အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃) - ကျရောက်လာတော့မည့် မိုးသက်မုန်တိုင်း
ချူထျန်းက ထိုစကားကို ကြားသောအခါ ဝူချန်းဟွမ်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ ပြုံးပြီးပြောလိုက်လေသည်။
"အကြံတစ်ခုတော့ ရှိတယ်... ဒါပေမဲ့ မသေချာသေးဘူး... ထပ်ပြီး အတည်ပြုဖို့လိုဦးမယ်..."
ပြောပြီးနောက် သူက မတ်တတ်ရပ်လိုက်၏။
"ကဲ... ဒီညတော့ ဒီလောက်ပဲ... ငါ အရင်ပြန်တော့မယ်..."
"..."
ဝူချန်းဟွမ်မှာ သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်ချေ။ သို့သော် ချူထျန်းက မပြောပြသဖြင့် သူမလည်း ထပ်မမေးတော့ဘဲ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။
"အစ်ကိုကြီးချူ... ကောင်းကောင်းသွားပါ..."
ချူထျန်းက သူမကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကိုသတိရသွားဟန်ဖြင့် မေးလိုက်လေသည်။
"ဒါနဲ့... အရင်က လျိုမိသားစုရဲ့ နောက်ဘက်တောင်ကုန်းမှာ မင်း ငါ့ကို ဘာမေးမလို့လဲ... ဘယ်သူနဲ့တူတယ်ဆိုလားပဲ..."
ဝူချန်းဟွမ်မှာ ဆွံ့အသွားပြီးမှ ယခင်က ချူထျန်းကိုမေးရန် မေးခွန်းတစ်ခု ရှိခဲ့သည်ကို သတိရသွားတော့၏။
ချူထျန်းသည် ချူချင်း၏အစ်ကိုကြီး ဖြစ်သည်။ ၎င်းတို့ ညီအစ်ကိုနှစ်ဦးမှာ သွေးသားရင်းချာများ ဖြစ်ကြသဖြင့် သာမန်ထက် ပို၍နီးစပ်ကြပေရာ သူမ မသေချာသောကိစ္စကို ချူထျန်းက ရိပ်မိကောင်းရိပ်မိနိုင်မည်။
သို့သော် ယခုအချိန်တွင် နှုတ်ဟရန် ပြင်လိုက်သော်လည်း စကားလုံးများက ထွက်မလာခဲ့ချေ။
ရင်ထဲတွင် ဘာကြောင့်မှန်းမသိ တုန်လှုပ်ခြောက်ခြားနေမိသည်။
အဘယ်ကြောင့် တုန်လှုပ်နေသည်ကို သူမ မသိချေ။
သူမသည် ချူထျန်း၏နှုတ်မှ အတည်ပြုချက်ကို မျှော်လင့်နေမိသလော သို့မဟုတ် ငြင်းဆိုချက်ကို မျှော်လင့်နေမိသလော ဆိုသည်ကိုပင် သေချာမသိချေ။
ထို့ကြောင့် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးနောက် ခေါင်းခါပြလိုက်ရင်း ပြောလိုက်လေသည်။
"ဘာမှမဟုတ်တော့ပါဘူး... အစ်ကိုကြီးချူလည်း စောစောပြန်ပြီး အနားယူပါတော့..."
ချူထျန်းက ဝူချန်းဟွမ်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ..."
ထိုသို့ပြောပြီးနောက် သူက ထပ်မပြောတော့ဘဲ လှည့်ထွက်သွားလေသည်။
သို့သော် ဝူချန်းဟွမ်ကွယ်ရာသို့ ရောက်သောအခါ သူ၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားပြီးနောက် မကြာမီမှာပင် ခေါင်းခါယမ်းကာ သက်ပြင်းတစ်ချက်ချလိုက်မိ၏။
သူက အိမ်ထောင်ကျစောသဖြင့် ဤကဲ့သို့သော အရေးကိစ္စများကို နားလည်သူ ဖြစ်ပေသည်။ အချို့သော အရာများကို ဘေးမှ ကြည့်နေရသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသကဲ့သို့ တစ်ဖက်ကလည်း ရင်တမမ ဖြစ်ရချေသည်။
သို့သော် သူက ဘာမှဝင်ပြော၍ မရသည့်အပြင် သူတို့ကိုယ်စား ဆုံးဖြတ်ချက်လည်း ချပေး၍ မရချေ။ လက်ရှိအခြေအနေအရ သူတို့နှစ်ဦး၏ ကံကြမ္မာနှင့် ဖူးစာအပေါ်တွင်သာ မူတည်ပေသည်။
...
