← Chapters

အခန်း ၃၁

Vol. 3 Ch. 31

အခန်း ၃၁

Vol. 3 Ch. 31

အခန်း (၃၁)

ရှန်ယို့ယောင်သည် ဖုန်းကြည့်ရင်း ရင်ခုန်နေမိသည်။ ယောကျ်ားလေး တစ်ယောက်က ပထမဆုံးအကြိမ် ချစ်ခွင့်ပန်ခြင်း ဖြစ်သည်။ ဟန်ဆောင်နေမှန်း သိသော်လည်း ရင်မခုန်ဘဲ မနေနိုင်။

"ကားတိုက်မှု ဖြစ်ပြီး သတိရလာတော့ အဘိုးဆုံးပြီ ဆိုတဲ့ သတင်း ကြားလိုက်ရတယ်။ ခြေထောက်တွေလည်း မလှုပ်နိုင်တော့ဘူး။ အမေကလည်း ဖျားနေတယ်။ အွန်လိုင်းမှာလည်း ဝိုင်းဆဲနေကြတယ်"

တုဇယ်ချန်း ဝမ်းနည်းစွာ ပြောလိုက်သည်။

"အဲဒီတုန်းက တကယ် သေချင်သွားတာ"

[သခင်လေး... အားမွေးပါ]

[ကြားရတာ သနားလိုက်တာ]

[ဟုတ်တယ်... အဲဒီတုန်းက ဘယ်သူမှ သူ့ဘက်က မပါကြဘူး။ ရှန်ယို့ယောင်ပဲ ရှိတာ။ ဒါကြောင့် သူက ရှန်ယို့ယောင်ကို တကယ် ချစ်တာ ဖြစ်မယ်]

...

"အခုတော့ ကျော်ဖြတ်နိုင်သွားပြီ ပေါ့"

အစ်မလဲ့က ချီးကျူးလိုက်သည်။

"ဟုတ်ကဲ့... သူ့ကျေးဇူးကြောင့်ပါ"

တုဇယ်ချန်း မျက်လုံးများ နူးညံ့သွားသည်။

"သူက ကျွန်တော့်ဘေးမှာ အမြဲ ရှိနေပေးတယ်။ ကျွန်တော့်ကို အကျပ်အတည်းထဲကနေ အတင်း ဆွဲထုတ်ပေးတယ်။ ကျွန်တော့်ကို ကမ္ဘာလောကကြီး ကျယ်ပြန့်ကြောင်း မြင်အောင် လုပ်ပေးခဲ့တယ်"

"ဟုတ်လား... သူက အတင်းလုပ်တယ် ဆိုတော့... ဘယ်လို လုပ်တာလဲ"

"အင်း... အတင်း လုပ်တာ။ ကျွန်တော် စိတ်ဓာတ်ကျနေတုန်း ဘာပြောပြော နားမထောင်တော့ သူ ဒေါသထွက်သွားတာ"

တုဇယ်ချန်းက ကြောက်လန့်တကြား ပုံစံ လုပ်ပြလိုက်သည်။

"ခင်ဗျားတို့ မသိပါဘူး... ကြောက်စရာ ကောင်းလိုက်တာ။ သူ စိတ်ဆိုးတာ အဲဒီတစ်ခါပဲ မြင်ဖူးတယ်။ နောက်တစ်ခါ ထပ်ပြီး စိတ်ဆိုးအောင် လုပ်ရဲတော့မယ် မထင်ဘူး"

အစ်မလဲ့က ရယ်မောလိုက်သည်။

“အစွန်းနှစ်ဖက် ရှိနေတဲ့ ကောင်မလေးပဲ"

တုဇယ်ချန်းလည်း ရယ်လိုက်သည်။

"ဟုတ်တယ်... ရတနာသိုက် လိုပဲ။ အတူနေလေ... ပိုချစ်လာလေပဲ"

"တော်ပါတော့... ဒါ အစီအစဉ် ရိုက်နေတာနော်... လူတွေကို သတ်မလို့လား"

[ချစ်ဖို့ ကောင်းလိုက်တာ]

[ဘယ်လို လုပ်လိုက်တာလဲ သိချင်တယ်... ရိုက်နှက်ပြီး ဆုံးမလိုက်တာလား]

[မဖြစ်နိုင်ပါဘူး... လူမမာကို ရိုက်ရင် လူသတ်မှု ဖြစ်သွားမှာပေါ့]

[သေချာတာကတော့ သူတို့ တကယ် ချစ်ကြတာပဲ]

...

