အခန်း ၃၄၇
Vol. 31 Ch. 347
အခန်း (၃၄၇)
ဘာသာပြန် - အားသစ်
နှစ်ဖက်အကြား တိုက်ပွဲက အလွန်တရာ ပြင်းထန်လှသည်။ ဝန်းရံပိတ်ဆို့ခံထားရသော ပင်လယ်သားရဲကြီးမှာ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး သေလုမြောပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။
လင်းဖုန်း သူ့ကိုယ်သူ ဆက်လက်ပုန်းကွယ်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်သူများက စိတ်စွမ်းအားကို အသုံးပြုနိုင်ကြသဖြင့် စိတ်စွမ်းအားမှတစ်ဆင့် ဆက်သွယ်ပြောဆိုနိုင်သည်။ သူတို့အားလုံး နတ်ဆိုးဧကရာဇ်များ ဖြစ်ကြသဖြင့် သေမင်းပင်လယ်၏ အောက်ခြေရှိ လျှို့ဝှက်ချက်များစွာကို သိရှိထားကြမည်မှာ အသေအချာပင်။
ဝူး
လင်းဖုန်း တိုက်ရိုက်ကူးခတ်ကာ ထွက်လာသည်။ အသံကြားသည်နှင့် နတ်ဆိုးဧကရာဇ်လေးကောင်စလုံး သူတို့၏ စိတ်စွမ်းအားဖြင့် စစ်ဆေးလိုက်ကြ၏။ ထိုအခါ လင်းဖုန်းကို ထင်ထင်ရှားရှား ရှာဖွေတွေ့ရှိသွားကြသည်။
“ငါးသေးသေးလေးတစ်ကောင်လား”
လက်ရှိတွင် လင်းဖုန်းသည် အမှန်တကယ်ပင် နှစ်မီတာခန့်သာရှိသော သာမန်ပင်လယ်ငါးတစ်ကောင်သာ ဖြစ်နေသည်။ မီတာရာကျော် ကြီးမားလှသော ဤနတ်ဆိုးဧကရာဇ်များ၏ ရှေ့မှောက်တွင် သူက အကောင်ပေါက်လေးတစ်ကောင်မျှသာ ဖြစ်၏။
သို့သော်ငြားလည်း သာမန်ပင်လယ်ငါးတစ်ကောင်က သူတို့ တိုက်ခိုက်နေကြသည့် နေရာအနားသို့ မည်သို့နှယ် ချဉ်းကပ်ဝံ့ရသနည်း။
ပင်လယ်သားရဲဧကရာဇ် လေးကောင်လုံးက တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသော်လည်း သူတို့ တုံ့ပြန်ခြင်းမပြုနိုင်မီမှာပင် ထိုငါးကလေး၏ ခန္ဓာကိုယ်က ပူဖောင်းတစ်ခုအလား အလျင်အမြန် ကြီးထွားလာသည်ကို မြင်တွေ့လိုက်ကြရ၏။
ဝရော
အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က မီတာသုံးထောင်အထိ ပြန်လည် ကြီးထွားလာသည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါက ပင်လယ်ရေထုကို ချက်ချင်း လှုပ်ခတ်သွားစေပြီး အဆက်မပြတ် လှိုင်းထသွားစေခဲ့၏။ ပင်လယ်သားရဲဧကရာဇ် လေးကောင်လုံးပင်လျှင် တစ်ဒင်္ဂမျှ မှင်သက်သွားကာ လှုပ်ရှားဖို့ပင် မေ့လျော့သွားရသည်။
“လူသားလား”
ရုတ်တရက် လင်းဖုန်း၏ စိတ်ထဲသို့ စိမ်းသက်သက် စိတ်စွမ်းအားလှိုင်းတစ်ခု ဝင်ရောက်လာသည်။ လင်းဖုန်းလည်း ယင်း၏ ဆိုလိုရင်းကို သဘာဝကျကျပင် နားလည်လိုက်၏။
“မှန်တယ်။ ငါက လူသားမျိုးနွယ်ရဲ့ သူတော်စင်တစ်ပါးပဲ။ မင်းတို့က ဘာဖြစ်လို့ ပင်လယ်အောက်ခြေမှာ တိုက်ခိုက်နေကြတာလဲ”
…
“လူသား... ငါ့ကို ကယ်ပါဦး။ ငါ မင်းကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်”
လင်းဖုန်း၏ အားကောင်းလှသော အရှိန်အဝါကို ခံစားမိလိုက်သဖြင့် ဒဏ်ရာဗရပွနှင့် ပင်လယ်သားရဲဧကရာဇ်က လင်းဖုန်းထံသို့ အလျင်အမြန် အကူအညီတောင်းခံလိုက်တော့၏။
“မင်း ငါ့ကို ဘာပြန်ပေးနိုင်လို့လဲ” လင်းဖုန်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
