← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅) - မြေမြှုပ်ရာနေရာ

"သူတို့ ရောက်လာကြပြီ..."

ဝူချန်းဟွမ်နှင့် ချူချင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ခြေလှမ်းများကို သွက်သွက်လှမ်းကာ လော့ယွီခန်းမဆောင်၏ အမိုးတစ်ခုပေါ်သို့ ရောက်ရှိသွားကြလေသည်။

သူတို့၏ ရှေ့တည့်တည့်တွင် ရှိနေသည်မှာ ထန်ရှီးနေထိုင်ရာ ခြံဝင်းပင် ဖြစ်သည်။

ယခုမူ ထိုခြံဝင်းအတွင်း၌ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်တစ်စု ရောက်ရှိနေကြပြီး ဖြစ်၏။

ဦးဆောင်လာသူမှာ ဆံပင်ဖြူဖြူ သက်ကြီးရွယ်အိုတစ်ဦးဖြစ်‌သော်လည်း နုပျို‌သောမျက်နှာရှိနေပြီး ဝူချန်းဟွမ်သတိပေးရန်ပင် မလိုဘဲ ဤသူသည် ဝမ်ယဲ့တောင်ကြား၏ဂိုဏ်းချုပ်ကူချန်ချိုး ဖြစ်ကြောင်း ချူချင်းသိလိုက်လေသည်။

သူ့ဘေးတွင်မူ လူများပြည့်နှက်နေပြီး အချို့မှာ မျက်နှာဖုံးကွယ်ထားကြကာ အချို့မှာမူ ပေါ်ပေါ်ထင်ထင်ပင် ရှိနေကြ၏။

ချူချင်းသည် ချူထျန်း၊ ချူဖန်နှင့် ချူယွန်ဖေးတို့ကို လိုက်လံရှာဖွေရန် အချိန်မရသေးဘဲ ထိုလူအုပ်ထဲတွင် ဇာတ်ကောင်မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် ဝတ်စုံနက်နှင့် လူငါးဦးအပေါ်သို့ ချက်ချင်းပင် အာရုံစိုက်လိုက်မိသည်။

'နျဲ့ကျင့်ထိုင်...'

သူတို့ အမှန်ပင် ရောက်လာကြပြီ။

ချူချင်းသည် မိမိ၏ စူးစိုက်ကြည့်နေသော အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရင်ထဲမှ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ထားလိုက်လေသည်။

ဓားကို ဆုပ်ကိုင်ထားသော သူ၏လက်သည် အနည်းငယ် ပိုမိုတင်းကျပ်သွားရုံသာ ရှိတော့၏။

ထိုအချိန်တွင် ကူချန်ချိုးက ပတ်ဝန်းကျင်ကို မော့ကြည့်လိုက်ပြီး အေးစက်စွာရယ်မောရင်း ပြောလိုက်လေသည်။

"မြို့တော်ဝန်ဝူက ဘာတွေလုပ်နေတာလဲ... ဒီလောက်ကြီးမားတဲ့ အစီအမံကြီးကတော့ ကျွန်တော်တို့ကို တကယ်ပဲ အံ့အားသင့်စေတာပဲ..."

သူသည် စကားပြောရင်း လက်ကို သာသာယာယာ ဝှေ့ယမ်းလိုက်၏။

သူ့နောက်မှလူတစ်ဦးသည် အချက်ပြမှုကို ရရှိသည်နှင့် အတွင်းအိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူကာ ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်လေသည်။

"ဒိုင်း"ဟူသော အသံနှင့်အတူ မီးတောက်တစ်ခုသည် ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ပျံတက်သွားတော့သည်။

ထို့နောက်တွင်မူ ပြင်းထန်စွာ ပေါက်ကွဲသွားချေသည်။

ကံကောင်းသည်မှာ ယနေ့ညတွင် မိုးရွာသွန်းနေသဖြင့် ပေါက်ကွဲသွားသော မီးပန်းသည် တစ်ခဏအတွင်းမှာပင် မိုးရေထဲ၌ ပျောက်ကွယ်သွားပြီး ဤခြောက်ကပ်လှသော ညအမှောင်ထုထဲတွင် လှိုင်းဂယက်အနည်းငယ်သာ ထင်ကျန်ရစ်ခဲ့လေသည်။

တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မိုးရေစက်များကသာ အခြေအနေကို နားမလည်နိုင်စွာဖြင့် ဆက်တိုက်ပင် မြည်ဟီးကျဆင်းနေတော့သည်။

ကူချန်ချိုးသည် မျက်မှောင်ကြုတ်လိုက်ပြီး ဝူကန်ချီကို ရုတ်တရက်လှည့်ကြည့်ကာ မေးလိုက်၏။

"မြို့တော်ဝန်ဝူ... ကျွန်တော့်ကို မေးစရာ ဘာမှမရှိဘူးလား..."

"ဘာမေးရမှာလဲ..."

ဝူကန်ချီက ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်လေသည်။

"ဂိုဏ်းချုပ်က ဝေးလံလှတဲ့ ခရီးကနေ ဒီအထိလာပြီး မိုးရွာထဲမှာ မီးပန်းဖောက်ပြတာပဲ... ဒါကို ဘာမေးစရာ ရှိဦးမှာလဲ..."

"မီးပန်းပြပွဲတစ်ပွဲတင်ပါပဲ... ကျွန်တော်ကတော့ ကြည့်နိုင်ပါသေးတယ်..."

"ဒါပေမဲ့... ရှန်ရှာဂိုဏ်းက လူတွေကတော့ မြင်တွေ့နိုင်တော့မှာ မဟုတ်ဘူး ထင်တယ်..."

ကူချန်ချိုး၏ မျက်ဝန်းများ ပြောင်းလဲသွားပြီး မေးလိုက်ချေသည်။

"မင်း ဘယ်လိုလုပ် သိတာလဲ..."

"မလုပ်ချင်ရင် မသိစေနဲ့... လုပ်မိရင်တော့ မဖုံးထားနိုင်ဘူး..."

ဝူကန်ချီက အေးစက်စွာ ပြောလိုက်လေသည်။

"ဂိုဏ်းချုပ်က ရှန်ရှာဂိုဏ်းနဲ့ ပူးပေါင်းပြီး ကျွန်တော့်ထျန်းဝူမြို့ကို ကြံစည်နေတာပဲ..."

"မင်းက ငါ့ကို မေးခိုင်းတာလား... ကောင်းပြီ... ဒါဆိုရင် ငါဝူကန်ချီက မေးပါရစေဦး…”

“ငါက မင်းတို့ ဝမ်ယဲ့တောင်ကြားကို ဘာတွေများ ပြစ်မှားမိလို့ ဒီလောက်တောင် အကွက်ချပြီး အစွမ်းကုန် ကြံစည်နေရတာလဲ..."

ကူချန်ချိုး၏မျက်နှာသည် အနည်းငယ် ပျက်ယွင်းသွားပြီးနောက် သက်ပြင်းသာသာ ချလိုက်ရင်း ပြောလိုက်သည်။

"ချန်စစ်ဟိုင်က သာမန်လူသတ္တိလောက်ပဲရှိပြီး အကြံအစည်ကြီး မရှိဘူးဆိုတာ စောစောကတည်းက သိခဲ့သင့်တာ... ဒီလိုအခြေအနေမျိုးမှာတောင် မင်းတို့က ရိပ်မိသွားကြသေးတယ်..."

"ဒါပေမဲ့လည်း ငါက ကြိုတင်ပြင်ဆင်ထားပြီးသားပဲ... မဟုတ်ရင် မင်းက ဒီမှာ ပိုက်စိပ်တိုက်ရှာနေမှန်း သိသိကြီးနဲ့ ငါက ဘာလို့ အလွယ်တကူ ဝင်လာပါ့မလဲ..."

"ဒီနေ့တော့ ငါစောင့်ကြည့်ချင်ပါသေးတယ်... ချူယွန်ဖေး သေသွားပြီးတဲ့နောက် မင်းတစ်ယောက်တည်းနဲ့ ဒီထျန်းဝူမြို့ကို ဘယ်လိုကာကွယ်မလဲဆိုတာ..."

