အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀) - သွေးမိစ္ဆာမူလပြန်ကျင့်စဉ်
အမာရွတ်နှင့်လူကြမ်းကြီး၏နှလုံးသားထဲတွင် အဆုံးစွန်သော ကြောက်ရွံ့ထိတ်လန့်မှုများ စိမ့်ဝင်လာချေသည်။
တစ်ဖက်လူ၏လက်ဝါးဆီသို့ တစ်စုံတစ်ခု စီးဆင်းသွားသကဲ့သို့ သူခံစားလိုက်ရ၏။
သူသည် အော်ဟစ်ညည်းတွားသံပင် မပြုနိုင်လိုက်ဘဲ တစ်ခဏအတွင်းမှာတင် တစ်ကိုယ်လုံး ခြောက်ကပ်သွားပြီး အလောင်းခြောက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ထိုအချိန်တွင် လျိုတာ့ဖု၏မျက်နှာပေါ်ရှိ ဒဏ်ရာများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြန်လည်သက်သာလာချေသည်။
ထောင်ခန်းအတွင်းရှိ ကျန်ရှိနေသော လူအနည်းငယ်မှာ ဤလှုပ်ရှားမှုကြောင့် လန့်နိုးလာကြပြီး အမာရွတ်နှင့်လူကြမ်းကြီး၏ အဖြစ်ဆိုးကို ကြည့်ကာ မျက်နှာများ ဖြူလျော်သွားကြတော့သည်။
လျိုတာ့ဖုကမူ သူတို့ကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်ရင်း ပြောလိုက်သည်။
"မိတ်ဆွေတို့... အချိန်တန်ပြီမို့ လမ်းထွက်ရအောင်..."
အချုပ်ခန်းအတွင်းမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် ခဏအကြာတွင် လျိုတာ့ဖုက အချုပ်တံခါးကို ဖွင့်ကာ ထွက်လာခဲ့လေသည်။
ထောင်ခန်းထဲတွင်မူ ခြောက်ကပ်နေသော အလောင်းများစွာ ဖရိုဖရဲ လဲလျောင်းကျန်ရစ်ခဲ့ချေပြီ။
လျိုတာ့ဖုက သူ၏ပါးပြင်ကို ပွတ်သပ်လိုက်ရာ မူလက အနည်းငယ် ဖောင်းအိနေသော မျက်နှာမှာ ရုတ်တရက်ချိုင့်ဝင်သွား၏။
သူက ဟိုဟိုဒီဒီ ပွတ်သပ်လိုက်ရာ ဝတုတ်တုတ် အလတ်တန်းစား အမျိုးသားတစ်ဦးမှာ မျက်တောင်တစ်ခတ်အတွင်း အသက်သုံးဆယ်ကျော်အရွယ် မျက်နှာဖြူလျော်ပြီး ပိန်လှီသော အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။
မူလက ဝတ်ဆင်ထားသော အဝတ်အစားများမှာ သူ၏ကိုယ်ပေါ်တွင် ပွပွကြီး ဖြစ်နေတော့သည်။
သူက အင်္ကျီလက်ကို ပင့်တင်လိုက်ရင်း ပြောလိုက်သည်။
"ဝတ်လို့မရတာတော့ မဟုတ်ပါဘူး..."
