အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) - ပျံလွှားဓားမြှောင်
ချူချင်းသည် ညမှောင်ရိပ်အောက်တွင် အိမ်အမိုးများပေါ်မှ ပြေးလွှားနေသည်။
အိမ်ထဲ၌ အိပ်စက်အနားယူနေကြသူများကို မနှောင့်ယှက်မိစေရန် သူ၏ခြေလှမ်းများကို ဖွဖွနင်း၍ သွားလေသည်။
သူ၏စိတ်အာရုံထဲတွင်မူ အစောပိုင်းက ချန်စစ်ဟိုင်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲအကြောင်းက ပြန်လည်စဥ်းစားမိ၏။
တိုက်ပွဲတစ်ခုလုံးက လျင်မြန်စွာ ပြီးဆုံးသွားခဲ့သော်လည်း...
ထင်သလောက်တော့ မလွယ်ကူခဲ့ချေ။
အဓိကအကျဆုံးသော အလှည့်အပြောင်းမှာ 'အမြစ်ဖြတ် အစွမ်းကုန်နှိမ့်နင်းခြင်း' ဟူသော နည်းဗျူဟာပင် ဖြစ်သည်။ သို့မဟုတ်ပါက ချန်စစ်ဟိုင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ဝင်သွားသော ဓားချက်ကို ချိုးဖျက်နိုင်ခဲ့လျှင် ဤတိုက်ပွဲသည် ပိုမိုရှုပ်ထွေးသွားပေမည်။
သို့သော် မျက်နှာချင်းဆိုင်တိုက်ခိုက်ခဲ့လျှင်ပင် မိမိအနေဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု ယူဆထားသည်။
တွေးရသည်က လွယ်ကူသော်လည်း လက်တွေ့တိုက်ပွဲတွင်မူ အခြေအနေ မည်မျှပြောင်းလဲသွားနိုင်သည်ကို အသေအချာ မပြောနိုင်ပေ။
ချူချင်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။
"နောက်ပိုင်းကျရင် ငါနဲ့အဆင့်တူတဲ့ ပြိုင်ဘက်တစ်ယောက်ကို ရှာပြီး မျက်နှာချင်းဆိုင် တိုက်ခိုက်ကြည့်ရမယ်..."
လူသတ်ခြင်းက လူသတ်သမားတစ်ဦး လုပ်ဆောင်ရမည့် တာဝန်သာ ဖြစ်သည်။
ပြိုင်ဘက်နှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ခြင်းကသာ မိမိ၏သိုင်းပညာအဆင့်အတန်းကို ပိုမိုရှင်းလင်းစွာ သိရှိစေနိုင်ပေမည်။
သို့မဟုတ်ပါက ဤကဲ့သို့သော နည်းလမ်းကိုသာ အမြဲသုံးနေလျှင် မိမိ၏ဓားချက်ကို မည်သူမျှ မရှောင်တိမ်းနိုင်ဟူ၍ လွဲမှားစွာ ယုံကြည်နေမိမည် ဖြစ်သည်။
ဤကျန်းဟူလောကကြီးသည် ကျယ်ပြောလှပြီး ထူးချွန်ထက်မြက်သော သိုင်းဆရာများစွာ ရှိနေကြောင်း ချူချင်းကောင်းစွာသိရှိပေသည်။
ချန်စစ်ဟိုင်ဖြစ်စေ၊ ဝူကန်ချီဖြစ်စေ ၎င်းတို့အားလုံးသည် နယ်မြေတစ်ခုတည်းတွင်သာ ကြီးစိုးနေကြသူများ ဖြစ်သဖြင့် ၎င်းတို့ကိုကြည့်၍ လောကတစ်ခုလုံးရှိ သူရဲကောင်းများကို တိုင်းတာ၍ မရနိုင်ချေ။
ချူယွန်ဖေးသည် ရော့ရွှီကျင့်ကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့လျှင်ပင် မည်သို့ထူးခြားမည်နည်း။
လွန်ခဲ့သောနှစ်များက ရွှီဟွိုင်ဂိုဏ်းသည်လည်း အခြားသူများ၏ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ဂိုဏ်းသားများ ဖရိုဖရဲထွက်ပြေးခဲ့ကြရသည် မဟုတ်ပါလော။
ထို့ကြောင့် အမြဲသတိရှိနေရမည်ဖြစ်ပြီး လောကသားများကို လျှော့မတွက်မိရန် လိုအပ်ပေသည်။
ခြေဖျားလေးများ မြေပြင်ပေါ်သို့ သာသာယာယာ ကျဆင်းသွားသည်။ မူလက အိမ်ပြန်ရမည့် ချူချင်းသည် ယခုအခါ ကျိုးယီ၏အိမ်ခေါင်မိုးပေါ်သို့ ရောက်ရှိနေခဲ့ပြီ။
သူက ခြံဝင်းထဲသို့ တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံဖြင့် ရေအိုးပေါ်ရှိ ဇလုံထဲတွင် ရေများပြည့်လျှံနေသည်ကို တွေ့လိုက်ရလေသည်။
ချူချင်းက တွေးလိုက်မိသည်။
'သတင်းရပြီပဲ...'
