← Chapters

အခန်း ၃၅၅

Vol. 31 Ch. 355

အခန်း ၃၅၅

Vol. 31 Ch. 355

အခန်း (၃၅၅)

ဘာသာပြန် - အားသစ်

“ကပ်ပါးကောင်တွေ အကုန်လုံး သေကြစမ်း”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ သတ်ဖြတ်လိုစိတ်များက ကောင်းကင်ယံထိတိုင် ထိုးတက်သွားသည်။ ထို့ကြောင့် သူ မီးလျှံနတ်ဘုရားနယ်မြေကို အပြည့်အဝ ထုတ်ဖော်လိုက်တော့၏။

နဂါးကျောက်တုံးမြို့တစ်ခုလုံးတွင် အသက်ရှင်ကျန်ရစ်သူဦးရေမှာ လက်ချိုးရေတွက်နိုင်လောက်အောင်ပင် နည်းပါးလှသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် မီးလျှံနတ်ဘုရားနယ်မြေကို ထုတ်ဖော်ရာ၌ မည်သည့် ကန့်သတ်ချက်မျှ မထားတော့ချေ။ နတ်ဘုရားနယ်မြေ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်နှင့် ကပ်ပါးကောင်များအားလုံး မီးလျှံများအကြား၌ ပြာအဖြစ်သို့ လောင်ကျွမ်းသွားခဲ့ကြရသည်။

ဤကပ်ပါးကောင်များတွင် ပြန်လည်ကုစားခြင်းစွမ်းရည် (မသေနိုင်သော အစွမ်းသတ္တိ) ရှိနေစေကာမူ ပြာအဖြစ်သို့ လောင်ကျွမ်းသွားပြီးနောက်တွင် မည်သို့နှယ် ပြန်လည်ရှင်သန်နိုင်တော့မည်နည်း။

သူတော်စင်တစ်ဦး၏ ဒေါသတရားက မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းလှသနည်း။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ဒေါသတကြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ နတ်ဘုရားနယ်မြေက တစ်ကီလိုမီတာ ပတ်လည်ကို လွှမ်းခြုံသွားပြီး ကပ်ပါးကောင်များအားလုံးကို ပြာအဖြစ်သို့ လောင်ကျွမ်းသွားစေသည်။ နတ်ဘုရားနယ်မြေ၏ လွှမ်းခြုံမှုအောက်တွင် သာမန်ကပ်ပါးကောင်များဖြစ်စေ သာမန်နတ်ဆိုးများဖြစ်စေ သို့တည်းမဟုတ် နတ်ဆိုးစစ်သူကြီးများနှင့် နတ်ဆိုးဘုရင်များဖြစ်စေ အားလုံး တုံ့ပြန်နိုင်စွမ်းမရှိဘဲ ပြာအဖြစ်သို့ လောင်ကျွမ်းသွားကြသည်။

ကပ်ပါးကောင်များ၏ ကြောက်စရာအကောင်းဆုံး ပြန်လည်ကုစားခြင်းစွမ်းရည်မှာ သူတော်စင်များ၏ နတ်ဘုရားနယ်မြေအောက်တွင် လုံးဝ အရာမထင်တော့ချေ။

တစ်ဒင်္ဂမျှအတွင်းမှာပင် သူတော်စင်လေးဦးစလုံး စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်လိုက်ကြပြီး အရပ်လေးမျက်နှာလုံးရှိ ကပ်ပါးကောင်များကို ရှင်းလင်းပစ်လိုက်ကြသည်။

ကျီ... ကျီ... ကျီ...

ကပ်ပါးကောင်များ စတင်ကြောက်ရွံ့လာခဲ့ကြ၏။ မကြာမီ အရပ်မျက်နှာအနှံ့သို့ အရူးအမူး ထွက်ပြေးကြတော့သည်။ သို့သော်လည်း ၎င်းတို့ မည်သို့ပင် ထွက်ပြေးစေကာမူ သူတော်စင်များ၏ နတ်ဘုရားနယ်မြေ လွှမ်းခြုံမှုအောက်မှ မည်သို့ ရုန်းထွက်နိုင်ကြမည်နည်း။

သူတော်စင်များ၏ ကြယ်တာရာစွမ်းအားများက အဆုံးမဲ့နီးပါး ရှိသည်။ ကြယ်တာရာစွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် နတ်ဘုရားနယ်မြေများက စစ်မြေပြင်၌ အကြီးမြတ်ဆုံးသော သတ်ဖြတ်ရေးလက်နက်များ ဖြစ်ကြ၏။ အရေအတွက်ဆိုသည်ကား သူတော်စင်များအတွက် အဓိပ္ပာယ်မရှိလှချေ။

