အခန်း ၃၂
Vol. 3 Ch. 32
အခန်း (၃၂)
တကယ်တမ်းတွင် အတွင်းရေးမှူးယန်သည် သူမ၏ အခြေအနေ မဟန်တော့သည်ကို ရိပ်မိနေသော်လည်း တုနျန်ယန်ကမူ နုနယ်သေးသဖြင့် တုဇယ်ချန်း တွက်ဆထားသည့်အတိုင်း တုဟုန်ရိထံသို့ တန်းတန်းမတ်မတ် သွားရောက် တိုင်တောလေတော့သည်။
"အဖေ... သူက သား လုပ်ချင်နေတဲ့ ပရောဂျက်မှန်း သိလို့ တမင် ဝင်နှောင့်ယှက်တာပါ"
တုနျန်ယန်က အလွန် စိတ်လှုပ်ရှားနေသည်။
"တခြားဟာ ဆိုရင် သား လွှတ်ပေးလိုက်မှာပါ။ ဒါပေမဲ့ ဒီပရောဂျက်က အရမ်း အရေးကြီးတယ်။ ဒါ ချန်မိသားစုဘက်က တွက်ချက်ထားတဲ့ ရလဒ်တွေပါ... အဖေ ကြည့်ကြည့်ပါ။ ချက်ချင်း အမြတ်ရမဲ့အပြင် တစ်လကို ဝင်ငွေ ယွမ် သန်း ၆၀ လောက် ရှိမဲ့ လုပ်ငန်းပါ"
တုဟုန်ရိသည် နည်းပညာပိုင်းကို လေ့လာနေသူ ဖြစ်သဖြင့် အစီရင်ခံစာကို နားလည်သည်။ သူ ခေါင်းညိတ်လိုက်သည်။
"တကယ် ကောင်းတာပဲ... ဒါပေမဲ့ သူက ဘာမဟုတ်တဲ့ ဂိမ်းကုမ္ပဏီလေး တစ်ခုကို မင်း လုပ်ချင်နေမှန်း ဘယ်လို လုပ်ပြီး သိသွားတာလဲ"
ပြောရင်းဆိုရင်း သူက အတွင်းရေးမှူးယန် ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ သွားပြီး စိတ်ဆွလိုက်ပြန်ပြီဟု ထင်နေသည်။
အတွင်းရေးမှူးယန်က မျက်နှာပျက်သွားသည်။
"ရှင် ဘာသဘောနဲ့ ကြည့်တာလဲ"
သူမ ဝမ်းနည်းဟန် ဆောင်လိုက်သည်။
"အရင်တုန်းက ကျွန်မ စိတ်မထိန်းနိုင်လို့ မှားခဲ့တာကို ဝန်ခံပါတယ်။ ဒီလောကမှာ သူ့ကို ရှောင်နေတာတောင် ရှင်က ကျွန်မကို သံသယ ဝင်နေတုန်းလား"
"မင်း မဟုတ်ရင် ပြီးတာပါပဲ"
တုဟုန်ရိသည်လည်း တုဇယ်ချန်းကြောင့် စိတ်ရှုပ်နေရသူ ဖြစ်သည်။
"မင်းသာ အစကတည်းက မလုပ်ခဲ့ရင် အခု ဒီလောက် ရှုပ်ထွေးနေမှာ မဟုတ်ဘူး။ ဒီလောက်နှစ်တွေ အကြာကြီး သည်းခံလာပြီးမှ ဘာလို့ မလိုအပ်ဘဲ ပြဿနာ ရှာခဲ့ရတာလဲ။ သခင်ကြီးရဲ့ သေတမ်းစာ မဖွင့်ခင် အချိန်ထိ အရေးကြီးတာနဲ့ မကြီးတာကို ခွဲခြားတတ်ရင် ကောင်းမယ်"
အတွင်းရေးမှူးယန်သည် အပြစ်ရှိသူမို့ ပါးစပ်ပိတ်နေလိုက်သည်။ တုနျန်ယန်က ကြားဝင် ပြောလိုက်သည်။