“လူသား... ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးမရှိကြဘူး။ မင်း ဘာဖြစ်လို့ ငါတို့ ဒီသစ္စာဖောက်ကို သတ်မှာကို လာတားနေရတာလဲ”
ပင်လယ်သားရဲဧကရာဇ် သုံးကောင်က အလွန်တရာ သတိကြီးစွာ ထားနေကြသော်လည်း အလွန်လည်း ဒေါသထွက်နေကြပုံရသည်။ သူတို့ လူသားများနှင့် သိပ်ပြီး မထိတွေ့ဖူးကြသော်လည်း သူတို့၏ အထင်တွင်မူ လူသားများက ဤမျှအထိ သန်မာမနေသင့်ချေ။
သို့သော်လည်း လင်းဖုန်း၏ အရှိန်အဝါက အလွန်တရာ အားကောင်းလွန်းလှသဖြင့် သူတို့ သတိထားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။
“လူသား... မင်း ငါ့ကို ကယ်တင်ပေးနိုင်သရွေ့... ပင်လယ်ဧကရာဇ်နန်းတော်ကနေ ရခဲ့တဲ့ ရတနာတွေရဲ့ တစ်ဝက်ကို မင်းကို ပေးမယ်”
ထိုပင်လယ်သားရဲက အလျင်အမြန် ပြောလိုက်၏။
“ဘာရတနာလဲ”
“သွေးသလင်းကျောက်”
ထိုပင်လယ်သားရဲ၏ ခန္ဓာကိုယ်ပေါ်တွင် အပေါက်တစ်ခု တဖြည်းဖြည်း ပွင့်လာပြီး ထိုအတွင်းမှ ကြီးမားလှသော သွေးနီရောင်သလင်းကျောက်တစ်လုံးကို ထုတ်ယူလိုက်သည်။
“အသက်အမြုတေ အပိုင်းအစလား”
လင်းဖုန်း ထိတ်လန့်သွားသလို တစ်ပြိုင်နက်တည်းမှာပင် အလွန် စိတ်လှုပ်ရှားသွားရသည်။ သူ ပင်လယ်အောက်ခြေ၌ ဤမျှအထိ ကြီးမားလှသော အသက်အမြုတေ အပိုင်းအစတစ်ခုကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။
ဤအသက်အမြုတေ အပိုင်းအစမှာ လင်းဖုန်း နဂါးခေါင်းလိုဏ်ဂူဆယ့်ရှစ်ပေါက်ထံမှ ရရှိခဲ့သော အသက်အမြုတေ အပိုင်းအစလောက် မကြီးသော်လည်း အနည်းဆုံး ဆယ်ပုံတစ်ပုံခန့် အရွယ်အစား ရှိပေသည်။
“ပါးစပ်ပိတ်ထားစမ်း... သစ္စာဖောက်ကောင်။ မင်းက ကြီးမြတ်လှတဲ့ ပင်လယ်ဧကရာဇ်ကို သစ္စာဖောက်ရဲတယ်ပေါ့။ ပင်လယ်ဧကရာဇ်က မင်းကို အခုလိုအခြေအနေအထိ ရောက်အောင် ဘယ်လို ပြုစုပျိုးထောင်ပေးခဲ့လဲဆိုတာ မင်း မှတ်မိသေးရဲ့လားကွ။ မင်းက အခု လူသားတွေနဲ့တောင် ပူးပေါင်းနေပြီပေါ့လေ…”
ဖျောင်း
ထိုပင်လယ်သားရဲ စကားပြော၍ မဆုံးသေးမီမှာပင် လင်းဖုန်းက လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားများက အပြည့်အဝ ပေါက်ကွဲထွက်လာသည်။ လင်းဖုန်း၏ စွမ်းအားမှာ ပင်လယ်အောက်ခြေ၌ အဟန့်အတားအနည်းငယ်နှင့် ကြုံတွေ့ခဲ့ရသဖြင့် သူ့စွမ်းအားအပြည့်၏ ၈၀ ရာခိုင်နှုန်းကိုသာ ထုတ်ဖော်နိုင်၏။ သို့သော်လည်း ထို ၈၀ ရာခိုင်နှုန်းသော စွမ်းအားသည်ပင် သာမန်ပင်လယ်သားရဲတစ်ကောင် ရင်ဆိုင်နိုင်စွမ်းရှိသော အရာမျိုး လုံးဝမဟုတ်ချေ။
ထိုပင်လယ်သားရဲ လင်းဖုန်း၏ ရိုက်ချက်နှင့် ထိတွေ့မိသောအခါ ခန္ဓာကိုယ်တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း သွေးမြူအဖြစ်သို့ ချက်ချင်း ပေါက်ကွဲသွားတော့သည်။ အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်စွမ်း ရှိမနေခဲ့ချေ။ လက်ရှိ လင်းဖုန်းသည် သူတော်စင်များနှင့် နတ်ဆိုးဧကရာဇ်အဆင့်ရှိ စွမ်းအားရှင်များ၏ ရှေ့မှောက်တွင် လုံးဝ ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလား ဖြစ်နေလေပြီ။
“ဂရား...”
