်က ခင်ဗျားထက်တောင် ပိုပြီး ရိုးရိုးရှင်းရှင်း မိတ်ဆက်ပြလိုက်မယ်။

ဘာလမ်းစဉ်တွေလဲ ဆိုတာကိုတော့...

ခင်ဗျားတို့ရဲ့ စွမ်းရည်တွေကို ကျွန်တော် မသိသလို... ကျွန်တော်တို့ရဲ့ စွမ်းရည်တွေကိုလည်း ခင်ဗျားတို့ သိချင်မနေနဲ့။

ဤသူများက ကုလားအုတ်ယာဉ်တန်းထဲရှိ လမ်းစဉ် အစွမ်းပိုင်ရှင်များ ဖြစ်ရမည်။

သူတို့ဘက်နှင့် မတိမ်းမယိမ်းပင်။ သူတို့လည်း လေးယောက်ပင် ဖြစ်သည်။

သို့သော် ထယ်ရှီး၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်မှာ ပြန်လည်မပြည့်ဝသေးပေ။ ဤသို့ တွက်ကြည့်မည်ဆိုလျှင် သူတို့က အနည်းငယ် အင်အားလျော့နည်းနေ၏။

သူကိုယ်တိုင်ကလည်း အစွမ်းနိုးထလာသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသဖြင့် စွမ်းရည်များ အပြည့်အဝ မဖွံ့ဖြိုးသေးပေ။

အကယ်၍ သူသာ စနစ်က တွက်ချက်ဖော်ထုတ်ပေးမည့် လေ့ကျင့်ရေးနည်းလမ်းကို ရရှိပြီး စွမ်းအားများ အလျင်အမြန် တိုးတက်လာမည်ဆိုလျှင် အနည်းဆုံးတော့ လုံခြုံမှု အနည်းငယ် ပိုရှိလာပေလိမ့်မည်။

ပြီးတော့ ထို ဝံပုလွေ ငါးကောင်... တစ်ကောင်ချင်းစီက မတ်တတ်ရပ်လိုက်လျှင် အရွယ်ရောက်ပြီးသူ တစ်ယောက်နီးပါး အရပ်အမောင်း ရှိသည်။

အကယ်၍ တစ်ဖက်လူတွင် လျှို့ဝှက်လက်နက် တစ်ခုခုများ ကျန်နေသေးမည်ဆိုလျှင် ချန်းရီအနေဖြင့် သူတို့အဖွဲ့က တစ်ဖက်လူ၏ ပြိုင်ဘက် ဖြစ်နိုင်မည်ဟု မထင်ပေ။

အကြည့်များဖြင့် ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ပြီးနောက် ချန်းရီ၏ စိတ်ထဲတွင် အကယ်၍ မနိုင်ခဲ့လျှင် ဆုတ်ခွာရမည့် လမ်းကြောင်းကို ကြိုတင် စီစဉ်နေလေပြီ။

သိထားရမည်မှာ... ချန်းရီက ဟန်လောင်မိုကို သူ၏ ဘဝစံပြပုဂ္ဂိုလ်အဖြစ် အမြဲတမ်း သတ်မှတ်ထားသူ ဖြစ်သည်။

"လူအုပ်နောက်သို့ ဆုတ်ခွာခြင်း" နှင့် "အရိုအသေပေးပြီး အရင်ထွက်ပြေးခြင်း" ဟူသော အကွက်နှစ်ကွက်ကို ချန်းရီက အလွန် ကျွမ်းကျင်စွာ လေ့ကျင့်ထားပြီး ဖြစ်၏။

ထို့ပြင် ထိုသို့ လုပ်ရခြင်းကို ရှက်စရာဟုလည်း မယူဆပေ။

တိုက်လို့နိုင်ရင် ပစ္စည်းတွေကို လုယူမယ်။

တိုက်လို့မနိုင်ရင် ထွက်ပြေးမယ်။

ဤသည်မှာ ကလေးများပင် သိသော ယုတ္တိတစ်ခု ဖြစ်သည်။

ချန်းရီ၏ စိတ်ထဲတွင်တော့ မကြာမီ ဖြစ်ပေါ်လာတော့မည့် ပဋိပက္ခများအတွက် ကြိုတင် စီစဉ်မှုများ စတင်နေပြီ ဖြစ်၏။

သိထားရမည်မှာ... နှစ်ဖက်အဖွဲ့ တွေ့ဆုံခဲ့သည်မှာ မိနစ်ပိုင်းမျှသာ ရှိသေးသည်။

နှစ်ဖက်စလုံးက သဲခုံ၏ အနောက်ဘက်တွင် စခန်းချလိုက်ကြသည်။

ချန်းရီတို့ဘက်က ကားအနည်းငယ်ကို ဝိုင်းရံကာ စခန်းချလိုက်ကြ၏။

ကုလားအုတ်ယာဉ်တန်းဘက်ကမူ ကုလားအုတ်များ၏ နေရာချထားမှုအပေါ် မူတည်၍ စခန်းကို ပြင်ဆင်ကြသည်။

ထိုအချိန်မှသာ ဤကုလားအုတ်ယာဉ်တန်း၏ ရိက္ခာပစ္စည်းများက သူတို့ဘက်ထက် အများကြီး ပိုမို ပေါကြွယ်ဝကြောင်း ချန်းရီ သတိထားမိလိုက်သည်။

