အခန်း ၃၅၀
Vol. 31 Ch. 350
အခန်း (၃၅၀)
ဘာသာပြန် - အားသစ်
ပင်လယ်ဧကရာဇ်၏ အသံက လင်းဖုန်း၏ စိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာသည်။ စိတ်စွမ်းအားတစ်ခုတည်းတွင်ဆိုလျှင်ပင် ပင်လယ်ဧကရာဇ်၏ စိတ်စွမ်းအားက လင်းဖုန်းထက် များစွာ ပိုမိုအားကောင်းလှပေ၏။
သို့သော်လည်း လင်းဖုန်းအား ပိုမိုအံ့အားသင့်စေသည်မှာ ပင်လယ်ဧကရာဇ်က ယဉ်ကျေးမှုခေတ် အရေအတွက်ကို မေးမြန်းလာခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၏ အခြားသူတော်စင်များပင်လျှင် ရှေးဟောင်းယဉ်ကျေးမှုခေတ်များအကြောင်းကိုသာ သိရှိကြပြီး ယဉ်ကျေးမှုခေတ် မည်မျှအထိ ရှိခဲ့သည်ဆိုသည်ကိုမူ မသိကြကြောင်း သိထားရပေမည်။
သူတို့ထံ၌ ဤကဲ့သို့သော အယူအဆမျိုးပင် ရှိမနေခဲ့ချေ။
လင်းဖုန်းသည်လည်း လောင်ဘီသမ်ထံမှတစ်ဆင့် တစ်ချိန်က ဤကမ္ဘာပေါ်တွင် ယဉ်ကျေးမှုခေတ်များစွာ တည်ရှိခဲ့ဖူးကြောင်း ယင်းတို့အားလုံး ဖျက်ဆီးခြင်း ခံခဲ့ကြရကြောင်း ကြားသိခဲ့ရသည်။
“အရှင်... အခုက ကိုးခုမြောက် ယဉ်ကျေးမှုခေတ် ဖြစ်ပါတယ်”
“ကိုးခုမြောက် ယဉ်ကျေးမှုလား... အချိန်တွေက သိပ်ကိုမြန်တာပဲ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကိုးခုမြောက် ယဉ်ကျေးမှုခေတ်တောင် ရောက်နေပြီပေါ့…”
ပင်လယ်ဧကရာဇ်၏ အသံက ခံစားချက်များဖြင့် ပြည့်နှက်နေပုံရ၏။ သို့သော်လည်း ဤသည်က သူ့အတွက် မျှော်လင့်မထားသော အရာမျိုးတော့ မဟုတ်ချေ။
“မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖျက်ဆီးခြင်းလှံတံ ရှိနေတယ် မဟုတ်လား”
ပင်လယ်ဧကရာဇ်၏ ရုတ်တရက် ပြောဆိုလိုက်သော စကားကြောင့် လင်းဖုန်း အလွန် ထိတ်လန့်သွားရတော့သည်။
ပင်လယ်ဧကရာဇ်က သူ့ထံတွင် ဖျက်ဆီးခြင်းလှံတံ ရှိနေသည်ကို မည်သို့နှယ် သိရှိနေရသနည်း။
ဤဖျက်ဆီးခြင်းလှံတံက သူ၏ အကြီးမားဆုံး ဝှက်ဖဲဖြစ်ကြောင်း သိထားရပေမည်။
လင်းဖုန်း၏ စိုးရိမ်ပူပန်မှုနှင့် သတိကြီးကြီး ထားနေမှုကို ခံစားမိသဖြင့် ပင်လယ်ဧကရာဇ်က သူ၏ ဧရာမဦးခေါင်းကြီးကို အနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့... ငါ မင်းရဲ့ ဖျက်ဆီးခြင်းလှံတံကို လုယူမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဖျက်ဆီးခြင်းလှံတံက သူ့ရဲ့ သခင်ကို ကိုယ်တိုင်ပဲ ရွေးချယ်တတ်တာ။ ဘယ်သူမှ အတင်းအကျပ် လုယူလို့ မရဘူး။ အဲ့ဒီလက်နက်က မင်းကို ရွေးချယ်ခဲ့ကတည်းက မင်းကသာ တစ်ဦးတည်းသော သခင်အစစ်ပဲ”