ချူချင်း၏ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ခြံဝင်းထဲသို့ ဆင်းသက်လိုက်သည်။
သူက ဇလုံကိုဖယ်ရှားလိုက်ပြီး ၎င်းအောက်ရှိစာကို ယူလိုက်၏။
စာကိုဖွင့်ကြည့်လိုက်ရာ စာကြောင်းရေနှင့် စာလုံးနေရာများကိုသာ ဖော်ပြထားသော စာသားများ ဖြစ်နေသဖြင့် အခြားသူများက ရရှိသွားလျှင်ပင် အဓိပ္ပာယ်ကို သိနိုင်မည် မဟုတ်ပေ။
သူက ထိုစာကို သေချာစွာ သိမ်းဆည်းလိုက်သော်လည်း ကျိုးယီ၏ခန္ဓာကိုယ်ထဲရှိ မိစ္ဆာမျိုးစေ့ကို ဖယ်ရှားပေးရန်အတွက် သူ့ထံသို့ သွားရောက်ခြင်း မပြုခဲ့ချေ။
မနေ့ညကမှ ကျိုးယီကို အတွင်းအားဖြင့် တစ်ကြိမ်ကူညီပေးခဲ့ပြီးဖြစ်သဖြင့် နောက်တစ်ကြိမ် ကုသရန်အတွက် တစ်ရက်ခြားရပေမည်။
သို့မဟုတ်ပါက သိုင်းပညာအခြေခံမရှိသော သာမန်လူတစ်ဦးဖြစ်သည့် ကျိုးယီသည် ဤမျှအကြိမ်ရေစိပ်လျှင် အတွင်းအား လှည့်ပတ်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဤတစ်ကြိမ်တွင်မူ သူသည် လမ်းခရီး၌ မရပ်နားတော့ဘဲ အိမ်သို့ တိုက်ရိုက်ပြန်လာခဲ့တော့သည်။
တံခါးများနှင့် ပြတင်းပေါက်များကို သေချာစွာ စစ်ဆေးပြီး မိမိမရှိခိုက် မည်သူမျှ ခိုးဝင်ထားခြင်း မရှိကြောင်း သေချာမှသာ တံခါးကို တွန်းဖွင့်၍ ဝင်လိုက်လေသည်။
ရွှမ်ယိုဓား၊ မျက်နှာဖုံးနှင့် အနက်ရောင်ဝတ်စုံတို့ကို သေချာစွာ ဝှက်ထားလိုက်၏။
ထို့နောက် ထိုစာကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီး အိပ်ရာပေါ်တွင် ဝင်ထိုင်လိုက်သည်။
သူ၏စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် စနစ်မျက်နှာပြင်က မျက်စိရှေ့မှောက်သို့ ချက်ချင်း ပေါ်လာတော့သည်။
[မဖွင့်ရသေးသော ကျပန်းသိုင်းပညာ ရတနာသေတ္တာ တစ်လုံး ရှိပါသည်။ ဖွင့်လှစ်မည်လော...]
ချူချင်းသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် ဖွင့်လှစ်ရန် ရွေးချယ်လိုက်၏။
နောက်တစ်စက္ကန့်တွင်မူ...
[အောင်မြင်စွာ ဖွင့်လှစ်ပြီးပါပြီ။ အဆုံးစွန် သိုင်းပညာရပ်ဖြစ်သော 'ရှောင်လီ၏ ပျံလွှားဓားမြှောင်' ကို ရရှိပါသည်...]