ထိုသို့ ပြောပြီးသည်နှင့် သူသည် ခြေဖျားဖြင့် မြေပြင်ကို အသာအယာထိလိုက်ရာ တစ်ကိုယ်လုံး လေပေါ်သို့ ပျံတက်သွားပြီး လက်မောင်းနှစ်ဖက်ကို ခါယမ်းလိုက်ရာ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။

ပတ်ဝန်းကျင်ရှိ မိုးရေစက်များသည် သူ၏အတွင်းအားကြောင့် လွင့်စင်သွားပြီး ကောင်းကင်သို့ တက်လှမ်းနေသော လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်သွားတော့သည်။

ဤကြီးမားလှသော လှိုင်းလုံးကြီးများသည် ကူချန်ချိုး၏ခန္ဓာကိုယ်ကို ဝန်းရံထားပြီး သူ၏လက်မောင်းနှစ်ဖက်ကို လွှဲယမ်းလိုက်သည်နှင့် ကြီးမားလှသော လက်ဝါးရိပ်ကြီးတစ်ခုသည် ဝူကန်ချီထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့၏။

ဝူကန်ချီ၏မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း လေထဲမှ ရုတ်တရက် ဆင်းသက်လာသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။

ထိုသူသည် လက်ဝါးတစ်ဖက်ကို လွှဲယမ်းလိုက်ရာ လေထဲတွင် ကျဆင်းနေသော မိုးရေစက်များအားလုံးသည် သူ၏လက်ဝါးအရှိန်နောက်သို့ ထိန်းချုပ်မရဘဲ လိုက်ပါသွားကြလေသည်။

သူက လက်မောင်းကို ကွေးကာ အားယူလိုက်သောအခါ မိုးရေစက်များသည် သူ၏လက်ဝါးနှင့်အတူ ပြန်လည်ဆုတ်ခွာသွားကြ၏။

သူက လက်မောင်းကို ဆန့်ထုတ်ကာ တိုက်ခိုက်လိုက်သောအခါ မိုးရေစက်များသည် သူ၏လက်ဝါးချက်နှင့်အတူ ရှေ့သို့ ပြေးထွက်သွားကြပြန်၏။

တိုက်ခတ်နေသော လေပြင်းများသည် ကောင်းကင်ယံမှ တိမ်တိုက်များကို လွင့်စင်သွားစေပြီး မိုးရေစက်များကြားတွင် စိမ်းပြာရောင်အလင်းတန်းများ ဖြာထွက်နေသည့် ကြီးမားလှသော လက်ဝါးရိပ်ကြီးတစ်ခု ပေါ်ထွက်လာလေသည်။

၎င်းသည် ကူချန်ချိုး၏ လက်ဝါးချက်ဆီသို့ ဦးတည်သွားတော့၏။

နောက်တစ်စက္ကန့်တွင် ကောင်းကင်ပြိုမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာချေသည်။

ပြင်းထန်လှသော အတွင်းအားနှစ်ခုသည် ဗဟိုချက်အဖြစ် တိုက်မိကြပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားရာ ခြံဝင်းအတွင်းရှိ အတွင်းအားနည်းပါးသူအချို့မှာ ထိုစွမ်းအားနှစ်ခု၏ ရိုက်ခတ်မှုကြောင့် အနောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားကြရသည်။

အချို့မှာ မျက်ခုံးများကို တင်းတင်းကြုတ်ထားကြရကာ အချို့မှာမူ လေထဲသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ အော်ဟစ်ညည်းတွားနေကြရလေသည်။

ဗဟိုချက်ရှိ လူနှစ်ဦးမှာမူ ထိတွေ့မိသည်နှင့် ချက်ချင်းပင် ပြန်လည်ကွာဟသွားကြ၏။

ကူချန်ချိုးသည် သူရောက်ရှိလာရာ နေရာသို့ပင် ပြန်လည်ကျဆင်းသွားရလေသည်။

ဝူကန်ချီ၏ရှေ့တွင် ရှိနေသောသူသည်လည်း အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဝူကန်ချီ၏ဘေးတွင် ရပ်ကာ မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးလိုက်လေသည်။

"ကူချန်ချိုး... မင်းရဲ့ ပင်လယ်မှောက်လက်ဝါးသိုင်းက နှစ်တွေကြာတာတောင် ဘာမှတိုးတက်မလာဘူးပဲ..."

