အခန်း ၃၅၁
Vol. 31 Ch. 351
အခန်း (၃၅၁)
ဘာသာပြန် - အားသစ်
“ဒီပင်လယ်ပြင်ကြီးကို မင်း မြင်လား။ ဒါက အသူတရာသေမင်းပင်လယ်ပဲ။ ဒီနေရာက ဘာဖြစ်လို့ သေမင်းတမန်လို တိတ်ဆိတ်နေရသလဲဆိုတာ မင်း သိလား။ တကယ်တန်းကျတော့ ဒီနေရာက ပထမဆုံး ယဉ်ကျေးမှုခေတ် စစ်ပွဲကြီးအပြီးမှာ အားကောင်းလှတဲ့ သက်ရှိတွေ မရေမတွက်နိုင်အောင် မြှုပ်နှံခဲ့ရတဲ့ သင်္ချိုင်းမြေတစ်ခုပဲ”
“အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု သုံးကြိမ်၊ လေးကြိမ် ဒါမှမဟုတ် ငါးကြိမ်အထိ ပြီးမြောက်ထားတဲ့ ကြီးမြတ်လှတဲ့ သက်ရှိတွေအားလုံး စစ်ပွဲထဲမှာ ကျဆုံးသွားခဲ့ရတယ်။ အဲ့ဒီနောက်မှာ သူတို့ရဲ့ ရုပ်အလောင်းတွေကို ဒီနေရာမှာ လာရောက်စွန့်ပစ်ခဲ့ကြတာပဲ။ အချိန်တွေ ကြာလာတာနဲ့အမျှ ဒီနေရာက သေမင်းအငွေ့အသက်တွေက အရမ်းအားကောင်းလာပြီး အဲဒီကနေတစ်ဆင့် အသူတရာသေမင်းပင်လယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ အဲဒီအချိန်တုန်းက စစ်မြေပြင်မှာ ငါလည်း ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီးရဲ့ လက်ချက်နဲ့ ဒဏ်ရာအပြင်းအထန်ရခဲ့လို့ သခင်က ငါ့ကို ဒီနေရာမှာ မြှုပ်နှံခဲ့တာပဲ”
“ဒါပေမဲ့ ငါ မသေခဲ့ဘူး။ အဲဒီအစား ဒီနေရာက သေမင်းအငွေ့အသက်တွေကို စုပ်ယူပြီးတော့ သေခြင်းတရားရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်သဘောပေါက်လာပြီးတော့ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်နိုင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ ငါ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ်ပြီးမြောက်သွားချိန်မှာ ပထမဆုံး ယဉ်ကျေးမှုခေတ်က ဖျက်ဆီးခံလိုက်ရပြီးပြီ။ သခင်လည်း စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ပြီလေ။ ငါလည်း ဘာမျှော်လင့်ချက်မှ မရှိတော့တာနဲ့ အသူတရာသေမင်းပင်လယ်အတွင်းမှာပဲ ဆက်ပြီး ပုန်းအောင်းနေခဲ့တာပေါ့။ ဒီနေရာက သက်ရှိတွေအတွက် အရမ်းအန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်ပေမဲ့ ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီးရဲ့ ဘေးဒုက္ခကနေ ငါ့ကို အကြိမ်ကြိမ် လွတ်မြောက်စေခဲ့တဲ့ သုခဘုံတစ်ခုလည်း ဖြစ်ခဲ့တာပဲ”
ဝုန်း
ပင်လယ်ဧကရာဇ် လှုပ်ရှားလိုက်၏။ သူ့ခန္ဓာကိုယ်ကြီးက အထပ်ထပ် ခွေနေရာမှ တဖြည်းဖြည်းချင်း ဖြေလျှော့လိုက်ပြီး သူ့ဦးခေါင်းကြီးကို မော့လိုက်သည်။ သူက ဧရာမမြွေကြီးတစ်ကောင်နှင့် အလားသဏ္ဌာန်တူပေ၏။ နက်ရှိုင်းကာ အမှောင်ထုလွှမ်းနေသော ပင်လယ်ရေထုပင်လျှင် ဘေးဖယ်ပေးရသည်။
သူ့ခန္ဓာကိုယ်ကြီးက အတိုင်းအဆမဲ့ ကြီးမားလှ၏။ သူ့အရွယ်အစားက အနည်းဆုံး ကီလိုမီတာ ဆယ်ဂဏန်းခန့်အထိ ရှိပေလိမ့်မည်။
“စတုတ္ထအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းနဲ့ ကီလိုမီတာဆယ်ဂဏန်းခန့်ရှိတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်”