ချူချင်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီး မိမိ၏မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
သူက မျက်စိရှေ့မှ စာသားများကို အမှားအယွင်းရှိမရှိ သေချာစွာ ထပ်မံဖတ်ရှုရန် ပြင်လိုက်စဉ်မှာပင်...
သူ၏ဦးနှောက်ထဲသို့ အချက်အလက်များစွာ စီးဝင်လာပြီး စာသားများက နှလုံးသားထဲအထိ စွဲထင်သွားတော့သည်။
သူ၏ လက်မောင်းနှစ်ဖက်၊ လက်ဖဝါးများနှင့် လက်ချောင်းဆယ်ချောင်းလုံးတွင် နွေးထွေးသော စွမ်းအင်လှိုင်းများ စီးဆင်းလာလေသည်။
ခေတ္တမျှ ကြာပြီးနောက် သူက မျက်လုံးများကို ချက်ချင်းဖွင့်လိုက်၏။
ချူချင်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"တကယ့်အဆုံးစွန်သိုင်းပညာရပ် ဖြစ်နေတာလား..."
ချူချင်းက အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူ၏စိတ်ထဲတွင် စကားလုံးရှစ်လုံးက ထင်ဟပ်နေ၏။ ထိုစကားလုံးများမှာ 'ရှောင်လီ၏ ပျံလွှားဓားမြှောင်... တစ်ချက်မှ မလွဲချော်ခြင်း...' ဟူ၍ ဖြစ်သည်။
ခေတ္တမျှ ကြာပြီးနောက် သူက ခပ်ဖွဖွရယ်မောလိုက်ရင်း ပြောလိုက်သည်။
"တကယ်ပဲ လူသတ်သမားစနစ် ပီသပါပေတယ်။ ငါ့ကို လူသတ်သမား လမ်းစဉ်ပေါ်မှာ ပိုပြီး လမ်းပေါက်အောင် တွန်းပို့နေတာပဲ..."
ဤအဆုံးစွန်သိုင်းပညာရပ်သည် မျက်နှာချင်းဆိုင် တိုက်ခိုက်ရာတွင်ပင် မည်သူမျှ ရှောင်တိမ်းနိုင်စွမ်း မရှိချေ။
အကယ်၍ နောက်ကွယ်မှသာ တိုက်ခိုက်မည်ဆိုပါက ပြိုင်ဘက်တွင် မည်မျှပင် ကြီးမားသော စွမ်းရည်များ ရှိနေပါစေ ဤပျံလွှားဓားမြှောင်၏ တိုက်ခိုက်မှုကို မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။
ချူချင်းသည် ချက်ချင်းပင် စမ်းသပ်ကြည့်လိုစိတ် ပေါ်လာသော်လည်း...
သူသည် မူလကတည်းက လျှို့ဝှက်လက်နက်များကို ကျွမ်းကျင်သူ မဟုတ်သည့်အပြင် ယခုအချိန်တွင် သူ၏ကိုယ်ပေါ်၌ အသုံးပြုရန် ပျံလွှားဓားမြှောင်လည်း မရှိချေ။
ချူချင်းက တွေးလိုက်မိသည်။
'သိပ်မခက်ပါဘူး။ မနက်ဖြန်မနက်မိုးလင်းတာနဲ့ ပန်းပဲဖိုကိုသွားပြီး မိုးမခရွက်ပုံစံ ပျံလွှားဓားမြှောင်ကို ဝယ်လိုက်ရင် ရပြီ...'
'ဒီလိုပစ္စည်းမျိုးက ကြိုမှာထားစရာ မလိုဘူး။ ပန်းပဲဖိုတွေမှာ အလွယ်တကူ ဝယ်လို့ရတယ်...'
'ဓားမြှောင်ဝယ်ပြီး ဓားအိမ်တစ်ခုနဲ့ တွဲထားလိုက်ရင် ရပြီ။ အခုတော့ နျဲ့ကျင့်ထိုင်ကလူတွေနဲ့ တွေ့ရဖို့တောင် ငါ မျှော်လင့်နေမိပြီ...'
ချူချင်းသည် ထိုသို့တွေးတောရင်း မိမိကိုယ်မိမိ အနည်းငယ် စိတ်လှုပ်ရှားလွန်းနေသည်ဟု ခံစားလိုက်ရသည်။
သူက စိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းလိုက်ပြီးနောက် အိပ်ရာမှထကာ 'ထူးဆန်းသောမှတ်တမ်းများ' စာအုပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် စာကိုဖွင့်ကာ စာအုပ်နှင့်တိုက်စစ်၍ လျှို့ဝှက်စာကို စတင်အဖြေရှာတော့သည်။
...