ကူချန်ချိုးသည် ရုတ်တရက် ပေါ်လာသော ထိုသူကို သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားကာ မေးလိုက်ချေသည်။

"ချူယွန်ဖေး... မဖြစ်နိုင်တာ... မင်း သေသွားပြီ မဟုတ်ဘူးလား..."

ဝူချန်းဟွမ်၏ ဘေးတွင်ရှိသော ချူချင်းသည်လည်း မော့ကြည့်လိုက်မိလေသည်။

ဝူကန်ချီ၏ဘေးတွင် ရပ်နေသူမှာ အမှန်ပင် ချူယွန်ဖေး ဖြစ်ချေသည်။

သူသည် ရန်သူကို ထောင်ချောက်ဆင်ရန်အတွက် သေချင်ယောင်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရက်အနည်းငယ်မျှ မတွေ့ရသော်လည်း သူ၏ပိန်လှီသောပုံစံမှာ ပြောင်းလဲခြင်းမရှိဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာမူ ထိုနေ့ကထက် များစွာ ပိုမိုကောင်းမွန်နေပုံရသည်။

အတွင်းအားများ ပြည့်ဝနေပြီး မျက်နှာသည်လည်း စိုပြည်နေ၏။

သေချင်ယောင်ဆောင်နေရင်းနှင့်ပင် ဝမ်းသာစရာကိစ္စနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ပင်။

သူက ပြန်လည်တွေးတောလိုက်ပြီးနောက် နားလည်သွားလေသည်။

ဝမ်းသာစရာကိစ္စရှိနေသည် မဟုတ်ပါလော။ ခုနစ်နှစ်တိုင်တိုင် သတင်းအစအနမရရှိခဲ့သော သားဖြစ်သူ ပြန်လည်ရောက်ရှိလာခြင်းသည် အကြီးမားဆုံးသော ဝမ်းသာစရာကိစ္စပင် ဖြစ်ပေသည်။

ဤအဘိုးကြီး၏ တက်ကြွလန်းဆန်းနေသောပုံစံကို ကြည့်ပြီး သူ၏ရင်ထဲတွင်လည်း သက်ပြင်းချနိုင်သွားတော့သည်။

သို့သော် သူ၏အကြည့်ကို ပြန်လည်လွှဲပြောင်းလိုက်သောအခါ ဝူချန်းဟွမ်က သူ့ကိုခိုးကြည့်နေသည်ကို တွေ့လိုက်ရ၏။

ချူချင်း၏ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။

"သခင်မလေးဝူ... ကျုပ်ကို ဒီလိုကြီး ကြည့်နေတာ ဘာသဘောလဲ..."

"မမေ့နဲ့ဦး... မင်းမှာ စေ့စပ်ထားတဲ့သူ ရှိပြီးသားနော်..."

"..."

ဝူချန်းဟွမ်သည် သူမ၏လက်ထဲရှိ ဆီစက္ကူထီးကို ချူချင်း၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်ချင်စိတ်ပင် ပေါက်သွားတော့သည်။

သူမက နှာခေါင်းရှုံ့လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် အခြားသော အံ့အားသင့်ဖွယ် အသံတစ်ခု ထွက်ပေါ်လာလေသည်။

"အဖေ... အဖေ မသေသေးဘူးလား..."

အခြားအမိုးတစ်ခုပေါ်တွင် ရှိနေသည့် ချူဖန်သည် အမြင့်ကြီးသို့ ခုန်တက်လိုက်ပြီး ချူယွန်ဖေး၏ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာကာ ဖုန်းခနဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး မိမိ၏မျက်လုံးများကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။

ချူချင်းသည် ဤသည်ကိုမြင်သောအခါ သူ၏အစ်ကိုလတ်အတွက် ရင်ထဲတွင် သနားမိသွားတော့သည်။

ချူဖန်တစ်ယောက်တည်းသာ အမှန်တရားကိုမသိဘဲ အရူးလုပ်ခံထားရသည့်အခြေအနေသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ချူယွန်ဖေးက ခေါင်းညိတ်လိုက်ပြီး ချူဖန်၏ပခုံးကို ပုတ်ပေးလိုက်ရင်း ပြောလိုက်ချေသည်။

"ထပါဦး... ကလေးတစ်ယောက်လို မလုပ်စမ်းပါနဲ့... သူများတွေ ရယ်စရာ ဖြစ်ကုန်မယ်..."