“အရှင်... အရှင်က ဖျက်ဆီးခြင်းလှံတံအကြောင်းကို ဘယ်လိုကြောင့် သိနေရတာလဲ”
“ဒါကတော့ သိပ်ကိုရိုးရှင်းပါတယ်။ ဖျက်ဆီးခြင်းလှံတံက တစ်ချိန်တုန်းက ငါ့သခင်ရဲ့ လက်နက် ဖြစ်ခဲ့ဖူးလို့ပဲ။ ငါ့ရဲ့သခင်က ပထမဆုံး ယဉ်ကျေးမှုရဲ့ အထွတ်အထိပ် နတ်ဘုရင်ဖြစ်ပြီးတော့ ချေမှုန်းဖျက်ဆီးခြင်းကို တာဝန်ယူရတဲ့ ဖျက်ဆီးခြင်းနတ်ဘုရင်ပဲ”
“ပထမဆုံး ယဉ်ကျေးမှုခေတ်ရဲ့ ဖျက်ဆီးခြင်းနတ်ဘုရင် ဟုတ်လား”
လင်းဖုန်း မှင်သက်သွားရတော့သည်။ သူ ဖျက်ဆီးခြင်းနတ်ဘုရင်အကြောင်းကို ကြားဖူးသော်လည်း ယင်းကား ဒုတိယယဉ်ကျေးမှုရှိ ဖျက်ဆီးခြင်းလှံတံနှင့် ပတ်သက်သည့် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်။ သမိုင်းကြောင်းအတွင်း၌ ဖျက်ဆီးခြင်းနတ်ဘုရင်တစ်ပါး အမှန်တကယ် တည်ရှိခဲ့ဖူးခြင်း ရှိမရှိကိုမူ လောင်ဘီသမ်ကိုယ်တိုင်ပင် တိတိကျကျ မသိချေ။
အဆုံးသတ်တွင်မူ ဤကိစ္စက ပထမဆုံးယဉ်ကျေးမှုခေတ်နှင့် သက်ဆိုင်နေသဖြင့် လောင်ဘီသမ်လည်း တိတိကျကျ မသိခြင်းဖြစ်သည်။
“အရှင်... အရှင်က ပထမဆုံးယဉ်ကျေးမှုခေတ်က သက်ရှိတစ်ယောက်လား”
“ဟုတ်တယ်။ ပထမဆုံး ယဉ်ကျေးမှုခေတ်မှာတုန်းကတော့ ငါတို့က အဲ့ဒီယဉ်ကျေးမှုကို နတ်ဘုရားယဉ်ကျေးမှုခေတ်လို့ ခေါ်ကြတယ်။ တချို့ကတော့ ကမ္ဘာဦးယဉ်ကျေးမှုခေတ်လို့ ခေါ်ကြတယ်။ အဲဒီခေတ်တုန်းကဆိုရင် ငါ့လိုမျိုးသက်ရှိတွေ မရေမတွက်နိုင်အောင် ရှိခဲ့တယ်ဆိုတာ မင်း ဘယ်လိုမှ တွေးမိမှာ မဟုတ်ဘူး။ ငါ့ရဲ့သခင် ကြီးမြတ်လှတဲ့ ဖျက်ဆီးခြင်းနတ်ဘုရင်ကတော့ ဖျက်ဆီးခြင်းလှံတံကို ရရှိခဲ့ပြီးတော့ အဲ့ဒီလက်နက်ထဲက ဖျက်ဆီးခြင်းစွမ်းအားကို နားလည်သဘောပေါက်ခဲ့လို့ နတ်ဘုရားတွေရဲ့ ဘုရင်ဖြစ်လာခဲ့သလို ကမ္ဘာကြီးတစ်ခုလုံးရဲ့ အုပ်ချုပ်သူ ဖြစ်လာခဲ့တာပဲ”
ပင်လယ်ဧကရာဇ်က ထိုခေတ်အခါသမယကို အလွန်တရာ လွမ်းဆွတ်တမ်းတနေပုံရသည်။
“ဒါဆိုရင်... ပထမဆုံး ယဉ်ကျေးမှုခေတ်က ဘယ်လိုဖြစ်လို့ ဖျက်ဆီးခံခဲ့ရတာလဲ”
