← Chapters

အခန်း ၃၄၈

Vol. 31 Ch. 348

အခန်း ၃၄၈

Vol. 31 Ch. 348

အခန်း (၃၄၈)

ဘာသာပြန် - အားသစ်

ပင်လယ်ဧကရာဇ် မည်မျှအထိ အသက်ကြီးရင့်နေပြီလဲဆိုသည်ကို မည်သူမျှ မသိကြချေ။ အကျဉ်းချုပ်ဆိုရလျှင် ပင်လယ်ဧကရာဇ်နန်းတော်အတွင်းရှိ ပင်လယ်သားရဲဧကရာဇ်များစွာက သူတို့ အားအနည်းဆုံးအချိန်ကပင် ပင်လယ်ဧကရာဇ်၏ ခေါ်ယူခြင်းကို ခံခဲ့ကြရသူများ ဖြစ်သည်။

နောက်ပိုင်းတွင်မှ ပင်လယ်ဧကရာဇ်က ထိုပင်လယ်သားရဲများကို အထူးကျင့်ကြံခြင်းနည်းစနစ်တချို့ကို သင်ကြားပြသပေးခဲ့၏။ ထိုကျင့်ကြံခြင်းနည်းစနစ်က အလွန်တရာ ထူးခြားလှသည်။ အကယ်၍ တစ်ယောက်ယောက်တွင် မွေးရာပါပါရမီကောင်းကောင်း ရှိနေခဲ့မည်ဆိုပါက အလျင်အမြန် ကြီးထွားလာနိုင်၏။

သို့သော်လည်း အရေးကြီးဆုံးအချက်မှာ သွေးသလင်းကျောက်များပင်။ ပင်လယ်ဧကရာဇ်သည် ပုံမှန်အားဖြင့် အတားအဆီးတစ်ခုခုနှင့် ကြုံတွေ့နေရသော ပင်လယ်သားရဲတိုင်းကို ဆုလာဘ်အဖြစ် သွေးသလင်းကျောက်တချို့ ချီးမြှင့်လေ့ရှိ၏။

ဘော့တီသည် ထိုသွေးသလင်းကျောက်များကို လောဘတက်မိသွားခဲ့သဖြင့် ပင်လယ်ဧကရာဇ်နန်းတော်၏ ဘဏ္ဍာတိုက်အတွင်းမှ တချို့ကို တိတ်တဆိတ် ခိုးယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ဧကရာဇ်နန်းတော်မှ စေလွှတ်လိုက်သော ပင်လယ်သားရဲဧကရာဇ်များ၏ အဆက်မပြတ် လိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရခြင်းဖြစ်သည်။

အကယ်၍ ဤအကြိမ်တွင် လင်းဖုန်းနှင့် မတွေ့ဆုံခဲ့ရပါက ဘော့တီအနေဖြင့် ပင်လယ်ဧကရာဇ်နန်းတော်သို့ သေချာပေါက် ပြန်လည်ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပေလိမ့်မည်။

လင်းဖုန်းတစ်ယောက် အလွန် စိတ်လှုပ်ရှားသွားသည်။ ပင်လယ်ဧကရာဇ်နန်းတော်ဟူသည်ကား သေမင်းပင်လယ်ကြီးတစ်ခုလုံးကို အကြွင်းမဲ့ စိုးမိုးအုပ်ချုပ်ထားသော အလွန်တရာ ခမ်းနားထည်ဝါလှသည့် နေရာတစ်ခုဖြစ်ကြောင်း သူ အသေအချာသိရ၏။

အထူးသဖြင့် ပင်လယ်ဧကရာဇ်နန်းတော်အတွင်း၌ အသက်အမြုတေ အပိုင်းအစများစွာ ရှိနေနိုင်ချေ အလွန် များပြားလှသည်။

“မင်း ပင်လယ်ဧကရာဇ် ဘယ်လောက်အထိ သန်မာလဲဆိုတာ သိလား”

လင်းဖုန်း အမှန်တကယ်ပင် စိတ်ဝင်စားသွားသည်။ သူ ချောက်နက်သေမင်းပင်လယ်သို့ လာရောက်ခဲ့ခြင်းမှာ အသက်အမြုတေများကို ရှာဖွေရန်အတွက်သာ ဖြစ်ပေသည်။ ယခုအခါ အသက်အမြုတေများ ရှိနိုင်မည့်နေရာကို သိသွားခဲ့ပြီဖြစ်ရာ သူ ဤအခွင့်အရေးကို သဘာဝကျကျပင် လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။

