← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း (၅၇) - လမင်းအလင်းရောင်ဓားသဖွယ်၊ ဆီးသီးစိမ်းနှင့်မိုးမခခက်

ချူချင်းလှုပ်ရှားသွားသည်ကို မည်သူမျှ မမြင်လိုက်ကြချေ။

ချူယွန်ဖေးက ချူချင်း၏ကျောပြင်ပေါ်သို့ အမြဲကျရောက်နေသော သူ၏အကြည့်ကို တိတ်ဆိတ်စွာ ပြန်လည်ရုပ်သိမ်းလိုက်ရင်း အသံတိတ်ပြုံးလိုက်လေသည်။

"မင်းက ငါ့ကို သတိထားဖို့ ပြောရမဲ့အဆင့်အထိ ဘယ်တုန်းက ရောက်သွားတာလဲ..."

ထို့နောက် သူက ခေါင်းကိုမော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ပြောလိုက်သည်။

"လာကြစမ်း... ဒီည ငါ့စိတ်အခြေအနေက တော်တော်ကောင်းနေတယ်... မင်းတို့ထဲက ဘယ်သူက အရင်ဆုံး သေမင်းဆီ သွားချင်လဲ..."

သို့သော် သူက ဤစကားကို ပြောပြီးသည်နှင့် ထိုလူများ လှုပ်ရှားလာသည်ကို မစောင့်ဆိုင်းဘဲ ခြေတစ်လှမ်းကို ဦးစွာလှမ်းလိုက်ချေသည်။

ဤခြေလှမ်းသည် ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်လိုက်သကဲ့သို့ပင် မည်သည့်အရိပ်အယောင်မျှမရှိဘဲ ဝူကွေ့လော်ချာတစ်ဦး၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး ချင်းရွှီလက်ဝါးက ခေါင်းပေါ်သို့ တည့်တည့်ကျရောက်သွားတော့သည်။

လက်ဝါးအရှိန်အဝါက ကောင်းကင်နှင့်မြေပြင်ကို လွှမ်းမိုးသွားပြီး ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ပင်။

ကျန်ရှိသော သုံးဦးမှာ အလွန်အလှမ်းဝေးကွာလွန်းသဖြင့် ကယ်တင်ရန် အချိန်မမီတော့ချေ။

ထိုငါးဦးထဲမှ တစ်ဦးက လက်နှစ်ဖက်ကို မြှောက်ကာ ဤလက်ဝါးချက်ကို ခုခံရန် ကြိုးစားလိုက်သော်လည်း ထိတွေ့မိရုံမျှဖြင့် "ကလစ် ကလစ်" ဟူသော အသံနှစ်ချက် ထွက်ပေါ်လာလေသည်။

ပြင်းထန်လှသော လက်ဝါးအားလှိုင်းက သူ၏ ကျိုးပဲ့သွားသောလက်မောင်းများကို ဖိသိပ်ကာ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

ဘုန်း...

မြင်ကွင်းမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှပေသည်။

လက်မောင်းနှစ်ဖက်နှင့် ဦးခေါင်းမှာ တစ်ခဏအတွင်းမှာပင် ကြေမွပျက်စီးသွားပြီး သွေးများနှင့် အရိုးစများက အရပ်မျက်နှာအနှံ့ လွင့်စင်သွားချေသည်။

ချူယွန်ဖေးက လက်မောင်းနှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး သူ၏ရယ်သံက ပိုမိုကြည်နူးအားရဖွယ်ကောင်းလာလေသည်။

ဝူကွေ့လော်ချာငါးဦးထဲမှ ကျန်ရှိသောသုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်ဖြင့် ကြည့်နေကြတော့သည်။

သူတို့ တကယ်ကို နားမလည်နိုင်တော့ပေ။

အစောပိုင်းကမှ အစီအရင်ထဲတွင် ပိတ်မိနေသော ချူယွန်ဖေးသည် အဘယ်ကြောင့် ရုတ်တရက် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသွားရသနည်း။

ကူချန်ချိုးနှင့် တိုက်ခိုက်နေသော ဝူကန်ချီပင်လျှင် ဤရယ်သံကို ကြားလိုက်ရသောအခါ ဇဝေဇဝါဖြစ်သွားရင်း ပြောလိုက်သည်။

"အစ်ကိုကြီးချူတစ်ယောက် ဒီလိုမျိုး အားရပါးရရယ်မောခဲ့တာ ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ..."

