အခန်း ၃၅၃
Vol. 31 Ch. 353
အခန်း (၃၅၃)
ဘာသာပြန် - အားသစ်
“ဟုတ်တယ်။ ငါ အရှင်ဘီမွန်ရဲ့ အစစ်အမှန် အမွေအနှစ်ကို လက်မခံခင်မှာ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားရမယ်။ ကံကောင်းရင်တော့ အဲဒီထဲကနေတစ်ဆင့် ကမ္ဘာပျက်ကပ်ရဲ့ သားရဲကြီးကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်လိမ့်မယ်”
လင်းဖုန်းတစ်ယောက် သူ၏ လှုပ်ခတ်နေသော စိတ်ခံစားချက်များကို တဖြည်းဖြည်း ငြိမ်သက်စေလိုက်သည်။
များမကြာမီ ပင်လယ်သားရဲနှစ်ကောင် ပြန်ရောက်ရှိလာသည်။ သူတို့ သယ်ဆောင်လာခဲ့သော အသက်အမြုတေ အပိုင်းအစများက လင်းဖုန်းအား အံ့ဩတကြီး ဖြစ်သွားစေခဲ့ရ၏။
ထိုနေရာတွင် တောင်ကုန်းငယ်တစ်ခုအလား ကြီးမားလှပြီး သိပ်သည်းလှသော အသက်စွမ်းအင်များကို ထုတ်လွှတ်နေသည့် သွေးနီရောင် သလင်းကျောက်တုံးကြီးတစ်တုံး ရှိနေသည်။ ဤအသက်အမြုတေ အပိုင်းအစကြီးသည်ကား လင်းဖုန်း နဂါးခေါင်းဂူဆယ့်ရှစ်ပေါက် တွင် ရရှိခဲ့သည့် အသက်အမြုတေ အပိုင်းအစထက် ဆယ်ဆမက ပိုမို ကြီးမားလှပေသည်။
အတိတ်ကာလတွင် လင်းဖုန်း အသက်အမြုတေ အပိုင်းအစတစ်ခုကို ရရှိခဲ့စဉ်က ထိုအပိုင်းအစက အသက်အမြုတေအပြည့်အစုံ၏ တစ်ရာခိုင်နှုန်းခန့်နှင့်သာ အလွန်ဆုံး တူညီပေသည်။ ယခုလက်ရှိ သူ့ရှေ့ရှိ ကြီးမားလှသော အသက်အမြုတေ အပိုင်းအစကြီးမှာမူ အနည်းဆုံး ဆယ်ပုံတစ်ပုံခန့်အထိ ရှိပေလိမ့်မည်။
“ဒီလောက်တောင်ကြီးတဲ့ အသက်အမြုတေ အပိုင်းအစကြီးက စွမ်းအင်တွေ အများကြီးနဲ့ ပြည့်နေရုံတင်မကလောက်ဘူး။ လီဗိုင်ယာသန်ရဲ့ နဂိုအတိုင်းရှိနေသေးတဲ့ မှတ်ဉာဏ်အပိုင်းအစတွေ အများကြီးလည်း ပါနေလောက်တယ်မလား”
လင်းဖုန်း အမှန်တကယ်ပင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားရသည်။ မူလက သူ အသက်အမြုတေ အပိုင်းအစ တချို့ကိုသာ ရရှိရန် မျှော်လင့်ခဲ့၏။ သို့သော်လည်း ပင်လယ်ဧကရာဇ်နှင့် သူ၏ နှစ်ပေါင်းဘီလီယံချီသော စုဆောင်းမှုများကို လျှော့တွက်မိခဲ့ပုံရသည်။
ဖြစ်နိုင်သည်မှာ ဤကြီးမားလှသော အသက်အမြုတေ အပိုင်းအစကြီးက ပင်လယ်ဧကရာဇ် လင်းဖုန်းအပေါ် ပြသသည့် အကြီးမားဆုံး စေတနာအမှန်လည်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် လင်းဖုန်း ချက်ချင်းပင် သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ပြီး ဤဧရာမ အသက်အမြုတေ အပိုင်းအစကြီးအား စတင်ဝါးမြိုကာ အရူးအမူး စုပ်ယူတော့သည်။
…………
နဂါးကျောက်တုံးမြို့…
ဝက်အူရစ်ပိုးကောင်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးကတည်းက ပညာရေးအဖွဲ့အစည်းက နတ်ဘုရားနယ်ပယ်နှင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတချို့ကို စေလွှတ်ကာ ထိုနယ်မြေတစ်ခုလုံးကို ရှင်းလင်းစေခဲ့သည်။ ရှေ့တန်းအခြေစိုက်စခန်းမှာ ကီလိုမီတာ ရာဂဏန်းမက ရှေ့သို့ တိုးသွားခဲ့ပြီ ဖြစ်၏။
နဂါးကျောက်တုံးမြို့တစ်ခုလုံးလည်း အလွန်တရာ ဘေးကင်းလုံခြုံသွားပြီး စီးပွားရေးလည်း ပြန်လည် ဦးမော့လာခဲ့သည်။
နဂါးကျောက်တုံးမြို့၏ ပန်းခြံကစားကွင်းအတွင်းတွင် ကလေးရှင်အများအပြားမှာ သူတို့၏ ကလေးငယ်များနှင့်အတူ ဆော့ကစားနေကြ၏။ လူတိုင်း၏ မျက်နှာထက်တွင် ပျော်ရွှင်ချမ်းမြေ့ပြီး စိတ်ကျေနပ်နေဟန်ရှိကာ အပြုံးများ ပြည့်နှက်နေကြသည်။
ကျိီ... ကျီ... ကျီ...
