← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈) - ရွှမ်ယိုလား... ချင်းယဲ့လား...

ရိပ်ခနဲ လှုပ်ရှားသွားသော လူရိပ်နှစ်ခုသည် ထိမိရုံမျှဖြင့် ချက်ချင်းပြန်လည်ကွာကျသွားပြီး တစ်ဖက်စီသို့ ခြေတစ်လှမ်းဆုတ်လိုက်ကြလေသည်။

ချူချင်း၏ မျက်ဝန်းတစ်စုံထဲမှ ခရမ်းရောင်အလင်းတန်းသည် ဖျတ်ခနဲ လက်သွားပြီးနောက် ပျောက်ကွယ်သွားပြီး ဝူချန်းဟွမ်ဘက်သို့ ခေါင်းလှည့်ကြည့်ကာ မေးလိုက်သည်။

"သခင်မလေးဝူ... ဘာမှမဖြစ်ဘူးမလား..."

"ရှင်သာ နောက်ကျသွားရင် တကယ်အန္တရာယ်ရှိသွားနိုင်တယ်..."

ဝူချန်းဟွမ်က မျက်ခုံးနှစ်ဖက်ကို အသာအယာတွန့်လိုက်ရင်း မေးလိုက်သည်။

"ရှင် ဘာလို့ ပုန်းအောင်းပြီးလစ်တုန်းမသတ်တာလဲ... ဓားတစ်ချက်တည်းနဲ့ သူ့ကို သတ်ပစ်လိုက်လို့ ရသားပဲ..."

သူမသည် ချူချင်း၏ဓားသိုင်းကို မြင်တွေ့ဖူးပေသည်။ ဗဟိုချက်စွမ်းအားသည် သာမန်ထက် ထူးကဲလှသည်မှာ အမှန်ပင်ဖြစ်သော်လည်း ချူချင်း၏ဓားချက်ကို တားဆီးနိုင်စွမ်း ရှိမရှိဆိုသည်မှာမူ ပြောရခက်လှချေသည်။

ချူချင်းက သူမ၏လက်ကို ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်ရင်း ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျုပ်မှာ သူ့ကို မေးစရာရှိနေလို့ပဲ..."

"ဘယ်ကကောင်မို့လို့ ငါတို့ ဝမ်ယဲ့တောင်ကြားရဲ့ ဒုတိယဂိုဏ်းချုပ်ရှေ့မှာ ဒီလောက်တောင် ရိုင်းပျရဲရတာလဲ..."

ဝူတာက နှာခေါင်းရှုံ့ကာ အေးစက်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့တိုးကာ တိုက်ခိုက်ရန် ပြင်လိုက်လေသည်။

ဝူချန်းဟွမ်၏မျက်ဝန်းများ အေးစက်သွားချေသည်။ အစောပိုင်းက သူမသည် ဓားတစ်ချက်တည်းဖြင့် ဝူတာကို နောက်ဆုတ်သွားစေပြီး ဝူအာ့ကို ထိုးသတ်ခဲ့ပေသည်။

ဝူချင်းရှန်းသာ ရှိမနေပါက ဤလူနှစ်ယောက်သည် သူမ၏ဖိနပ်ကို သုတ်ပေးရန်ပင် မထိုက်တန်ပေ။

ယခုမူ သူတို့က ရဲတင်းနေကြသေးသည်။

သို့သော် သူမ တုံ့ပြန်ရန်မပြင်နိုင်သေးမီမှာပင် ဓားတစ်လက်သည် ဝူတာ၏လည်ပင်းကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်သည်။

ထိုနေရာရှိ လူအားလုံးထဲတွင် ချူချင်း မည်သည့်အချိန်၌ ဓားဆွဲထုတ်လိုက်သည်ကို တစ်ယောက်မျှ သဲသဲကွဲကွဲ မမြင်လိုက်ရချေ။

