← Chapters

အခန်း ၃၅၆

Vol. 31 Ch. 356

အခန်း ၃၅၆

Vol. 31 Ch. 356

အခန်း (၃၅၆)

ဘာသာပြန် - အားသစ်

ဝုန်း

ဧရာမမိခင်ပိုးကောင်ကြီး၏ ခန္ဓာကိုယ်က အနည်းငယ် လှုပ်ခါသွားပြီး ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တစ်ယောက် အဝေးသို့ လွင့်စင်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြယ်တာရာစွမ်းအားစက်ကွင်းသည်လည်း လုံးဝ ကွဲကြေသွားပြီး လွင့်ပါးပျောက်ကွယ်သွားရ၏။ သူ မထိန်းနိုင်တော့ဘဲ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

သူတို့အားလုံး ဤပိုးကောင်ကြီး၏ပြိုင်ဘက် လုံးဝမဟုတ်ကြချေ။

တစ်ဆက်တည်းမှာပင် မိခင်ပိုးကောင်ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အခြားသူတော်စင်သုံးပါးအပေါ်သို့ ဖိချလိုက်၏။ ချက်ချင်းပင် မရေမတွက်နိုင်သော လမ်းမကြီးများနှင့် မြင့်မားလှသော အဆောက်အဦးများအားလုံး ပြင်းအား ၁၀ ရှိသော ငလျင်ကြီး လှုပ်ခတ်သွားသည့်အလား ပြိုကျပျက်စီးသွားကြရသည်။ ကပ်ပါးကောင်များစွာပင်လျှင် တိုက်ရိုက် ဖိခြေခံလိုက်ရပြီး သေဆုံးသွားကြရသည်။

သူတော်စင်များအနေဖြင့် ဤပိုးကောင်ကြီးကို တိုက်ခိုက်ရန်မဆိုထားနှင့် အနည်းငယ်မျှ ထိခိုက်မိရုံဖြင့် သူတို့ ဒဏ်ရာရရှိသွားကြပေလိမ့်မည်။ ဤသည်ကား လုံးဝမတူညီသော အဆင့်တစ်ခု ဖြစ်ပေ၏။

“သွားကြ... မြန်မြန် သွားကြတော့။ ဒီလိုမျိုး နတ်ဆိုးတစ်ကောင်က သာမန်နတ်ဆိုးဧကရာဇ်တွေကိုတောင် ကျော်လွန်သွားလောက်ပြီ။ အတိတ်တုန်းက တုန်းဖန်းရှန်တောင်မှ ဒီမိခင်ပိုးကောင်ကြီးရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အခြားသူများ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။ သူတို့ရှေ့မှောက်ရှိ ပိုးကောင်ကြီးက သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းကိုပင် ကျော်လွန်နေခဲ့ချေပြီ။ သူတော်စင်လေးပါးတည်း မဟုတ်ဘဲ သူတော်စင်တွေအားလုံး ပူးပေါင်းမည်ဆိုလျှင်ပင် ဤပိုးကောင်ကြီးကို သေချာပေါက် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

မိခင်ပိုးကောင်ကြီးက ခေါင်းမော့ကာ ဟိန်းဟောက်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ လက်တံများက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အခြားသူများထံသို့ ရုတ်တရက် ဆန့်တန်းရစ်ပတ်လာတော့သည်။

မူလက သူတို့လေးယောက်စလုံး လေသင်္ဘောဖြင့် ထွက်ခွာသွားရန် စီစဉ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူတို့ လေသင်္ဘောများရှေ့သို့ ရောက်သွားသည်နှင့် ထိုလက်တံများက လေယာဉ်ပျံများကို ချေမွပစ်လိုက်တော့၏။ ချက်ချင်းပင် မီးခိုးငွေ့များနှင့် မီးလျှံများ လေထုအတွင်း ပြည့်နှက်သွားသည်။ လေသင်္ဘောလေးစင်းစလုံး လုံးဝ လောင်ကျွမ်းကာ ပြာအတိပြောင်းလဲသွားတော့သည်။