လူအများ သတိမထားမိလိုက်ဘဲ ပန်းခြံကစားကွင်းအတွင်း၌ ပိုးကောင်ငယ်လေးအချို့ ရုတ်တရက် ပေါ်လာသည်။ ဤပိုးကောင်များက သိပ်မကြီးလှဘဲ နှံကောင်များနှင့် အလားသဏ္ဌာန် တူလှသည်။ ထိုပိုးကောင်များက မှောင်မိုက်နေသည့် မျက်ကွယ်ထောင့်စွန်းများတွင် သတိမပြုမိအောင် ရှိနေကြသည်။
ကျီ... ကျီ... ကျီ...
ပိုးကောင်များ တဖြည်းဖြည်း ပိုမိုများပြားစွာ ပေါ်ပေါက်လာသည်နှင့်အမျှ ဆူညံသံများကလည်း ပိုမိုကျယ်လောင်လာသည်။ သို့သော်လည်း ကလေးငယ်များ၏ အော်ဟစ်ဆော့ကစားသံများအကြားတွင် ထိုအသံများက လူအများ၏ အာရုံစိုက်မှုကို မခံရချေ။
ထိုအခိုက် ပိုးကောင်ငယ်လေးတစ်ကောင်က ပန်းခြံကစားကွင်းရှိ သစ်သားမြင်းရုပ်ပေါ်သို့ တဖြည်းဖြည်း တွားတက်သွားပြီး ထိုမှတစ်ဆင့် ကောင်လေးငယ်တစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားသည်။ ထို့နောက် ပိုးကောင်လေးက ကောင်လေး၏ နားတွင်းသို့ တိတ်တဆိတ် တွားဝင်သွားတော့၏။
ကောင်ငယ်လေးက ရုတ်တရက် နေမထိထိုင်မသာ ဖြစ်လာကာ ရူးသွပ်သွားသည့်အလား ကျယ်လောင်စွာ အော်ဟစ်ငိုယိုတော့သည်။ ကောင်လေး၏ မိဘများလည်း အနည်းငယ် ဇဝေဇဝါဖြစ်သွားကြပြီး သူတို့၏ သားငယ်လေး ဘာဖြစ်နေသည်ကို မသိကြချေ။
ဘုန်း
မည်သည့် ကြိုတင်သတိပေးချက်မျှ မရှိဘဲ ကောင်ငယ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့သည်။ သွေးနှင့် အသားစများ ပတ်ဝန်းကျင် နေရာအနှံ့ စွန်းထင်းသွားသည်။ ပတ်ဝန်းကျင်ရှိ လူတိုင်း ဆွံ့အမှင်သက်သွားကာ ကျောက်ရုပ်များနှယ် ရပ်ကြည့်နေမိကြသည်။ ကောင်လေး၏ မိဘများကမူ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
“အား အား”
သို့သော်လည်း ကောင်လေး၏ ခန္ဓာကိုယ်က ပြိုလဲကျမသွားခဲ့ချေ။ ထိုအစား ပါးစပ်ကြီးကို ကြောက်စရာကောင်းလောက်အောင် ဟပြဲနေကာ ခြေစွယ်လက်စွယ်များကို ဝှေ့ယမ်းနေသည့် ဧရာမ တီကောင်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအကောင်ကြီးက ကောင်လေး၏ မိဘနှစ်ပါးကို ၎င်း၏ ပါးစပ်ကြီးအတွင်းသို့ တိုက်ရိုက် ဆွဲသွင်းလိုက်၏။ အကြိမ်အနည်းငယ်ခန့် ကြွပ်ကြွပ်မြည်အောင် ဝါးပြီးနောက် သူတို့ကို မျိုချပစ်လိုက်တော့သည်။
ချက်ချင်းပင် ပန်းခြံကစားကွင်းတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။ ပန်းခြံကစားကွင်းအတွင်းရှိ လူများစွာက ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းလှသော မြင်ကွင်းမျိုးကို သူတို့၏ တစ်သက်တာလုံး မေ့ပျောက်နိုင်ကြတော့မည် မဟုတ်ချေ။
ဘုန်း ဘုန်း ဘုန်း
ပိုးကောင်များ ပိုမိုများပြားစွာ ပေါ်ပေါက်လာသည်နှင့်အမျှ လူပေါင်းမြောက်မြားစွာလည်း တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားကြသည်။ ယင်းက ကလေးငယ်များ သက်သက်မျှသာ မဟုတ်တော့ဘဲ လူကြီးများပါ ပါဝင်လာခဲ့ချေပြီ။
“ဒါ... ဒါတွေက ကပ်ပါးကောင်တွေပဲ”
“ကပ်ပါးကောင်မျိုးစိတ်တွေ ထပ်ပြီး ပေါ်လာပြန်ပြီ...”