အစ်မလဲ့က ခေါင်းစဉ် ပြောင်းလိုက်သည်။

"ဟန်ပြ လက်ထပ်တာ ပြီးသွားပြီ ဆိုတော့... အာဏာပြတဲ့ ကိစ္စ ဆွေးနွေးရအောင်"

"အာဏာပြတာလား"

တုဇယ်ချန်း ရယ်မောလိုက်သည်။

"ကျွန်တော် တကယ် အာဏာပြခဲ့ပါတယ်။ ဒါပေမဲ့ အရင်တုန်းက မဟုတ်ဘူး... ခုနကမှ ပြခဲ့တာ။ ရလဒ်ကို အားလုံး မြင်ပြီးကြပြီပဲ။ ကျွန်တော် ပြောချင်တာက... ကျွန်တော်က တစ်ယောက်ယောက်ကို နှိပ်ကွပ်ချင်တယ် ဆိုရင် သူက လွတ်လွတ်လပ်လပ်နဲ့ လျှောက်ပြီး နာမည်ဖျက်ခွင့် ရနေမှာ မဟုတ်ဘူး"

ဒါကမှ သခင်လေးတု စစ်စစ်ပဲ။

[မိုက်တယ်... မင်း ငါ့ကို စွပ်စွဲတယ် မလား... အဲဒါဆို ငါ တကယ် လုပ်ပြလိုက်မယ်]

[မှန်တယ်... တုသခင်လေး တကယ် အာဏာပြရင် ဖန်ရွှယ်ယင်းက အခုလို လျှောက်သွားနေနိုင်မှာ မဟုတ်ဘူး]

[တုသခင်လေး သနားပါတယ်... အဆဲခံရတာ တော်တော် များသွားပြီ]

[ဖန်ရွှယ်ယင်းက ရွံစရာ ကောင်းလိုက်တာ]

...

"အခုတော့ မင်းလည်း အကျပ်အတည်းကနေ ရုန်းထွက်လာပြီလို့ ဆိုရမှာပေါ့"

အစ်မလဲ့က မေးလိုက်သည်။

"ယင်းဟောင် ကနေ ထွက်လာတာ... တကယ်ပဲ အိမ်ပြေးလာတာလား"

တုဇယ်ချန်း ရယ်မောလိုက်သည်။

"ဟားဟား... တကယ်တော့လည်း ကိုယ့်လက်ကိုယ့်ခြေနဲ့ ကိုယ်ပိုင် လုပ်ငန်းလေး တစ်ခု ထူထောင်ကြည့်ချင်လို့ပါ။ အိမ်ထောင်ကျပြီးတဲ့နောက် အတွေးတွေ ပြောင်းသွားတယ်လေ။ အရင်တုန်းကတော့ ဘဝဆိုတာ ဒီအခိုက်အတန့်မှာ ပျော်ပျော်နေလိုက်ရင် ပြီးတာပဲလို့ တွေးခဲ့တာ။ အခုကျတော့... ကျွန်တော့် ဇနီးသည်ရယ်၊ နောင်မွေးလာမဲ့ ကလေးတွေရယ် အတွက် စဉ်းစားပေးရတော့မယ်။ သူတို့အတွက် အားကိုးရမဲ့ ကျောထောက်နောက်ခံ တစ်ခု ဖြစ်လာချင်တယ်"

"အခုက အချစ်မီး တောက်လောင်နေတဲ့ ကာလမို့လို့လား"

အစ်မလဲ့က စနောက်လိုက်သည်။

"စကားပြောရင် မိန်းမအကြောင်းချည်းပဲ ပါနေတော့... ရှင့်ရဲ့ နန်းတွင်းသူတွေ ဝမ်းနည်းနေကြပြီ"

တုဇယ်ချန်းက ပြုံးလိုက်သည်။

"ဒုက္ခတွေကို ကျော်ဖြတ်ပြီး ပြန်လည် မွေးဖွားလာမှပဲ သိလိုက်ရတာက... နန်းတွင်းသူ သုံးထောင် ဆိုတာ တိမ်တိုက်တွေလိုပါပဲ။ မိဖုရားခေါင်ကြီးကသာ ကိုယ့်ရဲ့ စစ်မှန်တဲ့ နားခိုရာ ဖြစ်တယ်။ ဒါကြောင့် နောက်ဆိုရင် တစ်ယောက်တည်းကိုပဲ အလိုလိုက်တော့မှာ"

