← Chapters

အခန်း ၃၅၄

Vol. 31 Ch. 354

အခန်း ၃၅၄

Vol. 31 Ch. 354

အခန်း (၃၅၄)

ဘာသာပြန် - အားသစ်

နေရာတိုင်း ဖရိုဖရဲဖြစ်နေ၏။ နဂါးကျောက်တုံးမြို့တစ်ခုလုံး လုံးဝ ရုန်းရင်းဆန်ခတ် ဖြစ်နေလေပြီ။ အဓိကအဖွဲ့အစည်းကြီး ငါးခုဖြစ်စေ ဥပဒေစိုးမိုးရေးအဖွဲ့ဖြစ်စေ သူတို့အားလုံး နဂါးကျောက်တုံးမြို့၏ အခြေအနေကို မထိန်းချုပ်နိုင်ကြတော့ချေ။

ဤတစ်ကြိမ်တွင်မူ ကပ်ပါးကောင်မျိုးစိတ်များက ကြိုတင်ပြင်ဆင်မှုအပြည့်နှင့် ရောက်ရှိလာခဲ့ပုံရသည်။ ထို့ပြင် ထိုသားရဲများက ဆင့်ကဲပြောင်းလဲသွားခဲ့ကြပြီး ရုပ်ဖျက်ပုန်းကွယ်ခြင်း၌ ပိုမိုကျွမ်းကျင်လာခဲ့ကြကာ ပိုမို၍လည်း သန်မာလာခဲ့ကြသည်။

“မြန်မြန်... သူတော်စင်အရှင်တွေကို ချက်ချင်း အကြောင်းကြားကြ...”

အခြေအနေများက ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိသွားခဲ့ချေပြီ။ သူတို့အနေဖြင့် လူသားမျိုးနွယ်၏ သူတော်စင်များကို အကြောင်းကြားကာ အကူအညီတောင်းရန်သာ တတ်နိုင်နိုင်ကြတော့သာ်။ ဤကပ်ဘေးဒုက္ခကြီးကို တားဆီးပေးနိုင်ရန်အတွက် သူတော်စင်များ အမြန်ဆုံး ရောက်လာနိုင်စေရန်သာ ဆုတောင်းနိုင်ကြတော့သည်။

…

“သူတော်စင်လင်းဖုန်းက ဘာလို့ ဒီလောက်ရက်တွေ အကြာကြီးထိ ထွက်မလာသေးတာလဲ”

“အမှားအယွင်း တစ်ခုခုများ ဖြစ်သွားလို့လား”

“အသူတရာသေမင်းပင်လယ်က ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတာလေ။ ပြီးတော့ ငါတို့တွေ အခု သူတော်စင်လင်းဖုန်းကိုလည်း ဆက်သွယ်လို့မရဘူး။ လောလောဆယ်တော့ စောင့်နေရုံပဲ ရှိတာပေါ့”

ဆယ်ရက်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အသူတရာသေမင်းပင်လယ်၏ ကမ်းခြေတွင်ရှိနေသော သူတော်စင်ရှစ်ပါးစလုံး အနည်းငယ် စိုးရိမ်ပူပန်နေကြသည်။ အဆုံးတွင်မူ လင်းဖုန်း သေမင်းပင်လယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်မှာ ဆယ်ရက်တိုင်တိုင် ရှိခဲ့လေပြီ။ သို့သော်လည်း သူ ယခုထက်ထိ ပြန်ရောက်မလာသေးချေ။

သူတော်စင်များပင်လျှင် အသူတရာသေမင်းပင်လယ်အတွင်းသို့ ပေါ့ပေါ့ဆဆ မဝင်ရဲကြချေ။ ထို့ကြောင့်လည်း သူတို့ ဤမျှအထိ စိုးရိမ်ပူပန်နေကြခြင်း ဖြစ်ပေ၏။

သို့သော်လည်း သူတို့တွင် လင်းဖုန်းနှင့် တစ်လတာ အချိန်ကာလ သဘောတူညီချက် ရှိနေခဲ့သေးသည်။ တစ်လတာ အချိန်ကာလ မပြည့်မချင်း သူတို့အနေဖြင့် ဆက်လက် စောင့်ဆိုင်းနေကြမည်သာ ဖြစ်၏။

ဒွီ... ဒွီ... ဒွီ...

