← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း (၅၉) - ပစ်မှတ်မလွဲသော ဓားမြှောင်

ဝူချင်းရှန်းသည်လည်း ချူချင်း၏လက်ထဲရှိ သေးငယ်သော မိုးမခရွက်ပုံစံ ဓားမြှောင်ကို မြင်တွေ့သွားလေသည်။

သူ၏မျက်နှာအမူအရာမှာလည်း အနည်းငယ် ထူးဆန်းသွားရချေသည်။

ဝူချင်းရှန်း၏အသံထဲတွင် အံ့ဩတုန်လှုပ်မှုများ ရောပြွမ်းနေလျက် ပြောလိုက်သည်။

"မင်း ဓားထုတ်တာကို စောစောက ငါမြင်လိုက်တယ်... လျှပ်စီးလက်သလို မြန်ဆန်လွန်းတယ်..."

"အခုကျတော့ မင်းက ဓားရှည်ကိုမသုံးဘဲ ဓားမြှောင်ကို သုံးမလို့လား..."

ချူချင်းက ပြုံးလိုက်ရင်း ပြောလိုက်သည်။

"မကြာသေးခင်ကပဲ သိပ်ကိုအစွမ်းထက်တဲ့ သိုင်းပညာတစ်ခုကို သင်ယူခဲ့ရတယ်...သခင်မလေးဝူက မင်းရဲ့အမြုတေစွမ်းအားက ဘယ်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်တယ်လို့ ပြောပေမဲ့... ကျုပ်ရဲ့ တစ်ချက်မလွဲတဲ့ ဓားမြှောင်ကိုရော တားဆီးနိုင်မလားဆိုတာ တကယ်သိချင်နေပြီ..."

ဝူချင်းရှန်းက ထိုစကားကို ကြားသောအခါ ကောင်းကင်သို့မော့ကြည့်ကာ အော်ဟစ်ရယ်မောလိုက်လေသည်။

"သိပ်ကိုအစွမ်းထက်တဲ့ သိုင်းပညာ ဟုတ်လား... တစ်ချက်မလွဲတဲ့ ဓား‌မြှောင်တဲ့လား..."

"ကောင်းပြီလေ... မင်းရဲ့ဓား‌မြှောင်ပိစိလေးက ဘယ်လိုမျိုး တစ်ချက်မလွဲဘဲ ပစ်မှတ်ကို ထိမှန်နိုင်မလဲဆိုတာ ကြည့်ချင်မိသား..."

ဝူချန်းဟွမ်မှာမူ သွားကျိန်းသလို ခံစားလိုက်ရပြီး ချူချင်းတစ်ယောက် မည်သည့်လှည့်ကွက်များ ဆင်နေသည်ကို နားမလည်နိုင်တော့ပေ။

ဤကဲ့သို့သော မိုးမခရွက်ပုံစံ ဓားမြှောင်မျိုးကို နေရာတိုင်းတွင် အလွယ်တကူရနိုင်ပြီး ဝူချင်းရှန်းကဲ့သို့သော သိုင်းဆရာတစ်ဦးကို ရင်ဆိုင်ရန် အသုံးပြုခြင်းမှာ ကလေးကစားစရာကဲ့သို့ ဖြစ်နေချေသည်။

သို့သော်လည်း သူမ နှုတ်ဆိတ်နေခဲ့၏။ သူ၏လုပ်ရပ်မှာ ကလေးကစားစရာကဲ့သို့ ဖြစ်နေသော်လည်း ဤလူသည် နက်နဲဆန်းကြယ်လွန်းလှသဖြင့် ဤဓားမြှောင်ထဲတွင် အခြားလျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်ပေသည်။

သို့မဟုတ် ပြင်းထန်သောအဆိပ်များ လူးထား၍ သွေးနှင့်ထိသည်နှင့် အသက်ပျောက်စေနိုင်သလော။

သို့မဟုတ်ပါက ဤဓားမြှောင်မှာ မျက်လှည့်ပြရုံသက်သက်သာ ဖြစ်ပြီး...

သူ၏အမြန်ဓားသိုင်းချက်ကို ဖုံးကွယ်ရန်အတွက် အာရုံလွှဲခြင်းသာ ဖြစ်ပေလိမ့်မည်။

သူမ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်နေစဉ်...