သူ့စကားထဲတွင် အဓိပ္ပာယ် နှစ်ခွ ပါနေသဖြင့် အစ်မလဲ့ အံ့သြသွားသည်။

"တုသခင်လေးက ပရိသတ်တွေကို စိတ်နာသွားတာလား"

"ဘယ်ကလာ... စိတ်မနာပါဘူး"

တုဇယ်ချန်းက ပြုံးလိုက်သည်။

"ယို့ယောင် ပြောသလိုပဲ... သူတို့က ဘာမှ မသိကြဘဲ အလိမ်ခံထားရတာလေ။ အဝေးကြီးကနေ လှမ်းကြည့်နေရတဲ့သူတွေက ကျွန်တော့်အကြောင်း အမှန် ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒါကြောင့် သူတို့ လုပ်ခဲ့တာတွေကို နားလည်ပေးလို့ ရပါတယ်"

"ဒီကိစ္စတွေ ဖြစ်ပြီးနောက်ပိုင်း ကျွန်တော် အများကြီး နားလည်လာတယ်။ အိုင်ဒေါဆိုတာ ရုပ်ရည် ပြရုံတင် မဟုတ်ဘဲ ကောင်းမွန်တဲ့ စံနမူနာ ဖြစ်နေဖို့ လိုတယ် ဆိုတာကိုပေါ့။ အခုလို ဖြစ်ရတာတွေက ကျွန်တော့်ရဲ့ အားနည်းချက်တွေကြောင့်ပါ။ နောက်ဆိုရင် ကျွန်တော့် ဇနီးသည်ဆီကနေ သင်ယူပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်သွားမယ်။ လူတွေ ယုံကြည်အားကိုးရတဲ့ လူတစ်ယောက် ဖြစ်လာအောင် ကြိုးစားသွားမယ်။ ဒါမှ နောက်တစ်ခါ ပြဿနာ တက်ရင် ဘယ်သူမှ အလွယ်တကူ သွေးထိုးလို့ ရမှာ မဟုတ်ဘူး"

[မိန်းမအကြောင်းချည်း ပြောနေတာကို ကြည့်ရင် သူ တကယ် ချစ်နေတာ သေချာတယ်]

[တုသခင်လေး စိတ်နာသွားတာ နေမှာ။ အဲဒီအချိန်တုန်းက ကွန်းမန့်တွေကို ပြန်ဖတ်ကြည့်... တော်တော် ကြောက်စရာ ကောင်းတာ။ သာမန်လူဆို သေချင်စိတ် ပေါက်လောက်တယ်]

[အား... သခင်လေး... ဝမ်းမနည်းပါနဲ့။ ငါတို့ မှားသွားပါတယ်။ နောက်ဆို ယုံကြည်ပေးပါ့မယ်]

[အမှန်အတိုင်း ပြောရရင်... သခင်လေးက တော်တော် ရင့်ကျက်သွားတယ်လို့ မထင်ဘူးလား။ ၂ လအတွင်း ဒီလောက် ပြောင်းလဲသွားတယ် ဆိုတော့... တော်တော်လေး ခံစားခဲ့ရမှာပဲ]

[သခင်လေးကို သနားလိုက်တာ... နောက်ဆိုရင် ငါတို့ ကာကွယ်ပေးပါ့မယ်]

ကျူးယန်လင်က ကြိုတင် စီစဉ်ထားသဖြင့် ကွန်းမန့် အများစုက အပြုသဘောဆောင်နေသည်။ တုဇယ်ချန်း၏ Weibo တွင်လည်း တောင်းပန်စာများ၊ သနားစာများ တက်လာသည်။

သို့သော် အရင်က ကွန်းမန့်တိုင်းကို လိုက်ဖတ်ပြီး စာပြန်တတ်သော တုသခင်လေးသည် ဒီတစ်ခါတော့ ဘာမှ ပြန်မပြောတော့။ ရှန်ယို့ယောင်၏ Weibo အောက်တွင်သာ ဝင်ရောက် ရေးသားလေ့ ရှိသည်။ ထို့ကြောင့် မကြာမီ ရှန်ယို့ယောင်၏ Weibo တွင်လည်း အဆဲအဆိုများ ပျောက်ကွယ်သွားပြီး အေးချမ်းသွားတော့သည်။