"အဖေ... တခြား ပရောဂျက်တွေကို အစ်ကိုတု ကြိုက်သလို မွှေပါစေ။ ဒီတစ်ခုကို အဖျက်ဆီးခံလိုက်ရရင် နှမြောစရာ ကောင်းလွန်းလို့ပါ။ သားနဲ့ ချန်ရွေ့ တိုင်ပင်ပြီးပါပြီ။ ချန်မိသားစုရဲ့ အရင်းအမြစ်တွေကို သုံးပြီး သားတို့နှစ်ယောက် သီးသန့် ကုမ္ပဏီ ခွဲထွက်လုပ်ဖို့ စီစဉ်ထားပါတယ်"
တုဟုန်ရိ စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... မနက်ဖြန်ကျရင် အဖေ ဇယ်ချန်းကို သွားတွေ့လိုက်မယ်"
နောက်တစ်နေ့ တုဟုန်ရိ ဆေးရုံသို့ ရောက်လာချိန်တွင် တုဇယ်ချန်းသည် ကြီးမားသော လှည့်ဖြားမှု တစ်ခုကို ကြံစည်နေသည်။
သူသည် ခြေထောက်ကို နှိပ်နယ်ပေးနေသော ကုထုံးပညာရှင်ကို မေးလိုက်သည်။
"ဒီလို နှိပ်တာကို လိုင်စင်ရ ပညာရှင်တွေပဲ လုပ်လို့ ရတာလား။ ကျွန်တော် ဆေးရုံက ဆင်းသွားရင် အိမ်သားတွေကို နှိပ်ခိုင်းလို့ ရမလား"
သူ့ခြေထောက်များသည် မလှုပ်ရှားနိုင်သေးသဖြင့် ကြွက်သားများ မသေစေရန် နေ့တိုင်း နှိပ်နယ်ပေးရသည်။ တကယ်တမ်းတွင် တစ်လတာ လေ့ကျင့်ခန်း လုပ်ပြီးနောက် သူ၏ ခြေထောက်များ ခံစားမှု ပြန်ရနေပြီ ဖြစ်သည်။ အရိုးကျိုးထားသည်များ ပြန်ဆက်သွားလျှင် လမ်းလျှောက် လေ့ကျင့်ရန်သာ ကျန်တော့သည်။
ကုထုံးပညာရှင်က ပြောလိုက်သည်။
"ရတာပေါ့... ကျွန်တော်တို့ကတော့ ရောဂါလက္ခဏာတွေကို ပိုနားလည်တာပေါ့။ လူနာကတော့ ပုံစံတစ်မျိုးတည်းမို့လို့ အိမ်သားတွေ နည်းစနစ် မှတ်ထားပြီး နေ့တိုင်း နှိပ်ပေးရင် ရပါတယ်"
တုဇယ်ချန်းက ရှောင်းမင်ကျန့် ဘက် လှည့်ပြောလိုက်သည်။
"ဆရာဝန်ကို သွားမေးပေးပါ... ငါ ဘယ်တော့ ဆင်းလို့ ရမလဲလို့"
ရှောင်းမင်ကျန့်က တုဇယ်ချန်း ဆေးရုံတွင် နေရတာ ငြီးငွေ့နေပြီဟု ထင်လိုက်သည်။ ဘယ်လောက်ပဲ ကောင်းမွန်ပါစေ၊ ၂ လလောက် နေရရင်တော့ စိတ်ညစ်စရာ ကောင်းသည်လေ။
"ကောင်းပြီ... ငါ သွားမေးပေးမယ်"
ထို့နောက် ကုထုံးပညာရှင်ကို ပြောလိုက်သည်။
"ပြီးရင် ကျွန်တော့်ကို နှိပ်နည်း သင်ပေးပါဦး"
တုဇယ်ချန်းက ရွံသလို ကြည့်လိုက်သည်။
"မင်း သင်စရာ မလိုဘူး"
ပြီးမှ ကုထုံးပညာရှင်ကို ပြောလိုက်သည်။
"ယို့ယောင် ပြန်ရောက်လာရင် သူ့ကို သင်ပေးလိုက်ပါ။ သူက ဉာဏ်ကောင်းတော့ ဒီကောင်ထက် ပိုမြန်မြန် တတ်လိမ့်မယ်"
ရှောင်းမင်ကျန့်: ...