ထို့နောက် ဤမြေအောက်အချုပ်ခန်းကို လှည့်ပတ်ကြည့်ရှုကာ ခပ်ဖွဖွပြုံးရင်း အချုပ်ခန်းတစ်ခု၏ ရှေ့သို့လျှောက်လှမ်းသွား၏။
တံခါးပေါ်ရှိ သံကြိုးများနှင့် သော့ခလောက်များကို ကြည့်လိုက်သည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရုံမျှဖြင့် မာကျောသော သံထည်များမှာ ရွှံ့ညွှန်ကဲ့သို့ ပျော့ပြောင်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း ကြေမွပျက်စီးသွားတော့သည်။
တံခါးပွင့်သွားသော်လည်း အတွင်းရှိ အကျဉ်းသားများမှာ ဝမ်းသာအားရ မဖြစ်ကြချေ။
လျိုတာ့ဖုက ထောင်ခန်းထဲတွင် မည်သို့ပြုလုပ်ခဲ့သည်ကို သူတို့အားလုံး အတိုင်းသား မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။
ထို့ကြောင့် မည်သူမျှ မလှုပ်ရဲပေ။
လျိုတာ့ဖုကလည်း ဂရုမစိုက်ဘဲ အချုပ်ခန်းတစ်ခုပြီးတစ်ခု ဖြတ်သန်းသွားကာ တံခါးအားလုံးကို ဖွင့်ပေးလိုက်လေသည်။
လျိုတာ့ဖု၏လုပ်ရပ်ကို မသိရှိကြသော အကျဉ်းသားအချို့မှာ တံခါးပွင့်သွားသည်ကို မြင်သည်နှင့် ဝမ်းသာအားရ ရုန်းထွက်လာကြတော့သည်။
တစ်ဦးက စတင်လိုက်သည်နှင့် ကျန်လူများကလည်း လိုက်ပါလာကြရာ တစ်ခဏအတွင်းမှာပင် မြေအောက်အချုပ်ခန်းတစ်ခုလုံး ရွှင်မြူးသံများဖြင့် ဆူညံသွားချေသည်။
ထို့နောက် ထိုလူအုပ်ကြီးမှာ အုပ်စုလိုက် မြေအောက်အချုပ်ခန်းမှ ပြင်ပသို့ တိုးဝှေ့ပြေးထွက်သွားကြတော့သည်။
လျိုတာ့ဖုကမူ အေးအေးလူလူပင် မြေအောက်အချုပ်ခန်း၏ အတွင်းပိုင်းဆီသို့ လျှောက်လှမ်းသွားလေသည်။
အချုပ်ခန်းတစ်ခုပြီးတစ်ခုကို ကျော်ဖြတ်ပြီးနောက် သူသည် အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့၏။
မျက်နှာဖြူလျော်နေသော ထန်ယင်ဖုန်းသည် လက်ခြေများတွင် သံခြေကျင်း၊ လက်ထိပ်များ ခတ်နှိပ်ခံထားရပြီး အချုပ်ခန်းအလယ်တွင် ထိုင်နေချေသည်။
သူက လျိုတာ့ဖုကို မော့ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
"မင်း ဒီထက် စောစောလာလိမ့်မယ်လို့ ငါ ထင်ထားတာ..."
"ဇာတ်လမ်းတွေထဲမှာ ပြောလေ့ရှိတယ်လေ... ဇာတ်လိုက်က အမြဲတမ်း နောက်ကျမှ ရောက်လာတတ်တာမို့လို့ ပိုပြီး ထူးခြားသွားတာပေါ့..."
လျိုတာ့ဖုက လက်လှမ်း၍ တံခါးမှသံကြိုးကို ဆွဲဖြတ်ကာ တွန်းဖွင့်၍ ဝင်သွားရင်း ပြောလိုက်သည်။
"ဒါပေမဲ့ အပြင်ဘက်မှာ ပြဿနာတတ်နေတယ်..."
"ဘာပြဿနာလဲ..."
ထန်ယင်ဖုန်းက မျက်ခုံးကို အနည်းငယ် တွန့်လိုက်၏။
"ရှန်ရှာဂိုဏ်းက အသုံးမကျတဲ့ အကောင်တွေ အကွက်ပေါ်သွားပြီး တစ်ဖွဲ့လုံး အဖမ်းခံလိုက်ရပြီ..."
"မင်းက ဝူကန်ချီနဲ့ ပူးပေါင်းပြီး ဝမ်ယဲ့တောင်ကြားကို ထျန်းဝူမြို့ထဲ ဆွဲသွင်းခဲ့တာက သူတို့နဲ့ ရှန်ရှာဂိုဏ်းကို အတွင်းအပြင်ညှပ်တိုက်ခိုင်းဖို့ မဟုတ်လား..."
"ထျန်းဝူမြို့ကို တစ်ချက်တည်းနဲ့ သိမ်းပိုက်ဖို့လေ..."
"ဒါပေမဲ့ အခုတော့ မင်းရဲ့အစီအစဉ်တွေ အကုန်လုံး ပျက်စီးသွားပြီ..."