ရုတ်တရက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၊ သူတော်စင်ခန်း၊ သူတော်စင်ယွမ်ယီနှင့် အခြားသူများ၏ ဆက်သွယ်ရေးကိရိယာများ မြည်လာ၏။

“ဘာတွေများ ဖြစ်နေတာလဲ”

သူတော်စင်ခန်းနှင့် အခြားသူများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ ထို့နောက် စစ်တပ်အဖွဲ့မှ သူတော်စင်များ၏ ဆက်သွယ်ရေးကိရိယာများလည်း မြည်ဟည်းလာသည်။ သူတော်စင်ရှစ်ပါးစလုံး၏ ဆက်သွယ်ရေးကိရိယာများအားလုံး မြည်ဟည်းလာခြင်း ဖြစ်၏။

ဆက်သွယ်ရေးကိရိယာများအားလုံး တစ်ခုပြီးတစ်ခု မြည်လာခဲ့သဖြင့် သူတော်စင်အားလုံး၏ အမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။ လူသားမျိုးနွယ်အတွင်း၌ ကိစ္စအကြီးကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သလော။ သို့မဟုတ်ပါက သူတော်စင်ရှစ်ပါးစလုံးထံသို့ တစ်ပြိုင်တည်း မည်သို့ အကြောင်းကြားလာနိုင်မည်နည်း။

ထို့ကြောင့် သူတော်စင်များအားလုံး သူတို့၏ ဆက်သွယ်ရေးကိရိယာများကို ကိုင်လိုက်ကြ၏။

“ဘာ... ကပ်ပါးကောင်မျိုးစိတ်တွေ ထပ်ပြီး ပေါ်လာပြန်ပြီ ဟုတ်လား”

“ဒါတင်မကသေးဘူး... နဂါးကျောက်တုံးမြို့တစ်ခုလုံးက အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီတဲ့။ ကိုယ်စားလှယါကိုယ်တိုင်တောင် ကပ်ပါးပြုခံလိုက်ရပြီလား”

“နဂါးကျောက်တုံးမြို့က လူဦးရေသန်းချီရဲ့ အနည်းဆုံး ထက်ဝက်လောက်က ကပ်ပါးပြုခံလိုက်ရပြီ...”

သူတော်စင်ရှစ်ပါးစလုံး ဤသတင်းကို တစ်ချိန်တည်း ရရှိခဲ့ကြသည်။ ဤသတင်းသည်ကား အလွန်တရာ တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။ ယင်းက သူတော်စင်ရှစ်ပါးအား မယုံကြည်နိုင်အောင် ဖြစ်သွားစေသည်။ သူတို့အားလုံး တစ်ချိန်တည်းမှာပင် ဆွံ့အမှင်သက်သွားကြရသည်။

ကပ်ပါးကောင်မျိုးစိတ်များကို ပြီးခဲ့သည့်အကြိမ်က အမြစ်ပြတ် ချေမှုန်းခဲ့ပြီးပြီ မဟုတ်လော။ ဤတစ်ကြိမ်တွင် ကပ်ပါးကောင်မျိုးစိတ်များက မည်သို့ကြောင့် ပိုမိုအားကောင်းလာကာ ပြန်လည်ရောက်ရှိလာကြသနည်း။

ထို့ပြင် အခြေအနေများက မည်သည့်အတွက်ကြောင့် ဤမျှအထိ ဆိုးရွားသွားခဲ့ရသနည်း။

“ပြိုင်ဘက်ကင်းလက်သီးသူတော်စင်... ငါ မှတ်မိသလောက်တော့ အရင်တစ်ကြိမ်က ကပ်ပါးကောင်မျိုးစိတ်တွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ယူခဲ့တာ မင်းပဲမလား”

သူတော်စင်ခန်း၏ အမူအရာက တင်းမာသွားသည်။ သန်းနှင့်ချီသော လူထုတစ်ခုလုံးနီးပါး ကပ်ပါးပြုခံခဲ့ရသည်။ ဤသည်ကား မည်မျှအထိ ကြီးမားလှသော ဆုံးရှုံးမှုကြီး ဖြစ်သနည်း။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အမူအရာကလည်း အလွန်တရာ တည်ကြည်လေးနက်နေသည်။ သူ၏ တာဝန်ဝတ္တရားကို သူ ရှောင်လွှဲခြင်း မရှိခဲ့ချေ။ ဤသည်ကား သူ၏ ပေါ့ဆမှုကြောင့် ဖြစ်သည်မှာ အမှန်ပင်။