ဝူချင်းရှန်း၏မျက်ဝန်းများ လေးနက်တည်ကြည်သွားပြီး ချူချင်း၏လက်ထဲရှိ ဓားကို ကြည့်လိုက်မိသောအခါ သူ၏မျက်သူငယ်အိမ်သည် ရုတ်ချည်းကျုံ့ဝင်သွားလေသည်။

ဝူချန်းဟွမ်သည် ဝူချင်းရှန်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိဘဲ ချူချင်း၏ဓားသိုင်းသည် ယခင်ကထက် ပိုမိုမြန်ဆန်လာသည်ဟုသာ ခံစားလိုက်ရသည်။

ရှင်းယိုဟန်ကို သတ်စဉ်က သူ၏အမြန်ဓားသိုင်းသည် အတုမရှိ ပြိုင်ဘက်ကင်းခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် ထိုစဉ်က ခြေရာလက်ရာ လုံးဝမကျန်ခဲ့သည်တော့ မဟုတ်...

ယခုမူ သူ၏ဓားသိုင်းသည် ဓားဆွဲထုတ်ရန်ပင် မလိုတော့သကဲ့သို့ မြန်ဆန်လွန်းလှပြီး ဓားကို ပေါ်လာစေချင်ပါက ထိုနေရာတွင် ချက်ချင်း ပေါ်လာစေနိုင်သည့်အလား ဖြစ်နေချေပြီ။

ဝူချန်းဟွမ်သည် လူတစ်ယောက်၏တိုးတက်မှုနှုန်းက ဤမျှအထိ မြန်ဆန်နိုင်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။

ချူချင်းသည် ယခင်ကတည်းက သူ၏အစွမ်းအစကို ဖုံးကွယ်ထားခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်လိုက်မိသည်။

ချူချင်းက ထိုအချိန်တွင် သူမကို လှည့်မေးလိုက်သည်။

"ဒီလူကို မင်းသတ်တာလို့ သတ်မှတ်ရမလား... ဒါမှမဟုတ် ကျုပ်သတ်တာလို့ သတ်မှတ်ရမလား..."

အတိအကျပြောရလျှင် ဤလူသည် ဝူချန်းဟွမ်၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီးဖြစ်ရာ သူက ကြားဖြတ်လုယူသတ်ဖြတ်လိုက်ခြင်းသာ ဖြစ်ပေသည်။

"..."

ဝူချန်းဟွမ်သည် ခေတ္တမျှ ဆွံ့အသွားရချေသည်။ ဤကဲ့သို့သော အချိန်မျိုးတွင်ပင် သူက ဤအချက်ကို တွက်ကပ်နေသေးသည်။

'ဒီလိုအချိန်မျိုးမှာတောင် သူက တွက်ကပ်နေသေးတာလား...'

'ဒီကောင်က တကယ်ပဲ ငွေကို အသက်ထက် တန်ဖိုးထားတာပဲ...'

သူမက မျက်နှာပျက်ပျက်ဖြင့်သာ ပြောလိုက်ရတော့သည်။

"ရှင်သတ်တာလို့ပဲ သတ်မှတ်လိုက်မယ်... ရပြီမလား..."

ချူချင်းက ချက်ချင်းပင် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

တာဝန်မျက်နှာပြင်ပေါ်ရှိ တိုးတက်မှုနှုန်းသည် တစ်မှတ်တိုးလာပြီး ရွေးချယ်နိုင်သော ရတနာသေတ္တာထဲတွင် လက်ညှိုးသိုင်းပညာရပ်တစ်ခု ထပ်တိုးလာချေသည်။

တစ်နည်းအားဖြင့် သတ်ဖြတ်မှု ပိုများလာလေ ရွေးချယ်နိုင်သောနယ်ပယ်က ပိုကျယ်ပြန့်လာလေ ဖြစ်ပေသည်။