"တကယ်ပဲ စိတ်ကိုထိန်းချုပ်ပြီး ကျင့်ကြံတာတွေက အပိုတွေပဲ... စိတ်လက်ပေါ့‌ပေါ့ပါးပါးရယ်မောချင်ရင်တော့ လူသတ်ရတာက အကောင်းဆုံးပဲ..."

ဝူချန်းဟွမ်သည် သူမ၏ကိုယ်ဖော့သိုင်းကို အစွမ်းကုန်အသုံးချကာ မိုးရေထဲတွင် တစ်ဟုန်ထိုး ပြေးလွှားနေလေသည်။

သူမ၏ရှေ့မှ လူရိပ်သုံးခု၏ဦးတည်ရာမှာလည်း အလွန်ရှင်းလင်းလှပေသည်။

မြို့တော်ဝန်အိမ်တော်။

သူတို့က အဘယ်ကြောင့် မြို့တော်ဝန်အိမ်တော်သို့ သွားလိုကြသနည်း။

ဤအချိန်တွင် သူတို့မြို့တော်ဝန်အိမ်တော်ကို သိမ်းပိုက်နိုင်ခဲ့လျှင်ပင် အသုံးဝင်မည်မဟုတ်ချေ။

သူမ ဤသို့တွေးတောနေစဉ်မှာပင် ထိုလူရိပ်များထဲမှ တစ်ဦးက ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဝူချန်းဟွမ်ရှိရာသို့ လက်သီးတစ်ချက် ပြင်းထန်စွာ ထိုးနှက်လိုက်သည်ကို မြင်လိုက်ရလေသည်။

သူမက ခြေလှမ်းကို လှည့်လိုက်ပြီး ခန္ဓာကိုယ်ကို ဝေ့ဝဲကာ လေပေါ်သို့ ပျံတက်လိုက်ပြီးနောက် လက်ထဲမှ ဓားရှည်ကို မြှောက်လိုက်ရာ လမင်းကြီး ပင်လယ်ထဲသို့ နစ်မြုပ်သွားသကဲ့သို့ပင်။

သို့သော် ဤအခိုက်အတန့်တွင် လက်ညှိုးတစ်ချောင်းက သူမ၏ရှေ့မှောက်သို့ ရောက်ရှိလာချေပြီ။

ဤသည်မှာ အခြားတစ်ဦးက လှုပ်ရှားလိုက်ခြင်း ဖြစ်ပေသည်။

ဤလက်ညှိုးချက်က အလွန်မြန်ဆန်ပြတ်သားလှပြီး ပြိုင်ဘက်ကို မလွှဲမရှောင်သာ ခုခံရမည့်အနေအထားသို့ ရောက်ရှိစေချေသည်။

သို့သော် ထိုသူ၏တိုက်ခိုက်မှုက ပြင်းထန်သော်လည်း တိုက်ကွက်များထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ မပါဝင်ဘဲ သူမ၏ အရေးကြီးသော သွေးကြောဆုံမှတ်များဆီသို့သာ ဦးတည်နေချေသည်။

ဝူချန်းဟွမ်က တစ်ချက်ကြည့်ရုံဖြင့်ပင် နားမလည်ဖြစ်သွားလေသည်။

ထိုသူ၏ရည်ရွယ်ချက်မှာ သူမ၏သွေးကြောများကို ပိတ်ဆို့ရန်ဖြစ်ပြီး သွေးကြောများ ပိတ်ဆို့ခံရပါက သေဘေးမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

ချက်ချင်းပင် သူမက လက်ထဲမှ ဓားသွားကို လှည့်လိုက်ရာ လေပေါ်ရှိ သူမ၏ပုံရိပ်က ရုတ်တရက် ပုံရိပ်ရှစ်ခုအဖြစ် ကွဲပြားသွားတော့သည်။

သူမသည် ဆရာမကြီးယဲ့ထန်ထံတွင် ပညာသင်ကြားခဲ့သဖြင့် သင်ယူခဲ့သမျှ သိုင်းပညာရပ်များမှာ သာမန်မဟုတ်ချေ။