နဂါးကျောက်တုံးမြို့မှ လူများစွာသည် ကပ်ပါးကောင်မျိုးစိတ်နှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်ကြ၏။ ဤကြောက်မက်ဖွယ်ရာ ဧရာမကပ်ပါးကောင်ကြီးများကို မြင်လိုက်ရသောအခါ သူတို့အားလုံး ချက်ချင်း ကပ်ပါးကောင်သားရဲ ဝက်အူရစ်ပိုးကောင်များကို တွေးမိလိုက်ကြသည်။
ကပ်ပါးကောင်မျိုးစိတ်များ ပြန်လည်ပေါ်ပေါက်လာချေပြီ။ ဤအဖြစ်ဆိုးက ပန်းခြံကစားကွင်းတစ်ခုတည်း၌သာ ဖြစ်ပွားနေခြင်း မဟုတ်ချေ။ နဂါးကျောက်တုံးမြို့၏ နေရာအသီးသီးဖြစ်သော စားသောက်ဆိုင်များ၊ ရင်ပြင်များ၊ ဘူတာရုံများ စသည့် လူစည်ကားရာ နယ်မြေတိုင်းတွင် ကပ်ပါးကောင်မျိုးစိတ်များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
နဂါးကျောက်တုံးမြို့၏ အရေးပေါ် အချက်ပေးသံမှာလည်း အချိန်အတော်ကြာကတည်းက မပြတ်တမ်း မြည်ဟည်းနေခဲ့သည်။ ဥပဒေစိုးမိုးရေးအဖွဲ့သည်လည်း ချက်ချင်း လှုပ်ရှားကြ၏။
နဂါးကျောက်တုံးမြို့၏ ထူးခြားသော အဆင့်အတန်းကြောင့် မြို့ကို စောင့်ကြပ်ကြည့်ရှုရန်အတွက် ကိုယ်စားလှယ်တော်တစ်ဦးပင် ရှိနေသည်။ သို့သော်လည်း ထို နတ်ဘုရားနယ်ပယ် ကိုယ်စားလှယ်တော်သည်ပင် ယခုလက်ရှိအချိန်၌ အကြံအိုက်နေရသည်။ အဘယ်ကြောင့်ဆိုသော် ဤကပ်ပါးကောင်များက နဂါးကျောက်တုံးမြို့အတွင်းသို့ မည်သို့ ဝင်ရောက်လာခဲ့ကြသည်ကိုပင် သူ လုံးဝ မသိသောကြောင့် ဖြစ်သည်။
အတိတ်ကာလတုန်းက ထို ဝက်အူရစ်ပိုးကောင်များအားလုံးမှာ ကြီးမားပြီး သိသာထင်ရှားလှသည် မဟုတ်ပါလား။ ထို့ပြင် ရှေ့တန်းအခြေစိုက်စခန်းများလည်း ရှိနေသေးသည်။ ဤကပ်ပါးကောင်များက ရှေ့တန်းအခြေစိုက်စခန်းများကို မည်သို့ ကျော်ဖြတ်လာခဲ့ကြသနည်း။
သို့သော်လည်း နှံကောင်များနှင့် ဆင်တူသည့် သေးငယ်လှသော ကပ်ပါးကောင်များကို မြင်လိုက်ရသည့် ခဏ၌ သူ နားလည်သွားခဲ့တော့၏။
ဒွီ... ဒွီ... ဒွီ...