လျိုတာ့ဖု၏လေသံမှာ အေးဆေးတည်ငြိမ်နေပြီး သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အရိပ်အယောင်များပင် စွန်းထင်းနေချေသည်။
ထန်ယင်ဖုန်းက မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်ရင်း ပြောလိုက်သည်။
"အသုံးမကျတဲ့ အကောင်တွေကတော့ အသုံးမကျတာပါပဲ... ဒီလို အခြေအနေမျိုးမှာတောင် ဒီလောက်အထိ အရှုံးကြီး ရှုံးရတယ်လို့..."
"ငါ့ရဲ့သံခြေကျင်းတွေကို ဖြုတ်ပေးဦး... ငါတို့ သွားရတော့မယ်..."
လျိုတာ့ဖုကမူ မလှုပ်မယှက်ဘဲ ထန်ယင်ဖုန်းကို ပြုံးစိစိဖြင့်သာ ကြည့်နေ၏။
ထန်ယင်ဖုန်း၏မျက်လုံးများက ဖြည်းညင်းစွာ ပြောင်းလဲသွားပြီး မေးလိုက်သည်။
"မင်း အထက်လူကြီးရဲ့အမိန့်ကို ဖီဆန်ချင်တာလား..."
လျိုတာ့ဖုက ခေါင်းခါပြလိုက်ရင်း ပြောလိုက်သည်။
"အထက်က အမိန့်ကို ဖီဆန်လို့ မရပါဘူး... ဒါပေမဲ့ ဒီလို သေးငယ်တဲ့နယ်မြေလေးအတွက် ငါတို့ ပေးဆပ်ခဲ့ရတဲ့တန်ဖိုးက များလွန်းတယ်..."
"ချင်းယဲ့ဓားအပြင် သုံးနှစ်ဆိုတဲ့ အချိန်တွေကိုပါ ပေးဆပ်ခဲ့ရတာ..."
"နောက်ဆုံးတော့ ဒီနေရာကနေ အရှက်တကွဲ ထွက်ပြေးပြီး ဂိုဏ်းချုပ်ဆီ ပြန်သွားရမှာလား..."
"ငါတို့ကို ဘာတွေ စောင့်ကြိုနေမလဲဆိုတာ မင်း စဉ်းစားမိရဲ့လား..."
ထန်ယင်ဖုန်း၏မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ပြောလိုက်သည်။
"ဒါပေမဲ့ အခြေအနေတွေ ဒီလိုဖြစ်လာတာက ငါတို့ အလိုဆန္ဒကြောင့် မဟုတ်ဘူးဆိုတာ မင်း သိသင့်ပါတယ်..."
"ငါ ထျန်းဝူမြို့မှာ သုံးနှစ်လုံးလုံး အချိန်ဖြုန်းခဲ့တာက ဒီတိုက်ပွဲဟာ ငါတို့နဲ့ လုံးဝ မသက်ဆိုင်သလို ဖြစ်အောင် ဟန်ဆောင်ချင်လို့ပဲ..."
"မင်းသာ စိတ်လိုက်မာန်ပါ လှုပ်ရှားပြီး ဂိုဏ်းချုပ်ရဲ့အစီအစဉ်ကြီးကို ဖျက်ဆီးလိုက်ရင်... ဒီနေ့ မင်း အသက်ရှင်နိုင်ရင်တောင် ဂိုဏ်းချုပ်က အပြစ်ပေးတဲ့အခါ မင်း ဘယ်လို ခံနိုင်ရည်ရှိမှာလဲ..."
"ဝူကန်ချီလို လူတွေက ရွှံ့ရုပ်တွေ သဲအိမ်တွေလိုပါပဲ..."
လျိုတာ့ဖုက အေးစက်စွာ ပြောလိုက်သည်။
"အမှန်အတိုင်း ပြောရရင် အစကတည်းက မင်းရဲ့အစီအစဉ်ကို ငါသဘောမတူခဲ့ဘူး..."
"ထျန်းဝူမြို့ပဲဖြစ်ဖြစ်... ရှန်ရှာဂိုဏ်းပဲဖြစ်ဖြစ်... ဝမ်ယဲ့တောင်ကြားပဲဖြစ်ဖြစ်... ငါတို့သာ တိုက်ရိုက်တိုက်ခဲ့ရင် သူတို့ ဘာတတ်နိုင်မှာလဲ..."