အစီအစဉ် ရိုက်ပြီးကတည်းက ဒီကောင် ပြန်ပြီး ကဲလာသလိုပဲ။
တုဟုန်ရိ ဝင်လာချိန်တွင် နှိပ်နယ်ခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။ သူက တုဇယ်ချန်း၏ ခြေထောက်ကို ကြည့်ပြီး မေးလိုက်သည်။
"ဘယ်လိုလဲ... ခံစားမှု ရှိလာပြီလား"
ဒါက ပုဂ္ဂလိက ဆေးရုံ ဖြစ်သည့်အပြင် ထန်မိသားစု ပိုင်ဆိုင်မှု ဖြစ်နေခြင်း၏ အားသာချက်ပင်။ တုဟုန်ရိက တုဇယ်ချန်းကို ပြန်ကောင်းစေချင်သော ဆန္ဒ မရှိမှန်း သိလိုက်ရကတည်းက ဦးလေးပိုင်သည် ဆေးမှတ်တမ်းများနှင့် ကုသမှု အခြေအနေများကို လျှို့ဝှက်ထားလိုက်သည်။ တုဟုန်ရိ သိထားသည်များက အမှန် မဟုတ်ပေ။ ထို့ကြောင့် တုဇယ်ချန်း ပြန်လည်ထူထောင်ရေး လုပ်နေသည်ကိုရော ပြန်ကောင်းလာနိုင်သည်ကိုပါ သူ မသိရှာ။
ထန်ရွှမ်ကတော့ တုဟုန်ရိကို ပြောပြဖူးသည်။ သို့သော် သူက မိခင်တိုင်း သားသမီးကို ကျန်းမာစေချင်သော စိတ်ကူးယဉ် အိပ်မက်ဟုသာ သဘောထားပြီး ဂရုမစိုက်ခဲ့။
ပြီးခဲ့သည့် ၂ လအတွင်း ထန်မိသားစု လုပ်ငန်းများကို လွှဲပြောင်းယူရန် အလုပ်ရှုပ်နေသဖြင့် ဆေးရုံသို့ မကြာခဏ မလာနိုင်ခဲ့။ ထန်ရွှမ်နှင့်လည်း ဖုန်းဖြင့်သာ ပြောဖြစ်သည်။ ထန်ရွှမ်က ကျန်းမာရေး မကောင်းသော်လည်း ခင်ပွန်းသည်၏ အလုပ်ကို နားလည်ပေးတတ်သူမို့ သိပ်မနှောင့်ယှက်ခဲ့ပေ။
ထို့ကြောင့် တုဟုန်ရိသည် သားဖြစ်သူ၏ အခြေအနေမှန်ကို လုံးဝ မသိရှိပေ။
"အဖေ"
တုဇယ်ချန်းက နှုတ်ဆက်လိုက်သည်။ စိတ်ကြည်လင်နေပုံ ရသဖြင့် တုဟုန်ရိက သူ့နည်းလမ်း မှန်ကန်သည်ဟု ယူဆလိုက်သည်။ အလိုလိုက်ထားခြင်းက အလုပ်ဖြစ်သားပဲ။
"စိတ်ပျော်နေပုံ ရတယ်... အစီအစဉ် သွားရိုက်တယ် ဆို"
တုဟုန်ရိက ခုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ဟုတ်တယ်... ယို့ယောင် အတွက် လမ်းခင်းပေးတာလေ"
တုဇယ်ချန်းက ဆက်ပြောသည်။
"အဖေ... ကျွန်တော် ပရောဂျက် တစ်ခု ရထားတယ်... တော်တော် မိုက်တယ်"
တုဟုန်ရိက မျက်နှာထား မပျက်ဘဲ မေးလိုက်သည်။
"သားက ပရောဂျက်တွေ နားလည်လို့လား"
"နားလည်တာပေါ့"
တုဇယ်ချန်းက ပြောလိုက်သည်။