...
သေးငယ်သော မီးတောက်လေးတစ်ခုက ပတ်ဝန်းကျင်ရှိ အမှောင်ထုကို ညင်သာစွာ ဖယ်ခွာပေးလိုက်သည်။
ချူချင်းက စားပွဲရှေ့တွင်ထိုင်ကာ ဖော်ထုတ်ထားသောလျှို့ဝှက်စာကို ကြည့်နေသည်။ ထိုလျှို့ဝှက်စာထဲတွင် အကြောင်းအရာများစွာ ရေးသားထားသော်လည်း ဖော်ထုတ်ရရှိသော စာလုံးမှာ ရှစ်လုံးသာ ရှိပေသည်။
'မနက်ဖြန်ည ရှုရှီအချိန်... လော့ယွီခန်းမဆောင် အပြင်ဘက်...'
"စတော့မယ်ပေါ့..."
ချူချင်းက လျှို့ဝှက်စာနှင့်အတူ ဖော်ထုတ်ထားသောစာရွက်ကို မီးရှို့ဖျက်ဆီးလိုက်၏။
ထို့နောက် သူက အိပ်ရာပေါ်သို့တက်ထိုင်လိုက်ပြီး ဖြစ်ပျက်သမျှ အကြောင်းအရာအားလုံးကို ပြန်လည်သုံးသပ်လိုက်လေသည်။
ဝမ်ယဲ့တောင်ကြား... ရှန်ရှာဂိုဏ်း... ထျန်းဝူမြို့... လော့ယွီခန်းမဆောင်...
'ဝမ်ယဲ့တောင်ကြား... ရှန်ရှာဂိုဏ်းနဲ့ လော့ယွီခန်းမဆောင်တို့ သုံးပွင့်ဆိုင် ပူးပေါင်းနေကြတာပဲ...'
'သူတို့ရဲ့ရည်ရွယ်ချက်က ထျန်းဝူမြို့ ဖြစ်ဖို့များတယ်...'
'ဒါပေမဲ့ တစ်ခုခုတော့ လွဲနေသလိုပဲ...'
'လော့ယွီခန်းမဆောင်က ထျန်းဝူမြို့ထဲမှာ အင်အားချဲ့လာတာ သုံးနှစ်ရှိပြီ... အမြဲတမ်း လျှို့ဝှက်လှုပ်ရှားခဲ့တာ...'
'သူတို့က ဝမ်ယဲ့တောင်ကြားနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာဟာ အကုန်လုံးကို ပုံအောလိုက်တာပဲ...'
'ကြီးကြီးမားမား အကျိုးအမြတ်မရှိရင် ဒါကို ဘယ်လိုမှ သဘောတူမှာမဟုတ်ဘူး...'
'ပြီးတော့ ရှန်ရှာဂိုဏ်း ပေါ်လာတာကလည်း အိမ်ထဲကို ဝံပုလွေ ဖိတ်ခေါ်သလို ဖြစ်နေတယ်...'
'ထျန်းဝူမြို့ကို သိမ်းပိုက်ပြီး သုံးစုခွဲလိုက်ရင်တောင် လော့ယွီခန်းမဆောင်ရဲ့ အင်အားနဲ့ ရှန်ရှာဂိုဏ်းကို ခဏတစ်ဖြုတ် ဖိနှိပ်ထားနိုင်ပေမဲ့...'
