← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄) - သတ်ဖြတ်ခြင်းအမိန့်တော်

ဤမိုးသည် ယူရှီအချိန်ကတည်းက စတင်ရွာသွန်းနေခဲ့ခြင်း ဖြစ်ပေသည်။

အစပိုင်းတွင် မိုးမသည်းလှသဖြင့် ချူချင်းသည် တဖွဲဖွဲရွာသွန်းနေသော မိုးသံနှင့်အတူ မိမိ၏ဝတ်စုံကို ပြင်ဆင်ဝတ်ဆင်နေလိုက်သည်။

အနက်ရောင်ဝတ်စုံ၊ အဖြူရောင်မျက်နှာဖုံး၊ ဘယ်ဘက်လက်ကောက်ဝတ်ရှိ ဝှက်မြားနှင့် ခါးတွင်ချိတ်ဆွဲထားသော မိုးမခရွက်ဓားမြှောင်။

နောက်ဆုံးတွင် သူသည် ရွှမ်ယိုဓားကို ယူလိုက်ပြီး အချိန်အနည်းငယ် ကျန်ရှိနေသေးသဖြင့် ရေငှက်ဆီကို ထုတ်ယူကာ ဂွမ်းစဖြင့် ဓားသွားတစ်လျှောက် ညီညာစွာ သုတ်လိမ်းပေးလိုက်လေသည်။

ရေငှက်ဆီကို မူလကတည်းက လက်နက်များကို ထိန်းသိမ်းရန်အတွက် အသုံးပြုရသည်။

ယနေ့ညတွင် သွေးမြေကျရမည်ဖြစ်ရာ ဤဓားကို အကောင်းဆုံးအခြေအနေတွင် ရှိနေစေရန် သဘာဝကျကျပင် ပြင်ဆင်ထားရမည် ဖြစ်၏။

ဤအရာများကို လုပ်ဆောင်ပြီးနောက် သူသည် ဓားရှည်ကို ကိုင်ဆောင်ကာ အခန်းတံခါးဝမှတစ်ဆင့် မိုးထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်တော့သည်။

သူ‌နေထိုင်ရာနေရာသည် အတန်ငယ် ဝေးလံခေါင်ပါးလှသဖြင့် လော့ယွီခန်းမဆောင်သို့ ရောက်ရှိရန် လက်ဖက်ရည်တစ်ခွက်သောက်စာခန့် အချိန်ယူခဲ့ရလေသည်။

ထိုနေရာသို့မရောက်မီမှာပင် အမိုးပေါ်၌ရပ်လျက် အနီရောင်ဆီစက္ကူထီးကို ဆောင်းထားသော ဝူချန်းဟွမ်ကို လှမ်းမြင်လိုက်ရ၏။

သူမသည် ယနေ့ညတွင် အနီရောင်ဝတ်စုံကို ဆင်မြန်းထားပေသည်။

မိုးသည်းမှောင်မိုက်နေသည့် ကောင်းကင်ကြီးအောက်ဝယ် အိမ်အမိုးစွန်းတွင် အနီရောင်ဝတ်စုံနှင့် အနီရောင်ထီးကို ဆောင်းထားသော မိန်းကလေးသည် ဤလောကမြေပြင်ကြား၌ တစ်ခုတည်းသော တောက်ပသည့် အရောင်အသွေး ဖြစ်နေတော့သည်။

ဤမြင်ကွင်းသည် အေးစိမ့်ခြောက်ကပ်သော အလှတရားတစ်မျိုးကို ဆောင်ကျဉ်းပေးနေ၏။

ချူချင်းသည် များစွာခံစားကြည့်ရှုလိုစိတ် မရှိဘဲ ဝူချန်းဟွမ်၏ဘေးနားသို့ ကိုယ်ဖော့ကာ ရောက်ရှိသွားပြီး သူမသတိမထားမိခင်မှာပင် ထီးအောက်သို့ တိုးဝင်လိုက်ရင်း ပြောလိုက်သည်။

"မင်းတို့ကတော့ တကယ်ကို အလုပ်ရှုပ်တာပဲ... ဒီရက်ပိုင်း မိုးမရွာဘဲ ဒီနေ့မှ မိုးရွာတာကို... မင်းတို့က ဒီနေ့မှ လက်စွမ်းပြဖို့ ရွေးချယ်လိုက်ကြတယ်ပေါ့..."