"တခြားဟာတော့ မသိဘူး... ဂိမ်းကိစ္စ ဆိုရင်တော့ ကျွန်တော်က ဆရာကြီးပဲ။ အဖေ မေ့နေပြီလား... ကျွန်တော်က ကွန်ပျူတာ မေဂျာနဲ့ ကျောင်းပြီးထားတာလေ။ E-sport ကစားသမားတောင် လုပ်ခဲ့ဖူးသေးတယ်။ ဒီပရောဂျက်ကို မြင်လိုက်တာနဲ့ အကြံတစ်ခု ရသွားတယ်။ ကျွန်တော် ခြေထောက် မလှုပ်နိုင်ပေမဲ့ လက်တွေက ကောင်းနေသေးတယ်လေ"
"ဒီပရောဂျက်ကို သေချာ လုပ်ပြီး E-sport ပြိုင်ပွဲတွေ ဝင်နိုင်တဲ့ အသင်းတွေ ဖွဲ့စည်းမယ်။ ပြိုင်ပွဲတွေ ဝင်ပြိုင်မယ်"
စိတ်ပျော်ရွှင်နေသော ကလေးတစ်ယောက်ပမာ ဖခင်ဖြစ်သူကို ယုံကြည်အားကိုးစွာ ပြောပြနေသော ပုံစံကြောင့် တုဟုန်ရိ ပြောချင်နေသော စကားများ လည်ချောင်းဝတွင် တစ်ဆို့သွားသည်။
ပြီးတော့ တုဇယ်ချန်း ပြောတာတွေက အဓိပ္ပာယ် ရှိနေသည်။ တုနျန်ယန် ပြောသလို ရန်တိုက်ပေးချင်လို့ ဝင်လုတာ မဟုတ်ဘဲ တကယ် ဝါသနာပါလို့ လုပ်တာ ဖြစ်ပုံရသည်။
အတွင်းရေးမှူးယန် လုပ်ခဲ့သည့် ကိစ္စများကြောင့် သူက ထိုသားအမိကို သိပ်မယုံကြည်တော့။
"အဖေ... ကျွန်တော် သဘောပေါက်သွားပြီ"
တုဇယ်ချန်းက ဆက်ပြောသည်။
"ယို့ယောင် ပြောတာ မှန်တယ်။ ခြေထောက် မလှုပ်နိုင်ပေမဲ့ လက်တွေ ရှိသေးတယ်။ အများကြီး လုပ်နိုင်သေးတယ်"
သူ့တွင် ရည်မှန်းချက်နှင့် ဆန္ဒများ ရှိလာပြီ။ ဒါကို သိလိုက်ရတော့ တုဟုန်ရိ စိတ်ပြောင်းသွားသည်။ သားဖြစ်သူက လုပ်ငန်းခွင် ဝင်ပြီး ငွေရှာရ ခက်ခဲကြောင်း သိလာလျှင် စည်းစိမ်ဥစ္စာများကို လွယ်လွယ်ကူကူ လှူပစ်တော့မည် မဟုတ်။ ရှန်ယို့ယောင်ကို အသုံးချပြီး ပြောဆိုလိုက်လျှင် သေတမ်းစာကို ပြင်ဆင်ဖို့ လွယ်ကူသွားနိုင်သည်။
ပြီးတော့ ဘယ်သား လက်ထဲ ရောက်ရောက် နောက်ဆုံးကျတော့ တုမိသားစု ပိုင်ဆိုင်မှု ဖြစ်လာမှာပဲလေ။
"သား အဲဒီလို တွေးမိတာ အရမ်း ကောင်းတယ်"
တုဟုန်ရိက ပခုံးကို ပုတ်ပြီး နှစ်သိမ့်လိုက်သည်။
"သေချာ ကြိုးစားလုပ်... လိုအပ်တာ ရှိရင် အဖေ့ကို ပြော"
"ဟုတ်ကဲ့"
တုဇယ်ချန်း ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သတိရသွားသလို ပြောလိုက်သည်။