ယနေ့မြင်ကွင်းမှာ တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရလေသည်။

ထိုစဉ်က ရှင်းယိုဟန်သည်လည်း သူတို့ရှေ့တွင် ဤကဲ့သို့ပင် မတ်တတ်ရပ်နေခဲ့သည် မဟုတ်ပါလော။

အောင်နိုင်သူအလား ဝင့်ကြွားနေခဲ့သည် မဟုတ်ပါလော။

သို့သော် နောက်ဆုံးတွင်မူ ဤညဧကရာဇ်၏ ဓားချက်တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရလေသည်။

ဤအချက်ကို တွေးမိလိုက်သောအခါ သူမလည်း အသင့်ပြင်လိုက်တော့၏။ အမှန်တကယ်တွင် ချူချင်းနှင့်ပူးပေါင်း၍ ဝူချင်းရှန်းကို တိုက်ခိုက်မည်ဆိုပါက အနိုင်ရရှိရန် သေချာသလောက်ရှိနေပြီ ဖြစ်သည်။

ဝူချင်းရှန်းသည် ချူချင်းအကြောင်းကို အနည်းငယ်သာ သိရှိထားသည်။ သူသည် ချူချင်းက သံမြင်းဓားပြခုနစ်ယောက်ကို သတ်ခဲ့သည်ကိုသာ သိထားသည်။

ရှင်းယိုဟန်သည်လည်း ချူချင်း၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ကိုမူ မသိရှိချေ။

ထို့အပြင် အမုန်းမိစ္ဆာသိုင်းကို ကျင့်ကြံထားသော ထန်ရှီးနှင့် ရှန်ရှာဂိုဏ်း၏ ဂိုဏ်းချုပ်ချန်စစ်ဟိုင်တို့သည်လည်း ချူချင်း၏လက်အောက်တွင် ရှုံးနိမ့်ခဲ့ရသည်ကို မသိရှိပေ။

သို့မဟုတ်ပါက သူသည် ဤမျှအထိ မောက်မာရဲမည် မဟုတ်ချေ။

ထို့ကြောင့် ချူချင်းက ဆော့ကစားလိုနေမှတော့ ကစားပါစေဦးတော့။

တကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားခဲ့လျှင်ပင် သူမကိုယ်တိုင် ဝင်ရောက်ကူညီပေးနိုင်ပေသည်။ ဓားမြှောင်က အာရုံလွှဲရန် မလုံလောက်ပါက...

သူမကိုယ်တိုင် အာရုံလွှဲပေးမည် ဖြစ်သည်။

ချူချင်း ဓားထုတ်နိုင်ရန်အတွက် အခွင့်အရေးကို မရရအောင် ဖန်တီးပေးနိုင်ပေသည်။

စိတ်ထဲမှ အတွေးပေါင်းစုံမှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီးနောက် ချူချင်းက ဝူချင်းရှန်းကို မော့ကြည့်လိုက်သည်ကို မြင်လိုက်ရ၏။

ချူချင်းက ပြောလိုက်သည်။

"ဒါဆိုရင်... သေချာကြည့်ထားပေတော့..."

သူ၏ လက်ချောင်းငါးချောင်း လှုပ်ရှားသွားသည်နှင့် ဓားမြှောင်မှာ လွင့်ပျံသွားတော့၏။

ဝူချင်းရှန်းသည်လည်း အလုံးစုံ အသင့်ပြင်ထားပြီး ဖြစ်သည်။

သူသည် ရှင်းယိုဟန်နှင့် မတူညီပေ။ ရှင်းယိုဟန်၏မောက်မာမှုမှာ မွေးရာပါဖြစ်သော်လည်း ဝူချင်းရှန်းမှာမူ ပိုမိုသတိကြီးသူ ဖြစ်သည်။

ထို့ကြောင့် သူ၏နှုတ်မှ 'ကြည့်ချင်မိသား' ဟု ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ ချူချင်းကို မည်သည့်အခွင့်အရေးမျှ ပေးရန် ရည်ရွယ်ချက်မရှိချေ။

သူ၏ ကျောက်တိုင်ကျင့်စဉ်ကို အစွမ်းကုန် ထုတ်ဖော်ထားပြီးဖြစ်ရာ ဓားမြှောင်ရောက်ရှိလာသည်နှင့် အလွယ်တကူပင် ဖယ်ရှားပစ်ရန် စောင့်ဆိုင်းနေလိုက်သည်။

သို့သော်လည်း...

ထိုဓားမြှောင်မှာ သူ၏မြင်ကွင်းထဲမှ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

‘လွဲချော်သွားတာလား…’

‘သူ့ရဲ့ ဓားမြှောင်က…’

‘ဒီလောက်ပဲလား…’

ဝူချင်းရှန်းက လှောင်ရယ်လိုက်မိပြီး စကားပြောရန် ဟန်ပြင်လိုက်သော်လည်း...