လက်သီး၊ ခြေထောက်၊ ဓား၊ လက်ညှိုးသိုင်းများမှစ၍ ပုဆိန်၊ လှံ၊ ချိတ်၊ ခက်ရင်းစသည့် လက်နက်မျိုးစုံ၏ကျင့်စဉ်များအထိ အစုံအလင်ရှိနေပေသည်။

အကယ်၍ အတွင်းအားကျင့်စဉ်တစ်ခုကိုသာ ထပ်မံရရှိနိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အမှန်စင်စစ် အတွင်းအားကျင့်စဉ် ပေါ်ထွက်လာရန်မှာ ကံတရားအပေါ်တွင်သာ မူတည်နေပြီး ဤအရာကို ရရှိရန်အတွက် တာဝန်ပေါင်း မည်မျှအထိ ပြီးမြောက်အောင် ဆောင်ရွက်ရမည်ကို မည်သူမျှ အတိအကျ မပြောနိုင်ချေ။

သူ ဤသို့တွေးတောနေစဉ်မှာပင် ဝူချင်းရှန်း၏ ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်ရသည်။

"ငါ့ရှေ့မှာတောင် လူသတ်ရဲတယ်လား... တကယ့်ကို ရဲတင်းလွန်းနေတာပဲ..."

ပြောပြီးသည်နှင့် သူသည် ခြေလှမ်းကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး ရှေ့သို့တစ်လှမ်းတိုးကာ ချူချင်း၏လက်ထဲရှိ ရွှမ်ယိုဓားကို တိုက်ရိုက်လုယူရန် ကြိုးပမ်းလိုက်လေသည်။

ချူချင်းက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး ဝူချန်းဟွမ်ကို ဆွဲကာ နောက်သို့တစ်လှမ်းဆုတ်လိုက်ရင်း ထိုဖမ်းဆုပ်မှုကို ရှောင်တိမ်းလိုက်ကာ ပြောလိုက်သည်။

"နာမည်ကျော် ဝမ်ယဲ့တောင်ကြားရဲ့ ဒုတိယဂိုဏ်းချုပ်ကြီးက ထျန်းဝူမြို့ရဲ့ သခင်မလေးကို အနိုင်ကျင့်ဖို့ လူအင်အားနဲ့ ဝိုင်းရုံတင်မကဘူး..."

"အခုလည်း အသက်အရွယ်ကို မငဲ့ကွက်ဘဲ အလစ်တိုက်ခိုက်ဖို့ ကြိုးစားနေသေးတယ်..."

"မျက်နှာကို တစ်ခုခုနဲ့ ဖုံးထားဖို့ အကြံပေးချင်တယ်... မဟုတ်ရင် ကိုယ်စားရှက်မိတော့မလို့..."

"မျက်နှာဖုံးနဲ့ကောင်ကများ ငါ့ရှေ့မှာ ဒီလို စကားကြီးစကားကျယ် ပြောရဲတယ်ပေါ့..."

ဝူချင်းရှန်းက အေးစက်စွာ ပြောလိုက်သည်။

"မင်းနာမည်ကို ပြောစမ်း... ငါက နာမည်မရှိတဲ့ ကောင်တွေကို မသတ်ဘူး..."

ချူချင်းက ခြေလှမ်းများကို တည်ငြိမ်စွာ ရပ်တန့်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝူချန်းဟွမ်က ဝင်ရောက်ပြောဆိုလိုက်သည်ကို ကြားလိုက်ရသည်။

"ဂိုဏ်းချုပ်ဝူ သိချင်တယ်ဆိုရင်တော့... ဒီလူက မကြာသေးခင်ကမှ နာမည်ကျော်လာတဲ့ ညဧကရာဇ်လေ..."

ပြောပြီးနောက် သူမက ချူချင်းကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သေးသည်။

ချူချင်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

'မင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်... မင်းရှိနေတာ ငါ့အတွက် တကယ့်ကို ကံကောင်းခြင်းပဲ...'