ယခု ပြောင်းလဲလိုက်သောသိုင်းကွက်မှာ ဆရာမကြီးယဲ့ထန် ကိုယ်တိုင်သင်ကြားပေးထားသော ဟန်ယင်ကူကျန်းကျင့်စဉ်ထဲမှ "ရှစ်မျက်နှာခြေရာခွဲ" သိုင်းကွက် ဖြစ်ပေသည်။

ဤသိုင်းကွက်ကို အသုံးပြုလိုက်သည်နှင့် ပုံရိပ်များ ကွဲပြားသွားပြီး အစစ်နှင့်အတုကို ခွဲခြားရန် ခက်ခဲသွားစေချေသည်။

လက်ညှိုးချက်က ပုံရိပ်ယောင်တစ်ခုကို ထိမှန်သွားပြီး "ဖျတ်"ဟူသော အသံနှင့်အတူ ပုံရိပ်ယောင်က ပျက်စီးသွားချေသည်။

ထို့နောက် ကြည့်လိုက်ရာ လမင်းတစ်စင်းက ပင်လယ်ပြင်ထက်တွင် ပေါ်ထွက်လာသကဲ့သို့ပင် ဓားအလင်းတန်းများက လမင်းအလင်းရောင်ကဲ့သို့ ဖြာကျလာတော့သည်။

ဤသည်မှာ အထီးကျန်လမင်းဓားသိုင်းထဲမှ "လမင်းအလင်းရောင်ဓားသဖွယ်" သိုင်းကွက် ဖြစ်ပေသည်။

ထိပ်တိုက်တွေ့ဆုံလိုက်သည်နှင့် လက်ညှိုးသိုင်းကို အသုံးပြုလိုက်သောသူ၏ မျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး ဝူမိသားစု၏သမီးက ဤမျှအထိ ပြတ်သားစွာဖြင့် လူသတ်ကွက်ကို ထုတ်သုံးလိမ့်မည်ဟု လုံးဝမထင်မှတ်ထားပေ။

သူက ရှောင်တိမ်းရန် ကြိုးစားသော်လည်း အချိန်မမီတော့ပေ။ အစွမ်းကုန် ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ်ပေါ်တွင် တစ်ခဏအတွင်းမှာပင် သွေးရာ ခုနစ်ချက်ရှစ်ချက်ခန့် ထင်ကျန်ရစ်ခဲ့လေသည်။

သူ သေဆုံးတော့မည့် အခြေအနေသို့ ရောက်ရှိနေစဉ်မှာပင် လက်တစ်ဖက်က သူ၏ပခုံးပေါ်သို့ ရုတ်တရက် ကျရောက်လာပြီး သူ့ကို ဆွဲကာ ကျောပြင်နောက်သို့ ပို့ဆောင်လိုက်ချေသည်။

အရှေ့ဆုံးမှ ပြေးသွားသောသူကလည်း နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာပြီး လက်ဝါးနှစ်ဖက်ကို လှုပ်ရှားကာ ဘယ်ညာတစ်လှည့်စီ တိုက်ခိုက်လိုက်လေသည်။

ဝူချန်းဟွမ်၏ လမင်းအလင်းရောင်ဓားသဖွယ် ဓားချီများမှာ ပြင်းထန်သောရေစီးကြောင်းက ကျောက်ဆောင်ကြီးနှင့် တိုးမိသကဲ့သို့ပင် တစ်ခဏအတွင်း ဘေးဘယ်ညာသို့ ကွဲထွက်သွားပြီး ထိုသူ၏ခန္ဓာကိုယ်ပေါ်သို့ တစ်စက်မျှပင် မကျရောက်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ဘေးဘယ်ညာရှိ မြေပြင်ပေါ်တွင်မူ လွင့်စင်သွားသော ဓားချီများကြောင့် မီးပွားများ ဆက်တိုက်ထွက်ပေါ်လာပြီး ဓားရာများ ထင်ကျန်ရစ်ခဲ့လေသည်။