“သူတော်စင်ခန်း... အတိတ်တုန်းက ကပ်ပါးကောင်မျိုးစိတ်တွေကို စုံစမ်းစစ်ဆေးဖို့ ငါ တာဝန်ယူခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက တခြားကပ်ပါးကောင်တွေ ရှိနေသေးတာတော့ ရှာမတွေ့ခဲ့ဘူး။ အဲ့ဒီတုန်းကလည်း အခု နဂါးကျောက်တုံးမြို့မှာ ကပ်ပါးကောင်မျိုးစိတ်တွေ ပေါ်လာသလိုမျိုးပဲ။ ဘယ်ကမှန်းမသိ လေဟာနယ်ထဲကနေ ရုတ်တရက် ပေါ်လာကြတာ။ အဲဒီနောက်ပိုင်း ကပ်ပါးကောင်တွေ ထပ်ပြီး ပေါ်မလာတော့တာနဲ့ ငါလည်း ဆက်ပြီး စုံစမ်းစစ်ဆေးမနေခဲ့တော့တာပါ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည်လည်း သူ့လက်သီးများကို တင်းတင်းဆုပ်လိုက်မိ၏။ သူ၏ ပေါ့ဆမှုကြောင့် ယခုအခါ လူသားမျိုးနွယ်စုမှာ ဤမျှအထိ ကြီးမားလှသော တန်ဖိုးတစ်ခုကို ပေးဆပ်နေရလေပြီ။

“အခုက ဘယ်သူ တာဝန်ရှိတယ်ဆိုတာကို အပြစ်တင် နေရမယ့် အချိန်မဟုတ်ဘူး။ ငါတို့ ဒါကို ဘယ်လို ကိုင်တွယ်ကြမလဲ” သူတော်စင်ယွမ်ယီက အလျင်အမြန် ပြောလိုက်၏။

“ဒီကပ်ပါးကောင်တွေကို နှိမ်နင်းဖို့ ငါ နဂါးကျောက်တုံးမြို့ကို သွားလိုက်မယ် ငါ ဒီတစ်ကြိမ်မှာတော့ အကုန်လုံးကို ဖမ်းဆီးပြီးတော့ တစ်ကောင်မှမကျန်အောင် အမြစ်ပြတ် ချေမှုန်းပစ်မယ်” ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အံကြိတ်လျက် ပြောလိုက်သည်။

သို့သော်လည်း သူတော်စင်ခန်းက မျက်မှောင်ကြုတ်ကာ စကားဆိုလိုက်သည်။

“အခုတစ်ခါ ပြန်ပေါ်လာတဲ့ ကပ်ပါးကောင်တွေက ဘယ်လောက်အထိ သန်မာလာသလဲဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် တစ်ယောက်တည်း သွားတာကတော့ သိပ်ပြီး ဉာဏ်ရှိရာမကျဘူး။ ငါ့အထင်တော့ ငါတို့ရဲ့ အင်အားထက်ဝက်လောက်ကို စေလွှတ်သင့်တယ်။ သူတော်စင် လေးပါးသွားပြီးတော့ ကျန်တဲ့သူတွေကတော့ သူတော်စင်လင်းဖုန်းကို ကူညီပံ့ပိုးပေးနိုင်ဖို့ ဒီနေရာမှာပဲ ဆက်ပြီး စောင့်နေကြတာပေါ့”

“ငါတို့လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နဲ့အတူတူ လိုက်သွားမယ်”

သူတော်စင်ပင်းယုနှင့် သူတော်စင်ကတ်တို့ ရှေ့သို့ လှမ်းထွက်လာခဲ့ကြသည်။ ပညာရေးအဖွဲ့မှ သူတော်စင်သုံးပါးမှာ အမြဲတမ်း အတူတကွ တစ်သားတည်း ရှေ့တိုးနောက်ဆုတ် ပြုလုပ်လေ့ရှိကြသည်။