ယင်းတို့သည် နောက်မှ ဖြစ်လာမည့် ကိစ္စများသာ ဖြစ်သည်။

ဖန်ရွှယ်ယင်းသည် ဖုန်းကို ကိုင်လျက် ကြောင်ငေးနေမိသည်။ အစီအစဉ်ထဲမှ ယုံကြည်မှု ရှိစွာ စကားပြောနေသော အမျိုးသားသည် အတိတ်ဘဝက စိတ်ဓာတ်ကျပြီး သေလုမြောပါး ဖြစ်နေသော သူနှင့် လုံးဝ မတူတော့။ ပိုပြီး ဆွဲဆောင်မှု ရှိလာသည်။ ရှန်ယို့ယောင် အကြောင်း ပြောချိန်တွင် သူ့မျက်ဝန်းထဲမှ နူးညံ့မှုများသည် သူမ တစ်ခါမှ မမြင်ဖူးခဲ့သော အရာများ ဖြစ်သည်။

တကယ်တမ်းကျတော့ သူက ပြန်လည် နိုးထလာနိုင်တာပဲ။ မိန်းမတစ်ယောက်အတွက်နဲ့ အားကိုးရတဲ့ ယောကျ်ားတစ်ယောက် အဖြစ် ပြောင်းလဲလာနိုင်တာပဲ။

သူမသည် အတိတ်ဘဝကို ပြန်တွေးမိသည်။ သူမသည် သူ့ကို နှစ်သိမ့်ခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ပျက်ပြီး လျစ်လျူရှုထားခဲ့သည်။

သူက ပြန်မထနိုင်တာ မဟုတ်ဘဲ သူမက သူ့ကို ပြန်ထလာအောင် အစွမ်းကုန် မကူညီခဲ့လို့ ဖြစ်နေတာပဲ။ တကယ်လို့ သူမသာ ဖေးမကူညီခဲ့ရင် သူက အလားအလာ ကောင်းမွန်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်ခဲ့တာပဲ။

နှမြောစရာ... အရာရာ နောက်ကျသွားပြီ။ သူမရဲ့ လောဘကြောင့် ကိုယ့်ဘဝကိုယ် ဖျက်ဆီးပစ်လိုက်မိပြီ။

မဟုတ်ဘူး... သူမမှာ ရွမ်ဟုန်လန် ရှိသေးတယ်။

သူမ အလောတကြီး လိုက်ရှာလိုက်ရာ စာကြည့်ခန်းထဲတွင် ဖုန်းပြောနေသော ရွမ်ဟုန်လန်ကို တွေ့လိုက်ရသည်။ ပြေးဖက်ရန် ပြင်လိုက်စဉ် သူ ပြောလိုက်သော စကားကြောင့် ရပ်တန့်သွားသည်။

"တောင်းပန်ပါတယ်... ကျွန်တော် ရောင်းလိုက်ပြီ"

တစ်ဖက်မှ လူက ဘာပြောလိုက်လဲ မသိ၊ သူ့မျက်နှာ မည်းမှောင်သွားသည်။ နောက်ဆုံးတွင် သူက ခက်ခဲစွာ ပြောလိုက်သည်။

"ကျွန်တော် မစောင့်နိုင်တော့ဘူး။ ရွှယ်ယင်း ထောင်ကျမှာကို မကြည့်ရက်ဘူး"

ဖန်ရွှယ်ယင်း၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"ရှင် ဘာကို ရောင်းလိုက်တာလဲ"

ရွမ်ဟုန်လန်က သူမကို ဂရုမစိုက်နိုင်။ ဖုန်းဆက်ပြောနေရင်း မျက်နှာ ပိုပျက်လာသည်။

"တောင်းပန်ပါတယ် နျန်ယန်... တုသခင်လေးက လွှဲပြောင်းယူသွားပြီ။ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး"

"ရှင် ဘာကို ရောင်းလိုက်တာလဲလို့ မေးနေတယ်လေ"

ဖန်ရွှယ်ယင်း၏ အသံက စူးရှနေသည်။ သူမ ရင်ထဲ ထိတ်လန့်နေပြီ။

ရွမ်ဟုန်လန်က ဖုန်းချလိုက်ပြီး တုံ့ဆိုင်းစွာ ဖြေလိုက်သည်။

"ကုမ္ပဏီကို... မင်း ထောင်ကျမှာကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး"

"ရှင် ဘယ်လိုလုပ်ပြီး ရောင်းပစ်နိုင်ရတာလဲ။ ရှင် ဘယ်လိုလုပ်ပြီး ရောင်းပစ်လိုက်တာလဲ"

ဖန်ရွှယ်ယင်း ရူးမတတ် ဖြစ်သွားသည်။

"အဲဒါ ရှင် စတင်မဲ့ ခြေလှမ်းလေ..."