သူတော်စင်လေးပါး၏ တိုက်ခိုက်မှုအောက်တွင် နဂါးကျောက်တုံးမြို့ရှိ ကပ်ပါးကောင်များအားလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် ကသောင်းကနင်း ထွက်ပြေးကြတော့သည်။

မရေမတွက်နိုင်သော ကပ်ပါးကောင်များက နဂါးကျောက်တုံးမြို့ အလယ်ဗဟိုရှိ မြင့်မားလှသောအဆောက်အဦးတစ်ခုကို ဝန်းရံထားကြသည်။

သူတော်စင်လေးပါးသည်လည်း ထိုနေရာ၏ ထူးခြားချက်ကို အလျင်အမြန် သတိပြုမိသွားသည်။ ထို့ကြောင့် သူတို့အားလုံး စုစည်းကာ မြို့လယ်ရှိ အဆောက်အဦးဆီသို့ အတူတကွ တိုးဝင်သွားကြ၏။

“ဒီအဆောက်အဦးထဲမှာ ကပ်ပါးကောင်တွေ အရမ်းတန်ဖိုးထားတဲ့ အရာတစ်ခုခု ရှိနေရမယ်” ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အေးစက်စက် စကားဆိုလိုက်သည်။

“ဘာပဲဖြစ်ဖြစ်... အပြတ်ရှင်းပစ်လိုက်မယ်”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မီးလျှံနတ်ဘုရားနယ်မြေက ထိုနေရာကို ချက်ချင်း လွှမ်းခြုံသွားသည်။ အဆုံးမဲ့မီးတောက်မီးလျှံများ တဟုန်းဟုန်း တောက်လောင်လာ၏။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မီးလျှံနတ်ဘုရားနယ်မြေက စဉ်ဆက်မပြတ် တောက်လောင်နေသဖြင့် အဆောက်အဦးတစ်ခုလုံးပင် လောင်ကျွမ်းပျက်စီးလုနီးပါး ဖြစ်သွားရသည်။

ဝုန်း

ရုတ်တရက် အဆောက်အဦးကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။ ထို့နောက် ချက်ချင်းပင် မရေမတွက်နိုင်သော ကပ်ပါးကောင်များက အဆောက်အဦးအတွင်းမှ လျှံထွက်လာကြ၏။

အဆောက်အဦးတစ်ခုလုံး အပြင်းအထန် လှုပ်ခါသွားပြီးနောက် ကျယ်လောင်လှသော ဆူညံသံကြီးနှင့်အတူ ပြိုကျပျက်စီးသွားတော့သည်။

ဖုန်မှုန့်များအကြားတွင် သူတော်စင်လေးပါးစလုံး အရိပ်တစ်ခုကို မြင်ခိုက်ရ၏။ ထိုအရိပ်ဆီမှ ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

“အဲဒါ...”

သူတော်စင်လေးပါးစလုံး မျက်လုံးများ ပြူးကျယ်သွားကြရသည်။ သူတို့ရှေ့မှ ပုံရိပ်ကို မှင်သက်စွာ ကြည့်နေမိကြ၏။

လဲပြိုနေသော အဆောက်အဦး အပျက်အစီးများအကြားတွင် ရုပ်ဆိုးအကျည်းတန်ပြီး ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ကြီးမားလှသည့် ကပ်ပါးကောင်ကြီးတစ်ကောင် ပေါ်ပေါက်လာသည်။ ထိုကပ်ပါးကောင်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်မက်ဖွယ်ရာ အဖုအကျိတ်များဖြင့် ပြည့်နှက်နေ၏။ ထို့ပြင် ထိုအဖုအကျိတ်များက အခါအားလျော်စွာ ပေါက်ကွဲသွားလေ့ရှိပြီး ယင်းတို့အတွင်းမှ နှံကောင်များနှင့် ဆင်တူသည့် ကပ်ပါးကောင်ငယ်လေးများ တွားထွက်လာကြသည်။

ထို့နောက် ယင်းတို့က အရပ်မျက်နှာအနှံ့သို့ အလျင်အမြန် ပျံ့နှံ့သွားကြ၏။

“ဒီဧရာမတီကောင်ကြီးက အဓိကအရင်းအမြစ်ပဲ။ ဒီကောင်က သာမန်ကပ်ပါးကောင်တွေကို အဆက်မပြတ် မွေးဖွားပေးနိုင်တာ။ တကယ်တော့ ကပ်ပါးကောင်တွေအကုန်လုံး… သာမန် ကပ်ပါးကောင်တွေ ဖြစ်ဖြစ်၊ အဲဒီ နတ်ဆိုးတွေဖြစ်ဖြစ် ဒါမှမဟုတ် နတ်ဆိုးစစ်သူကြီးတွေနဲ့ နတ်ဆိုးဘုရင်တွေပဲဖြစ်ဖြစ် အကုန်လုံးကို ဒီဧရာမတီကောင်ကြီးက မွေးထုတ်ပေးခဲ့တာပဲ။ ဒီကောင်ကြီးက ကပ်ပါးကောင်တွေရဲ့ မိခင်ပိုးကောင်ကြီးပဲ”