ဤသည်မှာ သိုင်းလောက၏ သတ်ဖြတ်ခြင်းအငွေ့အသက် မလုံလောက်မည်ကို စိုးရိမ်နေကြ၍လော။

ဝူချန်းဟွမ်သည် မူလကတည်းက တည်ငြိမ်အေးစက်နေခဲ့၏။

တိုက်ပွဲကြီးမစတင်မီတွင် အမြဲတည်ငြိမ်နေရန် လိုအပ်ပေသည်။

အဘယ်ကြောင့်ဆိုသော် သိုင်းလောက၏ သတ်ဖြတ်မှုများတွင် သွေးမြေကျရမည်ဖြစ်ပြီး လူ့အသက်များ ဆုံးရှုံးရမည်ဖြစ်သောကြောင့်ပင်။

သို့သော် ဤလူသားနှင့် သိကျွမ်းခဲ့ပြီးနောက်ပိုင်းတွင် သူမအနေဖြင့် တည်ငြိမ်အေးစက်စွာ မပြုမူနိုင်တော့ကြောင်းကို သတိပြုမိလိုက်သည်။

သူမသည် တစ်ခါတစ်ရံတွင် မိမိရှေ့ရှိလူကို နားလည်ရန် အလွန်ခက်ခဲလှသည်ဟု ခံစားရတတ်ပေသည်။

သွေးအေးပြီး ရက်စက်တတ်သော လူသတ်သမားတစ်ဦးဖြစ်ကာ ရှင်းယိုဟန်ကို သတ်ဖြတ်ခဲ့သည့် ဓားချက်မှာ ပြတ်သားမြန်ဆန်လွန်းလှသဖြင့် လူကို တုန်လှုပ်ခြောက်ခြားစေခဲ့၏။

သို့သော် ညဘက်တွင် ချိန်းဆိုတွေ့ဆုံသည့်အခါ၌မူ ဤလူသည် စကားအလွန်များလှပြီး လူသတ်သမားတစ်ဦးနှင့် မတူဘဲ အိမ်နီးနားချင်း အစ်ကိုကြီးတစ်ဦးနှင့် ပိုတူနေတော့သည်။

လူသတ်သမားတစ်ဦးတွင် ရှိအပ်သော အငွေ့အသက်မျိုး စိုးစဉ်းမျှပင် မရှိ‌တော့ချေ။

သို့သော် ထန်ရှီးကို သတ်ဖြတ်စဉ်ကမူ ဤလူသည် တိတ်တဆိတ်ပင် မိမိကိုငါးစာအဖြစ် အသုံးချကာ လုပ်ကြံသတ်ဖြတ်ရန် အခွင့်အလမ်းကို ဖန်တီးခဲ့ပြန်သည်။

ဤအချက်က သူ၏ သွေးအေးရက်စက်သော အခြားတစ်ဖက်ရှိကြောင်း သက်သေပြနေပေသည်။

သို့သော် ယနေ့ကဲ့သို့သော အခြေအနေမျိုးတွင်ပင် ဤလူသည် စိုးစဉ်းမျှ တည်ကြည်လေးနက်ခြင်း မရှိပေ။

သူ့အတွက်မူ မကြာမီ ဆိုက်ရောက်တော့မည့် တိုက်ပွဲကြီးသည် အရေးမပါသည့်အလား ထင်မှတ်နေပုံရ၏။

ဝူချန်းဟွမ်သည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းချလိုက်ပြီး ရင်ထဲရှိ ရှုပ်ထွေးနေသော ခံစားချက်များကို ဖိနှိပ်ကာ ချူချင်းကို နက်နက်ရှိုင်းရှိုင်းကြည့်ရင်း ပြောလိုက်သည်။

"မိုးရွာနေပြီ..."

"ဟမ်..."

ချူချင်းသည် အံ့အားသင့်သွားရ၏။ ဤသည်မှာ သိသာထင်ရှားနေသည် မဟုတ်ပါလော။

"ရှင် ဘာလို့ ထီးမယူလာတာလဲ..."

ဝူချန်းဟွမ်သည် တည်ငြိမ်စွာ ပြောဆိုရင်း တိတ်တဆိတ် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်လေသည်။

"ကပ်စေးနှဲလိုက်တာ..."

ချူချင်းသည် ဆွံ့အသွားရ၏။ မည်သို့ပင်ဖြစ်စေ သူသည် သူမ၏ စေ့စပ်ထားသူ ဖြစ်သည်မဟုတ်ပါလော။

ထီးတစ်လက်တည်း အတူတူဆောင်းရန်ပင် တားဆီးထားပါလော။

"ကပ်စေးနှဲတာ မဟုတ်ဘူး..."