ကုမ္ပဏီ မရှိတော့ရင် သူက ဘယ်လိုလုပ်ပြီး အထက်တန်းလွှာ ရွမ်ဟုန်လန် ဖြစ်လာနိုင်တော့မှာလဲ။

ဖန်ရွှယ်ယင်း ကြမ်းပြင်ပေါ်သို့ ခွေကျသွားသည်။ သူမ အစွမ်းကုန် ကြိုးပမ်းခဲ့သမျှ အရာရာ ဆုံးရှုံးသွားပြီ။

…

တုဇယ်ချန်းသည် အသံသွင်းခန်းမှ ထွက်လာပြီး အပေါက်ဝတွင် စောင့်နေသော ရှန်ယို့ယောင်ကို မြင်လိုက်ရသည်။ ပြုံးရွှင်စွာဖြင့် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။

ရှန်ယို့ယောင်သည် သူ့ဘေးမှ အစ်မလဲ့ကို တစ်ချက် ကြည့်လိုက်ပြီး အလိုက်တသိ ရှေ့တိုးကာ သူ့ကို ဖက်လိုက်သည်။

သို့သော် ဒီတစ်ခါ ဖက်ရသည်မှာ အချိန်နည်းနည်း ကြာနေသည်။ သူမ ခွာရန် ပြင်လိုက်စဉ် လည်ပင်းပေါ်တွင် နူးညံ့ပြီး ပူနွေးသော အထိအတွေ့ တစ်ခု ဖြတ်သန်းသွားသည်။ ဘာမှန်း မသိလိုက်ခင်မှာပင် တုဇယ်ချန်း၏ အက်ကွဲကွဲ အသံလေး နားထဲသို့ တိုးဝင်လာသည်။

"ကိုယ် မင်းကို ချစ်တယ်... ယို့ယောင်"

ရှန်ယို့ယောင်၏ မျက်နှာ တစ်ခုလုံး ရဲတက်သွားသည်။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ် သံသယ ဝင်မိသွားသည်။ ဒီလို ဇာတ်လမ်းဆင်ရတာ သူမအတွက် တော်တော် ခက်ခဲနေပြီ။

တုဇယ်ချန်းက သူမ ပါးလေးကို ပွတ်သပ်ပေးလိုက်ပြီး အစ်မလဲ့ကို ပြုံးပြလိုက်သည်။

"သူက အရမ်း ရှက်တတ်တာ"

အစ်မလဲ့သည် ရှန်ယို့ယောင်ကို စိတ်ဝင်စားနေသည်။ သူမ၏ အတွေ့အကြုံအရ တုဇယ်ချန်း ဘယ်လောက်ပဲ ဒုက္ခရောက်ရောက်၊ ရှန်ယို့ယောင် နာမည်ပျက်နေပါစေ၊ အလုပ်ရှာပေးဖို့က မခက်ခဲပေ။ သို့သော် သူက ဒီလို နည်းလမ်း သုံးပြီး လမ်းခင်းပေးနေခြင်းသည် သူမကို အမည်းစက် မရှိစေချင်ဘဲ ခိုင်ခိုင်မာမာ ရပ်တည်စေချင်သော စေတနာကြောင့် ဖြစ်သည်။

ရှန်ယို့ယောင်ကလည်း ဒီအလုပ်ကို တကယ် မြတ်နိုးပုံ ရသည်။

အစ်မလဲ့က လက်ကမ်းပေးလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် ယို့ယောင်"

"ကျွန်မအတွက် ဂုဏ်ယူစရာပါ"

ရှန်ယို့ယောင် ပြန်လည် နှုတ်ဆက်လိုက်သည်။

"နောက်ဆိုရင် ကျွန်မ အစီအစဉ်ကို လာခဲ့ဦးနော်"