“ငါ့ကိုပါ ထည့်တွက်လိုက်ပါ”

သူတော်စင်ကလော့သည်လည်း ရှေ့သို့ လှမ်းထွက်လာ၏။ သူက အမှားအတွက် ပေးဆပ်လိုနေခြင်း ဖြစ်သည်။ အဆုံးတွင်မူ ပြီးခဲ့သည့်အကြိမ်တွင် သူက သူတော်စင်ဘာတိုင်နှင့် ပူးပေါင်းခဲ့ဖူးသည် မဟုတ်ပါလား။ လင်းဖုန်းက သူ့အား အပြစ်တင်ခြင်း မရှိခဲ့သော်လည်း သူ့စိတ်ထဲ၌မူ အနည်းငယ် အပြစ်မကင်းသလို ခံစားနေရဆဲပင်။

“ကောင်းပြီလေ... သူတော်စင်တို့ကို ဒုက္ခပေးရဦးမယ်”

သူတော်စင်ခန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတော်စင်လေးပါးက သူတို့၏ လေသင်္ဘောများပေါ်သို့ ချက်ချင်းတက်ကာ နဂါးကျောက်တုံးမြို့ဆီသို့ အလျင်အမြန် ဦးတည်ထွက်ခွာသွားကြလေတော့သည်။

………

နဂါးကျောက်တုံးမြို့သည် ယခုလက်ရှိအချိန်တွင် ငရဲဘုံတစ်ခုအလား လုံးဝပြောင်းလဲသွားခဲ့လေပြီ။

နာရီဝက်မျှ အချိန်လေးအတွင်းမှာပင် နဂါးကျောက်တုံးမြို့တစ်ခုလုံး ဖရိုဖရဲဖြစ်ကာ ပြိုလဲပျက်စီးသွားသည်။ သန်းနှင့်ချီသော မြို့သူမြို့သားများသည်လည်း ကပ်ပါးကောင်များ၏ ကပ်ပါးပြု သတ်ဖြတ်ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရ၏။ ထို့ပြင် ကပ်ပါးကောင်အများစုမှာ နဂါးကျောက်တုံးမြို့ရှိ လူသားများကို ကပ်ပါးပြုပြီး ဖြစ်နေခဲ့လေပြီ။

ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် သိုင်းသမားများပင်မကျန် အားလုံးနီးပါး ကပ်ပါးပြုခံခဲ့ကြရသည်။

ဤတစ်ကြိမ်တွင်မူ ကပ်ပါးကောင်များက ပိုမိုရက်စက်ကြမ်းကြုတ်လာကြ၏။ ပြီးခဲ့သည့်အကြိမ်က ကပ်ပါးကောင်များက ကိုင်တွယ်ရ အလွန်ခက်ခဲခဲ့သော်လည်း အနည်းဆုံး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားနိုင်သည့် သိုင်းသမားများကိုမူ ကပ်ပါးပြုနိုင်ခြင်း မရှိခဲ့ချေ။

သို့သော်လည်း ယခုအခါတွင်မူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသာမက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း နှစ်ကြိမ် ပြီးမြောက်ထားသည့် နတ်ဘုရားနယ်ပယ် သိုင်းသမားများပင်လျှင် ကပ်ပါးပြုခံရသည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ကြချေ။

ပို၍ ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ထိုကပ်ပါးကောင်များ၏ ပစ်မှတ်က နဂါးကျောက်တုံးမြို့တစ်ခုတည်း ဟုတ်ပုံမရခြင်းပင်။ နဂါးကျောက်တုံးမြို့ကို အခြေခံအားဖြင့် သိမ်းပိုက်ပြီးနောက် ကပ်ပါးကောင်များက နဂါးကျောက်တုံးမြို့ ပတ်ဝန်းကျင်ရှိ အခြားမြို့ပြများဆီသို့ပါ ပျံ့နှံ့သွားကြသည်။ ၎င်းတို့သာ ထိန်းမနိုင်သိမ်းမနိုင် ပျံ့နှံ့သွားခဲ့မည်ဆိုပါက နောက်ဆက်တွဲ အကျိုးဆက်များသည်ကား တွေးဝံ့စရာပင် မရှိချေ။

လူသားမျိုးနွယ်တစ်ခုလုံး အစစ်အမှန် ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရလေပြီ။