ဝူချန်းဟွမ်က အေးစက်စွာ ပြောလိုက်သည်။

"ငါမှာ စေ့စပ်ထားတဲ့သူရှိတယ်... အဲဒါကြောင့် သူစိမ်းအမျိုးသားတစ်ယောက်နဲ့ နီးနီးကပ်ကပ် မနေသင့်ဘူး..."

"ညဧကရာဇ်အနေနဲ့ အကွာအဝေး ထိန်းသိမ်းပေးဖို့ မျှော်လင့်ပါတယ်..."

ချူချင်းက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေလိုက်သည်။

ဤသည်မှာ မိမိတူးသည့်ကျင်းတွင် မိမိပြန်ကျခြင်း ဖြစ်ပေသည်။

ချူချင်းက မျက်လုံးကို အပေါ်သို့ပင့်ကြည့်လိုက်ရင်း ပြောလိုက်သည်။

"ဘယ်သူက ဂရုစိုက်လို့လဲ... ပြောပါဦး... ဘယ်လိုသတ်ရမလဲ..."

"ရိုးရိုးရှင်းရှင်းပါပဲ..."

ဝူချန်းဟွမ်က ညင်သာစွာ ပြောလိုက်သည်။

"ဒီနေ့ည လော့ယွီခန်းမဆောင်ကနေတစ်ဆင့် ထျန်းဝူမြို့ထဲကို ခြေချလာတဲ့သူမှန်သမျှ အကုန်သတ်..."

"ရှင် ဘယ်သူ့ကို သတ်သတ်... ဘယ်နှစ်ယောက် သတ်သတ်... အရေးမကြီးဘူး..."

"ကိစ္စပြီးရင် သူတို့ရဲ့ အဆင့်အတန်းအလိုက် စျေးနှုန်းသတ်မှတ်ပြီး ငါ့ဆီကနေ ဆုကြေးလာတောင်းနိုင်တယ်..."

"ဘယ်လိုလဲ..."

[လုပ်ငန်းအပ်နှံမှု စတင်ပါပြီ - သတ်ဖြတ်ခြင်းအမိန့်တော် (ကျူးကျော်လာသော ရန်သူအားလုံးကို သတ်ဖြတ်ရန်)]

[လက်ခံမည်လော...]

ချူချင်းသည် မျက်ခုံးကိုတွန့်လိုက်မိပြီး ဤသည်မှာ အရှုံးပေါ်မည့်အပေးအယူတစ်ခု ဖြစ်နေသည်ဟု ခံစားလိုက်ရ၏။

ထိုစဉ်က သံမြင်းဓားပြခုနစ်ယောက်၏ ကိစ္စတွင်လည်း သူသည် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားခဲ့ရဖူးသည်။

သံမြင်းဓားပြများထဲမှ ကျန်ရှိနေသော သုံးဦးလုံးကို သတ်ဖြတ်ခဲ့သော်လည်း ရလဒ်အနေဖြင့် ဆုကြေးကို တစ်ကြိမ်သာရရှိခဲ့ပေသည်။

ယခုတစ်ကြိမ်တွင်လည်း ထိုသို့ပင် ဖြစ်မည့်ပုံရ၏။

ကျူးကျော်လာသော ရန်သူအားလုံးကို သတ်ဖြတ်ရန်ဟူသောအချက်ကို 'သတ်ဖြတ်ခြင်းအမိန့်တော်' အဖြစ် တိုက်ရိုက် ပေါင်းစပ်ထားခြင်း ဖြစ်ပေသည်။

ဆိုလိုသည်မှာ မိမိအနေဖြင့် ယနေ့ညတွင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့လျှင်ပင် နောက်ဆုံး၌ ရတနာသေတ္တာတစ်လုံးကိုသာ ရရှိနိုင်မည် ဖြစ်၏။

ဤသည်မှာ အနည်းငယ် စိတ်ပျက်ဖွယ်ကောင်းလှပေသည်။

ဤကိစ္စသည် မလွဲမသွေ လုပ်ဆောင်ရမည့်အရာ ဖြစ်ပြီး ဤတာဝန် မရှိခဲ့လျှင်ပင် လုပ်ဆောင်မည် ဖြစ်သည်။

သို့သော် ဤကဲ့သို့သောအခွင့်အရေး ရှိနေပါလျက် စနစ်ထံမှ အကျိုးအမြတ်ကို ပိုမိုမရယူနိုင်ပါက အလဟဿဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

သူသည် ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"သခင်မလေးရဲ့ပြောပုံက အတော်လေး ကျယ်ပြန့်လွန်းနေတယ်..."

"ဟမ်..."