"ကျေးဇူးတင်ပါတယ်... ဇာတ်ကားကောင်းတွေ ရိုက်ပြီးရင် သေချာပေါက် လာခဲ့ပါ့မယ်"

သူတို့ ပြန်ထွက်လာစဉ် ကျောက်ရှောင်တန် ပြေးဝင်လာသည်။ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ၊ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

"သခင်လေးတု... ကျွန်မ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ"

တုဇယ်ချန်းက အံ့သြသွားသည်။

"မိန်းကလေးကျောက်... ဘာဖြစ်လို့လဲ"

"အစီအစဉ်... ကျွန်မရဲ့ အစီအစဉ်"

ကျောက်ရှောင်တန်က ငိုကြွေးလိုက်သည်။

"ကျွန်မ စကားမှားသွားပါတယ်။ ကျွန်မကို အပြစ်မယူပါနဲ့။ အစီအစဉ် ပြန်ပေးပါနော်"

သူမ ရိုက်ကူးနေစဉ် ရုတ်တရက် ရပ်နားခံလိုက်ရသည်။ ဒါရိုက်တာက သူမ လူမှားပြီး စော်ကားမိကြောင်း သွယ်ဝိုက် ပြောပြသည်။ စဉ်းစားကြည့်တော့ တုဇယ်ချန်းမှလွဲ၍ တခြားသူ မရှိနိုင်။

"မိန်းကလေးကျောက်... အတွေးလွန်နေပြီ"

တုဇယ်ချန်း ပြောလိုက်သည်။

"ကျွန်တော်က တုမိသားစုက စွန့်ပစ်လိုက်တဲ့ ဒုက္ခိတ တစ်ယောက်လေ... ကိုယ့်မိန်းမအတွက် လမ်းခင်းပေးဖို့တောင် ကိုယ်တိုင် လာလုပ်နေရတာ။ ဘယ်မှာ အဲဒီလောက် အာဏာရှိမှာလဲ။ အစီအစဉ်က ခင်ဗျားကို ရွေးတုန်းက အကြောင်းပြချက် ရှိသလို ဖြုတ်ချလိုက်တာလည်း အကြောင်းပြချက် ရှိမှာပေါ့။ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်ပါ"

ပြောပြီးသည်နှင့် လူလွှတ်ပြီး မောင်းထုတ်ခိုင်းလိုက်သည်။

ရှန်ယို့ယောင်သည် ကျောက်ရှောင်တန်၏ နာကျည်းနေသော မျက်လုံးများကို ကြည့်ပြီး ခေါင်းခါလိုက်မိသည်။ သူမက ရှန်ယို့ယောင်ကို စော်ကားခဲ့ပြီးမှ တုဇယ်ချန်းကို လာတောင်းပန်နေသည်။ ပါးစပ်ကလည်း စည်းမရှိ ကမ်းမရှိ ပြောတတ်သဖြင့် ဒီလောကမှာ ဆက်နေဖို့ မလွယ်လောက်တော့။

ဆေးရုံသို့ ပြန်လာသော လမ်းတွင် ရှောင်းမင်ကျန့်၏ ဖုန်းမြည်လာသည်။ သူက တုဇယ်ချန်းကို လှမ်းပြလိုက်သည်။

"ရွမ်ဟုန်လန်ဆီက"

တုဇယ်ချန်းက ပင်ပန်းနေသဖြင့် လက်ကာပြလိုက်သည်။

"တုနျန်ယန် သူ့ကို ရှာတွေ့သွားပြီ ထင်တယ်။ မင်း ကြည့်ပြောလိုက်တော့"

ရှန်ယို့ယောင်က သူ့ကို ကြည့်ပြီး မေးလိုက်သည်။

"ဘယ်နား နေမကောင်းလို့လဲ"

သူက ကျန်းမာရေး ကောင်းသော်လည်း အစီအစဉ် ရိုက်ကူးရခြင်းက ပင်ပန်းစေသည်။

တုဇယ်ချန်း မျက်လုံး ကစားလိုက်သည်။

"ခါး နည်းနည်း နာနေလို့"

ရှန်ယို့ယောင်က သူ့နား တိုးကပ်သွားသည်။

"ကျွန်မ နှိပ်ပေးမယ်... ဘယ်နားလဲ"

တုဇယ်ချန်းသည် ခြေထောက် မသန်သဖြင့် ကိုယ်ကို အနည်းငယ် ကိုင်းပေးလိုက်သည်။

"ခါးအနောက်ဘက် နားလေး"