“မလုပ်နဲ့...”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်လုံးများက သွေးရောင်အလား ချင်းချင်းနီသွားသည်။ ကပ်ဘေးဒုက္ခမှ အသက်ရှင်ကျန်ရစ်ခဲ့သော ကောင်ငယ်လေးမှာ သူ၏ လေသင်္ဘောအတွင်း၌ ရှိနေသေးသည် မဟုတ်ပါလား။ ယခုအခါ ထိုကောင်လေးသည်လည်း မိခင်ပိုးကောင်ကြီး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရလေပြီ။

“လူစုခွဲကြမယ်။ ငါတို့တွေ အသူတရာသေမင်းပင်လယ်မှာ လူပြန်စုပြီးတော့ သူတော်စင်ခန်းကို အကြောင်းကြားမယ်။ အကောင်းဆုံးကတော့ သူတော်စင်လင်းဖုန်းကို စောင့်တာပဲ။ သူတော်စင်လင်းဖုန်း တစ်ယောက်တည်းကသာ ဒီပိုးကောင်ကြီးကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ကောင်းကင်ယံသို့ မော့ကာ အော်ပြောလိုက်၏။ သူ့မျက်လုံးများက ချင်းချင်းနီနေပြီး သူ့နှလုံးသားအတွင်း၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော်လည်း သူဆင်ခြင်တုံတရားကို ထိန်းသိမ်းထားနိုင်ဆဲပင်။

လူသားမျိုးနွယ်၏ အသန်မာဆုံး တိုက်ခိုက်ရေးအင်အားစုမှာ သူတော်စင်များပင် ဖြစ်၏။ အကယ်၍ သူတော်စင်များအားလုံး သေဆုံးသွားခဲ့မည်ဆိုလျှင် လူသားမျိုးနွယ်သည်လည်း အဆုံးသတ်သွားပြီ ဖြစ်သည်။ အထူးသဖြင့် ဤမိခင်ပိုးကောင်ကြီးက အလွန်တရာ သန်မာလွန်းလှ၏။ ထိုကပ်ပါးကောင်များက ကျိုင်းကောင်များနှင့် အလားသဏ္ဌာန်တူပြီး အရေအတွက်ကလည်း အဆုံးမရှိ ဖြစ်လာနိုင်သည်။ လူသားအရေအတွက် မည်မျှပင် များပြားစေကာမူ ပိုးကောင်များ၏ ကပ်ပါးပြုခြင်း ရှေ့တွင်မူ လုံလောက်လိမ့်မည် မဟုတ်ချေ။

ထိုအချိန်ကျလျှင် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီး နိုးထလာမည့်အချိန်ကိုပင် စောင့်ဆိုင်းနေရန် လိုတော့မည် မဟုတ်။ ထိုနေ့သည်ကား လူသားမျိုးနွယ် အဆုံးသတ်သွားမည့်နေ့ပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လက်ရှိအချိန်၌ သူတော်စင်လေးပါးစလုံး ပြတ်သားသည့် ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်ကြ၏။ သူတို့အားလုံး လူစုခွဲကာ အရပ်လေးမျက်နှာသို့ ထွက်ပြေးလိုက်ကြသည်။ လေသင်္ဘောများ မရှိလျှင်ပင် သူတော်စင်လေးပါး၏ အမြန်နှုန်းက အတော်လေး လျင်မြန်နေဆဲပင် ယယ။

ရွှစ် ရွှစ်

သူတော်စင်လေးပါးမှာ အရပ်လေးမျက်နှာသို့ ချက်ချင်း ထွက်ပြေးသွားကြသည်။ မိခင်ပိုးကောင်ကြီးသည်လည်း သဘာဝကျကျပင် အလွန့်အလွန် ဒေါသထွက်သွား၏။

ထို့ကြောင့် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏လက်တံများကို အရပ်လေးမျက်နှာသို့ လွှဲယမ်းလိုက်သည်။ သို့သော်လည်း လူစုခွဲသွားပြီး ဖြစ်သဖြင့် အနည်းငယ် နှောင့်နှေးသွား၏။ သူတော်စင်လေးပါးစလုံးမှာ အတန်ငယ်ဝေးသည့် နေရာများဆီသို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။