...
ထျန်းဝူမြို့၏ မြေအောက်အချုပ်ခန်း။
"ကျွန်တော်က မတရားစွပ်စွဲခံရတာပါ။ တောင်းပန်ပါတယ်... ကျွန်တော့်ကို လွှတ်ပေးကြပါ..."
"သူက ရှန်ရှာဂိုဏ်းရဲ့ဂိုဏ်းချုပ်မှန်း ကျွန်တော် တကယ်မသိခဲ့ပါဘူး..."
"ကျွန်တော့်ကို ကူညီဖူးတဲ့ သိုင်းဆရာတစ်ယောက်လို့ပဲ ထင်ခဲ့တာ။ သူက ဒီလို ယုတ်မာတဲ့အကြံရှိနေမယ်လို့ ဘယ်လိုလုပ်သိမှာလဲ..."
"သူတို့ ရောက်လာတဲ့ရက်ပိုင်းအတွင်း ကျွန်တော်က ဒူးထောက် အညံ့ခံခဲ့ရုံတင်မကဘူး... ကျွန်တော့်ဇနီးကိုတောင် သူတို့က အဓမ္မသိမ်းပိုက်သွားကြသေးတယ်..."
"ကျွန်တော့်ရင်ထဲမှာလည်း တကယ်ပဲ ခံရခက်လှပါတယ်..."
လျိုတာ့ဖု၏ ငိုကြွေးအော်ဟစ်သံများက မြေအောက်အချုပ်ခန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်နေလေသည်။
သို့သော် ထျန်းဝူအစောင့်တပ်မှ တပ်သားနှစ်ဦးမှာမူ ပြန်တုံပြန်မှုမရှိဘဲ သူ့ကို အချုပ်ခန်းထဲသို့ တွန်းပို့လိုက်ကြ၏။
ဤအကျဉ်းခန်းထဲတွင် သူတစ်ဦးတည်း ရှိနေသည် မဟုတ်ပေ။
အချုပ်ခန်းထဲတွင် ရက်စက်ကြမ်းကြုတ်ပုံရသော လူအချို့လည်း ရှိနေကြပြီး ၎င်းတို့က လျိုတာ့ဖု၏ ဝဖြိုးသော ခန္ဓာကိုယ်နှင့် ဖြူဖွေးသော အသားအရေကို မြင်သည်နှင့် ချမ်းသာကြွယ်ဝသော လူကုံထံတစ်ဦးဖြစ်ကြောင်း ချက်ချင်းသိရှိလိုက်ကြသည်။
ထိုစဉ် မျက်နှာတွင် ဓားဒဏ်ရာ အမာရွတ်ရှိသော လူတစ်ဦးက အေးစက်စွာ ရယ်မောလိုက်ရင်း ပြောလိုက်သည်။
"ဒီကို လာစမ်း..."
လျိုတာ့ဖုသည် သံတိုင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မိမိ၏မတရားခံရမှုကိုသာ အော်ဟစ်ပြောဆိုနေပြီး နောက်ကွယ်မှ အသံကိုမူ ကြားပုံမရချေ။
ထို့ကြောင့် လူတစ်ဦးက ရှေ့သို့တိုးလာပြီး သူ၏ပခုံးကို ပုတ်ကာပြောလိုက်သည်။
"ငါတို့ခေါင်းဆောင်က မင်းကို ခေါ်နေတယ်လေ..."
လျိုတာ့ဖုက ဂရုမစိုက်ဘဲ ဆက်လက်အော်ဟစ်နေသဖြင့် ထိုလူက စိတ်မရှည်တော့ဘဲ သူ့ကိုဆွဲလှည့်လိုက်၏။
ဤလုပ်ရပ်က ထိုလူကိုဒေါသထွက်သွားစေပြီး လျိုတာ့ဖုကို အတင်းဆွဲဆောင့်လိုက်တော့သည်။
လျိုတာ့ဖုသည် ဘာဖြစ်မှန်းမသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် မျက်နှာကို လက်သီးဖြင့်အထိုးခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
"အား..."