'တကယ်ပဲ ရေရှည်ထိန်းထားနိုင်ပါ့မလား...'
'ရှန်ရှာဂိုဏ်းကလည်း သာမန်အဖွဲ့အစည်း မဟုတ်ဘူး... ချန်စစ်ဟိုင်က သူ့ဂိုဏ်းက ထိပ်သီးသိုင်းဆရာတွေကိုပဲ ခေါ်ပြီး ထျန်းဝူမြို့ထဲ ခိုးဝင်လာတာက တကယ်တော့ သူ့အသက်ကို လော့ယွီခန်းမဆောင်ရဲ့လက်ထဲ အပ်ထားတာနဲ့ အတူတူပဲ...'
'သူတို့အချင်းချင်း ဘာလို့ ဒီလောက်အထိ ယုံကြည်နေကြတာလဲ...'
'လောကကြီးမှာ လူတွေအားလုံးက အကျိုးစီးပွားအတွက်ပဲ လှုပ်ရှားနေကြတာ...'
'သူတို့လို လူစားမျိုးတွေအတွက် မိတ်ဆွေဆိုတာထက် အကျိုးစီးပွားချင်း ချည်နှောင်ထားတာက ပိုပြီးခိုင်မြဲတယ်...'
'ဒီထဲမှာ သူများမသိတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာ သေချာတယ်...'
သူ့စိတ်ကူးများက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဆက်တွေးလိုက်လေသည်။
'ဒါပေမဲ့ ထန်ရှီးလည်း သေသွားပြီ ထန်ယင်ဖုန်းကပါ အဖမ်းခံရပြီး ဝူကန်ချီရဲ့လက်ထဲ ရောက်သွားတယ်...'
'ထန်ယင်ဖုန်းက ရှန်ရှာဂိုဏ်း ရှိနေတာကို တစ်လုံးမှ မဟခဲ့ဘူး...'
'ဒါက သူ့ကိုယ်ပိုင်အကျိုးစီးပွားနဲ့ မကိုက်ညီဘူး...'
'ဝူကန်ချီက သနားညှာတာတတ်တဲ့သူ မဟုတ်ဘူး... ထန်ယင်ဖုန်းက အသုံးချလို့ရရင်တောင် နောက်ဆုံးတော့ သေရမှာပဲ...'
'သေဘေးနဲ့ ရင်ဆိုင်နေရပြီး အကြံအစည်တွေ ပျက်စီးသွားတဲ့ အခြေအနေမှာ ဘာလို့ ဒီလောက်အထိ လျှို့ဝှက်ထားရတာလဲ...'
'သူ့မှာ အသက်နဲ့လဲပြီး ကာကွယ်ရမဲ့ ပိုပြီး နက်ရှိုင်းတဲ့ အကြောင်းပြချက် ရှိနေလို့ပဲ ဖြစ်ရမယ်...'
'ဒါမှမဟုတ်ရင်လည်း...'
ချူချင်းက ဤနေရာသို့တွေးမိသောအခါ စိတ်ထဲတွင် အတွေးတစ်ခု ရိပ်ခနဲ ပေါ်လာသည်။ ထို့နောက် သူ၏အတွေးများက ဝမ်ယဲ့တောင်ကြားဆီသို့ ရောက်ရှိသွားပြန်သည်။
'ဝမ်ယဲ့တောင်ကြား ကြံစည်နေတာက ထျန်းဝူမြို့ကို သိမ်းပိုက်ဖို့တင် မဟုတ်လောက်ဘူး...'
'အခုဖြစ်နေတာတွေကိုကြည့်ရင် သူတို့ ချူယွန်ဖေးကိုသတ်ဖို့ ပေးဆပ်ခဲ့ရတဲ့တန်ဖိုးက ကြီးလွန်းတယ်...'
'နျဲ့ကျင့်ထိုင်ကို ငှားခဲ့ရုံတင်မကဘဲ ရှင်းယိုဟန်ကိုပါ အသုံးချခံနယ်ရုပ်အဖြစ် စတေးခဲ့ရတယ်...'