မိခင်ပိုးကောင်ကြီးသည်လည်း အနည်ငယ် ဉာဏ်ရည်မြင့်၏။ ဒေါသတကြီးဖြင့် သူ၏ လက်တံများအားလုံးကို စုစည်းကာ အရပ်မျက်နှာတစ်ခုတည်းဆီသို့ အားကုန် ရိုက်ချလိုက်တော့သည်။

မိခင်ပိုးကောင်ကြီး၏ လက်တံများက နေရာတစ်ခုတည်းသို့ အာရုံစိုက်လိုက်သဖြင့် အမြန်နှုန်းက မျက်စိတစ်မှိတ်အတွင်း နှစ်ဆမျှ မြင့်တက်သွားသည်။

ရွှစ်

လက်တံများက အနှေးဆုံးဖြစ်သည့် သူတော်စင်တစ်ပါးကို ရုတ်တရက် ရစ်ပတ်သွား၏။ ယင်းကား သူတော်စင်ကလော့ပင်။

“မကောင်းတော့ဘူး”

သူတော်စင်ကလော့ ထိတ်လန့်သွား၏။ သူသည် းနတ်ဘုရားနယ်မြေ စွမ်းအားအားလုံးကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။ ကံမကောင်းစွာဖြင့် လက်တံတစ်ခုက သူတော်စင်ကလော့ကို ရစ်ပတ်မိသွားသည်နှင့် မိခင်ပိုးကောင်ကြီးက မရေမတွက်နိုင်သော လက်တံများကို ပိုမိုသိပ်သည်းစွာ ရိုက်ချလာတော့သည်။ သူတော်စင်ကလော့ကို ပိုက်ကွန်များသဖွယ် လက်တ့များဖြင့် ပိတ်လှောင်ပစ်လိုက်တော့၏။

“သူတော်စင်ကလော့”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် အခြားသူတော်စင်နှစ်ဦးသည်လည်း သူတော်စင်ကလော့ ရင်ဆိုင်နေရသော အန္တရာယ်ကို သတိပြုမိလိုက်ကြသည်။ သူတို့ ရပ်တန့်ကာ သူတော်စင်ကလော့ကို ကယ်ဆယ်လိုင်ခဲ့သော်လည်း မိခင်ပိုးကောင်ကြီးက အလွန်တရာ သန်မာလွန်းလှ၏။ အကယ်၍ သူတို့သာ နောက်ပြန်လှည့်သွားမည်ဆိုလျှင် သူတို့သည်လည်း သူတော်စင်ကလော့ကဲ့သို့ အလားတူ အခြေအနေမျိုးသို့ ရောက်ရှိသွားပေလိမ့်မည်။

“မင်းတို့အားလုံး သွားကြ... မြန်မြန် သွားကြတော့။ အသူတရာသေမင်းပင်လယ်ကို ပြန်သွားပြီး ဒီက အခြေအနေတွေကို သေသေချာချာ ပြောပြလိုက်။ ဒါနဲ့... မင်းတို့ ပြန်ရောက်တဲ့အခါကျရင် သူတော်စင်လင်းဖုန်းကို ပြောပေးပါဦး။ ငါက ဘာတိုင်လို လူမျိုး မဟုတ်ဘူးလို့…။ ငါက သူတော်စင်တစ်ပါးပဲ... လူသားမျိုးနွယ်စုရဲ့ သူတော်စင်တစ်ပါးပဲ”

သူတော်စင်ကလော့၏ အသံက အက်ကွဲနေ၏။ တစ်ဒင်္ဂအတွင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မိခင်ပိုးကောင်ကြီး၏ လက်တံများက သိပ်သည်းစွာ ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် ပိုးကောင်ကြီးက သူတော်စင်ကလော့ကို လက်တံများဖြင့် ရစ်ပတ်ကာ နောက်သို့ ပြန်လည်ဆွဲယူသွားတော့သည်။