"ရှေးဟောင်း နတ်ဘုရားတွေ ကိုယ်တိုင် ဆင်းသက်လာတာမှ မဟုတ်တာ... သာမန် ပုရွက်ဆိတ်တွေက ကောင်းကင်ကို ဆန့်ကျင်ချင်နေကြတာလား..."
"မင်းက အရာအားလုံးကို အလွယ်တကူ ချေမှုန်းနိုင်ပါလျက်နဲ့ လှည့်ကွက်တွေကိုပဲ သုံးချင်နေလို့ အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာ... တကယ်ကို ရယ်စရာပဲ..."
"ချူယန်... မင်း တော်တော် ရိုင်းစိုင်းတာပဲ..."
ထန်ယင်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ရေအောက်မှာ ပုန်းကွယ်နေဖို့က ဂိုဏ်းချုပ်ကိုယ်တိုင် ညွှန်ကြားထားတာ... မင်းက ဂိုဏ်းချုပ်ရဲ့အမိန့်ကို သံသယဝင်နေတာလား..."
"မင်း... မင်း ဂိုဏ်းကို သစ္စာဖောက်ဝံ့တယ်ပေါ့..."
ချူယန်က ခေါင်းခါပြလိုက်ရင်း ပြောလိုက်သည်။
"ဒီလို စွပ်စွဲတာကြီးကိုတော့ ငါ လက်မခံနိုင်ဘူး... ဒါပေမဲ့ မင်းရဲ့နည်းလမ်းက အလုပ်မဖြစ်ဘူးဆိုတာ သက်သေပြလိုက်ပြီမို့ ငါ့နည်းလမ်းကို စမ်းကြည့်ဖို့ အလှည့်ရောက်ပြီ..."
"မင်းလို အားနည်းတဲ့သူက ဘာနည်းလမ်း ရှိလို့လဲ..."
ထန်ယင်ဖုန်း၏မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပျက်ယွင်းသွားပြီး မေးလိုက်သည်။
"မင်း ဘာလုပ်မလို့လဲ..."
"ဘာလုပ်မလို့လဲ ဟုတ်လား..."
ချူယန်က ထန်ယင်ဖုန်း၏ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။
"ငါတို့ဂိုဏ်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပြီး... ဂိုဏ်းရဲ့ တရားဒေသနာတွေကို ပြန့်ပွားစေမယ်... အရပ်မျက်နှာ အားလုံးကို ဒူးထောက် အညံ့ခံခိုင်းရမယ်..."
ထိုသို့ ပြောဆိုပြီးနောက် သူက လက်ကို ဆန့်ထုတ်ကာ ထန်ယင်ဖုန်း၏ဦးခေါင်းဆီသို့ ဦးတည်လိုက်လေသည်။
ထန်ယင်ဖုန်း၏မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားပြီး ပြောလိုက်သည်။
"မင်း ငါ့အပေါ်ကို သွေးမိစ္ဆာမူလပြန်ကျင့်စဉ် သုံးမလို့လား..."
"ပြန်လည်မွေးဖွားခြင်းဆေးလုံးက အရမ်းတန်ဖိုးကြီးလွန်းတယ်... မင်းအတွက် သုံးရတာက တကယ်ကို ဖြုန်းတီးရာကျတယ်..."
ချူယန်က ပြုံးလျက် ပြောလိုက်သည်။
"အဲဒီလို ဖြစ်မဲ့အစား မင်း ငါ့ကို ကူညီပေးတာက ပိုကောင်းပါတယ်..."