သို့သော်ငြားလည်း လင်းဖုန်း ဤပင်လယ်ဧကရာဇ်ကို အလွန်တရာ သတိထားနေမိဆဲပင်။ အထူးသဖြင့် ဤရိုးရှင်းသည့်ပုံစံ တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပင် ပင်လယ်ဧကရာဇ်က ထိုပင်လယ်သားရဲများကို သင်ကြားပြသပေးခဲ့ခြင်း ဖြစ်သည်။ ဤအချက်က လင်းဖုန်းကို ပို၍ သတိကြီးကြီး ထားမိစေ၏။

ရမ်းသမ်းပြောမရချေ။ ဤပင်လယ်ဧကရာဇ်ကိုယ်တိုင်သည်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုကို ကျင့်ကြံထားခြင်း ဖြစ်နိုင်သည်။

“ပင်လယ်ဧကရာဇ်ရဲ့ စွမ်းအားက အတိုင်းအဆမရှိ နက်ရှိုင်းလွန်းတယ်။ ကျွန်တော်တို့တွေ ပင်လယ်ဧကရာဇ် ကိုယ်တိုင်တိုက်ခိုက်တာကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ ဘယ်သူမှ ပင်လယ်ဧကရာဇ်ကို သွားပြီး မပြစ်မှားရဲကြဘူး။ သူက ဒီပင်လယ်ပြင်ကြီးတစ်ခုလုံးရဲ့ ပြိုင်ဘက်ကင်းအရှင်သခင်ပဲ”

ဘော့တီသည် ပင်လယ်ဧကရာဇ်အကြောင်း ပြောနေသည့်အချိန်၌ပင် အလွန်တရာ နက်ရှိုင်းလှသော ကြောက်ရွံ့မှုတစ်ခုကို ခံစားနေရဆဲ ဖြစ်၏။

“ပင်လယ်ဧကရာဇ်က ဒီလောက်တောင် စွမ်းအားကြီးနေတာကို... မင်းက ဘာလို့ သွေးသလင်းကျောက်ကို ခိုးရဲရတာလဲ”

“ကျ... ကျွန်တော်က ပင်လယ်ဧကရာဇ်ကို ကျွန်တော်ကသာ အစစ်အမှန် ပါရမီရှင်ဆိုတာ သက်သေပြချင်လို့ပါ။ ကံမကောင်းတာက ပင်လယ်ဧကရာဇ်က ကျွန်တော့်ကို စွန့်ပယ်သွားခဲ့တယ်။ သူက သွေးသလင်းကျောက်တွေ အကုန်လုံးကို ခိုရယ်ဆီပဲ ပေးခဲ့တယ်။ ကျွန်တော် အဲ့ဒါကို လုံးဝလက်မခံနိုင်ဘူး”

လင်းဖုန်း ပြုံးလိုက်မိ၏။ ဤပင်လယ်သားရဲများ၏ ဉာဏ်ရည်က အမှန်တကယ်ပင် လူသားများနှင့် အတူတူပင် ဖြစ်ပေသည်။ မနာလိုဝန်တိုမှုက လူတစ်ယောက်ကို ဖျက်ဆီးနိုင်သည်ဆိုလျှင် ဤပင်လယ်သားရဲများကိုလည်း သဘာဝကျကျပင် ဖျက်ဆီးပစ်နိုင်၏။

ဘော့တီသည် ခိုရယ်အပေါ် မနာလိုဖြစ်နေခဲ့ပြီး ပင်လယ်ဧကရာဇ်က မျက်နှာလိုက်ကာ အရင်းအမြစ်အားလုံးကို ခိုရယ်အတွက်သာ ပေးအပ်ခဲ့သည်ဟု ခံစားနေရခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဒေါသအလျောက် သွေးသလင်းကျောက်ကို ခိုးယူကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်၏။

သူ့အနေဖြင့် အဆုံးသတ်တွင် ယခုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။

“ခိုရယ်က ပင်လယ်သားရဲတွေ အားလုံးထဲမှာ အသန်မာဆုံးလား”

ဘော့တီ အနည်းငယ် ဝန်မခံချင်ဖြစ်နေသော်လည်း ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

“ခိုရယ်က အခုလက်ရှိ ကျွန်တော့်ထက်တော့ နည်းနည်း ပိုပြီး သန်မာတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော့်မှာသာ သွေးသလင်းကျောက် လုံလုံလောက်လောက် ရှိမယ်ဆိုရင် ကျွန်တော်လည်း ခိုရယ်ရဲ့အဆင့်ကို ရောက်နိုင်တဲ့အပြင် သူ့ထက်တောင် ကျော်လွန်သွားနိုင်သေးပါတယ်”

လင်းဖုန်း ဘော့တီ ဘာတွေးနေသည်ကို ဂရုမစိုက်ချေ။ ဘော့တီအနေဖြင့် ကြောက်တတ်နေသရွေ့ သူ့အတွက် လုံလောက်ပေပြီ။

“ဘော့တီ... မင်း ငါ့ကို ပင်လယ်ဧကရာဇ်နန်းတော်ဆီ ခေါ်သွားပေး။ ပြီးရင်တော့ မင်း ထွက်ခွာသွားလို့ ရပါပြီ”

“ဘာ... ပင်လယ်ဧကရာဇ်နန်းတော်ကို သွားရမယ်ဟုတ်လား။ မဖြစ်နိုင်တာ... ကျွန်တော်တို့ ပင်လယ်ဧကရာဇ်နန်းတော်ကို လုံးဝ သွားလို့မဖြစ်ဘူး။ အဲဒီကို သွားရင် ကျွန်တော် သေလိမ့်မယ်”

ဘော့တီ၏ စိတ်စွမ်းအားမှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ သူ ပင်လယ်ဧကရာဇ်နန်းတော်ကို အလွန်တရာ ကြောက်ရွံ့နေ၏။

လင်းဖုန်း သူ့လက်ဝါးကို အားနည်းနည်းထည့်လိုက်ရာ ချက်ချင်းပင် ဘော့တီ သေမင်း၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရတော့သည်။

“ငါတို့တွေ သွားမယ်ဆိုရင်တော့ မင်းမှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိဦးမယ်။ တကယ်လို့ မသွားဘူးဆိုရင်တော့ မင်း အခုချက်ချင်း သေရလိမ့်မယ်”

လင်းဖုန်း ဘော့တီကို ခပ်အေးအေး စိုက်ကြည့်ကာ ပြောလိုက်သည်။ အေးစက်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါကိုပင် ထုတ်လွှတ်လိုက်၏။

ဘော့တီတစ်ယောက် အကျပ်ရိုက်သွားသည်။ သို့သော် သေသေားချာချာ တွေးတောကြည့်လိုက်၏။ လင်းဖုန်းက ပင်လယ်ဧကရာဇ်နန်းတော်သို့ အသက်အမြုတေအတွက် သွားလိုခြင်း ဖြစ်ရမည်။ အချိန်တန်လျှင် ပင်လယ်ဧကရာဇ်က လင်းဖုန်းကိုသာ အဓိက ကိုင်တွယ်လိမ့်မည်ဖြစ်ရာ သူ့အနေဖြင့် ထွက်ပြေးရန် အခွင့်အရေး ရှိနိုင်သည်။

“ကောင်းပြီ... ကျွန်တော် အရှင့်ကို ခေါ်သွားပေးပါ့မယ်။ ဒါပေမဲ့ ပင်လယ်ဧကရာဇ်နန်းတော်ကို ရောက်တာနဲ့ ကျွန်တော့်ကို လွှတ်ပေးမယ်လို့ အရှင် ကတိပေးရမယ်”

“စိတ်မပူပါနဲ့... ပင်လယ်ဧကရာဇ်နန်းတော်ကို ရောက်တာနဲ့ ငါ မင်းကို သေချာပေါက် လွှတ်ပေးမှာပါ။ မဟုတ်ရင် မင်းက ပင်လယ်ဧကရာဇ်နန်းတော်ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိလိမ့်မယ်။ ရမယ့်အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများသွားလိမ့်မယ်”

လင်းဖုန်း သဘောတူလိုက်သည်ကို တွေ့ရသောအခါ ဘော့တီ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး မီတာ ၅၀၀ အရွယ်အစားသို့ အလျင်အမြန် ကျုံ့ဝင်သွား၏။ ကြည့်ရသည်မှာ သူက ဆဲလ်ဖွဲ့စည်းပုံကိုမူ ပြောင်းလဲနိုင်ပုံမရချေ။ ဤမျှ ကြီးမားလှသော ခန္ဓာကိုယ်က အမှန်တကယ်ပင် ထင်ရှားလွန်းလှ၏။

လင်းဖုန်းက အလျင်အမြန်ပင် ငါးသေးသေးလေးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲပြီး ဘော့တီ၏ နောက်ကွယ်မှ လိုက်ပါသွား၏။ အကယ်၍ သေသေချာချာ ဂရုစိုက်မကြည့်ပါက လင်းဖုန်းကဲ့သို့ ငါးသေးသေးလေးတစ်ကောင်ကို မည်သူမျှ သတိပြုမိကြမည် မဟုတ်ချေ။