ဝူချန်းဟွမ်သည် ချူချင်းကို အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။

"ဒါဆို ရှင်က ဘယ်လိုဖြစ်စေချင်လို့လဲ..."

သူမသည် ဤလူက မိမိ၏ပြောစကားအပေါ် သံသယဝင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"ဒီလိုလုပ်ရင်ကော... မင်း ဝမ်ယဲ့တောင်ကြားက လူတွေအားလုံးကို ကျုပ်ဆီ လုပ်ငန်းအပ်လိုက်..."

"ဝမ်ယဲ့တောင်ကြားရဲ့ဂိုဏ်းချုပ်ကူချန်ချိုး... ဒုတိယဂိုဏ်းချုပ် ဝူချင်းရှန်း... ပထမအကြီးအကဲ ယွီမူဟွာ... ဒုတိယအကြီးအကဲ ဟူရှို့ဖန်း... တတိယအကြီးအကဲ..."

ချူချင်းသည် ဝမ်ယဲ့တောင်ကြားမှ လူများ၏အမည်များကို အလွတ်ရနေသည့်အလား တစ်ဦးချင်းစီ ရွတ်ပြလိုက်လေသည်။

ဝူချန်းဟွမ်သည် မျက်ခုံးတင်းတင်းကြုတ်လိုက်ရင်း မေးလိုက်သည်။

"မတူလို့လား..."

"သေချာပေါက် မတူဘူးပေါ့..."

ချူချင်းက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"ဒီလောက် နာမည်ကျော်သိုင်းဆရာအများကြီးကို တစ်ပေါင်းတည်း ဘယ်လိုလုပ် သတ်မှတ်လို့ရမှာလဲ..."

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ..."

ဝူချန်းဟွမ်သည် ချူချင်း၏လှည့်ကွက်ကို မသိသဖြင့် တစ်ဖန် ပြန်လည်ပြောဆိုလိုက်ရတော့သည်။

"ကျွန်မ ရှင့်ကို ကူချန်ချိုး... ဝူချင်းရှန်း... ယွီမူဟွာ... ဟူရှို့ဖန်း... ဖန်းဝန်ရှို့... လီယွိလုံတို့ကို သတ်ဖို့ အလုပ်အပ်တယ်..."

သူမသည် ဝမ်ယဲ့တောင်ကြား၏ သိုင်း‌ဆရာများအားလုံးကို ဟင်းပွဲအမည်များ ရွတ်ပြနေသည့်အလား တစ်ဦးပြီးတစ်ဦး ရွတ်ပြလိုက်လေသည်။

သို့သော် ချူချင်း၏ ရှေ့တွင်မူ ယခင်အတိုင်းပင်...

[လုပ်ငန်းအပ်နှံမှု - သတ်ဖြတ်ခြင်းအမိန့်တော်...]

[လက်ခံမည်လော...]

ချူချင်းသည် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ စနစ်သည် မိမိအား အခွင့်ကောင်းယူခွင့်ပေးရန် ရည်ရွယ်ချက်မရှိပုံရပေသည်။

သို့သော် သူသည် လက်မလျှော့ဘဲ ဝူချန်းဟွမ်ကို အခြားတစ်နည်းဖြင့် ပြောခိုင်းကြည့်သော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်နေတော့သည်။

ဝူချန်းဟွမ်၏ စိတ်ရှည်နိုင်စွမ်းသည် ကုန်ဆုံးလုနီးပါး ဖြစ်သွားပြီးနောက် မေးလိုက်သည်။

"ညဧကရာဇ်... ရှင် တကယ်ပဲ ဘာလုပ်ချင်နေတာလဲ..."

ချူချင်းက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေလိုက်သည်။

ချူချင်းက လက်ကို ဝှေ့ယမ်းလိုက်ရင်း ပြောလိုက်သည်။

"ထားလိုက်ပါတော့... မင်း အစောပိုင်းက ပြောခဲ့တဲ့အတိုင်းပဲ လုပ်ကြတာပေါ့..."

"ကျူးကျော်လာတဲ့ ရန်သူအားလုံးကို သတ်မယ်... သတ်နိုင်သလောက် တစ်ယောက်ချင်းစီအတွက် ဆုကြေးတွက်မယ်..."

ပြောပြီးသည်နှင့် သူသည် တာဝန်ကို တိုက်ရိုက်လက်ခံလိုက်၏။

ထို့နောက် တာဝန်၏အချက်အလက်များ ပြောင်းလဲသွားသည်ကို သူ သတိပြုမိလိုက်သည်။

[လုပ်ငန်းအပ်နှံမှု - သတ်ဖြတ်ခြင်းအမိန့်တော်...]