မျိုးစုံသော တဲများ၊ မျိုးစုံသော ပစ္စည်းများကို တစ်သီတစ်တန်းကြီး ခင်းကျင်းထားကြ၏။

သဲခုံအနောက်ဘက်တွင် သူတို့ ယူထားသော နေရာအကျယ်အဝန်းက ချန်းရီတို့ဘက်ထက် သုံးဆခန့် ပိုမို ကြီးမားသည်။

စုတ်ပြတ်သတ်နေသော ကျား၊ မ ကျွန်များက ကြာပွတ်ကိုင်ထားသော လူတစ်ယောက်၏ ခြိမ်းခြောက်မောင်းနှင်မှုအောက်တွင် ကုလားအုတ်များပေါ်မှ ပစ္စည်းများကို ဖြည်းညင်းစွာ ယူဆောင်ကာ စခန်းချရန် ပြင်ဆင်နေကြသည်။

"ခေါင်းဆောင်ချူ... ခင်ဗျားယာဉ်တန်းက လူနည်းနည်း နည်းနေသလိုပဲနော်"

မိုဟိုင်ရမ်က ဆေးတံကို ဖွာရင်း တရားမျှတရေး ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူများအပေါ် သူ၏ အိုမင်းသော်လည်း အရောင်လက်နေသော မျက်လုံးများဖြင့် အကဲခတ်လိုက်သည်။

ထိုမျက်လုံးများ၏ ကြည့်ရှုခြင်းကို ခံရသော အသက်ရှင်ကျန်ရစ်သူတိုင်းမှာ ခြွင်းချက်မရှိ မျက်နှာများ ဖြူရော်သွားသည်အထိ ထိတ်လန့်သွားကြ၏။

ယခုအချိန်က ကမ္ဘာပျက်ကပ် ရောက်နေပြီ ဖြစ်သည်။

သာမန်လူများတွင် လူ့အခွင့်အရေး မရှိတော့ကြောင်း အသက်ရှင်ကျန်ရစ်သူများက သိထားပြီး ဖြစ်၏။

ဤကုလားအုတ်ယာဉ်တန်းထဲရှိ သာမန်လူများကို ကြည့်လိုက်ရုံဖြင့် သိနိုင်ပါသည်။

"ခေါင်းဆောင်မို... အခုက ကမ္ဘာပျက်ကပ်ကြီးလေ... လူနည်းလေ ပိုကောင်းလေပေါ့"

"ခေါင်းဆောင်ချူ... ခင်ဗျားယာဉ်တန်းက မဆိုးပါဘူး... ကားတွေတောင် ပါသေးတယ်... ကျွတ်ကျွတ်... ဒါပေမဲ့ ခင်ဗျားတို့အတွက် လောင်စာဆီ ရှာဖို့တော့ မလွယ်လောက်ဘူး ထင်တယ်"

"ဟားဟားဟား... ခေါင်းဆောင်မို ပြောတာ မှန်ပါတယ်... ခင်ဗျား မသိလို့ပါ"

လူအိုတစ်ယောက်နှင့် လူရွယ်တစ်ယောက်၊ ခြေဗလာနှင့် လူနှစ်ယောက်က ထိုသို့ပင် ရင်းရင်းနှီးနှီး စကားပြောနေကြတော့သည်။

အခြေအနေကို မသိသူဆိုလျှင် ဤလူနှစ်ယောက်ကို နှစ်ပေါင်းများစွာ မတွေ့ရသော သူငယ်ချင်းကောင်းများဟုပင် ထင်မှတ်သွားနိုင်၏။

သို့သော် အမှန်တကယ်တွင်မူ နှစ်ယောက်စလုံးက ကိုယ်ကျိုးကိုယ်စီ ကြံစည်နေကြခြင်းသာ ဖြစ်သည်။

အဘိုးအို၏ အိုမင်းမစွမ်းဖြစ်နေသော ပုံစံကို ကြည့်၍ အထင်မသေးလိုက်နှင့်။ သူက လည်ဝယ်သူဖြစ်ပြီး စကားပြော နည်းလမ်းမျိုးစုံကို အသုံးပြုကာ ယာဉ်တန်း၏ အခြေအနေကို စုံစမ်းနေခြင်း ဖြစ်သည်။

ခေါင်းဆောင်ချူကလည်း အလွယ်တကူ အနိုင်ကျင့်၍ ရသူ မဟုတ်ပေ။ ရေလုံအံကျ ကာကွယ်ပြောဆိုနေရင်း တစ်ဖက်လူ၏ အခြေအနေကိုလည်း နည်းလမ်းမျိုးစုံဖြင့် စုံစမ်းနေလေသည်။

ဆက်ရန်...

နောက်တစ်အုပ်မှာတော့ ဒီကုလားအုတ်တန်းနဲ့ချန်းရီတို့ ဘာဆက်ဖြစ်မလဲ၊ ကောင်းကောင်းမွန်မွန်နဲ့လမ်းခွဲကြမလား တိုက်ပွဲဖြစ်ကြမလား၊ ချန်းရီကရော ဘာတွေကြံစီနေလဲ၊ ဒီကုလားအုတ်တန်းမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားလဲ၊ ချန်းရီ စွမ်းအင်ကျင့်စဉ်ကို စနစ်ကနေရသွားမလား၊ သဲကန္တာရအလွန်မှာရော သူတို့အတွက်ဘယ်လိုအရာက စောင့်ကြိုနေလဲ စတာတွေကိုဆက်ပြီး စောင့်မျှော်ဖတ်ရှုကြပါဦးနော်။

All Chapters