လင်းဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ပင်လယ်ဧကရာဇ်၏ ခန္ဓာကိုယ်ကြီးကို ကြည့်ကာ ပင်လယ်ဧကရာဇ်က တိုက်ပွဲဝင်ခန္ဓာကိုယ်ကို သေချာပေါက် ကျင့်ကြံထားကြောင်း သူ သိလိုက်သည်။ မဟုတ်ပါက လေးကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအပြီးတွင် ဤမျှအထိ ကြီးမားလှသော ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ရန် မဖြစ်နိုင်ချေ။
တိုက်ပွဲဝင်ခန္ဓာကိုယ်ကသာ ထိုကဲ့သို့ အဖြစ်မျိုးကို စွမ်းဆောင်နိုင်ပေလိမ့်မည်။
“အရှင်... အရှင်က တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားတာလား”
“မှန်တယ် လူသား... ငါက သခင် လက်ဆင့်ကမ်းပေးခဲ့တဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားတာပဲ။ ဒါပေမဲ့ သခင်ရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်သခင်ရဲ့ လက်ဆင့်ကမ်းပေးမှုကနေ ရခဲ့တာပဲ။ မင်းဆီမှာလည်း တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု ရှိနေတယ် မဟုတ်လား”
“မှန်ပါတယ်။ ကျွန်တော့်ဆီမှာလည်း တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း သုံးကြိမ်ပဲ ပြီးမြောက်ထားသေးတာပါ”
တစ်ဆက်တည်း၌ပင် လင်းဖုန်း သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို လှုံ့ဆော်လိုက်သည်။ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က သုံးကီလိုမီတာခန့်အထိ ကြီးမားလှပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည်။ ဖိအားက ပင်လယ်ဧကရာဇ်၏ တိုက်ပွဲဝင်ခန္ဓာကိုယ်လောက် မပြင်းထန်သော်လည်း ယင်းက အစစ်အမှန် တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခု ဖြစ်နေဆဲပင်။
ထို့ပြင် အခြေခံအားဖြင့်ဆိုလျှင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ပင်လယ်ဧကရာဇ်၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ထက် ပို၍ပင် သန်မာသေး၏။
“မင်းက တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအပြီးမှာတင် ဒီလောက်တောင်ကြီးတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနိုင်တာလား။ အင်း အင်း…မဆိုးဘူး... မဆိုးဘူး။ အတိတ်က သခင်ရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ထက်တောင် ပိုပြီးတော့ သန်မာနေသေးတယ်။ မင်းက ဘယ်နတ်ဘုရင်ရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ် အမွေအနှစ်ကို ရခဲ့တာလဲ”
“ကျွန်တော်လည်း သေချာ မသိပါဘူး...”
လင်းဖုန်း ထိုကိစ္စကိုမူ ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်၏။ လောင်ဘီသမ်၏ အကြောင်းက အလွန်တရာ လျှို့ဝှက်လွန်းလှသည်။ သူ အရှင်ဘီမွန်၏ အစစ်အမှန် အမွေအနှစ်ကို မရရှိမီအချိန်အထိ ဤလျှို့ဝှက်ချက်ကို ဖော်ပြမည် မဟုတ်ချေ။
ပင်လယ်ဧကရာဇ်ကမူ လင်းဖုန်းက ပထမဆုံး ယဉ်ကျေးမှုခေတ်မှ တချို့နတ်ဘုရင်တစ်ပါးပါး၏ တိုက်ပွဲဝင်ခန္ဓာကိုယ် အမွေအနှစ်ကို ရရှိခဲ့ခြင်းဖြစ်မည်ဟုသာ ထင်မှတ်ထားခဲ့သည်။ အဆုံးသတ်တွင်မူ အတိတ်ကာလက ဖျက်ဆီးခြင်းနတ်ဘုရင်အပြင် အခြားနတ်ဘုရင်များလည်း ရှိခဲ့သေးသည် မဟုတ်ပါလား။ ဖျက်ဆီးခြင်းနတ်ဘုရင်က ဖျက်ဆီးခြင်းလှံတံကို ပိုင်ဆိုင်ထားသဖြင့် အသန်မာဆုံး ဖြစ်နေခဲ့ခြင်းမျှသာ ရှိသည်။