ကိုယ်စားလှယ်က ဖုန်းခေါ်ဆိုမှုကို ကမန်းကတန်း လက်ခံလိုက်သည်။
“ရှေ့တန်းအခြေစိုက်စခန်းတွေအကုန်လုံး ကျဆုံးသွားပြီ။ ကျေးဇူးပြုပြီး အမြန်ဆုံး ဆုတ်ခွာပါ။ အမြန်ဆုံး ဆုတ်ခွာပါ။ ကပ်ပါးကောင်မျိုးစိတ်တွေ နောက်တစ်ကြိမ် ပြန်ရောက်လာပြီ...”
“နောက်တစ်ကြိမ် ဟုတ်လား...”
ကိုယ်စားလှယ်၏ အမူအရာက ပျက်ယွင်းသွား၏။ ရှေ့တန်းအခြေစိုက်စခန်းမှ သတင်းအချက်အလက်များက အလွန်တရာ နောက်ကျပြီးမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကပ်ပါးကောင်မျိုးစိတ်များက နဂါးကျောက်တုံးမြို့အတွင်းသို့ အတော်ကြာကတည်းက ထိုးဖောက်ဝင်ရောက်ခဲ့ပြီးချေပြီ။ နဂါးကျောက်တုံးမြို့ရှိ သန်းနှင့်ချီသော လူထုတစ်ရပ်လုံးမှာ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
“သေစမ်းကွာ”
ကိုယ်စားလှယ်က ဒေါသတကြီးဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ကြယ်တာရာစွမ်းအားများက ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် စုစည်းသွားပြီး ကပ်ပါးကောင်များစွာကို ရိုက်သတ်ပစ်လိုက်၏။ သို့သော်လည်း ဤသည်ကား ကပ်ပါးကောင်များ၏ အလွန်တရာ နည်းပါးလှသော အစိတ်အပိုင်းတစ်ခုမျှသာ ရှိသေးသည်။
ရှူး
ရုတ်တရက် အလွန်တရာ သေးငယ်နေဆဲဖြစ်သည့် ကပ်ပါးကောင်တစ်ကောင်က သွေးနီရောင် အလင်းတန်းတစ်ခုနှင့်အတူ ကိုယ်စားလှယ်ထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။
ဝုန်း
ကိုယ်စားလှယ် မျက်လုံးပြူးသွား၏။ သူ ဘာကို မြင်လိုက်ရသနည်း။ သူ့ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာစွမ်းအားများသည်ပင် ဤကပ်ပါးကောင်သေးသေးလေး သူ့ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာခြင်းကို မတားဆီးနိုင်ခဲ့ချေ။
“မဖြစ်ရဘူး... မဖြစ်ရဘူး...”
ကိုယ်စားလှယ် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ ကြယ်တာရာစွမ်းအားများကို အသုံးပြုကာ ထိုကပ်ပါးကောင်ကို ခန္ဓာကိုယ်အတွင်းမှ ထုတ်ပစ်ရန် ကြိုးစားခဲ့သော်လည်း ထိုကပ်ပါးကောင်က အားကောင်းလှသော စွမ်းအားများကို ပိုင်ဆိုင်ထားပုံရသည်။ ယင်းက သာမန် ကပ်ပါးကောင်တစ်ကောင် လုံးဝမဟုတ်ချေ။
ဘုန်း
နောက်ဆုံးတွင် ကိုယ်စားလှယ်သည်လည်း ပေါက်ကွဲသွားရတော့၏။ သူ သေဆုံးခါနီး အချိန်ကျမှသာ ဤသည်ကား သာမန်ကပ်ပါးကောင်တစ်ကောင် မဟုတ်ဘဲ နတ်ဆိုးစစ်သူကြီးအဆင့် သားရဲတစ်ကောင်ဖြစ်ကြောင်း နားလည်သွားတော့သည်။
သို့သော်လည်း ကပ်ပါးကောင်မျိုးစိတ်များ၏ နတ်ဆိုးစစ်သူကြီးများကပင် ဤမျှအထိ ရုပ်ဖျက်ပုန်းကွယ်ခြင်း၌ ကျွမ်းကျင်နေကြမည်ဆိုလျှင် နတ်ဆိုးဘုရင်များ ဆိုလျှင်ကော မည်သို့ ဖြစ်လိမ့်မည်နည်း။ ဤသည်ကား လူသားမျိုးနွယ်၏ အစစ်အမှန်အဆုံးသတ်ပေလော။
ထာဝရသိုင်းတာအိုအရှင်