လင်းဖုန်း အလွန် စိုးရိမ်ပူပန်သွားရ၏။ လမ်းခရီးတစ်လျှောက်လုံးတွင် ပထမဆုံး ယဉ်ကျေးမှုခေတ်ဟူသည် အမြဲတစေ ဆန်းကြယ်လှသော ကန့်လန့်ကာတစ်ခုဖြင့် ဖုံးလွှမ်းနေခဲ့သည်။ မည်သူမျှ ပထမဆုံး ယဉ်ကျေးမှုခေတ်၏ ကန့်လန့်ကာကို ဖွင့်လှစ်ကာ ယင်း၏ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာနိုင်ခြင်း မရှိခဲ့ကြချေ။
သို့သော် ယခုလက်ရှိအခါတွင်မူ ဤပင်လယ်ဧကရာဇ်သည် လက်တွေ့တွင် ရှင်သန်နေသော ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုအလားပင် ဖြစ်နေ၏။ သူကိုယ်တိုင်က ပထမဆုံး ယဉ်ကျေးမှုခေတ်မှ သက်ရှိတစ်ကောင် ဖြစ်နေခဲ့သဖြင့် ပထမဆုံး ယဉ်ကျေးမှုခေတ်အကြောင်းကို သေချာပေါက် များစွာ သိရှိထားပေလိမ့်မည်။
“အဲဒါက အရမ်းအရမ်းကို ခမ်းနားထည်ဝါလှတဲ့ ခေတ်တစ်ခုပေါ့ကွာ။ ကြီးမြတ်လှတဲ့ သက်ရှိတွေဆိုတာ မရေမတွက်နိုင်အောင်က်ု ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီခေတ်က အတိုင်းအဆမဲ့ ဝမ်းနည်းကြေကွဲစရာကောင်းလှတဲ့ ခေတ်တစ်ခု ဖြစ်ခဲ့တယ်ဆိုတာရော မင်းသိလား။ သက်ရှိတွေအားလုံးက လက်တွေ့မှာ ရုပ်သေးရုပ်တွေသာ ဖြစ်ခဲ့ကြတယ်”
“ရုပ်သေးရုပ်တွေ ဟုတ်လား”
လင်းဖုန်း စိတ်ထဲတွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားရသည်။
“အမှန်ပဲ... ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်တွေပဲ။ ကောင်းကင်ယံက ကောင်းကင်မျက်နှာကျက်အကာအကွယ် အကြောင်းကို မင်း သိတယ် မဟုတ်လား။ အဲ့ဒါက အခုအချိန်အထိ ပျောက်ကွယ်မသွားသေးဘူး။ အဲ့ဒါက ဒီကမ္ဘာကြီးကို ကာကွယ်ပေးထားတယ်လို့ ဆိုနိုင်ပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီကမ္ဘာပေါ်က သက်ရှိတွေကို ပိတ်လှောင်ထားတာမျိုးရော မဟုတ်ဘူးလား”
“ကောင်းကင်မျက်နှာကျက်အကာအကွယ်ကို တည်ဆောက်ခဲ့တဲ့သူကတော့ ကောင်းကင်အရှင်သခင်ပဲ။ သူက တစ်ခါမှ ထွက်ပေါ်မလာခဲ့ဖူးပေမဲ့ အမှန်တကယ် တည်ရှိနေတဲ့ ကြီးမြတ်တဲ့ ဖြစ်တည်မှုတစ်ခုပဲ။ သူက ဒီကမ္ဘာကြီးကို ဖန်တီးခဲ့တယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေကို ဖန်တီးခဲ့တယ်။ ပြီးတော့ အဲဒီသက်ရှိတွေကို သူရဲ့ စမ်းသပ်ခံသက်ရှိတွေအဖြစ် သဘောထားခဲ့တာပဲ။ သူက နတ်ဘုရားတွေ၊ နတ်ဆိုးတွေနဲ့ အားကောင်းလှတဲ့ သက်ရှိတွေအများကြီးကို ဖန်တီးခဲ့တယ်။ ဒီအရာတွေအားလုံးက အရင်က အားကောင်းလှတဲ့ သက်ရှိတွေအားလုံးထက် ကျော်လွန်ပြီးတော့ ဆဋ္ဌမအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှုကို ပြီးမြောက်အောင်မြင်ထားတဲ့ ဂြိုဟ်အဆင့်သက်ရှိတစ်ယောက် မွေးဖွားလာဖို့ တစ်ခုတည်းအတွက်ပဲ”
“ငါ့ရဲ့သခင် ဖျက်ဆီးခြင်းနတ်ဘုရင်က ဖျက်ဆီးခြင်းလှံတ့ကို ရခဲ့ပြီးတော့ ဖျက်ဆီးခြင်းစွမ်းအားတွေကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်ခဲ့လို့ ကောင်းကင်သခင်ရဲ့ အစီအစဉ်ကို တဖြည်းဖြည်းချင်း နားလည်လာခဲ့တယ်။ ကံမကောင်းစွာနဲ့ သူ သိသွားခဲ့ရင်တောင် ဘာများတတ်နိုင်မှာလဲ။ အဆုံးသတ်မှာတော့ ရုပ်သေးရုပ်တစ်ရုပ်ရဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ကောင်းကင်သခင်က နတ်ဆိုးသားရဲကြီးတစ်ကောင်ကိုလည ဖန်တီးခဲ့သေးတယ်။ အဲ့ဒါကတော့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီပဲ။ အဲ့ဒီကောင်ကြီးက အရာအားလုံးကို ဖျက်ဆီးပစ်ဖို့အတွက် မွေးဖွားလာခဲ့တာ။ လုံးဝ ကပ်ဘေးဒုက္ခတစ်ခုပဲ။ တကယ်လို့ ငါတို့တွေသာ အဲ့ဒီဧရာမသားရဲကြီးကို မတားဆီးနိုင်ခဲ့ရင် ကမ္ဘာကြီးတစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ်”
“ငါ့ရဲ့သခင် ဖျက်ဆီးခြင်းနတ်ဘုရင်က နတ်ဘုရားတွေကို ဦးဆောင်ပြီးတော့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို တိုက်ခိုက်ခဲ့တယ်။ အဆုံးသတ်မှာတော့ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတာပေါ့။ သခင်က သူရဲ့ အသက်ကိုရင်း ဖျက်ဆီးခြင်းလှံတံကို အစွမ်းကုန် သုံးပြီးတော့ အဲ့ဒီဧရာမသားရဲကြီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တယ်။ အဲဒီအချိန်ကစလို့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့ရတယ်။ အဲ့ဒီသားရဲကြီး နိုးထလာတော့မယ့် အချိန်တိုင်းမှာ ဖျက်ဆီးခြင်းလှံတံက ထွက်ပေါ်လာလေ့ရှိတယ်။ ဖျက်ဆီးခြင်းလှံတံတစ်ခုတည်းကသာ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေနိုင်စွမ်း ရှိတာပဲ”