တိုက်ပွဲဝင်ခန္ဓာကိုယ်ချည်းသက်သက်ကိုသာ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အခြာနတ်ဘုရင်များကလည်း ဖျက်ဆီးခြင်းနတ်ဘုရင်ထက် လုံးဝ နိမ့်ကျမနေချေ။
ပင်လယ်ဧကရာဇ်၏ ဧရာမတိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးကို ကြည့်ရင်း လင်းဖုန်း ဖိအားများစွာကို ခံစားနေရ၏။ တိုက်ပွဲဝင်ခန္ဓာကိုယ် သက်သက်ကိုသာ ယှဉ်မည်ဆိုလျှင် သူ၏ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း သုံးကြိမ် တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် တိုက်ပွဲဝင်ခန္ဓာကိုယ်တို့အကြား၌ ကွာဟချက်ကြီးတစ်ခု ရှိနေသေးသည်။ အဆုံးသတ်တွင်မူ ခုနစ်ကီလိုမီတာ ကွာဟချက်ဆိုသည်မှာ အလွယ်တကူ ဖာထေးနိုင်သည့်အရာမျိုး မဟုတ်ချေ။
လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဖျက်ဆီးခြင်းလှံတံကသာ သူ့အား အနည်းငယ် စိတ်သက်သာရာရစေ၏။ အကယ်၍ သူသာ တန်ဖိုးတစ်ခုခု ပေးဆပ်ကာ ဖျက်ဆီးခြင်းလှံတံကို ထုတ်ဖော်လိုက်မည်ဆိုပါက ပင်လယ်ဧကရာဇ်၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ပင်လျှင် လှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ထိုအချိန်ကျလျှင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်သည်လည်း ပြိုလဲပျက်စီးသွားနိုင်ချေ ရှိသည်။ လင်းဖုန်းအနေဖြင့် လုံးဝကြီး မလိုအပ်လာပါက ပင်လယ်ဧကရာဇ်နှင့် တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည် မဟုတ်ချေ။
“အရှင်... အရှင်က ဘာဖြစ်လို့ ဒီအကြောင်းတွေကို ကျွန်တော့်ကို ပြောပြနေရတာလဲ။ ဒီအကြောင်းတွေက အရမ်းအရမ်း လျှို့ဝှက်လွန်းတဲ့ သတင်းအချက်အလက်တွေ ဖြစ်သင့်တယ်။ ဟုတ်တယ်မလား။ ယခုလေးတင်မှ ဆုံဖူးတဲ့ လူသားတစ်ယောက်ကို အရှင်က ဘာဖြစ်လို့ ဒီဘလောက်အများကြီး ပြောပြနေရတာလဲ”
လင်းဖုန်း ပင်လယ်ဧကရာဇ်ကို စူးစိုက်ကြည့်လိုက်၏။ ပင်လယ်ဧကရာဇ်က ဤမျှအထိ စေတနာကောင်းလွန်းလှလိမ့်မည်ဟု သူ မထင်ချေ။
“ဘာဖြစ်လို့လဲဆိုတော့ ဖျက်ဆီးခြင်းလှံတံက မင်းကို ရွေးချယ်လိုက်လို့ပဲ။ သခင်က ဖျက်ဆီးခြင်းလှံတံတစ်ခုတည်းကသာ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို ရင်ဆိုင်နိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော စွမ်းအားဖြစ်တယ်လို့ တစ်ချိန်က ပြောခဲ့ဖူးတယ်။ နောက်တစ်ကြိမ် ဧရာမသားရဲကြီး နိုးထလာပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်တယ်ဆိုရင်တောင် ငါတို့တွေ မင်းနဲ့ ဖျက်ဆီးခြင်းလှံတံအပေါ်မှာပဲ အားကိုးရတော့မှာပဲ။ ငါ ဒီလောက် အချိန်တွေအကြာကြီး အသက်ရှင်နေထိုင်လာခဲ့တယ်ဆိုပေမဲ့ သေချင်စိတ်တော့ မရှိသေးဘူးလေ။ ဒါကြောင့်မို့ မင်း စောစောစီးစီး ကြိုတင်ပြင်ဆင်ထားနိုင်အောင် ဒီအကြောင်းတွေအကုန်လုံးကို ပြောပြဖို့ ဆုံးဖြတ်လိုက်တာပဲ”
လင်းဖုန်း အနည်းငယ် သံသယဖြစ်နေဆဲပင်။ ဖျက်ဆီးခြင်းလှံတံကြောင့် သက်သက်မျှသာလော။
သို့သော်လည်း ဤရှင်းပြချက်က ယုတ္တိတန်သည်ဟု ဆိုရပေမည်။ ပင်လယ်ဧကရာဇ်က သေချာပေါက် သေလိုလိမ့်မည် မဟုတ်ချေ။ မည်သည့်သက်ရှိမျှ သေချင်ကြမည် မဟုတ်။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်ပါလား။ ပင်လယ်ဧကရာဇ်သည် ယဉ်ကျေးမှု ရှစ်ခုတိုင်အောင် ဖြတ်သန်းရှင်သန်လာခဲ့သော်လည်း ဆက်လက် ရှင်သန်ချင်နေဆဲပင် ဖြစ်၏။
