အခန်း ၃၅၂
Vol. 31 Ch. 352
အခန်း (၃၅၂)
ဘာသာပြန် - အားသစ်
ဖျက်ဆီးခြင်းလှံတံသာ မရှိခဲ့ပါက ဤကမ္ဘာကြီး၌ ယဉ်ကျေးမှု၏ မီးတောက်မီးပွားကိုပင် ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်။ ယခုလို ယဉ်ကျေးမှုများ အကြိမ်ကြိမ် အခါခါ မွေးဖွားလာနိုင်လိမ့်မည် မဟုတ်ချေ။
လင်းဖုန်း ဤကဲ့သို့သော ဇာတ်ကြောင်းမျိုး ထပ်မံဖြစ်လာသည်ကို မမြင်တွေ့လိုချေ။
သူ့အနေဖြင့် လူသားယဉ်ကျေးမှုခေတ်ကြီးကို ကာကွယ်စောင့်ရှောက်မည် ဖြစ်သော်လည်း ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေရုံမျှသာဖြင့် မကျေနပ်နိုင်ချေ။ ထိုသားရဲကြီးကို အပြီးတိုင် သတ်ဖြတ်နိုင်မည့် နည်းလမ်းတစ်ခုကို မဖြစ်မနေ ရှာဖွေရပေမည်။
လင်းဖုန်းတွင်လည်း ထူးခြားသည့် အားသာချက်တစ်ခု ရှိနေသေးသည်။ သူက ဖျက်ဆီးခြင်းလှံတံအပေါ်တွင်သာ အလုံးစုံ အားကိုးအားထားပြုနေခြင်း မဟုတ်ပေ။ သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကြီးမြတ်လှသော ဂလက်ဆီအဆင့် မဟာသက်ရှိကြီးတစ်ယောက်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။
စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအပြီးတွင် လင်းဖုန်းအနေဖြင့် ဂလက်ဆီအဆင့် မဟာသက်ရှိကြီး ဘီမွန်၏ အစစ်အမှန်အမွေအနှစ်ကို ရရှိမည် ဖြစ်၏။ ထိုအချိန်ကျလျှင် သူက သမိုင်းတစ်လျှောက် ယဉ်ကျေးမှုအသီးသီးမှ အသန်မာဆုံး သက်ရှိများအားလုံးထက် ကျော်လွန်သွားမည်ဖြစ်ပြီး ပင်လယ်ဧကရာဇ်၏ သခင်ဖြစ်သော ဖျက်ဆီးခြင်းနတ်ဘုရင်ကိုပင် ကျော်လွန်သွားနိုင်မည့် အခွင့်အရေး ရှိနေသည်။
ထိုသို့သာဆိုလျှင် လင်းဖုန်းအနေဖြင့် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အပြီးတိုင် သုတ်သင်ပစ်ရန်နှင့် ဤမပြတ်တမ်း လည်ပတ်နေသည့် သံသရာကြီးကို အဆုံးသတ်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာမျိုး မဟုတ်တော့ချေ။
သို့သော်လည်း လင်းဖုန်းတွင် ယခုအချိန်၌ လိုအပ်နေသည်မှာ အချိန်နှင့် စွမ်းအားပင်။ သူ့အနေဖြင့် အချိန်တိုင်းကို အမိအရ ဆုပ်ကိုင်ပြီး သူ့စွမ်းအားကို အကန့်အသတ်အထိ မြှင့်တင်ရမည် ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်း ပင်လယ်ဧကရာဇ်အား ပွင့်ပွင့်လင်းလင်း စကားဆိုလိုက်သည်။
“အရှင်... ကျွန်တဪ် ဒီကို ရောက်လာတာက အရှင့်ဆီကနေ တစ်ခုခု တောင်းဆိုချင်လို့ပါ”
“အွန် ဘာများလဲ။ မင်းက ဖျက်ဆီးခြင်းလှံတံရဲ့ ရွေးချယ်ခံရတဲ့သူပဲ။ ပြီးတော့ အနာဂတ်မှာ ကမ္ဘာပျက်ကပ်သားရဲကြီးကို တိုက်ခိုက်ရမယ့်သူပဲလေ။ မင်းဘာပဲလိုလို အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ ငါ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်” ပင်လယ်ဧကရာဇ်က ရက်ရောဟန်ဖြင့် ပြန်လည်ဖြေကြားလိုက်၏။
“ကျွန်တော် အခု အသက်အမြုတေတွေ အများကြီး လိုနေတယ်”
လင်းဖုန်းလည်း ပင်လယ်ဧကရာဇ်ကို စူးစိုက်ကြည့်လျက် ဝေ့ဝိုက်မနေတော့ပဲ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။
“အသက်အမြုတေတွေလား...”