သူ၏ပါးစပ်ကို ဖွင့်လိုက်သည့်အခါ လည်ချောင်းထဲမှ ထွက်ပေါ်လာသည်မှာ 'ဂတ်... ဂတ်...'ဟူသော အက်ကွဲသံများသာ ဖြစ်ချေသည်။

သူ၏အပြုံးများမှာ မျက်နှာပေါ်တွင် တောင့်တင်းသွားပြီး သူ၏လည်ပင်းကို စမ်းသပ်ရန် လက်ကိုလှမ်းလိုက်တော့၏။

မိမိလည်ပင်းသားကို မထိမိဘဲ ဓားတစ်လက်ကိုသာ စမ်းမိလိုက်လေသည်။

ဓားမြှောင်လေး ဖြစ်၏။

သူ၏ရယ်မောသံအားလုံးမှာ တုန်လှုပ်ခြောက်ခြားမှုများအဖြစ်သို့ ပြောင်းလဲသွားရတော့သည်။

‘ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…’

‘ကျောက်တိုင်ကျင့်စဉ်ရဲ့အတွင်းအားတွေက ခန္ဓာကိုယ်တစ်ခုလုံးကို အမြဲကာကွယ်ထားတာလေ... ဒီဓားက ဘယ်လိုလုပ်ပြီး ငါ့ရဲ့အတွင်းအားတွေကို ဖောက်ထွက်ပြီး လည်ပင်းပေါ်ကို ရောက်လာရတာလဲ…’

သံသယများစွာ ရှိနေသော်လည်း...

မည်သူမျှ အဖြေမပေးနိုင်တော့ပေ။

သူ၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်ဝိညာဉ် ချုပ်ငြိမ်းသွားသည့်တိုင်အောင် သူနားမလည်နိုင်ခဲ့ပေ။

သူသည် ဤဓားမြှောင်ချက်ကို မည်သို့ ထိမှန်သွားခဲ့ရသနည်း...

ဝူချန်းဟွမ်သည်လည်း ထို့အတူပင် နားမလည်နိုင် ဖြစ်နေရချေသည်။

သူမသည် ချူချင်းတိုက်ခိုက်လိုက်သည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီး ထိုဓားမြှောင်မှာ ဝူချင်းရှန်း၏လည်ပင်းဆီသို့ မယုံနိုင်လောက်အောင် ရုတ်ချည်းရောက်ရှိသွားသည်ကို ကြည့်နေခဲ့မိသည်။

ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော်လည်း မည်သို့ပစ်ပေါက်လိုက်သည်ကိုမူ စဉ်းစား၍မရနိုင်ပေ။

သူမသည် မသိစိတ်ဖြင့် မိမိ၏လည်ပင်းကို ပြန်လည်စမ်းသပ်နေမိစဉ် ချူချင်း၏အသံမှာ နားထဲသို့ ပျံ့လွင့်ဝင်ရောက်လာခဲ့သည်။

"ကျုပ်သတ်လိုက်တာက သူ့ကိုလေ... မင်းကို မဟုတ်ဘူး... မင်းက ဘာလို့ လည်ပင်းကို လိုက်စမ်းနေတာလဲ..."

"လောလောဆယ်အထိတော့ မင်းအသက်ကို နှုတ်ဖို့ ဘယ်သူမှမငှားသေးဘူး..."

ဝူချန်းဟွမ်သည် အကြောင်းပြချက်မရှိဘဲ မေးခွန်းတစ်ခုကို မေးမြန်းလိုက်မိသည်။

"တကယ်လို့... တစ်ယောက်ယောက်က ကျွန်မကို သတ်ဖို့ငှားလာခဲ့ရင် ရှင် ကျွန်မကို သတ်မှာလား..."

ချူချင်းက ရှေ့သို့လှမ်းလျှောက်သွားပြီး ဝူချင်းရှန်း၏လည်ပင်းမှ ဓားမြှောင်ကို ဆွဲနှုတ်လိုက်လေသည်။

ထိုစကားကိုကြားသောအခါ သူက အံ့အားသင့်စွာဖြင့် ဝူချန်းဟွမ်ကို လှည့်ကြည့်လိုက်၏။

သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"မင်းနဲ့က သူငယ်ချင်းတွေ မဟုတ်ကြပေမဲ့... မင်းက ကျုပ်ဖောက်သည်ဟောင်းတစ်ယောက်ပဲလေ..."

ဝူချန်းဟွမ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ချူချင်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"အဲဒါကြောင့်..."

ချူချင်းက ပြုံးစိစိဖြင့် ပြောလိုက်သည်။

"ပိုက်ဆံ ပိုပေးရလိမ့်မယ်..."