လက်ရှိအချိန်တွင် နဂါးကျောက်တုံးမြို့အတွင်း၌ ပုန်းအောင်းနေကြဆဲ လူတချို့လည်း ရှိနေသေးသည်။ သူတို့က ပိုးကောင်များ၏ ကပ်ပါးပြုခြင်းကို မခံရသေးသော်လည်း အစွမ်းကုန် ရုန်းကန်နေကြရခြင်း ဖြစ်၏။ အကယ်၍ သူတို့ကိုသာ ရှာဖွေတွေ့ရှိသွားပါက သေခြင်းတရားသည်သာ အကောင်းဆုံးရလဒ် ဖြစ်ပေလိမ့်မည်။

ကောင်ငယ်လေးတစ်ဦးကို သူ၏ မိခင်ဖြစ်သူက ဗီရိုအတွင်းသို့ အတင်းထိုးထည့်ကာ ဝှက်ထားပေးခဲ့သည်။ သူ့မိခင် ပိုးကောင်၏ ကပ်ပါးပြုခြင်း ခံလိုက်ရသည်ကို ဗီရိုအတွင်းမှနေ၍ ကူကယ်ရာမဲ့စွာ ကြည့်ရှုနေခဲ့ရရှာ၏။ ကောင်ငယ်လေးက အော်ဟစ်ငိုယိုခြင်း မပြုမိလောက်အောင် သန်မာခဲ့ပြီး ဗီရိုအတွင်း၌ ဆက်လက် ပုန်းအောင်းနေခဲ့သည်။

သို့သော်လည်း ကပ်ပါးကောင်တစ်ကောင်က ကောင်လေး၏ အငွေ့အသက်ကို ရရှိသွားပြီး ဗီရိုတံခါးကို ရုတ်တရက် ဆွဲဖြဲပစ်လိုက်၏။ ကောင်လေး၏ မျက်လုံးများအတွင်း၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ဝုန်း

ရုတ်တရက် လက်ဝါးကြီးတစ်ဖက် ပေါ်လာပြီး ထိုကပ်ပါးကောင်ကို ဖမ်းဆွဲကာ ချေမွပစ်လိုက်၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ လေသင်္ဘောလေးစီး ပျံသန်းရောက်ရှိလာပြီး လေသင်္ဘောအတွင်းမှ သူတော်စင်လေးပါး ပျံသန်းထွက်ပေါ်လာကြသည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ကောင်ငယ်လေးကို လေသင်္ဘောအတွင်းသို့ ခေါ်ဆောင်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“လောလောဆယ် ဒီမှာပဲ နေပါ”

“ဦးလေး... ဦးလေးက အဲဒီ ကပ်ပါးကောင်တွေကို သွားသတ်မလို့လားဟင်”

“ဟုတ်တယ်... ငါ အဲဒီ ကပ်ပါးကောင်တွေကို သတ်ပြီး တခြားလူတွေကို ကယ်မလို့”

“ဦးလေး... သား ဒီမှာ ငြိမ်ငြိမ်လေး နေပါ့မယ်။ ဦးလေး... ကျေးဇူးပြုပြီး မေမေ့အတွက် လက်စားချေပေးပါနော်”

ကောင်လေး၏ မျက်လုံးများက သွေးရောင်အလား နီရဲနေခဲ့သော်လည်း သူသည် အားတင်းထားကာ ငိုယိုခြင်း မရှိခဲ့ချေ။

နဂါးကျောက်တုံးမြို့၏ အဖြစ်ဆိုးကြီးက အသက်ဆယ်နှစ်ခန့်သာ ရှိသေးသော ကလေးငယ်တစ်ဦးကို မျက်စိတစ်မှိတ်အတွင်း ရင့်ကျက်သွားစေခဲ့ရသည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင် စိတ်ထဲ၌ အနည်းငယ် နာကျင်သွားရ၏။ သူ၏ ပေါ့ဆမှုကြောင့်သာ နဂါးကျောက်တုံးမြို့တစ်ခုလုံး ငရဲခန်းတစ်ခုနှယ် ဖြစ်သွားခဲ့ရခြင်း မဟုတ်ပါလား။

ထာဝရသိုင်းတာအိုအရှင်

All Chapters