ကျန်ရှိနေသော ပင်လယ်သားရဲ နှစ်ကောင်လည်း ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကာ အလွန်တရာ ဒေါသထွက်သွားကြသည်။ သူတို့ လင်းဖုန်းထံသို့ ရူးသွပ်စွာဖြင့် ပြေးဝင်တိုက်ခိုက်ကြလေတော့သည်။ သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုများက အချည်းနှီးသာပင်။
လင်းဖုန်းက သူ့လက်ဝါးကြီးနှစ်ဖက်ဖြင့် ဆက်လက် ဖမ်းဆုပ်လိုက်သည်။ ပင်လယ်သားရဲ နှစ်ကောင်လုံး၏ ခန္ဓာကိုယ်ကြီးများမှာ ချက်ချင်း တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ခံလိုက်ရတော့၏။ သူတို့ အားကုန်ရုန်းကန်ကြသော်လည်း လင်းဖုန်း၏ ချုပ်နှောင်မှုအတွင်းမှ လုံးဝ ရုန်းမထွက်နိုင်ကြချေ။
“အညံ့ခံမလား... သေမလား”
“ကြီးမြတ်လှတဲ့ ပင်လယ်ဧကရာဇ်... ကျွန်တော်တို့အတွက် လက်စားချေပေးပါ…”
ဖျစ် ဗျစ်
လင်းဖုန်း သက်ညှာမနေတော့ချေ။ ဤပင်လယ်သားရဲ နှစ်ကောင်က အတော်လေး သန်မာကြပြီး ပြင်ပနယ်မြေရှိ အခြားနတ်ဆိုးဧကရာဇ်များထက် များစွာ ပိုမို အစွမ်းထက်ကြသည်။ သို့ပေသော်ငြား လင်းဖုန်း အားထည့်၍ ညှစ်လိုက်သည်နှင့် နတ်ဆိုးဧကရာဇ်နှစ်ကောင်စလုံး ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ချေမွခံလိုက်ရတော့၏။
သွေးများက ပင်လယ်ရေပြင်ကြီးတစ်ခုလုံးကို ချင်းချင်းနီသွားစေသည်။
နောက်ဆုံးကျန်ရှိနေသော ပင်လယ်သားရဲကြီးမှာလည်း ထိတ်လန့်တုန်လှုပ်နေဟန်ဖြင့် တဆတ်ဆတ် တုန်ရီနေ၏။ သူ့အနေဖြင့် သူ့ရှေ့မှောက်ရှိ လူသား၏ အရှိန်အဝါက အားမနည်းလှကြောင်း ခံစားမိခဲ့သည်။ အရှိန်အဝါအရ ချိန်ဆကြည့်လျှင် ဤလူသားက အလွန်သန်မာဟန်ရှိပြီး ပင်လယ်သားရဲဧကရာဇ်သုံးကောင်၏ ရန်စွယ်ကို ခုခံနိုင်စွမ်းရှိမည်ဟု သူ တွေးခဲ့၏။
သို့သော်လည်း ဤလူသားက ဤမျှအထိ ရက်စက်ကြမ်းကြုတ်လှပြီး ပင်လယ်သားရဲဧကရာဇ် သုံးကောင်လုံးကို တစ်ပြိုင်နက်တည်း သတ်ဖြတ်နိုင်လိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့မိချေ။
ဤသည်ကား အနှိုင်းမဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးပင် မဟုတ်ပါလော။
ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ထိုပင်လယ်သားရဲဧကရာဇ်မှာ တစ်ကိုယ်လုံး တုန်ရီသွားရတော့၏။ သူ့အနေဖြင့် လိုက်လံဖမ်းဆီးသူများ၏ လက်တွင်းမှ ယာယီ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သော်လည်း ဤလူသား၏ လက်ထဲသို့ ကျရောက်သွားခြင်းက ကောင်းချီးတစ်ခုလော ကျိန်စာတစ်ခုလောဆိုသည်ကိုမူ သူ မသိနိုင်ချေ။