သူတော်စင်လေးပါးစလုံး အလွန်တရာ အံ့အားသင့်သွားကြရသည်။ ယခုအကြိမ်တွင် ကပ်ပါးကောင်များအကြား၌ မိခင်ပိုးကောင်ကြီးတစ်ကောင် ပေါ်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။

ထို့ပြင် ထိုမိခင်ပိုင်းကောင်ကြီး၏ မျိုးပွားနှုန်းက ရိုးရိုးရှင်းရှင်းပင် အလွန်တရာ အံ့ဩစရာ ကောင်းလှပေသည်။ ထိုပိုးကောင်ကြီးအနေဖြင့် လူသားများနှင့် ကြမ်းကြုတ်သားရဲကြီးများကို ဆက်လက် ဝါးမြိုနေသရွေ့ ကပ်ပါးကောင်များကို အဆက်မပြတ် မွေးထုတ်ပေးနိုင်ပေလိမ့်မည်။

အချိန်တစ်ခု ရရုံမျှဖြင့် ဤမိခင်ပိုးကောင်ကြီးအနေဖြင့် ကပ်ပါးကောင်ပေါင်း ဘီလီယံချီ၍ မွေးထုတ်ပေးရန်က အသေးအဖွဲကိစ္စမျှသာ ဖြစ်ပေသည်။

ဤပိုးကောင်ကြီးသည်ကား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ ၎င်းအား ဆက်လက်၍ မျိုးပွားခွင့် ပေးထားမည်ဆိုပါက လူသားယဉ်ကျေးမှုတစ်ခုလုံး နောက်ဆုံးတွင် ပျက်စီးသွားရပေလိမ့်မည်။ အထူးသဖြင့် ဤမိခင်ပိုးကောင်ကြီးမှာ နတ်ဆိုးဧကရာဇ်တစ်ကောင်ဖြစ်ရန် အလွန်တရာ အလားအလာ ရှိနေပေသည်။

“သူတော်စင်တို့... ငါတို့တွေ ဒီမိခင်ပိုးကောင်ကြီးကို ဆက်ပြီး မျိုးပွားခွင့် လုံးဝပေးလို့မဖြစ်တော့ဘူး။ ငါတို့တွေ အတူတူပူးပေါင်းပြီးတော့ ဒီပိုးကောင်ကြီးကို သတ်ပစ်ကြစို့” ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အမူအရာကလည်း တည်ကြည်လေးနက်သွားသည်။

“တိုက်ခိုက်ကြ”

သူတော်စင်လေးပါးစလုံး တွန့်ဆုတ်မနေဘဲ ချက်ချင်း တိုက်ခိုက်လိုက်ကြတော့သည်။

မတူညီသော နတ်ဘုရားနယ်မြေလေးခုနှင့် ကြယ်တာရာစွမ်းအား စက်ကွင်းလေးခုက မိခင်ပိုးကောင်ကြီးက်ု ရုတ်တရက် လွှမ်းခြုံသွားသည်။ ကြောက်မက်ဖွယ်ရာကောင်းလှသော ဖိအားများကြောင့် လေထုမှာပင် ပုံပျက်သွားရ၏။

မိခင်ပိုးကောင်၏ ကြီးမားလွန်းလှသော မျက်လုံးများအတွင်း၌လည်း အမျက်ဒေါသများ ပေါ်ပေါက်လာသည်။ ထို့နောက် ၎င်း၏ ကြီးမားနေပြီးသားး ခန္ဓာကိုယ်ကြီးက ဆက်လက်၍ ပိုမိုကြီးထွားလာပြန်သည်။

ပိုးကောင်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို နတ်ဘုရားနယ်မြေလေးခုက အပြည့်အဝ လွှမ်းခြုံဖိနှိပ်ထား၏။ နတ်ဘုရားနယ်မြေများ၏ ဖိအားအောက်တွင် မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးအား နီရဲလှသော အလင်းတန်းတစ်လွှာက ဖုံးလွှမ်းသွားသည်။

မီးလျှံများ၊ ပြင်းထန်လှသော လေမုန်တိုင်းများ စသည့် မတူညီသော စွမ်းအားစက်ကွင်းများက တစ်ခုနှင့်တစ်ခု ရောယှက်သွားကြပြီး မိခင်ပိုးကောင်ကြီးကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထားကြ၏။