“ပထမဆုံး ယဉ်ကျေးမှုခေတ်ကနေ ဒုတိယမြောက် ယဉ်ကျေးမှုခေတ်... ပြီးတော့ တတိယ၊ စတုတ္ထ... အဆုံးသတ်မှာတော့ ရှစ်ခုမြောက် ယဉ်ကျေးမှုခေတ်အထိ... ယဉ်ကျေးမှုခေတ်တိုင်းက တစ်ခုပြီးတစ်ခု ဖျက်ဆီးခံခဲ့ကြရတယ်။ ဒါပေမဲ့လည်း တစ်ချိန်တည်းမှာပဲ ဖျက်ဆီးခြင်းလှံတံ ထွက်ပေါ်လာတာက ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို ပြင်းပြင်းထန်ထန် တိုက်ချက်တစ်ခု ပေးစွမ်းနိုင်ခဲ့တယ်။ ဒါကြောင့်မို့ အဲ့ဒီအကောင်ကြီးကို ဆက်ပြီးတော့ အိပ်မောကျနေစေခဲ့တာပဲပေါ့။ ဒီသံသရာက အခုထက်ထိ အဆက်မပြတ် လည်ပတ်နေခဲ့တာပဲ”
ပင်လယ်ဧကရာဇ်၏ အသံက တိုးညင်းလှသော်လည်း အလွန် စိတ်ဝင်းစရာကောင်းနေခဲ့၏။
မည်သည့် ပိုပိုသာသာ အလှဆင်ခြယ်သမှုမျိုးမျှ ရှိမနေသော်လည်း လင်းဖုန်းအနေဖြင့် ပင်လယ်ဧကရာဇ် ပြောပြသော ပုံပြင်အတွင်းသို့ လုံးဝဥဿုံ ဈာန်ဝင်သွားရသည်။ သူ့အနေဖြင့် ပထမဆုံး ယဉ်ကျေးမှုခေတ်၏ ခမ်းနားထည်ဝါမှုများကို စိတ်ကူးပုံဖော်ကာ ခန့်မှန်းခဲ့ဖူးသော်လည်း ဤကဲ့သို့သော ဇာတ်ကြောင်းမျိုး ရှိနေလိမ့်မည်ဟုတော့ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
ဤဇာတ်ကြောင်းက အလွန်တရာ ခမ်းနားလှပြီး လက်တွေ့မဆန်လွန်းလှသဖြင့် လင်းဖုန်းကိုယ်တိုင်ပင်လျှင် အနည်းငယ် ယုံကြည်ရခက်နေရသည်။
သို့သော်ငြားလည်း လင်းဖုန်း၏ စိတ်အာရုံကမူ ဤအရာအားလုံးက အမှန်ဖြစ်နိုင်ချေ အလွန်များကြောင်း ထင်ထင်ရှားရှား ဖော်ပြနေပေသည်။
ပင်လယ်ဧကရာဇ် ပြောပြသော ဇာတ်ကြောင်းက ဒဏ္ဍာရီပုံပြင်ဆန်လှ၏။ လင်းဖုန်းအနေဖြင့် ဤကိစ္စရပ်အားလုံးမှာ အမှန်တရား ဖြစ်နိုင်ကြောင်း ယုံကြည်ရန် ခက်ခဲနေဆဲပင်။ သို့သော်လည်း သူ၏ မသိစိတ်ကမူ ပင်လယ်ဧကရာဇ်က အမှန်တရားကိုသာ ပြောဆိုနေခြင်းသာ ဖြစ်နိုင်ချေ အလွန်များကြောင်း ပြောဆိုနေသည်။
“အရှင်... ပထမဆုံးယဉ်ကျေးမှုက ဖျက်ဆီးခံခဲ့ရပြီဆိုတော့ အရှင်က ဘယ်လိုလုပ်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တာလဲ”
လင်းဖုန်း အနည်းငယ် သိလိုစိတ် ဖြစ်သွား၏။ ပထမဆုံး ယဉ်ကျေးမှုမှာ ဖျက်ဆီးခံခဲ့ရပြီဆိုပါက ပင်လယ်ဧကရာဇ်က မည်သို့ကြောင့် တစ်ကောင်တည်း အသက်ရှင်ကျန်ရစ်ခဲ့ရသနည်း။
ထာဝရသိုင်းတာအိုအရှင်