ဝူချန်းဟွမ်၏မျက်ဝန်းများက အနည်းငယ် နက်မှောင်သွားချေသည်။

ဤသူကား ဝမ်ယဲ့တောင်ကြား၏ ဒုတိယဂိုဏ်းချုပ် ဖြစ်ပေသည်။

သူမ အစောပိုင်းက မမှတ်မိခြင်းမှာ ထိုသူက မျက်နှာဖုံး စွပ်ထားသောကြောင့် ဖြစ်သော်လည်း ယခု ကျန်ရှိသောလူနှစ်ဦး၏ တိုက်ကွက်များနှင့် ဝူချင်းရှန်း၏ "ရေလယ်ကျောက်တိုင်" သိုင်းကွက်ကို ပေါင်းစပ်လိုက်သောအခါ ဤသူ၏သရုပ်မှန်ကို မသိနိုင်စရာ အကြောင်းမရှိတော့ချေ။

သို့သော် သူက အဘယ်ကြောင့် မျက်နှာဖုံး စွပ်ထားရသနည်း။

ယနေ့ည၏အခြေအနေများကို ကြည့်ရလျှင် တကယ်ပင် နားမလည်နိုင်ဖွယ်အချက်များစွာ ရှိနေချေသည်။

ဤလူစု၏ ရည်ရွယ်ချက်မှာ...

သူမ ထင်ထားသကဲ့သို့ ရိုးရှင်းပုံမရပေ။

ဝူချင်းရှန်းက သူ၏မျက်နှာဖုံးကို ချွတ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ရပ်နေလေသည်။

"ဝူမိသားစုရဲ့သခင်မလေး... မတွေ့ရတာ ကြာပြီနော်..."

စောစောက တိုက်ခိုက်ခဲ့သောလူနှစ်ဦးမှာမူ ဝူချင်းရှန်း၏ ဘယ်ညာတစ်ဖက်စီတွင် ရပ်နေကြချေသည်။

တစ်ဦး၏ခန္ဓာကိုယ်ပေါ်တွင် သွေးရာများစွာ ထင်ကျန်နေပြီး အခြားတစ်ဦးကမူ ရယ်မောရင်း ပြောလိုက်သည်။

"သခင်မလေးရဲ့ အထီးကျန်လမင်းဓားသိုင်းက တကယ်ကို အစွမ်းထက်တာပဲ... ဒုတိယဂိုဏ်းချုပ်သာ မကယ်ခဲ့ရင် ဝူတာတစ်ယောက် မင်းရဲ့ လမင်းအလင်းရောင်ဓားသဖွယ်အောက်မှာ သေဆုံးသွားလောက်ပြီ…”

“ဒါပေမဲ့ အခုတော့ ငါတို့က ဘေးမှာရှိနေပြီး ဒုတိယဂိုဏ်းချုပ်က ရှေ့မှာ ရှိနေတယ်...သခင်မလေးဝူက ဆက်ရုန်းကန်ချင်သေးတာလား..."

ဝူချန်းဟွမ်က စကားများများမပြောဘဲ လက်ထဲမှ ဓားရှည်ကို သာသာယာယာ ခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"ရှင်တို့ရဲ့ စွမ်းရည်တွေကို စမ်းသပ်ကြည့်ရတာပေါ့..."

လက်တွေ့တွင် ဝူချင်းရှန်းမှလွဲ၍ ကျန်ရှိသောလူနှစ်ဦးကို ဝူချန်းဟွမ်က လုံးဝအရေးမစိုက်ပေ။

သို့မဟုတ်ပါက ဝူချန်းဟွမ်နှင့် ထိပ်တိုက်တွေ့ဆုံရုံမျှဖြင့် သေလုနီးပါး ဖြစ်သွားစရာ အကြောင်းမရှိချေ။

ဤသုံးဦးထဲတွင် လူကိုခေါင်းကိုက်စေသူမှာ ဝူချင်းရှန်း တစ်ဦးတည်းသာ ဖြစ်ပေသည်။

ထိုသူ၏ ရေလယ်ကျောက်တိုင်သိုင်းကွက်မှာ အလွန်တရာ ဆန်းကြယ်လှပေသည်။

'မြစ်ရေက ကွဲထွက်သွားပြီး တောင်ကို ဝန်းရံကာ စီးဆင်းသွားသည်... ရေထဲတွင် တောင်ကို မြင်ရသည်မှာ ကျောက်တိုင်ကြီးသဖွယ် ဖြစ်သောကြောင့် ရေလယ်ကျောက်တိုင်ဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်...'