အခြားသူတော်စင်သုံးပါး၏ မျက်နှာများထက်တွင် အနှိုင်းမဲ့ ဝမ်းနည်းကြေကွဲမှုများ ဒေါသတရားများဖြင့် ပြည့်နှက်နေ၏။ သူတော်စင်ကလော့ မိခင်ပိုးကောင်ကြီး၏ ဆွဲယူခြင်းကို ခံရကာ ပိုးကောင်ကြီး၏ အရသာရှိသော အစားအစာတစ်ခု ဖြစ်လာတော့မည့် အခြေအနေကိုသာ အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ကြတော့သည်။

“ဟားဟားဟား... မင်းက စွမ်းအင်ပိုရဖို့ ငါ့ကို လိုချင်နေတာလား။ ဒါဆိုလည်း မင်းကို တစ်ခါတည်းနဲ့ ဗိုက်ပြည့်သွားအောင် ကျွေးလိုက်မယ်”

မိခင်ပိုးကောင်ကြီး၏ ဝါးမြိုခြင်းကို ခံရတော့မည့် ဆဲဆဲအချိန်မှာပင် သူတော်စင်ကလော့၏ ခန္ဓာကိုယ်ပေါ်ရှိ ကြယ်တာရာစွမ်းအားစက်ကွင်းက ရုတ်တရက် မတည်မငြိမ် ဖြစ်လာတော့သည်။

တစ်ချိန်တည်းမှာပင် မိုးကောင်းကင်သည်လည်း ရုတ်တရက် တိမ်ညိုတိမ်မဲများ အုံ့ဆိုင်းကာ မှောင်မိုက်သွားသည့်အလား ထင်မှတ်ရ၏။ သူတော်စင်များသာ စကြဝဠာကြီးအတွင်းမှ စီးဆင်းကျလာသော အဆုံးမဲ့ ကြယ်တာရာစွမ်းအားများကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြ၏။

ထို့ပြင် ဤကြယ်တာရာစွမ်းအားများက ဖရိုဖရဲ အခြေအနေသို့ ရောက်ရှိနေသော်လည်း နှင်းတောင်ထိပ်မှ ကျဆင်းလာသည့် နှင်းလုံးကြီးပမာ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်ကာ အားကောင်းလာသည်။

ဝုန်း

ကြယ်တာရာစွမ်းအားများ စီးဆင်းကျလာသည်နှင့်အမျှ သူတော်စင်ကလော့က နောက်ဆုံးတွင် သူ၏ ကြယ်တာရာစွမ်းအား စက်ကွင်းကို အသုံးပြုကာ ထိုကြယ်တာရာစွမ်းအားများအားလုံးကို ဆွဲငင်ကာ လှုံ့ဆော်လိုက်သည်။ ထို့နောက် ကြယ်တာရာစွမ်းအား စက်ကွင်းမှာ ချက်ချင်း ပေါက်ကွဲသွားတော့သည်။

ဤပေါက်ကွဲမှု၏ ရိုက်ခတ်အားက ရိုးရိုးရှင်းရှင်းပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိခင်ပိုးကောင်ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးပင်လျှင် လွင့်စင်သွားရသည်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော လှိုင်းလုံးကြီးများက အရပ်လေးမျက်နှာသို့ တဟုန်ထိုး ပျံ့နှံ့သွား၏။

ကြယ်တာရာစွမ်းအားများက ဆယ်ကီလိုမီတာ ပတ်ဝန်းကျင်တစ်ခုလုံးကို မှုန့်မှုန့်ညက်ညက်ကြေသွားစေကာ အရာအားလုံးကို မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားစေသည်။ မြင့်မားလှသော အဆောက်အဦးများဖြစ်စေ ကပ်ပါးကောင်များဖြစ်စေ အရာအားလုံး ပြာအတိ လောင်ကျွမ်းသွားကြရသည်။