'ငါ ထျန်းဝူမြို့ကနေ ထွက်သွားပြီးရင် နာမည်အသစ်တစ်ခု ထပ်ပြောင်းရမယ်...'

'ဒါပေမဲ့…’

'ဘာလို့ ခေါ်ရမလဲ...'

'ဓားဧကရာဇ်လား...'

'မဖြစ်ဘူး...မဖြစ်ဘူး…’

'တစ်ခါတလေ ညဧကရာဇ်…’

'တစ်ခါတလေ ဓားဧကရာဇ်နဲ့…’

'ဒါတွေက သိပ်အဆင်မပြေဘူး...'

ထို့ပြင် ယခုအချိန်သည် ဤအရာများကို စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ ဝူချင်းရှန်း၏မျက်နှာပေါ်တွင်လည်း ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။

"မင်းကိုး..."

"သံမြင်းဓားပြခုနစ်ယောက်က မင်းလက်ထဲမှာ သေဆုံးသွားခဲ့တာပဲ... မင်း ဒီလောက်အထိ ရဲတင်းနေတာ မဆန်းတော့ဘူး..."

"ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ သူတို့က ရွှံ့ရုပ်တွေ၊ မြေရုပ်တွေပဲ မဟုတ်ဘူးလား..."

"ဒီလောက်လေးနဲ့ ငါ့ရှေ့မှာ လာပြီး ဝင့်ဝါချင်နေတာကတော့ အဝေးကြီး လိုပါသေးတယ်..."

ပြောပြီးသည်နှင့် သူသည် လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်လေသည်။

သို့သော် ချူချင်းက လက်တစ်ဖက်ကိုဆန့်ထုတ်ကာ တားဆီးလိုက်သည်။

"ခဏလေး..."

"မင်းမှာ သေခါနီး နောက်ဆုံးစကား ရှိသေးလား..."

ဝူချင်းရှန်းက မျက်ခုံးနှစ်ဖက်ကို အသာအယာတွန့်လိုက်ရင်း မေးလိုက်သည်။

ချူချင်းက ခေါင်းယမ်းလိုက်သည်။

"အရင် ဦးအောင်တိုက်ခိုက်လာရင် သေချာပေါက် သေရလိမ့်မယ်..."

"အဲဒါကြောင့် အဲဒီမတိုင်ခင်မှာ ကျုပ်မှာ မေးခွန်းတစ်ခု ရှိတယ်..."

ဝူချင်းရှန်း၏တုံ့ပြန်မှုကို မစောင့်ဘဲ သူက မိမိလက်ထဲရှိ ဓားကို အသာအယာ ပြသလိုက်ရင်း မေးလိုက်သည်။

"မင်းတို့ ထျန်းဝူမြို့ကို လာတာ... ဒီအရာအတွက်မလား..."

ဝူချန်းဟွမ်သည် ချူချင်း၏စကားကို ကြားသောအခါ ဝူချင်းရှန်းထံသို့ မသိမသာ ကြည့်လိုက်မိလေသည်။

ချူချင်း ယခင်က တွေးတောခဲ့သကဲ့သို့ပင် ထျန်းဝူအစောင့်တပ်က သတင်းပေးပို့ခဲ့သောစကားကို ဝူချန်းဟွမ် သိရှိသွားပြီးနောက် လွန်ခဲ့သောနှစ်က တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့သော ဤရတနာဓားကို သူမ စုံစမ်းစစ်ဆေးခြင်းမပြုဘဲ နေမည်မဟုတ်ပေ။

သို့သော် သူတို့၏ စုံစမ်းတွေ့ရှိချက်သည်လည်း ချူချင်းနှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။

ဓားရိုးတွင် ထူးခြားမှုတစ်စုံတစ်ရာ မရှိပေ။

ယခုအခါ ချူချင်းက ဤကိစ္စကို ထပ်မံမေးမြန်းနေခြင်းမှာ သတင်းအချက်အလက်စုံစမ်းရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

သူမသည် စိတ်ကိုထိန်းချုပ်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။

ဝူချင်းရှန်းက ချူချင်းကို အံ့အားသင့်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဝူချန်းဟွမ်ကိုလည်းကြည့်ကာ အသာအယာ ရယ်မောလိုက်သည်။

"မင်း ဒါကို ဘယ်လိုသိတာလဲ..."