ရှန်ယို့ယောင် နှိပ်ပေးလိုက်သည်။ တုဇယ်ချန်းက ဇိမ်တွေ့စွာ ညည်းလိုက်သည်။

"ဟုတ်တယ်... ဟိုဘက်နားလေး နည်းနည်း တိုးလိုက်"

ရှန်ယို့ယောင်က သူပြောသလို လိုက်နှိပ်ပေးရင်း သူ့ခါးကို ဖက်ထားသလို ဖြစ်သွားသည်။

တုဇယ်ချန်းသည် ခေါင်းငဲ့ပြီး သူမ၏ ဘေးတိုက် မျက်နှာလေးကို ကြည့်လိုက်သည်။ ရှည်လျားသော မျက်တောင်များ၊ ဖြောင့်စင်းသော နှာတံ၊ စေ့ထားသော နှုတ်ခမ်းပါးလေးများ... အားလုံးက ဆွဲဆောင်မှု ရှိလွန်းလှသည်။

ခါးပေါ်မှ အထိအတွေ့က သက်သောင့်သက်သာ ရှိလှသည်။ တုဇယ်ချန်းက ကျေနပ်စွာ သက်ပြင်းချလိုက်သည်။ ထိုအသံက ရှန်ယို့ယောင် နားထဲသို့ တိုးဝင်သွားသဖြင့် သူမ တွန့်သွားသည်။ သူတို့ ပုံစံက ရင်းနှီးလွန်းနေမှန်း သတိထားမိပြီး မသိမသာ နောက်ဆုတ်ရန် ပြင်လိုက်သည်။

တုဇယ်ချန်းက ဖော်ကောင်မလုပ်။ သူမ၏ ရဲနေသော ပါးပြင်လေးကို ကြည့်ပြီး နားနားကပ်ကာ ပြောလိုက်သည်။

"ကျေးဇူးပါပဲ"

ရှောင်းမင်ကျန့်က ဖုန်းချပြီး လှည့်ကြည့်လိုက်ရာ တုဇယ်ချန်း၏ မျက်နှာပေးကို မြင်ပြီး စိတ်ပျက်သွားသည်။

"တုနျန်ယန်က သူ့ကို ဖုန်းဆက်တယ်တဲ့"

ရှန်ယို့ယောင်က လက်ပြန်ရုတ်လိုက်သည်။ တုဇယ်ချန်း နှမြောသွားသော်လည်း ဟန်မပျက် မေးလိုက်သည်။

"ဘာပြောလဲ"

"ကုမ္ပဏီကို တုဇယ်ချန်းဆီ အပေါင်ခံလိုက်ပြီလို့ ပြောတော့ တုနျန်ယန် မကျေနပ်ဘူးတဲ့။ ချန်လုပ်ငန်းစုက ကုမ္ပဏီကြီး ဖြစ်လို့ လုပ်ငန်းစဉ် ကြာနေတာပါတဲ့။ ဈေးကို သန်း ၇၀ ထိ တိုးပေးမယ်တဲ့။ မစောင့်နိုင်ရင် ကြိုထုတ်ပေးမယ်တဲ့"

တုဇယ်ချန်းသည် အေးစက်စွာ ရယ်မောလိုက်သည်။

"နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘူးပေါ့။ ဒီလောက်ထိ လောနေမှတော့ ရွမ်ဟုန်လန်လည်း သဘောပေါက်လောက်ပြီ"

"သူ သဘောမပေါက်ရင် ငါတို့လည်း သူ့နဲ့ ပူးပေါင်းလို့ မဖြစ်တော့ဘူး။ ဝက်လို အသင်းဖော်မျိုးက ကြောက်စရာ ကောင်းတယ်"

ရွမ်ဟုန်လန် ကိစ္စ စိတ်ပူစရာ မလိုတော့။ တုဇယ်ချန်း ပြုံးလိုက်သည်။

"တုနျန်ယန် သွားတိုင်တော့မယ် ထင်တယ်။ တုဟုန်ရိ ငါ့ဆီ လာလောက်တယ်"

"မင်း ဘာလုပ်ဖို့ စဉ်းစားထားလဲ"

"အဲဒီအချိန်ကျရင် သိရမှာပေါ့"

တုဇယ်ချန်း ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

"သူတို့ သားအမိကို ပညာပေးရဦးမယ်"

…

All Chapters