လမ်းခရီးတစ်လျှောက်တွင် လင်းဖုန်းတစ်ယောက် အသက်အမြုတေ အပိုင်းအစကြီးကို တဖြည်းဖြည်းချင်း ချေဖျက်စုပ်ယူနေခဲ့သည်။ ၎င်းအတွင်း၌ စွမ်းအားများစွာ ပါဝင်နေပြီး လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အဆက်မပြတ် လာရောက်ရိုက်ခတ်နေခဲ့သော်လည်း ယင်းတို့အားလုံးကို လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က အပြည့်အဝ စုပ်ယူလိုက်၏။

လင်းဖုန်း အထူးအလေးအနက်ထားသော မှတ်ဉာဏ်အပိုင်းအစကလည်း သူ့အား စိတ်မပျက်စေခဲ့ချေ။ ဤအသက်အမြုတေ အပိုင်းအစ၏ မှတ်ဉာဏ်အရဆိုလျှင် လီဗိုင်ယာသန်တစ်ယောက် အေးစက်လှသော စကြာဝဠာအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေသည်။ မှတ်ဉာဏ်အပိုင်းအစအတွင်းရှိ လီဗိုင်ယာသန်ကြီးမှာ ရှေးယခင်ကတည်းက စကြာဝဠာအတွင်း၌ အဆက်မပြတ် လှည့်လည်သွားလာနေသည့် ဂြိုဟ်အဆင့် သက်ရှိတစ်ကောင် ဖြစ်နေပြီဖြစ်၏။

လက်တွေ့တွင်မူ လင်းဖုန်းသည် စကြာဝဠာအကြောင်းကို သိပ်မသိချေ။ လူသားများမှာ ကောင်းကင်မျက်နှာကျက်အကာအကွယ်ကို ဖောက်ထွက်နိုင်စွမ်း မရှိကြသဖြင့် သဘာဝကျကျပင် စကြာဝဠာအတွင်းသို့ မဝင်ရောက်နိုင်ကြချေ။ လင်းဖုန်း သိထားသည်မှာ စကြာဝဠာကြီးက အလွန်တရာ ကျယ်ပြောလှပြီး အေးစက်လွန်းလှသည်ဟူ၍သာ ဖြစ်၏။

ကျန်ရှိနေသော အရာများအားလုံးကိုမူ လင်းဖုန်း ဘာမှမသိချေ။

လင်းဖုန်းအနေဖြင့် လီဗိုင်ယာသန်ကြီး၏ ဤမှတ်ဉာဏ်အပိုင်းအစကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နေရသည့်ပမာ ခံစားနေရသည်။ သူကိုယ်တိုင် လီဗိုင်ယာသန်ကြီးအဖြစ် ပြောင်းလဲသွားပြီး သက်ရှိများစွာဖြင့် ပြည့်နှက်နေသော ဂြိုဟ်တချို့နှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ ခံစားနေရ၏။ အကယ်၍ ထိုနေရာ၌ အလွန်တရာ အားကောင်းလွန်းသော အရှိန်အဝါမျိုး ရှိမနေခဲ့လျှင် လီဗိုင်ယာသန်ကြီးက ဂြိုဟ်တစ်ခုလုံးကို ဝါးမြိုဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။

ထိုဂြိုဟ်ပေါ်ရှိ ကုဋေကုဋာမကသော သက်ရှိများအားလုံးသည်လည်း သဘာဝကျကျပင် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများအဖြစ် ပြောင်းလဲသွားကြရပေလိမ့်မည်။

လီဗိုင်ယာသန်ကြီး၏ မှတ်ဉာဏ်အတွင်း၌ အမှားအမှန်ဟူသော အယူအဆပင် ရှိမနေခဲ့ချေ။ ဗီဇအရ ကျင့်ကြံခြင်းဟူ၍သာ ရှိသည်။ ဤသည်ကား သူ၏ ကျင့်ကြံခြင်းနည်းလမ်းဖြစ်ပြီး အဆက်မပြတ် ပိုမိုသန်မာလာစေမည့် နည်းလမ်းလည်း ဖြစ်သည်။

ဂြိုဟ်တစ်လုံးပြီးတစ်လုံး လီဗိုင်ယာသန်ကြီး၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့ကြရသည်။