ဝူချန်းဟွမ်၏နဖူးပေါ်တွင် အကြောများ ထောင်တက်သွားပြီးနောက် ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်မ ရှင်နဲ့ ကတိတစ်ခုထားချင်တယ်... ဘယ်လိုလဲ..."

ချူချင်းက ဝူချင်းရှန်း၏အလောင်းကို ရှာဖွေနေရင်းနှင့်ပင် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"အို... ဘာကတိလဲ... ပြောပြပါဦး..."

ဝူချန်းဟွမ်က ရှေ့သို့ တစ်လှမ်းတိုးကာ ချူချင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"တကယ်လို့ တစ်ယောက်ယောက်က ရှင့်ဆီမှာ ကျွန်မအသက်ကို လာဝယ်ရင်... သူ ဘယ်လောက်ပဲ ပေးပေး… ကျွန်မက အဲဒီပမာဏထက် နှစ်ဆပိုပေးမယ်... ပြီးရင် ရှင်က အဲဒီလူကို ပြန်သတ်ပေးရမယ်..."

ချူချင်းမှာ ဆွံ့အသွားရ၏။ ဤမိန်းကလေးသည် သူမကိုသတ်မည်ကို စိုးရိမ်နေသလော။

သို့သော် သေချာစဉ်းစားကြည့်လျှင် ဤအရာမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူမသည် သူ၏သရုပ်မှန်ကို မသိရှိသောကြောင့် ဖြစ်သည်။

ဤအချက်ကိုတွေးမိပြီးနောက် သူက ခေါင်းယမ်းလိုက်လေသည်။

ချူချင်းက ပြောလိုက်သည်။

"ကောင်းပါပြီ... သခင်မလေးဝူရဲ့ ကတိက ရွှေထက်တန်ဖိုးရှိတာမို့ ကျုပ် သေချာပေါက် တည်ပါ့မယ်..."

"ဒါပေမဲ့ တစ်နေ့ကျရင် တကယ်တမ်း အဲဒီလိုလူ မရှိဘဲနဲ့... ကျုပ်က မင်းဆီကို ပိုက်ဆံလာတောင်းမှာကိုရော မစိုးရိမ်ဘူးလား..."

"မင်းလည်း သိတဲ့အတိုင်း ကျုပ်က ပိုက်ဆံအရမ်းမက်တာလေ..."

ဝူချန်းဟွမ်က ရှေ့သို့ နောက်ထပ်တစ်လှမ်း တိုးလိုက်ပြီး ချူချင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ရတာပေါ့... လာတောင်းလေ... ရှင် ဘယ်လောက်လိုချင်လို့လဲ..."

ချူချင်းမှာ သူမ၏အကြည့်များကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပြီး ခေါင်းကိုကုတ်ကာ ပြောလိုက်သည်။

"လူကြီးလူကောင်းတစ်ယောက်ဆိုတာ ပိုက်ဆံကို မြတ်နိုးပေမဲ့... သင့်တော်တဲ့ နည်းလမ်းနဲ့ပဲ ရယူရတာပေါ့..."

ဝူချန်းဟွမ်က ဘာမှမပြောဘဲ တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား မေးလိုက်သည်။

"ရှင်က တကယ်ပဲ ပိုက်ဆံကို အသက်ထက် ပိုချစ်တာလား..."

ချူချင်းက ပြန်လည်ဖြေဆိုလိုက်သည်။

"ဒါက လိမ်စရာလိုလို့လား..."

ချူချင်းသည် ထိုအချိန်တွင် ဝူချင်းရှန်း၏ အတွင်းအိတ်ထဲမှ ငွေအိတ်တစ်အိတ်ကို ရှာဖွေတွေ့ရှိသွားပြီး မဆိုင်းမတွပင် ဖွင့်လှစ်ကာ အတွင်းရှိ ရွှေငွေများကို ထုတ်ယူ၍ သူ၏အတွင်းအိတ်ထဲသို့ အားမနာတမ်း ထည့်သွင်းလိုက်လေသည်။

သို့သော်လည်း...