ပင်လယ်ဧကရာဇ်၏ အမူအရာက တဖြည်းဖြည်း တည်ကြည်လေးနက်သွားသည်။ ပတ်ဝန်းကျင် လေထုကလည်း တဖြည်းဖြည်း အေးခဲသွားတော့သည်။
ပင်လယ်ဧကရာဇ် နှုတ်ဆိတ်နေခြင်းက သူ အသက်အမြုတေ၏ အရေးပါပုံကို ကောင်းကောင်းနားလည်ထားကြောင်း သဘာဝကျကျပင် ပြသနေ၏။ ယင်းတို့က အလွန်တရာ ရှားပါးလှသော ရတနာတစ်ပါး ဖြစ်ကြောင်း သူ သိထားသည်။
“ငါ မင်းကို အသက်အမြုတေ ပေးနိုင်တယ်။ ဒါပေမဲ့ မင်းအနေနဲ့ အသက်အမြုတေ အပိုင်းအစတွေကို ဒီနေရာမှာပဲ အသုံးပြုရမယ်။ မင်း ဒီနေရာမှာပဲ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်အောင် လုပ်ရမယ်ဆိုရင်တောင် အတတ်နိုင်ဆုံး သုံးသွားပါ။ အပြင်ကိုတော့ လုံးဝ သယ်သွားလို့ မရဘူး”
ဤသည်ကား လင်းဖုန်းအတွက် ပင်လယ်ဧကရာဇ် ချမှတ်လိုက်သည့် စည်းကမ်းချက်များပင်။
လင်းဖုန်း ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ကောင်းပါပြီ... ကျွန်တော် သဘောတူပါတယ်”
ပင်လယ်ဧကရာဇ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ စကားဆိုလိုက်၏။
“ဒီအသက်အမြုတေ အပိုင်းအစတွေက ကမ္ဘာအနှံ့မှာ ပြန့်ကျဲနေခဲ့တာပဲ။ ငါ သံသယဖြစ်မိတာကတော့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကိုယ်တိုင်လည်း အသက်အမြုတေ အပိုင်းအစတွေ အများကြီးကို ဝါးမြိုခဲ့တာ ဖြစ်နိုင်တယ်။ အတိတ်တုန်းက သခင်လည်း အသက်အမြုတေ အပိုင်းအစတွေကို ရရှိခဲ့ဖူးလို့ပဲ နောက်ဆုံးမှာ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်အထိ ပြီးမြောက်နိုင်ခဲ့တာပေါ့”
“နှမြောဖို့ကောင်းတာက ငါ့မှာ မွေးရာပါ ပါရမီ ချို့တဲ့နေခဲ့တယ်။ ငါ အသက်အမြုတေ အပိုင်းအစတွေ အများကြီး ရခဲ့ပေမဲ့ အခုထက်ထိ အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု လေးကြိမ်ပဲ ပြီးမြောက်နိုင်ခဲ့သေးတယ်။ ဒါကြောင့်မို့လို့ ငါ ပါရမီရှိတယ်လို့ထင်တဲ့ တချို့ ပင်လယ်သားရဲတွေကိုတောင် အသက်အမြုတေ အပိုင်းအစတွေ ပေးခဲ့ဖူးသေးတယ်။ ဒါပေမဲ့ အခုအချိန်အထိ ဘယ်သူမှ စိတ်ကျေနပ်စရာကောင်းတဲ့ အဆင့်ကို ရောက်မလာခဲ့ကြဘူး။ တကယ်လို့ မင်းအနေနဲ့ ဒါတွေကို အားကိုးပြီး စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်အောင် လုပ်ပြီးတော့ မင်းရဲ့ စွမ်းအားကို မြှင့်တင်နိုင်မယ်ဆိုရင်တော့ ဒါက ရင်းမြစ်တွေကို အကောင်းဆုံး အသုံးချတာလို့ သတ်မှတ်နိုင်တာပေါ့ကွာ”
ထို့နောက် ပင်လယ်ဧကရာဇ်က စိတ်စွမ်းအားအနည်းငယ်ကို ထုတ်ဖော်ကာ အပြင်သို့ ပို့လွှတ်လိုက်၏။ အစောတုန်းက ပင်လယ်သားရဲနှစ်ကောင် ပင်လယ်ဧကရာဇ်နန်းဆောင်အတွင်းသို့ ထပ်မံ ရောက်ရှိလာသည်။ ပင်လယ်ဧကရာဇ်က ထိုပင်လယ်သားရဲနှစ်ကောင်အား တစ်ချက်ကြည့်ကာ အမိန့်ပေးလိုက်သည်။