ပြင်းထန်သော ရေစီးကြောင်းက ရေလယ်ကျောက်တိုင်ကို တိုက်ခိုက်သော်လည်း ရေစီးကြောင်းက ဘေးနှစ်ဖက်သို့သာ စီးဆင်းသွားပြီး ကျောက်တိုင်ကို တစ်စုံတစ်ရာ မထိခိုက်စေနိုင်ချေ။

အစောပိုင်းက ဝူချန်းဟွမ်က လမင်းအလင်းရောင်ဓားသဖွယ်ဖြင့် တိုက်ခိုက်လိုက်စဉ်က ဓားချီများမှာ ပြင်းထန်သော ရေစီးကြောင်းကဲ့သို့ ဖြစ်သော်လည်း ဝူချင်းရှန်း၏ ရှေ့မှောက်သို့ ရောက်ရှိသွားသောအခါ ဘေးနှစ်ဖက်သို့ ကွဲထွက်သွားပြီး 'တောင်ကို ဝန်းရံစီးဆင်းသွားသကဲ့သို့' ထိုသူ့ကို တစ်စုံတစ်ရာ မထိခိုက်စေနိုင်ခဲ့ချေ။

ဤကဲ့သို့သောအခြေအနေမျိုးတွင် တိုက်ပွဲက ပိုကြာမြင့်လေ သူမအတွက် ပိုဆိုးရွားလာပေလိမ့်မည်။

သူမအနေဖြင့် သူ၏ဘေးမှ လူနှစ်ဦးကို အမြန်ဆုံး သတ်ဖြတ်ပစ်ရန် လိုအပ်ပေသည်။

ဤသို့ဆိုလျှင် အနိုင်မရရှိနိုင်သော်လည်း ရှုံးနိမ့်ရန်လည်း မသေချာတော့ချေ။

သူမ၏စိတ်ကူးနှင့်အတူ လက်ထဲမှ ဓားအလင်းတန်းက နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားပြီး ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။

ဝူချင်းရှန်း၏ဘေးမှ လူနှစ်ဦးက မျက်နှာပျက်သွားပြီး ရှေ့သို့ တိုးဝင်လိုက်ကြကာ တစ်ဦးက မိုးကြိုးကဲ့သို့ ပြင်းထန်သော လက်သီးချက်ကို သုံးစွဲပြီး အခြားတစ်ဦးကမူ အခွင့်အရေးကို ရှာဖွေကာ သွေးကြောပိတ်ရန် ကြိုးစားလိုက်ကြလေသည်။

သို့သော် ဝူချန်းဟွမ်၏ဓားချက်ကို မည်သို့လျှင် တိုက်ရိုက်ခုခံနိုင်ပါမည်နည်း။

သူမ၏ ဓားအလင်းတန်းက ကွဲထွက်သွားပြီး တစ်ချက်မျှ မြှောက်လိုက်ရုံဖြင့်ပင် မျက်နှာချင်းဆိုင်မှ ရောက်ရှိလာသော လက်သီးအရှိန်အဝါကို ဖျက်ဆီးပစ်လိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်းတိုးကာ ဝူတာ၏လက်ညှိုးချက်ကို ဆီးကြိုတိုက်ခိုက်လိုက်ချေသည်။

ဝူတာက မျက်နှာပျက်သွားပြီး လက်တစ်ဖက်ကို အောက်သို့ ဖိချကာ ခန္ဓာကိုယ်ကို မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားရင်း ဤဓားချက်ကို ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း...

ဝူချန်းဟွမ်ကမူ သူနှင့် စကားများများမပြောဘဲ ဓားအလင်းတန်းကို ခါယမ်းလိုက်ရာ လမင်းကြီး တစ်ဖန် ပြန်လည်ပေါ်ထွက်လာပြန်ချေသည်။