သံမြင်းဓားပြခုနစ်ယောက်ကို သတ်စဉ်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ စည်းစိမ်အားလုံးကို တောင်းယူမည်ဟု ပြောခဲ့သည် မဟုတ်ပါလော။

သို့သော် ယခုအချိန်အထိ သူသည် တစ်ပြားတစ်ချပ်မျှပင် ယူဆောင်ခြင်း မရှိခဲ့ချေ။

ဝူချန်းဟွမ်သည် ချူချင်းကိုကြည့်ရင်း စိတ်ရှုပ်ထွေးနေမိသည်။

သူမသည် ဤလူအပေါ် သံသယဝင်လာကတည်းက စုံစမ်းထောက်လှမ်းမှုများကို စတင်ပြုလုပ်ခဲ့သည်။

ဤလူသည် လူသတ်သမားတစ်ဦး ဖြစ်သဖြင့် သံမြင်းဓားပြခုနစ်ယောက်ကို သတ်ဖြတ်ခြင်းမှာ မတရားမှုကို မခံမရပ်နိုင်ဖြစ်၍ ကူညီပေးခဲ့ခြင်း မဟုတ်သည်မှာ သေချာလှပေသည်။

ထျန်းဝူမြို့၏အရှိန်အဝါနှင့် အင်အားကို အသုံးပြု၍ ထိုလက်ဖက်ရည်ဆိုင်အကြောင်းကို စုံစမ်းရန်မှာ မခက်ခဲလှပေ။

လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည်လည်း ဤကိစ္စကို ဖုံးကွယ်ထားခြင်း မရှိခဲ့ချေ။

သူသည် အခြားသူများကို 'ညဧကရာဇ်' အကြောင်းကိုပင် ဦးစွာပြောပြလေ့ရှိပြီး သူသည် သိုင်းလောက၏ သူရဲကောင်းတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောဆိုတတ်သေးသည်။

သူသည် အဘယ်ကြောင့် လူသတ်သမားတစ်ဦးအဖြစ် ဟန်ဆောင်နေသည်ကို မသိရသော်လည်း ကိစ္စပြီးဆုံးသွားသည့်အခါ တစ်ပြားတစ်ချပ်မျှ ယူဆောင်ခြင်း မရှိခဲ့ပေ။

ထိုအကြောင်းကို ပြောမိတိုင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာ မျက်ရည်လည်ရွှဲဖြင့် ကျေးဇူးတင်မဆုံး ဖြစ်နေရရှာသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဤလူသည် အပြင်ပန်းတွင် ပိုက်ဆံကို အသက်ထက်မက ချစ်မြတ်နိုးဟန်ဆောင်နေသော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ကြောင်း ထင်ရှားလှပေသည်။

သူသည် မိမိကိုယ်ကိုယ် ဟန်ဆောင်မှုများဖြင့် ဖုံးကွယ်ထားခြင်းသာ ဖြစ်သည်။

ဝူချန်းဟွမ်သည် ဤအချက်ကို သိရှိသော်လည်း ဖွင့်ဟပြောဆိုခြင်း မရှိခဲ့ပေ။

...

...

ချူချင်းတစ်ယောက် ဝူချင်းရှန်း၏ခန္ဓာကိုယ်ပေါ်မှ ပစ္စည်းများကို ရှာဖွေရန် အလုပ်ရှုပ်နေစဉ် ထျန်းဝူမြို့၏ မြေအောက်အချုပ်ခန်းအတွင်းတွင်မူ…

မျက်နှာတစ်ခုလုံး ဖူးယောင်ညိုမည်းနေပြီး အချုပ်ခန်းထဲတွင် ကွေးကွေးလေး အိပ်ပျော်နေသော လျိုတာ့ဖုသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်လေသည်။

သူသည် ထထိုင်လိုက်ပြီး အပြင်ဘက်မှ အသံများကို အာရုံစိုက်၍ နားစွင့်လိုက်ရင်း ရေရွတ်လိုက်သည်။

"ရောက်လာပြီပဲ..."

မျက်နှာပေါ်တွင် ဓားဒဏ်ရာအမာရွတ်ရှိသော လူကြမ်းကြီးသည် လျိုတာ့ဖု၏စကားသံကို ကြားလိုက်ရသောအခါ ဒေါသတကြီးဖြင့် ရှေ့သို့တိုးလာပြီး သူ၏ခေါင်းကို ခြေထောက်ဖြင့် ကန်လိုက်ရင်း အော်ဟစ်လိုက်သည်။

"ဘာက ရောက်လာတာလဲ..."

သို့သော်လည်း ယခင်က အနိုင်ကျင့်သမျှ ငြိမ်ခံနေခဲ့သောလျိုတာ့ဖုသည် လက်တစ်ဖက်ကို ရုတ်တရက်မြှောက်လိုက်ပြီး ထိုလူ၏ခြေကျင်းဝတ်ကို ဖမ်းဆုပ်လိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

လျိုတာ့ဖုက ခပ်ဖွဖွရယ်မောလိုက်စဉ် သူ၏လက်ချောင်းငါးချောင်းကြားမှ သွေးနီရောင်အလင်းတန်းများ ဖြာထွက်လာခဲ့တော့၏။

All Chapters