ဝူချန်းဟွမ်သည် လက်ထဲရှိဓားရှည်ကို ရုတ်ချည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိသည်။

သူမ၏ခန့်မှန်းချက်များနှင့် စမ်းသပ်စစ်ဆေးမှုများအားလုံး ကျရှုံးခဲ့သော်လည်း ဝူချင်းရှန်းက ဤမျှလွယ်ကူစွာဖြင့် တိုက်ရိုက်ဝန်ခံလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သို့သော် သူမ နားမလည်နိုင်သော ကိစ္စအချို့ ရှိနေသေးသဖြင့် အေးစက်စွာ မေးမြန်းလိုက်သည်။

"လျှောက်ပြောမနေနဲ့... ရွှမ်ယိုဓားက ရှင်တို့နဲ့ ဘာပတ်သက်မှုရှိလို့လဲ..."

"ပြီးတော့ ရှင်တို့က ဒီဓားကို တကယ်ပဲ လိုချင်နေတာဆိုရင် ကူချန်ချိုးက ကျွန်မအဖေဆီမှာ ဘာလို့ တိုက်ရိုက်မတောင်းဆိုတာလဲ..."

"ရွှေငွေတွေနဲ့ မဟုတ်ရင်တောင် တခြားပစ္စည်းတစ်ခုခုနဲ့ လဲလှယ်မယ်ဆိုရင် မရနိုင်စရာ အကြောင်းမရှိဘူး..."

"သခင်မလေးဝူ... ဒီဓားက ရွှမ်ယိုဓားလို့ မင်းကို ဘယ်သူပြောလဲ..."

ဝူချင်းရှန်းက ချူချင်း၏ လက်ထဲရှိဓားကို ငြိမ်သက်စွာကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။

"ဒီဓားရဲ့နာမည်က ချင်းယဲ့လို့ခေါ်တယ်..."

"ဒါက ငါတို့ ဝမ်ယဲ့တောင်ကြားရဲ့ တည်ထောင်သူ ဆရာသခင်ကြီးရဲ့ ကိုယ်ပိုင်ဓားပဲ..."

"ဆရာသခင်ကြီးက ဒီဓားကိုင်ပြီး လောကအနှံ့ လှည့်လည်သွားလာခဲ့ပေမဲ့ မတော်တဆ ပျောက်ဆုံးသွားခဲ့တယ်…”

"သူ့ရဲ့ဘဝတစ်ဝက်လောက်အထိ လိုက်ရှာခဲ့ပေမဲ့ ဘာမှမတွေ့ဘဲ နောက်ဆုံးမှာတော့ စိတ်မကောင်းစွာနဲ့ပဲ ကွယ်လွန်သွားခဲ့ရတယ်..."

"မင်းတို့ ဒီဓားအပေါ် ဒီလောက်အထိ စွဲလမ်းနေတာက မင်းတို့ ဆရာသခင်ကြီးရဲ့ ဓားဖြစ်နေလို့တင် မဟုတ်လောက်ဘူးမလား..."

ချူချင်းက ပြုံးလျက် ပြောလိုက်သည်။

"ဓားရိုးထဲမှာ ရှိနေတဲ့အရာကြောင့်လည်း ပါတာပေါ့..."

ဝူချင်းရှန်း၏မျက်ဝန်းများ မည်းမှောင်ကျသွားသော်လည်း မည်သည့်စကားမျှ ပြန်မပြောပေ။

ချူချင်းက ထိုအချိန်တွင် အံ့အားသင့်ဖွယ် စကားတစ်ခွန်းကို ရုတ်တရက် ပြောလိုက်သည်။

"နှမြောစရာပဲ... ဒီဓားရိုးထဲမှာ ဘာမှမရှိတော့တာ ကြာလှပြီ..."