သူတော်စင်လေးပါး၏ ပူးပေါင်းအင်အားက မည်မျှအထိ အားကောင်းလှသနည်း။

မိခင်ပိုးကောင်ကြီးပင်လျှင် မြေပြင်ပေါ်သို့ ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး နတ်ဘုရားနယ်မြေများ၏ စွမ်းအားများဖြင့် ဖိနှိပ်ခံထားရ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဦးမျှင်လက်တံများပင်လျှင် ပြတ်တောက်သွားပြီး နတ်ဘုရားနယ်မြေများ၏ စွမ်းအားအမျိုးမျိုးတို့ကြောင့် ပြာအဖြစ်သို့ လောင်ကျွမ်းသွားရသည်။

“ဂရား...”

မိခင်ပိုးကောင်ကြီးက ရုတ်တရက် ကောင်းကင်ယံသို့ မော့ကာ ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက မယုံနိုင်လောက်အောင် ပြင်းထန်လှသော ဖိအားများအောက်တွင် ရှိနေသော်လည်း သူ တစ်စတစ်စဖြင့် ပြန်လည် မတ်တတ်ရပ်လာခဲ့ဆဲပင်။

ဝုန်း

ရုတ်တရက် မိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်က တစ်ဖန် ပိုမိုကြီးထွားလာခဲ့ပြန်သည်။ မှိန်ဖျော့လှသော သွေးရောင်အလင်းတန်းတစ်လွှာ တောက်ပလာပြီး သူ့ခန္ဓာကိုယ်ကို အလုံးစုံ လွှမ်းခြုံသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုးကောင်ကြီးက ငါးကီလိုမီတာခန့်အထိ ကြီးထွားသွားသည်။

သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက အဆုံးမဲ့ သွယ်တန်းနေသည့် တောင်တန်းကြီးတစ်ခုနှယ် ရှိနေသည်။ ထို့နောက် မိခင်ပိုးကောင်ကြီးက သူတော်စင်လေးပါးကို သေးဖွဲသိပ်နုပ်လှသော ပုရွက်ဆိတ်ငယ်လေးများအလား အေးစက်စက် စိုက်ကြည့်နေ၏။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

“ဒီပိုးကောင်ကြီးရဲ့ ခန္ဓာကိုယ်က အနည်းဆုံး ငါးကီလိုမီတာလောက် ရှိလောက်တယ်မလား”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အခြားသူတော်စင်သုံးပါးတို့ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် တုန်းဖန်းရှန်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကိုပင် မြင်တွေ့ဖူးခဲ့ကြသည်။

သို့သော်လည်း တုန်းဖန်းရှန်ဖြစ်စေ လင်းဖုန်းဖြစ်စေ သူတို့နှစ်ဦးစလုံးမှာ လက်ရှိ သူတို့၏ ရှေ့မှောက်တွင် ရှိနေသော ဤမိခင်ပိုးကောင်ကြီးလောက်တော့ မကြီးမားခဲ့ကြချေ။ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က သုံးကီလိုမီတာမျှသာ ရှိ၏။ သို့သော်လည်း ယခု သူတို့၏ ရှေ့ရှိ ပိုးကောင်းကြီးမှာ ငါးကီလိုမီတာခန့်အထိကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားလေသည်။

ထိုမျှအထိ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို မြင်တွေ့လိုက်ရရုံဖြင့် သူတို့အားလုံး မျှော်လင့်ချက်မဲ့သွားရ၏။

“မီးလျှံနတ်ဘုရားနယ်မြေ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူ၏ ထူးကဲလှသော စွမ်းအားကြောင့် ပြိုင်ဘက်ကင်းဟု ခေါ်ဆိုခံခဲ့ရခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးလုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ပြိုင်ဘက်ကင်းလှသော စွမ်းအားများဖြင့် မိခင်သားရဲကြီးထံသို့ ပြေးဝင်သွားတော့သည်။

ဘုန်း

ခပ်အုပ်အုပ် အသံတစ်ခုနှင့်အတူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ပုံရိပ်က နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်လာ၏။ သို့သော်လည်း သူ၏ အခြေအနေကမူ အလွန်တရာ ဆိုးရွားနေချေပြီ။ သူ၏ စွမ်းအားအပြည့် ထိုးနှက်ချက်က မိခင်ပိုးကောင်ကြီး၏ အရေပြားကိုပင် မဖောက်ထွင်းနိုင်ခဲ့ချေ။ ဤသည်ကား မည်မျှအထိ ကြီးမားလှသော ကွာဟချက်ကြီး ဖြစ်သနည်း။

ထာဝရသိုင်းတာအိုအရှင်

All Chapters