ဤသည်ကား သူတော်စင်တစ်ဦး၏ စွမ်းအားပင်တည်း။

သူတော်စင်တစ်ဦးအနေဖြင့် ကြယ်တာရာစွမ်းအား စက်ကွင်းကို အသုံးပြု၍ စကြဝဠာအတွင်းရှိ ကြယ်တာရာစွမ်းအားများကို စုစည်းကာ အသက်ကို စတေး၍ တိုက်မည်ဆိုသည့် စိတ်ပိုင်းဖြတ်ချက်ဖြင့် လှုံ့ဆော်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသော အဖျက်စွမ်းအားကို ဖန်တီးနိုင်ပေသည်။

ဤထိုးနှက်ချက် တစ်ခုတည်းကပင် သာမန်နတ်ဆိုးဧကရာဇ်များကို အရေအတွက် မည်မျှပင် များပြားပါစေ ခြွင်းချက်မရှိ သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ အကယ်၍ မသေဆုံးခဲ့လျှင်ပင် သေလုနီးပါး ဒဏ်ရာရသွားကြပေလိမ့်မည်။

ကံမကောင်းစွာဖြင့် သူ့ရှေ့ရှိ မိခင်ပိုးကောင်ကြီးက သာမန်နတ်ဆိုးဧကရာဇ်တစ်ကောင် မဟုတ်ကြောင်း သိသာထင်ရှားလှ၏။ ပိုးကောင်ကြီး လွင့်စင်သွားခဲ့သော်လည်း အပေါ်ယံဒဏ်ရာတချို့ကိုသာ ရရှိခဲ့သည်။ အခြေခံအုတ်မြစ်များကိုမူ လုံးဝ ထိခိုက်စေခြင်း မရှိခဲ့ချေ။

“သူတော်စင်ကလော့”

အတန်ငယ်ဝေးသည့် နေရာသို့ ထွက်ပြေးသွားခဲ့ကြသော သူတော်စင်သုံးပါးသည်လည်း အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အချိန်အတန်ကြာသည်အထိ စိတ်မအေးနိုင်ခဲ့ကြချေ။

သူတော်စင်ကလော့ သေဆုံးသွားခဲ့ချေပြီ။ ထို့ပြင် သူက နတ်ဆိုးဧကရာဇ်တစ်ကောင်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း သေဆုံးသွားချိန်၌ပင် သူတော်စင်ကလော့က လူသားသူတော်စင်တစ်ပါး၏ ရဲရင့်မှုနှင့် စိတ်ပိုင်းဖြတ်မှုကို သူရဲကောင်းဆန်ဆန် ပြသသွားခဲ့သည်။

“သူတော်စင်ကလော့ အလကားသက်သက် အသေခံတာမျိုး မဖြစ်စေရဘူး။ လာကြ... အသူတရာသေမင်းပင်လယ်ကို ပြန်သွားကြစို့”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင် အံကြိတ်လိုက်၏။ ဤသည်ကား လူသားမျိုးနွယ် ကြုံတွေ့ခဲ့ဖူးသမျှထဲတွင် အဆိုးရွားဆုံး အခြေအနေတစ်ခု ဖြစ်ပေလိမ့်မည်။ သူတော်စင်တစ်ပါးပင်လျှင် ကိုယ့်ကိုယ်ကို ဖောက်ခွဲပြီး အဆုံးသတ်သွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။

သို့သော်လည်း သူတော်စင်သုံးပါးစလုံး သူတော်စင်ကလော့ အချည်းနှီး သေဆုံးသွားရခြင်းမျိုး မဖြစ်သင့်ကြောင်း သိရှိထားကြ၏။ သူတို့သုံးယောက် အသူတရာသေမင်းပင်လယ်သို့ ပြန်သွားပြီး အခြားသူတော်စင်များနှင့် ပူးပေါင်းရမည် ဖြစ်သည်။ ထို့နောက် မိခင်ပိုးကောင်ကြီးကို ရင်ဆိုင်ရန်အတွက် သူတို့၏ စွမ်းအားအားလုံးကို စုစည်းရမည် ဖြစ်ပေသည်။

All Chapters