"မင်းတို့ ဘယ်လောက်ပဲ အကွက်ဆင်ခဲ့ပါစေ... နောက်ဆုံးတော့ အလဟဿဖြစ်သွားပြီ..."

"လျှောက်ပြောနေတာ..."

ဝူချင်းရှန်းက ဆွံ့အသွားပြီးနောက် ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း ဘာသိမှာလဲ... ဒီဓားရိုးထဲက ယန္တရားကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နာမည်ကျော် ယန္တရားပညာရှင်ကြီး လန်ရှန်းဟော်က ဖန်တီးခဲ့တာ…”

“ဖွင့်နည်းလျှို့ဝှက်ချက်ကို ငါတို့ ဝမ်ယဲ့တောင်ကြားရဲ့ တည်‌ထောင်သူသခင်ကြီးတစ်ယောက်ပဲ သိတာ..."

"တခြားလူတွေက ယန္တရားရဲ့ ခြေရာလက်ရာကို မမြင်နိုင်တာ ထားလိုက်ဦး... မြင်နိုင်ခဲ့ရင်တောင် ဖွင့်နည်းမရှိဘဲနဲ့ ဘယ်လိုမှ ဖွင့်နိုင်မှာ မဟုတ်ဘူး..."

"ဘယ်သူက အထဲကပစ္စည်းကို ထုတ်ယူနိုင်မှာလဲ..."

"မင်းက ဒုတိယဂိုဏ်းချုပ်ဖြစ်နေပြီးတော့ ဖွင့်နည်းကို မသိဘူးလား..."

ချူချင်းက မျက်ခုံးနှစ်ဖက်ကို အသာအယာ တွန့်လိုက်ရင်း မေးလိုက်သည်။

ဝူချင်းရှန်း၏မျက်ဝန်းများ အေးစက်သွားပြီး တိုးညင်းစွာ ပြောလိုက်သည်။

"ငါမသိတာ ဘာမှမဖြစ်ဘူး... မင်းတို့ကို သတ်ပြီး ချင်းယဲ့ဓားကို ဂိုဏ်းချုပ်ဆီ အပ်လိုက်ရင် ငါတို့ ဝမ်ယဲ့တောင်ကြားက ထိပ်သီးအဆင့်ကို ပြန်ရောက်သွားမှာပဲ..."

ပြောပြီးသည်နှင့် ဝူချင်းရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သတ်ဖြတ်လိုသော အငွေ့အသက်များ လျှံထွက်လာပြီး အတွင်းအားများ လည်ပတ်မှုကြောင့် ပတ်ဝန်းကျင်ရှိ ရေလှိုင်းများပင် လှုပ်ခတ်လာလေသည်။

ဝူချန်းဟွမ်၏မျက်နှာအရောင်အဆင်းသည် အနည်းငယ် ပြောင်းလဲသွားပြီး တိုးညင်းစွာ သတိပေးလိုက်သည်။

"သူ့ရဲ့ အမြုတေစွမ်းအားက ဘယ်လိုတိုက်ခိုက်မှုကိုမဆို ခုခံနိုင်စွမ်းရှိတယ်…”

"သတိထား..."

သူမ ဤသို့ပြောနေစဉ်မှာပင် ချူချင်း၏လက်ထဲတွင် သေးငယ်သော မိုးမခရွက်ပုံစံ ဓားမြှောင်တစ်လက် ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။

သူမ၏စိတ်ထဲတွင် ခေတ္တမျှ အံ့အားသင့်သွားရချေသည်။

'သူက ဓားရှည်ကိုမသုံးဘဲ ဘာဖြစ်လို့ လျှို့ဝှက်လက်နက်ကို ထုတ်သုံးတာလဲ…’

All Chapters