[လက်ရှိတိုးတက်မှု - သုည...]

[တာဝန်ဆုကြေး - ရွေးချယ်နိုင်သော သိုင်းပညာရတနာသေတ္တာထဲမှ တစ်လုံးကို စိတ်ကြိုက်ရွေးချယ်ခွင့်...]

[လက်ရှိရွေးချယ်နိုင်သော သေတ္တာ - မရှိပါ...]

ချူချင်း၏ မျက်လုံးများ တောက်ပသွားပြီး တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြုံးလိုက်မိတော့သည်။

ဤသို့ဆိုလျှင်မူ အတန်ငယ် စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

ဤတာဝန်သည် မိမိအား သတ်နိုင်သမျှသတ်ရန် ခိုင်းစေခြင်းဖြစ်ပြီး တစ်ဦးကိုသတ်လိုက်တိုင်း ရွေးချယ်နိုင်သော ရတနာသေတ္တာအမျိုးအစားတစ်ခု တိုးလာမည်ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ယခင်တာဝန်များနှင့် နှိုင်းယှဉ်ပါက ရွေးချယ်နိုင်သော ရတနာသေတ္တာမှာ တစ်လုံးတည်းသာ ဖြစ်သော်လည်း ပိုမိုတိကျသော ရွေးချယ်ခွင့်ကို ရရှိစေပေသည်။

လက်မခံနိုင်စရာအကြောင်း မရှိတော့ချေ။

သို့သော် ဝမ်ယဲ့တောင်ကြား၏ သာမန်တပည့်များသည်လည်း ဤစာရင်းတွင် ပါဝင်မည်လောဆိုသည်ကိုမူ မသိရသေးချေ။

သို့သော် ပါဝင်ခဲ့လျှင်ပင် မိမိအနေဖြင့် ပါဝင်ပတ်သက်ရန် လိုအပ်မည်မဟုတ်ပေ။ ထျန်းဝူမြို့သည် သာမန်မြို့တစ်မြို့ မဟုတ်ရာ ဤသာမန်တပည့်များကိုပင် မိမိက ရှင်းလင်းပေးရမည်ဆိုပါက ထျန်းဝူမြို့သည် ယနေ့တိုင် မည်သို့ ကြံ့ကြံ့ခံရပ်တည်နိုင်ပါမည်နည်း။

ချူချင်းသည် စိတ်ထဲမှနေ၍ ဖြစ်နိုင်ခြေများကို တွက်ချက်နေလိုက်သည်။

ဝူချန်းဟွမ်သည် သူ၏စိတ်ကူးကို မသိရှိသဖြင့် ပိုမိုဒေါသထွက်လာပြီး ဤလူသည် မိမိအား ကစားနေခြင်းလောဟု တွေးတောမိလိုက်၏။

သူမသည် ချူချင်းကို ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင်လည်း သွားကြစို့..."

ပြောပြီးသည်နှင့် သူမသည် ကိုယ်ကို လွှင့်ပျံလိုက်ပြီး လော့ယွီခန်းမဆောင်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

ချူချင်းသည် သူမ၏နောက်မှ လိုက်ပါသွားပြီး ထိုနေရာသို့ ရောက်ရှိသည်နှင့် ကျယ်လောင်သော ရယ်မောသံတစ်ခုကို ကြားလိုက်ရ၏။

"ဝမ်ယဲ့တောင်ကြားက မိတ်ဆွေတွေ ငါတို့ ထျန်းဝူမြို့ကို ကြွရောက်လာတာက တကယ်ပဲ ငါတို့မြို့ကို ဂုဏ်တက်စေတာပဲ..."

အသံသည် ဟိန်းထွက်နေပြီး အတွင်းအားဖြင့် အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားပေသည်။

ဤအခိုက်အတန့်တွင် ချူချင်းသည် မိမိကိုယ်ပေါ်သို့ ကျရောက်လာသော မိုးစက်များပင် ပိုမိုသေးငယ်သွားသည်ဟု ခံစားလိုက်ရ၏။

၎င်းမှာ ထိုသူ၏ အတွင်းအားပါသော အသံလှိုင်းကြောင့် မိုးစက်များ လွင့်စင်ပျက်စီးသွားခြင်း ဖြစ်ပေသည်။

ချူချင်းသည် ဤအသံပိုင်ရှင်ကို မှတ်မိလိုက်ပြီး ၎င်းမှာဝူကန်ချီပင် ဖြစ်တော့သည်။

All Chapters