“ဒီဂုဏ်သရေရှိ ဧည့်သည်တော်ကို ကျင့်ကြံခြင်းနယ်မြေဆီ ပို့ပေးလိုက်ပါ။ ဒီဧည့်သည်တော် အသုံးပြုနိုင်ဖို့အတွက် သွေးသလင်းကျောက်တွေကိုလည်း ကျင့်ကြံခြင်းနယ်မြေဆီကို ပြောင်းရွှေ့ပေးလိုက်”
ပင်လယ်သားရဲနှစ်ကောင်မှာ အံ့အားသင့်သွားကြရသည်။ ဤသည်ကား ပင်လယ်ဧကရာဇ်နန်းတော်၏ အဖိုးတန်ဆုံး ရတနာဖြစ်သည့် သွေးသလင်းကျောက်များပင် မဟုတ်ပါလော။ ယင်းကို ပြင်ပလူတစ်ယောက်အား မည်သို့လျှင် အသုံးပြုခွင့်ပေးနိုင်မည်နည်း။ ထို့ပြင် ထိုသူက လူသားတစ်ယောက် ဖြစ်နေသေးသည်။
“အရှင်...”
“တခြား ဘာမှ ပြောနေစရာ မလိုတော့ဘူး။ အမိန့်အတိုင်း လုပ်လိုက်ပါ”
ပင်လယ်ဧကရာဇ်၏ ဧရာမ ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်းချင်း ပြန်လည် ရစ်ခွေသွားသည်။ သူ၏ ဧရာမဦးခေါင်းကြီးသည်လည်း ဂူအတွင်းသို့ တဖြည်းဖြည်း ပြန်လည်တိုးဝင်သွား၏။ သူ နောက်တစ်ကြိမ် ထပ်မံအိပ်စက်ရန် ဟန်ပြင်နေပုံရသည်။
......
“ငါတို့နဲ့ လိုက်ခဲ့ပါ”
ပင်လယ်သားရဲနှစ်ကောင်အနေဖြင့် အနည်းငယ် မကျေမနပ် ဖြစ်နေကြသော်လည်း ပင်လယ်ဧကရာဇ်၏ အမိန့်ကိုမူ မဖီဆန်ဝံ့ကြချေ။
လင်းဖုန်းတစ်ယောက် ပင်လယ်သားရဲနှစ်ကောင် နောက်မှ လိုက်ပါသွားသည်။ သူတို့သုံးယောက် စင်္ကြံလမ်းအထပ်ထပ်ကို ဖြတ်သန်းသွားကြပြီး နောက်ဆုံးတွင် ရင်ပြင်ကျယ်ကြီးတစ်ခုဆီသို့ ရောက်ရှိလာသည်။ မှန်ပေ၏... ဤသည်ကား ရင်ပြင်ကျယ်ကြီးတစ်ခုပင်။ ထို့ပြင် ယင်းက မျက်စိတစ်ဆုံး ကျယ်ပြောလှသည်။ ဖြူလွလွ အလင်းရောင်များက ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံထား၏။ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်ကာ အနှောက်အယှက်ကင်းပြီး ကျယ်ဝန်းလှ၏။
လင်းဖုန်း စိတ်ထဲမှ ခေါင်းညိတ်လိုက်မိသည်။ ဤသည်ကား ကျင့်ကြံခြင်းနယ်မြေ ဖြစ်ပေလိမ့်မည်။ ဤမျှအထိ ကြီးမားကျယ်ပြောလှသော နေရာမျိုးဆိုလျှင် သူ၏ သုံးကီလိုမီတာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ် မဆိုထားနှင့် ကီလိုမီတာသုံးဆယ်အရွယ်အစားရှိ ခန္ဓာကိုယ်ကြီးကိုပင် ဆံ့ဝင်နိုင်ပေလိမ့်မည်။
“ဒီမှာ ခဏစောင့်နေ။ ငါတို့ သွေးသလင်းကျောက်တွေ ယူလာခဲ့မယ်”
ပင်လယ်သားရဲနှစ်ကောင်မှာ လင်းဖုန်းအပေါ် သိပ်ပြီးတော့ ယဉ်ကျေးပျူငှာခြင်း မရှိကြချေ။