"ဟုတ်ကဲ့... ဟုတ်ကဲ့..."

ချူဖန်သည် အလျင်အမြန်ပင် ထရပ်လိုက်ပြီး မျက်ရည်များကို သုတ်လိုက်လေသည်။

ကံကောင်းသည်မှာ ယခုအချိန်တွင် မိုးရွာနေသဖြင့် သူငိုနေသည်ကို မည်သူမျှ သတိမထားမိကြခြင်းပင်။

သူ၏မျက်ဝန်းအိမ်များသာ အနည်းငယ် နီမြန်းနေတော့သည်။

ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချူဖန်၏ရင်ထဲတွင် မည်မျှအထိ ပူဆွေးသောကရောက်ခဲ့ရသည်ကို မသိနိုင်‌ချေ။

ညီငယ်လေး အိမ်သို့ပြန်မ‌ခေါ်လာနိုင်ခင်မှာပင် ဖခင်ဖြစ်သူက လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသည်။

ညီငယ်လေး ပြန်ရောက်လာပြီး ဖခင်၏ နောက်ဆုံးအချိန်ကို မမီလိုက်ရမှန်း သိသွားပါက မည်မျှအထိ ရင်ကွဲမတတ် ခံစားရမည်ကို တွေးမိတိုင်း သူသည် အော်ဟစ်ငိုကြွေးချင်စိတ်ပင် ပေါက်ခဲ့ရလေသည်။

တွေးမိရုံနှင့်ပင် အားရပါးရ ငိုကြွေးပစ်လိုက်ချင်တော့သည်။

ယခုမူ ဖခင်ဖြစ်သူ ကျန်းကျန်းမာမာနှင့် ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ဤသည်ထက် ပိုကောင်းသောအရာ မရှိတော့ပေ။

ချူယွန်ဖေးသည် ချူဖန်ကိုကျော်၍ ကူချန်းချိုးကို ကြည့်လိုက်ရင်း ပြောလိုက်၏။

"ဂိုဏ်းချုပ်... ငါချူယွန်ဖေးက လူ့လောကမှာ ရှိနေသေးလို့ မင်းကိုစိတ်ပျက်စေခဲ့ပြီ..."

"ပြီးတော့ ဒီနေ့ညမှာ..."

သူက ဤနေရာသို့ရောက်သောအခါ ဝူကန်ချီကို လှည့်ကြည့်လိုက်၏။

ဝူကန်ချီက ပြုံးရင်း ပြောလိုက်လေသည်။

"ဒီနေ့ည လော့ယွီခန်းမဆောင်ဟာ မင်းတို့အားလုံးရဲ့ မြေမြှုပ်ရာနေရာ ဖြစ်လာလိမ့်မယ်..."

"သတ်ကြစမ်း..."

ဤအခြေအနေသို့ ရောက်ရှိလာချိန်တွင်မူ စကားများစွာပြောနေရန် မလိုတော့ပေ။

အစောပိုင်းက ပြောခဲ့သောစကားအချို့သည်လည်း ပြောရန် မလိုအပ်ခဲ့ပေ။

ကူချန်ချိုးနှင့် သူ၏လူများ ကျစ်လျောင်တောအုပ်၏ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် လော့ယွီခန်းမဆောင်သို့ ဝင်ရောက်လာခဲ့ကြကတည်းက နှစ်ဖက်လုံးကြားတွင် ပြန်လည်စေ့စပ်ရန် လမ်းစမရှိတော့ပေ။

ယခုမူ ဝူကန်ချီ၏အမိန့်ပေးသံနှင့်အတူ ခြံဝင်းအတွင်းရှိ ရန်သူနှစ်ဖက်လုံးသည် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြတော့၏။

All Chapters