'ရှင်းယိုဟန် မသေခင်က ဝမ်ယဲ့တောင်ကြားရဲ့ လျှို့ဝှက်အမွေအနှစ်အကြောင်း ပြောခဲ့ဖူးတယ်...'
'ပြီးတော့ ခြေထောက်နှစ်ဖက်လုံး အဖြတ်ခံခဲ့ရတဲ့ ထျန်းဝူအစောင့်တပ်သား ပြောခဲ့တဲ့စကားလည်း ရှိသေးတယ်...'
'ချင်းယဲ့ဓား... ဓားရိုးထဲမှာ... ကောင်းကင်... ကောင်းကင်... ကောင်းကင်...'
'တကယ်လို့ ဝမ်ယဲ့တောင်ကြားရဲ့ လျှို့ဝှက်အမွေအနှစ်က ချင်းယဲ့ဓားလို့ခေါ်တဲ့ ရတနာဓားရဲ့ ဓားရိုးထဲမှာ ရှိနေတယ်ဆိုရင်...'
'အကုန်လုံးက အဓိပ္ပာယ်ရှိသွားပြီ...'
'ဒါပေမဲ့ ချင်းယဲ့ဓားက တကယ်ပဲ ထျန်းဝူမြို့ထဲမှာ ရှိနေတာလား...'
'ရွှမ်ယိုဓားလား... ဒါပေမဲ့ ငါ ရွှမ်ယိုဓားရိုးကို စစ်ကြည့်တုန်းက ဘာယန္တရားအမှတ်အသားမှ မတွေ့ခဲ့ဘူး...'
'ငါက ဖွင့်နည်းကိုမသိလို့ ယန္တရားကို မဖွင့်နိုင်တာလား...'
'ဒါမှမဟုတ် ဝူကန်ချီက ဘာမှမသိဘဲနဲ့ ချင်းယဲ့ဓားကို ရထားတာလား...'
'ဝမ်ယဲ့တောင်ကြားက အမှန်တရားကို ထုတ်ပြောမှာ မဟုတ်ဘူး... မဟုတ်ရင် သူတို့လည်ပင်းကို သူများလက်ထဲ အပ်လိုက်သလို ဖြစ်သွားမှာ...'
'ဝမ်ယဲ့တောင်ကြားရဲ့ လျှို့ဝှက်အမွေအနှစ်ကို ရထားတဲ့သူက ဝမ်ယဲ့တောင်ကြားကို လွယ်လွယ်လေး ထိန်းချုပ်လို့ရသွားမှာ...'
'အဲဒါကြောင့် သူတို့လောနေကြတာ... ဝူကန်ချီ မရိပ်မိခင်မှာ ချင်းယဲ့ဓားကို အမြန်ဆုံး ရအောင်ယူဖို့လိုနေတာ...'
'အဲဒါကြောင့်လည်း ရှင်းယိုဟန်ကိုတောင် စတေးပြီး ရှန်ရှာဂိုဏ်းနဲ့ ပူးပေါင်း၊ အကျိုးအမြတ်ခွဲဝေဖို့အထိ ဆုံးဖြတ်ခဲ့ကြတာပဲ...'
'ဒီလိုဆိုရင် လော့ယွီခန်းမဆောင်မှာ တခြား လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်တာ ပိုသေချာသွားပြီ...'
'တစ်ဖက်ကကြည့်ရင် လော့ယွီခန်းမဆောင်က အများကြီး ပေးဆပ်ထားရပေမဲ့ ရမဲ့အကျိုးအမြတ်က မသေချာဘူး...'
'ထျန်းဝူမြို့ ပျက်စီးသွားပြီးရင်တောင် သူတို့ ဘာအကျိုးအမြတ်မှ ရမှာမဟုတ်တဲ့အပြင်...'
'ရှန်ရှာဂိုဏ်းနဲ့ ဝမ်ယဲ့တောင်ကြားကြားမှာ ညပ်ပြီး အစဖျောက်ခံရနိုင်ခြေရှိတယ်...'