“အရှင်း... ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို အပြီးတိုင် သတ်ဖြတ်ပစ်ဖို့ နည်းလမ်းမရှိဘူးလား။ ကျွန်တော့်ရဲ့ ယဉ်ကျေးမှုခေတ် ဒီသံသရာထဲမှာ ဖျက်ဆီးခံရတာကို ကျွန်တော် မမြင်ချင်ဘူး”
အမှန်တကယ်ပင် လင်းဖုန်း လူသားယဉ်ကျေးမှုခေတ်ကြီးတစ်ခုလုံး ဖျက်ဆီးခြင်း ခံရသည်ကို မမြင်တွေ့လိုချေ။ အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့မည်ဆိုလျှင် သူ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အပြင်းအထန် ဒဏ်ရာရရှိစေခဲ့လျှင်ပင် ဘာထူးလိမ့်မည်နည်း။ ၎င်းက နောက်တစ်ကြိမ် ထပ်မံ အိပ်မောကျသွားဦးမည်သာ ဖြစ်၏။ ထိုအချိန်အတွင်း လူသားယဉ်ကျေးမှုခေတ်ကြီးက ရှေးကတည်းက ဖျက်ဆီးခံခဲ့ရပြီး ဖြစ်မည်ဖြစ်ကာ လင်းဖုန်းကိုယ်တိုင်ပင် သေဆုံးသွားနိုင်ချေ ရှိသည်။
“ငါလည်း ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို အပြီးတိုင် ဘယ်လို သုတ်သင်ရမလဲဆိုတာတော့ မသိဘူး။ အဆုံးမှာတော့ ငါ့ရဲ့သခင် ဖျက်ဆီးခြင်းနတ်ဘုရင်တောင်မှ အဲဒီအချိန်တုန်က အဲ့လိုမျိုး မလုပ်နိုင်ခဲ့ဘူးလေ။ ငါ့ရဲ့သခင် ဖျက်ဆီးခြင်းနတ်ဘုရင်က အဲဒီအချိန်မှာတုန်းက ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်ခဲ့ပြီး ဖျက်ဆီးခြင်းလှံတံကိုလည်း ပိုင်ဆိုင်ထားခဲ့ပေမဲ့ ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီးကိုတော့ မသတ်နိုင်ခဲ့ဘူး”
“အဲ့ဒီသားရဲကြီးကို ကောင်းကင်သခင်က ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တာပဲ။ သခင် ခန့်မှန်းခဲ့သလိုပဲ ဆဋ္ဌမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်ပြီးတော့ ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာမှသာ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို အပြီးတိုင် သတ်ဖြတ်ပစ်နိုင်တာ ဖြစ်ကောင်းဖြစ်လိမ့်မယ်”
လင်းဖုန်း စိတ်ထဲမှ ခေါင်းညိတ်လိုက်မိ၏။ ဤသည်ကား လောင်ဘီသမ်က တစ်ချိန်က ပြောခဲ့ဖူးသည့် အတိုင်းပင်။
ဖျက်ဆီးခြင်းလှံတံက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို ရင်ဆိုင်နိုင်စွမ်းရှိသော်လည်း သတ်ဖြတ်နိုင်စွမ်း ရှိမရှိကိုမူ ပြောရခက်လှသည်။ တတိယယဉ်ကျေးမှုက ဖျက်ဆီးခြင်းလှံတံကို အသုံးပြုကာ ဖျက်ဆီးခြင်းအမြောက်ကို မည့်အတွက်ကြောင့် ဖန်တီးခဲ့ရသည်ကို လင်းဖုန်း နောက်ဆုံးတွင် နားလည်သွားခဲ့တော့၏။
ယင်းကား ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို ရင်ဆိုင်ရန်အတွက်သာ ဖြစ်ပုံရသည်။
ဖြစ်နိုင်သည်မှာ ဒုတိယမြောက် ယဉ်ကျေးမှုခေတ်မှ အဋ္ဌမမြောက် ယဉ်ကျေးမှုခေတ်အထိ ယဉ်ကျေးမှုခေတ်တိုင်းတွင် ဖျက်ဆီးခြင်းလှံတံကို အသုံးပြုရန်အတွက် အထူးနည်းလမ်းအမျိုးမျိုး ရှိကြပေလိမ့်မည်။ မဟုတ်ပါက ကမ္ဘာပျက်ကပ် ဧရာမသားရဲကြီးသည်လည်း အကြိမ်ကြိမ် အိပ်မောကျသွားခဲ့မည် မဟုတ်ချေ။
ထာဝရသိုင်းတာအိုအရှင်