စကားဆုံးသည်နှင့် သူ၏လက်ဝါးမှာ ထန်ယင်ဖုန်း၏ဦးခေါင်းထက်သို့ ကျရောက်သွားတော့သည်။
ထန်ယင်ဖုန်း၏ပါးစပ်မှ စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာချေသည်။
သူသည် အမာရွတ်နှင့်လူကြမ်းကြီးကဲ့သို့သော သာမန်လူများနှင့် မတူသဖြင့် မျက်တောင်တစ်ခတ်အတွင်း အလောင်းခြောက် ဖြစ်မသွားပေ။
သို့သော် သွေးစွမ်းအားများမှာ ချူယန်၏လက်ဝါးဆီသို့ တရိပ်ရိပ် စီးဝင်သွားသည်ကို မြင်တွေ့ရ၏။
ချူယန်၏မျက်နှာပေါ်တွင် ကြည်နူးဖွယ်ကောင်းသော အမူအရာတစ်ခု ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ ပိုမို ပြင်းထန်လာချေသည်။
ထန်ယင်ဖုန်း၏ ခန္ဓာကိုယ်မှာမူ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပိန်လှီခြောက်ကပ်သွားပြီး လက်ဖက်ရည်တစ်ခွက်စာအချိန်ခန့် ကုန်ဆုံးသွားသောအခါတွင်မူ သူသည် ဖြူလျော်သော လူရေခွံတစ်ခုမျှသာ ကျန်ရှိတော့သည်။
ထိုအခါမှသာ ချူယန်က သူ၏လက်ဝါးကို ပြန်လည်ရုပ်သိမ်းလိုက်၏။
သူက စိတ်ကျေနပ်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်သည်။
"အင်း ဒီလိုမှပေါ့"
...
...
ချူချင်းနှင့် ဝူချန်းဟွမ်တို့ မြို့တော်ဝန်အိမ်တော်သို့ ရောက်ရှိလာကြလေသည်။
မြင်ကွင်းတစ်ခုလုံးမှာ ပျက်စီးယိုယွင်းမှုများဖြင့် ပြည့်နှက်နေချေပြီ။
ထျန်းဝူမြို့၏ မြေအောက်အချုပ်ခန်းမှာ မြို့တော်ဝန်အိမ်တော်၏ အောက်ခြေတွင် တည်ရှိသည်။
သို့မဟုတ်ပါက ဤမိစ္ဆာကောင်များကို နှိမ်နင်းရန် မလွယ်ကူပေ။
သူတို့ မြေအောက်အချုပ်ခန်းမှ ထွက်ပြေးလာကြပြီးနောက် လော့ယွီခန်းမဆောင်မှ ဖောက်ထွက်လာသော ဝမ်ယဲ့တောင်ကြား၏ ထိပ်တန်းပညာရှင်များနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ကြသည်။
ထိုလူစုမှာ ဝူချန်းဟွမ်က ချင်းယဲ့ဓားကို ချူချင်းအား ပေးအပ်ခဲ့သည်ကို မသိရှိကြချေ။
ထို့ကြောင့် သူတို့၏ပန်းတိုင်မှာ မြို့တော်ဝန်အိမ်တော်၏ ရတနာတိုက်ခန်း ဖြစ်နေသည်။
သို့သော် သူတို့က လမ်းကြောင်းအသွယ်သွယ်မှ မြို့တော်ဝန်အိမ်တော်သို့ ရောက်ရှိလာသောအခါ မြေအောက်အချုပ်ခန်းမှ ထွက်ပြေးလာသော အကျဉ်းသားများနှင့် တိုက်တိုက်ဆိုင်ဆိုင် ပူးပေါင်းမိသွားကြတော့သည်။
ဝမ်ယဲ့တောင်ကြားမှ လူများက ချင်းယဲ့ဓားကို လိုချင်ကြပြီး အကျဉ်းသားများကမူ ငွေကြေးကို လိုချင်ကြသဖြင့် အချင်းချင်း ပဋိပက္ခမရှိကြဘဲ ဤရုန်းရင်းဆန်ခတ်မှုကို ပိုမိုကြီးထွားအောင် ပြုလုပ်ရန်သာ ဆန္ဒရှိကြချေသည်။
သို့သော် သူတို့သည် ရတနာတိုက်ခန်းအတွင်းသို့ မဝင်ရောက်နိုင်ဘဲ တံခါးဝတွင်သာ ရပ်တန့်သွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ဝတ်စုံဖြူဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ချူမိသားစုဝင်များနှင့် ထျန်းဝူအစောင့်တပ်များကို ဦးဆောင်ကာ ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့်တည်း။
နှစ်ဖက်လူစုမှာ ဆုံတွေ့သည်နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြသည်။
ယခုအခါတွင်မူ မြေပြင်တစ်ခုလုံး၌ အလောင်းများ ဖရိုဖရဲလဲလျောင်းနေပြီး သွေးချောင်းစီးနေချေပြီ။