ထိုဂြိုဟ်များပေါ်တွင် သက်ရှိပေါင်း ကုဋေကုဋာမက ရှိနေခဲ့ကြခြင်း ဖြစ်၏။

ဖြစ်နိုင်သည်မှာ ထိုနေရာများ၌ လူသားယဉ်ကျေးမှုကဲ့သို့သော ယဉ်ကျေးမှုများ ရှိနေခဲ့နိုင်သည်။ သို့သော်လည်း အားလုံး မျက်စိတစ်မှိတ်အတွင်းမှာပင် ဝါးမြိုခံလိုက်ကြရသည်။ ဤသည်ကား ကြမ်းတမ်းလှပြီး သွေးအေးရက်စက်ကာ အန္တရာယ်များဖြင့် ပြည့်နှက်နေသော စကြာဝဠာကြီးပင်တည်း။

ဖြစ်နိုင်သည်မှာ တစ်နေ့နေ့တွင် ဤကဲ့သို့သောဖြစ်ရပ်မျိုး လူသားယဉ်ကျေးမှုထံသို့လည်း ကျရောက်လာနိုင်သည်။ ထိုအချိန်ကျလျှင် မည်သို့ ဖြစ်လိမ့်မည်နည်း။

လင်းဖုန်း တွေးတောမိန်းမောသွားကာ လီဗိုင်ယာသမ်၏ မှတ်ဉာဏ်များအတွင်းသို့ နစ်မြုပ်သွားသည်။ သူ သတိမထားမိလိုက်ချိန်၌ပင် သူတို့နှစယောက် မြေအောက်နန်းတော်တစ်ခုနှင့် မဝေးလှသော နေရာသို့ ရောက်ရှိလာကြလေပြီ။

“ကျွန်တော်တို့ ရောက်ပါပြီ။ အဲဒါက ပင်လယ်ဧကရာဇ်နန်းတော်ပါပဲဗျ”

လင်းဖုန်းလည်း ချက်ချင်း သတိပြန်ဝင်လာသည်။ သူ ရှေ့မလှမ်းမကမ်းရှိ ပင်လယ်ဧကရာဇ်နန်းတော်ကို လှမ်းကြည့်လိုက်၏။ သူသည် ဤကဲ့သို့သော ဗိသုကာလက်ရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သို့သော်လည်း သူ့အား ပိုမိုအံ့အားသင့်စေသည်က ဤကဲ့သို့သော နန်းတော်ကြီးတစ်ခုကို ရေအောက်ပတ်ဝန်းကျင်၌ တည်ဆောက်ခဲ့ခြင်းဖြစ်၏။ သူ့စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။ ဤနန်းတော်ကြီးကို မည်သို့နှယ် တည်ဆောက်နိုင်ခဲ့ကြသနည်း။

“ကျွန်တော် အခု ထွက်သွားလို့ ရပြီလားဗျ”

ဘော့တီ သတိကြီးစွာဖြင့် မေးလိုက်သည်။ သူ့အနေဖြင့် ရှေ့ဆက်မတိုးဝံ့တော့ချေ။ အကယ်၍ ရှေ့သို့ ထပ်မံတိုးသွားမည်ဆိုပါက ပင်လယ်ဧကရာဇ်နန်းတော်အတွင်းရှိ ပင်လယ်သားရဲများက သူတို့ကို ရှာတွေ့သွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူ ထွက်ခွာသွားချင်လျှင်ပင် သွားနိုင်တော့မည် မဟုတ်ချေ။

“ငါ့ကို ပင်လယ်ဧကရာဇ်နန်းတော်ရဲ့ ဘဏ္ဍာတိုက်တည်နေရာကို ပြောပြ။ ပြီးရင်တော့ မင်း ထွက်သွားလို့ရပြီ”

ဘော့တီ အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ပင်လယ်ဧကရာဇ်နန်းတော်၏ ဘဏ္ဍာတိုက်တည်နေရာကို လင်းဖုန်းအား အသေးစိတ် ရှင်းရှင်းလင်းလင်း ပြောပြလိုက်၏။

လင်းဖုန်း သေသေချာချာ မှတ်သား‌ထားပြီးနောက် လက်ကိုဝှေ့ကာ ပြောလိုက်သည်။

“ဟုတ်ပြီ... မင်း အခု ထွက်သွားလို့ရပြီ”

ဘော့တီ အလွန် ဝမ်းမြောက်သွားသည်။ သူ အလျင်အမြန် နောက်ပြန်လှည့်ကာ ပင်လယ်ဧကရာဇ်နန်းတော်ရှိရာနေရာမှ ထွက်ခွာသွားတော့၏။

ထာဝရသိုင်းတာအိုအရှင်

All Chapters