လင်းဖုန်းကလည်း ဂရုစိုက်မနေချေ။ ပင်လယ်သားရဲနှစ်ကောင် ထွက်ခွာသွားပြီးနောက် သူ စိတ်စွမ်းအားကို အသုံးပြု၍ ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။ မည်သူမျှ ချောင်းမြောင်းကြည့်ရှုခြင်း မရှိကြောင်း တွေ့လိုက်ရ၏။
“လောင်ဘီသမ်... မင်းရဲ့ အမြင်အရဆိုရင် ပင်လယ်ဧကရာဇ် ပြောခဲ့တာတွေက ဘယ်လောက်အထိ အမှန်ဖြစ်နိုင်လဲ”
လင်းဖုန်း လောင်ဘီသမ်ကို စိတ်ထဲမှ လှမ်းခေါ်ကာ မေးလိုက်သည်။ ပင်လယ်ဧကရာဇ်နှင့်ယှဉ်လျှင် သဘာဝကျကျပင် သူ လောင်ဘီသမ်ကို ပို၍ယုံကြည်သည်။
“၇၀ ကနေ ၈၀ ရာခိုင်နှုန်းလောက်အထိပေါ့။ ငါလည်း ဒီပင်လယ်ဧကရာဇ်နဲ့ တစ်ခါမှ မဆုံဖူးဘူး။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ပေါ်က အငွေ့အသက်တွေနဲ့ သူ စုစည်းထားတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကတော့ သေချာပေါက် စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်ပဲ။ ပြီးတော့ သူကလည်း စကြဝဠာကျင့်စဉ်စနစ်အတိုင်း ကျင့်ကြံထားတာ။ တကယ်လို့ သူပြောတာသာ အမှန်ဆိုရင် ပထမဆုံး ယဉ်ကျေးမှုခေတ်က အဲဒီလောက်အထိ ထွန်းကားခဲ့တာဆိုရင်တော့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်သခင်ဆိုတဲ့သူက စိတ်ကူးလို့မရနိုင်လောက်အောင် အားကောင်းလိမ့်မယ်”
“ဒါပေမဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်သခင်က သက်ရှိတွေကို ဖန်တီးနိုင်စွမ်း ရှိတယ်ဆိုတာကိုတော့ ငါ တစ်ထစ်ချ မယုံနိုင်ဘူး။ ဂလက်ဆီအဆင့် မဟာသက်ရှိတွေတောင်မှ သက်ရှိတွေကို မဖန်တီးနိုင်ကြဘူးလေ။ ဂြိုဟ်အဆင့်သက်ရှိဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ ကမ္ဘာပျက်ကပ်သားရဲကြီးလို အားကောင်းတဲ့ သက်ရှိမျိုးကို ဖန်တီးဖို့ဆိုတာက ပိုတောင် မဖြစ်နိုင်သေးတယ်”
“လင်းဖုန်း... ဒီပင်လယ်ဧကရာဇ်က ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို ရင်ဆိုင်ဖို့အတွက် မင်းကို အသုံးချချင်နေရုံသက်သက်ပဲ ဖြစ်နိုင်တယ်။ မင်းအပေါ် ဘာလှည့်ကွက်မှတော့ ရှိမှာ မဟုတ်ပါဘူး။ သူ့ရဲ့ စွမ်းအားနဲ့ဆိုရင် မင်းကို အခုချက်ချင်း အပြတ်အသတ် ချေမှုန်းပစ်နိုင်တယ်။ မင်းကို ဉာဏ်ဆင်ပြီး နှိမ်နင်းနေစရာ မလိုဘူးလေ”
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်လည်း ဤပင်လယ်ဧကရာဇ်က ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို အတော်လေး ကြောက်ရွံ့နေကြောင်း ခံစားမိ၏။ သူက ယဉ်ကျေးမှုခေတ်များစွာကို ဖြတ်သန်းခဲ့သော်လည်း မည်သည့်အခါကမျှ လူလုံးမပြခဲ့ဘဲ အသူတရာသေမင်းပင်လယ်အတွင်း၌သာ ပုန်းအောင်းနေခဲ့သည်။ သူ မည်မျှပင် သန်မာစေကာမူ ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကိုမူ ထိပ်တိုက်မရင်ဆိုင်ရဲခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း လင်းဖုန်းကမူ မတူချေ။ လင်းဖုန်းက ဖျက်ဆီးခြင်းလှံတော်၏ ရွေးချယ်ခြင်း ခံရသူဖြစ်ပြီး သူ့တွင် ဖျက်ဆီးခြင်းလှံတံရှိသည်။ သူက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကို ခုခံတွန်းလှန်ရန် ကံပါလာသူ ဖြစ်၏။ ထိုအကြောင်းပြချက်ကြောင့်ပင် ပင်လယ်ဧကရာဇ်အနေဖြင့် လင်းဖုန်းအား သူတတ်နိုင်သမျှ အစွမ်းကုန် ပံ့ပိုးပေးခြင်း ဖြစ်ပေလိမ့်မည်။
“ဒါနဲ့ လောင်ဘီသမ်... ပင်လယ်ဧကရာဇ် ပြောတာတော့ သူ့ရဲ့သခင် ဖျက်ဆီးခြင်းနတ်ဘုရင်ကလည်း ဖျက်ဆီးခြင်းလှံတံကို စေခိုင်းနိုင်ခဲ့တယ်ဆိုပဲ။ အဲဒါဆို သူက ဘာလို့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို အမြစ်ပြတ် မသတ်နိုင်ခဲ့တာလဲ”
“ဖျက်ဆီးခြင်းလှံတံဆိုတာ မူလလက်နက်တစ်ခုပဲ။ ဒီလက်နက်ကို အပြည့်အဝ ပိုင်စိုးနိုင်ဖို့ဆိုရင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ခြောက်ကြိမ် ပြီးမြောက်ထားတဲ့ ဂြိုဟ်အဆင့်သက်ရှိ ဖြစ်မှပဲရမယ်။ ဖျက်ဆီးခြင်းနတ်ဘုရင်ကလည်း မင်းလိုပဲ ဖျက်ဆီးခြင်းလှံတံအပေါ်မှာ အခြေခံထိန်းချုပ်နိုင်စွမ်းလောက်ပဲ ရှိခဲ့ပုံရတယ်။ ဖျက်ဆီးခြင်းလှံတံထဲက ဖျက်ဆီးခြင်းစွမ်းအား တချို့ကိုပဲ ထုတ်ဖော်နိုင်ခဲ့တာ ဖြစ်လိမ့်မယ်”
“ဒါဆိုရင်တောင် ဖျက်ဆီးခြင်းနတ်ဘုရင်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်အထိ ပြီးမြောက်ထားပြီးတော့ ဖျက်ဆီးခြင်းလှံတံကို အခြေခံလောက်တော့ ထိန်းချုပ်နိုင်ခဲ့တာပဲလေ။ သူက ဘာလို့ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီးကို မယှဉ်နိုင်ခဲ့ရတာလဲ”
“ဒါက အဲ့ဒီဧရာမသားရဲကြီးက ပိုပြီး သန်မာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့ကွာ။ လင်းဖုန်း... မင်း အခုအချိန်မှာ ဘယ်လို ကြောက်ရွံ့မှုတွေ စိုးရိမ်မှုတွေနဲ့မှ တွန့်ဆုတ်မနေသင့်ဘူး။ ကမ္ဘာပျက်ကပ်ရဲ့ ဧရာမသားရဲကြီး နိုးထမလာသေးခင်အထိဆိုရင် အချိန်တော်တော်လေး ရှိပါသေးတယ်။ မင်းအနေနဲ့ မင်းရဲ့ စွမ်းအားကို ဖြည်းဖြည်းချင်း မပြတ်မြှင့်တင်သွားဖို့ပဲ လိုတယ်”
လောင်ဘီသမ်သည်လည်း လင်းဖုန်း၏ စိုးရိမ်ပူပန်မှုနှင့် စိတ်လောနေခြင်းများကို ခံစားမိသည်။ အကယ်၍ ဤအတိုင်း ဆက်သွားနေမည်ဆိုပါက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် များစွာ အနှောက်အယှက် ဖြစ်ပေလိမ့်မည်။
ထာဝရသိုင်းတာအိုအရှင်