"ဒါနဲ့... မနေ့က တုနျန်ယန် ဖုန်းဆက်တယ်။ ဒီပရောဂျက်ကို ချန်မိသားစုက လိုချင်နေတာတဲ့... ကျွန်တော် ဝင်လုတယ် ဆိုပြီး ပြောနေတယ်။ သူက ကျွန်တော့်ဆီကနေ ပြန်လုချင်နေတဲ့ပုံပဲ"
တုဟုန်ရိက မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လို ဖြစ်တာလဲ"
တုဇယ်ချန်းက လှောင်ပြောင်လိုက်သည်။
"ချန်မိသားစုက တော်တော် အာဏာပြချင်တာပဲ။ ဒါ ကျွန်တော့် ပရောဂျက်လေ... ဖန်ရွှယ်ယင်း ကျွန်တော့်ဆီက လိမ်သွားတဲ့ ပိုက်ဆံတွေကို သူ့ချစ်သူ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတာ။ အဲဒါကို အကြွေးပြန်ဆပ်တာလေ။ တုနျန်ယန်က ဒါကို ချန်မိသားစုဟာလို့ ပြောနေတာ ရယ်စရာ မကောင်းဘူးလား"
တုဟုန်ရိက စဉ်းစားလိုက်သည်။ တုဇယ်ချန်းက ဆက်ပြောသည်။
"အဖေ... သူနဲ့ ချန်ရွေ့ လာနှောင့်ယှက်မှာကို ကျွန်တော် စိုးရိမ်တယ်"
"စိတ်မပူပါနဲ့... အဖေ ရှိတယ်"
တုဟုန်ရိသည် အာမခံလိုက်သည်။
"အဖေ ကူညီပေးပါ့မယ်"
"အဖေက အလုပ်များတယ်လေ... ဂရုမစိုက်နိုင်တဲ့ အချိန်တွေ ရှိမှာပဲ"
တုဇယ်ချန်းက ဖြည့်စွက်ပြောလိုက်သည်။
"ကြည့်လေ... အစ်ကိုကျူးတောင် ကုမ္ပဏီမှာ သူတို့ ဖိနှိပ်တာ ခံရသေးတာပဲ။ ပြီးတော့ ဖန်ရွှယ်ယင်းကို ကုမ္ပဏီ သွင်းဖို့ ကြိုးစားပြီး ကျွန်တော့် မျက်နှာကို ဖြတ်ရိုက်မလို့ လုပ်ကြသေးတယ်။ ဖန်ရွှယ်ယင်း ကိုယ်တိုင် ပြောပြတာနော်"
တုဟုန်ရိ စိတ်ထဲတွင် အတွင်းရေးမှူးယန်ကို ဆဲဆိုလိုက်သည်။ မျက်နှာပေါ်တွင်တော့ ဝမ်းနည်းဟန် ပြလိုက်သည်။
"တောင်းပန်ပါတယ် သားရယ်... သူတို့ အဲဒီလောက်ထိ လုပ်မယ်လို့ အဖေ မထင်ခဲ့ဘူး"
တုဇယ်ချန်း၏ နှုတ်ခမ်းထောင့်မှ အပြုံးကို မြင်လိုက်ရသောအခါ သူ ဆုံးဖြတ်ချက် ချလိုက်သည်။ အခက်ခဲဆုံး သားဖြစ်သူက ယုံကြည်မှု ပြန်ရလာပြီ ဖြစ်ရာ အဆုံးသတ်ခါနီးမှ ပျက်စီးမခံနိုင်။
"ဒီလို လုပ်မယ်... အဖေ သူတို့ကို နယ်ပြောင်းလိုက်မယ်။ ကျင်းမြို့ဘက်မှာ ယင်းဟောင်ရဲ့ ရုပ်ရှင်မြို့တော် တည်ဆောက်ရေး စီမံကိန်း ရှိတယ်။ သူတို့ကို အဲဒီမှာ သွားပြီး စီမံခန့်ခွဲခိုင်းလိုက်မယ်"