လင်းဖုန်း၏ အကြည့်က သူ့ထံသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသောအခါ ထိုပင်လယ်သားရဲ အံတင်းတင်းကြိတ်ကာ အားတင်းလျက် စကားဆိုလိုက်သည်။
“ကျွန်တော် သွေးသလင်းကျောက် အကုန်လုံးကို အရှင့်ကို ပေးပါ့မယ်။ ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ပင်လယ်ဧကရာဇ်နန်းတော်က ကျွန်တော့်ကို လိုက်လံဖမ်းဆီးဖို့အတွက် ပင်လယ်သားရဲတွေကို ထပ်ပြီး စေလွှတ်ဦးမှာပဲ။ ကျွန်တော် အမြန်ဆုံး ထွက်သွားမှရမယ်”
ပင်လယ်သားရဲက ထွက်ခွာသွားရန်အတွက် အလွန်စိတ်လောနေ၏။
ဝူး
သို့သော်လည်း လင်းဖုန်း ထိုပင်လယ်သားရဲကို တစ်ပြိုင်နက်တည်း ပြန်လည်ဖမ်းဆုပ်လိုက်တော့သည်။
“အရှင်... အရှင် ဘာလုပ်ချင်တာလဲ။ ကျွန်တော် သွေးသလင်းကျောက် အကုန်လုံးကို အရှင့်ကို ပေးပြီးပြီလေ”
ထိုပင်လယ်သားရဲ အလွန်တရာ ကြောက်ရွံ့သွား၏။ မကြာသေးမီကပင် ဤလူသားက အလွန်တရာ ရက်စက်ကြမ်းတမ်းခဲ့ပြီး သူနှင့် အဆင့်တူ ပင်လယ်သားရဲသုံးကောင်ကို တုန့်ဆိုင်းခြင်းမရှိ သတ်ဖြတ်ခဲ့သူဖြစ်သည်။ သူ့အနေဖြင့် မည်သို့နှယ် မကြောက်ဘဲ နေနိုင်ပါမည်နည်း။
“မင်း နာမည်က ဘယ်သူလဲ”
“ဘော့တီပါ... ကျွန်တော့်ကို ဘော့တီလို့ပဲ ခေါ်ပါဗျာ”
“မင်း ဒီသလင်းကျောက်ကို ဘယ်ကနေ ရခဲ့တာလဲ”
“ကျွန်တော် အဲ့ဒီသွေးသလင်းကျောက်ကို ပင်လယ်ဧကရာဇ်နန်းတော်ကနေ ခိုးခဲ့တာပါ။ ကျွန်တော် ခိုးခဲ့သမျှ အကုန်လုံးကို အရှင့်ကို ပေးပြီးပါပြီ။ ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ ဘာသွေးသလင်းကျောက်မှ မရှိတော့ဘူး။ မယုံရင် ကျွန်တော့်ကို ရှာကြည့်လို့ရပါတယ်”
“ပင်လယ်ဧကရာဇ်နန်းတော်လား။ ငါ့ကို အဲ့ဒီပင်လယ်ဧကရာဇ်နန်းတော်အကြောင်း အသေးစိတ် ပြောပြစမ်း။ ငါ စိတ်ကျေနပ်ရင် မင်းကို လွှတ်ပေးမယ်”
လက်ရှိအချိန်တွင် ဘော့တီအနေဖြင့် ကြောက်ရွံ့လှသောကြောင့် လင်းဖုန်း၏ တောင်းဆိုချက်ကိုသာ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တော့၏။
လက်တွေ့တွင်မူ အသူတရာသေမင်းပင်လယ်ကြီးတစ်ခုလုံးက ပင်လယ်ဧကရာဇ်နန်းတော်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခြင်းဖြစ်သည်။
ပင်လယ်ဧကရာဇ်နန်းတော်အတွင်း၌ လုံးဝဥဿုံ ပြိုင်ဘက်ကင်းလှသော အရှင်သခင်တစ်ပါး ရှိနေ၏။ ထိုသူကား ပင်လယ်ဧကရာဇ်ပင်။
ထာဝရသိုင်းတာအိုအရှင်