လျိုတာ့ဖုက နာကျင်စွာအော်ဟစ်လိုက်ရင်း မေးလိုက်သည်။
"မင်း... မင်း ငါ့ကို ဘာလို့ ရိုက်တာလဲ..."
"ငါတို့ခေါင်းဆောင်က မင်းကိုခေါ်နေတာ တစ်လုံးမှ မကြားဘူးလား..."
"ငါတို့ရှေ့မှာ လာပြီး ဆရာကြီးလုပ်ချင်တာလား။ မင်းကို စည်းကမ်းအရင်ချပေးရမယ်..."
လူအချို့က ဝိုင်းအုံလာပြီး သူ့ကိုဝိုင်းကာ ထိုးနှက်ကန်ကျောက်ကြတော့သည်။
လျိုတာ့ဖုသည် ခေါင်းကိုသာ ကာကွယ်ထားနိုင်ပြီး ထိုခဏအတွင်းမှာပင် နာကျင်စွာ အော်ဟစ်နေရတော့သည်။
မလှမ်းမကမ်းရှိ ထျန်းဝူအစောင့်တပ်မှ တပ်သားအချို့က ဤမြင်ကွင်းကို ကြည့်နေကြပြီး ၎င်းတို့အနက်မှ တစ်ဦးက လှည့်ထွက်သွား၏။
သူက အချုပ်ခန်းဧရိယာမှ ထွက်လာပြီး အထက်ရှိ ထျန်းဝူအစောင့်တပ်သားများ အနားယူရာနေရာသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် ချူထျန်းသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ငေးငိုင်စွာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။
ဝူချန်းဟွမ်ကမူ သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။
ထိုထျန်းဝူအစောင့်တပ်သားက ရှေ့သို့တိုးလာပြီး တိုးညင်းစွာ ပြောလိုက်သည်။
"သခင်မလေး... သခင်လေးချူ..."
သူက အချုပ်ခန်းအတွင်း ဖြစ်ပျက်နေသမျှကို အသေးစိတ် တင်ပြလိုက်လေသည်။
ဝူချန်းဟွမ်က ချူထျန်းကို တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်သည်။
"ဒီလိုဆိုရင် သူပြောတာတွေအားလုံးက အမှန်တွေ ဖြစ်ပုံရတယ်။ အစ်ကိုကြီးချူ... အစ်ကိုကြီးက ဘာလို့ သူ့ကိုဒီလိုလုပ်ဖို့ စီစဉ်ထားတာလဲ။ သူ တစ်ခုခု ဖုံးကွယ်ထားတယ် ထင်လို့လား..."
ချူထျန်းက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ပြောလိုက်သည်။
"သံသယရှိရုံတင်မကဘူး... ကြိုတင်ကာကွယ်တာလည်း ပါတာပေါ့..."
"ပြီးတော့ အခုထိ ငါထူးဆန်းတယ်လို့ ခံစားနေရတုန်းပဲ..."
"ရှန်ရှာဂိုဏ်းကလူတွေ ရောက်လာတာ အရမ်း လျှို့ဝှက်လွန်းတယ်။ ထျန်းဝူမြို့ထဲမှာ ဒီလောက်အထိ ပုန်းအောင်းနိုင်တာက ရှန်ရှာဂိုဏ်းလက်ချက်တင်မကဘူး…”
“ဝမ်ယဲ့တောင်ကြားရဲ့ စွမ်းဆောင်ရည်မျိုးတောင် မဟုတ်နိုင်ဘူး..."
"ငါ အဲဒါကိုပဲ ထိုင်တွေးနေမိတယ်..."
ဝူချန်းဟွမ်က မေးလိုက်သည်။
"ချင်းယဲ့ဓားရိုး ကောင်းကင် ကောင်းကင် ကောင်းကင်... ဆိုတာကိုလား..."
ချူထျန်းက တိုးညင်းစွာ ပြောလိုက်သည်။
"အင်း..."
"မင်းရော ဘယ်လိုထင်လဲ... ကောင်းကင်ဆိုတာ တကယ်ပဲ ဘာကိုဆိုလိုတာလဲ..."
ဝူချန်းဟွမ်က ခေါင်းခါပြလိုက်ပြီးမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ မေးလိုက်သည်။
"ဒါဆိုရင်... အစ်ကိုကြီးချူက ဒီစကားစုရဲ့ ပထမပိုင်းအဓိပ္ပာယ်ကို သိပြီးပြီပေါ့…”