လမင်းအလင်းရောင်ဓားသဖွယ်။

ဝူတာ၏မျက်နှာတစ်ခုလုံး ပြာနှမ်းသွားတော့သည်။

နှစ်ကြိမ်ဆက်တိုက် ရှိနေပြီ။

သူ၏ခန္ဓာကိုယ်က သံမဏိဖြင့် ပြုလုပ်ထားလျှင်ပင် ဤမျှအထိ ခံနိုင်ရည်ရှိပါမည်လော။

ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်တွင် ဝူချင်းရှန်းက ဘေးနားတွင်ရှိနေသဖြင့် လေထဲမှ ဆွဲယူလိုက်ရာ ဝူတာက သူ၏ကျောနောက်သို့ ရောက်ရှိသွားပြီး ရေလယ်ကျောက်တိုင်သိုင်းကွက်ကို တစ်ဖန် ပြန်လည်အသုံးပြုလိုက်ပြန်သည်။

သို့သော် ဝူချန်းဟွမ်၏ လမင်းအလင်းရောင်ဓားသဖွယ် သိုင်းကွက်က အရှိန်အဝါကို ထိန်းသိမ်းထားပြီး မထုတ်လွှတ်သေးဘဲ လက်ပြန်ဓားချက်ဖြင့် နောက်ကျောဘက်မှ ရောက်ရှိလာသော ဝူအာ့ကို ဆီးကြိုတိုက်ခိုက်လိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားပေ။

ဓားချက်တစ်ချက်က သုံးပိုင်းကွဲထွက်သွားပြီး ဤသည်မှာ "ဆီးသီးစိမ်းနှင့် မိုးမခခက်" သိုင်းကွက် ဖြစ်ပေသည်။

ဆီးသီးစိမ်းပွင့်များ ကခုန်နေသကဲ့သို့ပင်၊ တောက်ပသော နေမင်းကြီး ပွင့်လန်းလာသကဲ့သို့ပင်။

တစ်ခဏအတွင်းမှာပင် ဝူအာ့၏ ခန္ဓာကိုယ်ပေါ်တွင် သွေးပန်းပွင့် သုံးပွင့် ပေါ်ထွက်လာပြီး အလွန်တရာ ရဲရဲနီနေချေသည်။

သူ၏ အသက်ဝိညာဉ်သည်လည်း ဤနေရာတွင်ပင် ချုပ်ငြိမ်းသွားတော့သည်။

ဝူချင်းရှန်း၏မျက်နှာက ပျက်ယွင်းသွားပြီး ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့်ပင် ဝူချန်းဟွမ်၏ နောက်ကျောဘက်သို့ ရောက်ရှိသွားတော့သည်။

သူက လက်ကိုဆန့်ထုတ်ကာ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်ချေသည်။

သူ၏တိုက်ခိုက်မှုက အလွန်မြန်ဆန်လွန်းသဖြင့် ဝူချန်းဟွမ်၏ ဤဓားချက်မှာ အားအင်ကုန်ခမ်းနေပြီး အားအင်သစ် မမွေးဖွားနိုင်သေးသော အချိန်ဖြစ်ပေသည်။

နောက်ကျောဘက်မှ ရောက်ရှိလာသော ဤလက်ဝါးချက်ကို သူမ သိရှိနေသော်လည်း ရှောင်တိမ်းရန် အချိန်မမီတော့ဘဲ ရှစ်မျက်နှာခြေရာခွဲ သိုင်းကွက်ဖြင့်သာ စွန့်စားခုခံရန် ရှိတော့သည်။

သို့သော် သူမ ဤသိုင်းကွက်ကို အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် လက်တစ်ဖက်က သူမ၏လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်ချေသည်။

သူမ ခေါင်းမော့ကြည့်လိုက်ရာ ရောက်ရှိလာသောသူမှာ ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် အဖြူရောင်မျက်နှာဖုံးကို စွပ်ထားချေသည်။

သူမကို ဆွဲယူလိုက်သည့်အချိန်မှာပင် သူက လက်ဝါးတစ်ချက်ဖြင့် ဆီးကြိုတိုက်ခိုက်လိုက်တော့သည်။

ဘုန်း...

အတွင်းအားနှစ်ခု ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားပြီး ပတ်ဝန်းကျင်ရှိ မိုးရေစက်များကို အရပ်မျက်နှာအနှံ့ လွင့်စင်သွားစေကာ လမ်းဘေးတစ်လျှောက်ရှိ တံခါးများနှင့် ပြတင်းပေါက်များကိုလည်း တုန်ခါသွားစေတော့သည်။

All Chapters