'သူတို့က... တခြားနောက်ခံတစ်ခုခု ရှိနေတာ သေချာတယ်...'
'ဟို "ကောင်းကင်... ကောင်းကင်... ကောင်းကင်..." ဆိုတာနဲ့ ပတ်သက်နေတာလား...'
'ကောင်းကင်နဲ့ စတဲ့အရာက ဘာဖြစ်မလဲ...'
'ဘယ်သူမှမသိတဲ့ အင်အားစုတစ်ခုလား...'
'ဒီလောက်အထိ အားထုတ်ပြီး အုံကြွအောင် လုပ်နေရတဲ့ရည်ရွယ်ချက်က ဘာလဲ...'
ချူချင်းက မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏အတွေးများက ရှုပ်ထွေးနေသော်လည်း နောက်ဆုံးတွင် ငြိမ်သက်သွားတော့၏။
သူ၏ခန့်မှန်းချက်အများစုမှာ အထောက်အထားမရှိသော လေထဲက တိမ်တိုက်များကဲ့သို့ ဖြစ်နေသည်ကို သိပေသည်။ ထို့ပြင် အရာအားလုံးကို မနက်ဖြန်ညတွင် သိရှိရတော့မည်ဖြစ်ရာ ယခုအချိန်တွင် အလောတကြီးဖြစ်နေရန် မလိုချေ။
သူက စိတ်ကိုလျှော့ချလိုက်ပြီး ဇီရှားရော့ရွှီကျမ်းကို ထပ်မံ လည်ပတ်စေလိုက်သည်။ ဤညသည် တိတ်ဆိတ်ဖြည်းညင်းစွာ ကုန်ဆုံးသွားလေသည်။
နောက်နေ့နံနက်ခင်းတွင် ချူချင်းက အေးအေးလူလူပင် မနက်စာ ပြင်ဆင်စားသောက်ပြီးနောက် အိမ်ပြင်သို့ထွက်ကာ ပန်းပဲဖိုဆီသို့ ဦးတည်လိုက်၏။
ထျန်းဝူမြို့၏လမ်းမများပေါ်တွင် နေ့ခင်းဘက်၌ စည်ကားနေဆဲ ဖြစ်ပေသည်။
အစောပိုင်းက ညမထွက်ရအမိန့်ကြောင့် မြို့သူမြို့သားများ ထိတ်လန့်တုန်လှုပ်ခဲ့ကြသော်လည်း ရက်အနည်းငယ် ကြာလာသောအခါ ထိုတင်းမာသောအခြေအနေမှ ပြန်လည် သက်သာရာ ရလာကြပြီ ဖြစ်သည်။
သာမန်လူထုမှာ အလွယ်တကူပင် စိတ်အေးသွားတတ်ကြရာ မြို့ကိုပိတ်ထားသော်လည်း ဝမ်ယဲ့တောင်ကြားမှလူများ တိုက်ခိုက်လာခြင်း မရှိသည်ကို မြင်သောအခါ စိတ်လျှော့လိုက်ကြတော့၏။
သို့သော် ဤငြိမ်သက်နေသော ရေပြင်အောက်တွင် လှိုင်းတံပိုးများ ပြင်းထန်စွာ ထကြွနေသည်ကိုမူ ၎င်းတို့ မသိကြချေ။
'မုန်တိုင်းမကျခင် လေငြိမ်နေတာပဲ...'
ချူချင်းက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ယနေ့ရာသီဥတုမှာလည်း မနေ့ကကဲ့သို့ပင် အုံ့မှိုင်းနေဆဲ ဖြစ်သည်။
မည်းမှောင်သော တိမ်တိုက်များက အောက်သို့ နိမ့်ဆင်းနေပြီး...
သည်းထန်စွာရွာသွန်းမည့် မိုးသက်မုန်တိုင်းကြီး ကျရောက်တော့မည့်အလား ဖြစ်နေချေသည်။