ကျင်းမြို့ ဆိုသည်မှာ တတိယတန်းစား မြို့လေး ဖြစ်သည်။ အဝေးသို့ ပို့လိုက်ခြင်း ဖြစ်သော်လည်း တုဇယ်ချန်း သိသည်။ တုဟုန်ရိက တုနျန်ယန်ကို တကယ် ချစ်သဖြင့် အပြီးအပိုင် ပို့လိုက်မည် မဟုတ်။ ထိုနေရာတွင် ရှိသော ထန်မိသားစု၏ သတ္တုတွင်းများကိုပါ စီမံခိုင်းမည့် သဘောပင်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။
သို့သော် တုဇယ်ချန်းက သဘောတူလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဖေ။ တကယ်တော့ ကျွန်တော်က သူတို့ လာနှောင့်ယှက်မှာကိုပဲ စိုးရိမ်တာပါ။ တစ်လ၊ နှစ်လလောက် နေလို့ ကျွန်တော့် ကုမ္ပဏီ လည်ပတ်သွားရင် သူတို့ကို ပြန်ခေါ်လိုက်ပါ"
တုဟုန်ရိက ရှက်ရွံ့သွားသည်။
"သား... တောင်းပန်ပါတယ်... အဖေ အမှားတွေ လုပ်ခဲ့မိတယ်။ အတွင်းရေးမှူးယန်ကို ဖယ်ရှားဖို့ စဉ်းစားခဲ့ပေမဲ့... သူက အဖေ့နားမှာ နှစ်ပေါင်းများစွာ နေခဲ့တော့ ပတ်သက်နေတာတွေက များလွန်းတယ်။ အခုလို အရေးကြီးတဲ့ အချိန်မှာ အဖေ အခက်တွေ့နေတယ်။ အဖေ ကတိပေးပါတယ်... အမြန်ဆုံး ရှင်းလင်းပြီး အရင်လို ပြန်နေကြမယ်နော်"
ဒါကတော့ အတွင်းရေးမှူးယန် လက်ထဲမှာ သူ့အပြစ်တွေ ရောက်နေလို့ ခြိမ်းခြောက်ခံနေရပါတယ်လို့ ပြောချင်တာပေါ့။
တုဇယ်ချန်းက စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။ အရင်ကဆိုရင်တော့ ဒီလူကြီးရဲ့ စကားတွေကို ယုံမိမှာ သေချာသည်။ အခုတော့ သူက အရင်က တုဇယ်ချန်း မဟုတ်တော့ဘူး။
တုဟုန်ရိ ပြန်သွားပြီးနောက် တုဇယ်ချန်းသည် တုနျန်ယန်ထံ ဖုန်းဆက်လိုက်သည်။ အသံက အလွန် ကြွားဝါနေသည်။
"သွားတိုင်လိုက်ပြီလား။ ဟားဟား... မင်းက အခြေအနေကို သုံးသပ်တတ်တာ မဟုတ်ဘူးပဲ။ အဖေက မင်းတို့ဘက် ပါမယ် ထင်နေတာလား"
"ငါက မင်းတို့ကို အဖေ့မေတ္တာ ငတ်ပြီး သေအောင် ထားထားမလို့ စဉ်းစားထားတာ။ ငါတို့ သားအမိကို အဖေ ဘယ်လို ဂရုစိုက်လဲ ဆိုတာ မင်းတို့ ထိုင်ကြည့်ပြီး ခံစားရအောင်လို့လေ။ မယားငယ်နဲ့ တရားမဝင် သားတို့ရဲ့ ဘဝကို ခံစားစေချင်လို့။ ဒါပေမဲ့ အဖေက သူ့သဘောနဲ့သူ မင်းတို့ကို နယ်ပို့မယ် ပြောနေတယ်... ငါလည်း မတတ်နိုင်ဘူး။ ဪ... သူ ပြောမှာကတော့ ထန်မိသားစု လုပ်ငန်းတွေကို သွားဦးစီးခိုင်းတာ၊ လေ့လာခိုင်းတာ၊ တစ်လနှစ်လ နေရင် ပြန်ခေါ်မယ် ဆိုပြီး ပြောမှာပဲ။ ဘာပဲဖြစ်ဖြစ်... ကံကောင်းပါစေကွာ။ သတိပေးရဦးမယ်... နောက် တစ်လ၊ နှစ်လ ဆိုရင် အဘိုးရဲ့ သေတမ်းစာ ထွက်လာတော့မှာနော်"
တုနျန်ယန်က ဖုန်းချပြီးနောက် ပျာယာခတ်သွားသည်။ အတွင်းရေးမှူးယန် ဆီ ပြေးသွားသည်။
အတွင်းရေးမှူးယန်သည် တုဇယ်ချန်း၏ အင်တာဗျူးကို ကြည့်ပြီး စိတ်ပူနေသည်။ သူ့အခြေအနေက ကောင်းမွန်လာသလို သေတမ်းစာ ရှိနေသရွေ့ တုဟုန်ရိက သူ့ကို အလိုလိုက်နေဦးမည်ဖြစ်သည်။ ဒီအတိုင်းသာ ဆိုလျှင် သူတို့ သားအမိ မောင်းထုတ်ခံရမည့် နေ့ကို စောင့်နေရုံသာ ရှိတော့မည်။
ထိုစဉ် တုနျန်ယန် ရောက်လာပြီး ပြောလိုက်သည်။
"အမေ... တုဇယ်ချန်း ပြောတယ်... အဖေက ကျွန်တော်တို့ကို နယ်ပို့တော့မယ်တဲ့"
အတွင်းရေးမှူးယန် သတိရလိုက်သည်။ တုဇယ်ချန်း ပြောဖူးသည်... "သူ (တုဟုန်ရိ) ကိုယ်တိုင် မောင်းထုတ်တာကို စောင့်နေမှာ" ဆိုတာ။
"ဘယ်လို ဖြစ်တာလဲ"
သူမ မျက်မှောင်ကြုတ်လိုက်သည်။
တုနျန်ယန်က အကြောင်းစုံ ပြောပြလိုက်သည်။
"အဲဒီ ပရောဂျက်ကိုလည်း ပြန်မရတော့ဘူး"
တုနျန်ယန် ဒေါသထွက်နေသည်။
"အမေ... ဘယ်လို လုပ်မလဲ။ အဖေက တကယ်ပဲ ပို့လိုက်ရင် ဘယ်လို လုပ်မလဲ။ သူ ပြောတဲ့ သေတမ်းစာကရော တကယ်လား။ ကျွန်တော်တို့ကို တကယ် မောင်းထုတ်တော့မလို့လား"
အတွင်းရေးမှူးယန်သည် ဖုန်းမျက်နှာပြင်ပေါ်မှ တုဇယ်ချန်း၏ မျက်နှာကို ကြည့်လိုက်သည်။
"မလန့်ပါနဲ့... မင်းအဖေက မပြောသေးဘူး မလား။ ပို့မယ် ဆိုရင်တောင် အချိန် လိုသေးတယ်"
ဒီကာလအတွင်း တုဇယ်ချန်းကို ဖျက်ဆီးပစ်လို့ ရသေးတယ်။
"ဝေယင်းကျွင်းက နျဲ့မိသားစုနဲ့ ပတ်သက်နေတယ် ကြားတယ်။ မင်း ဝေဥက္ကဋ္ဌသားနဲ့ အဆင်ပြေလား"
"သာမန်ပါပဲ"
တုနျန်ယန်က မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့က အရမ်း ဆိုးသွမ်းတယ်။ ကုမ္ပဏီက အနုပညာရှင်တွေကို ခေါ်ပြီး ကစားစရာ လုပ်တတ်ကြတယ်"
အတွင်းရေးမှူးယန်၏ မျက်နှာက မပျက်ပေ။ ဒီလောကမှာ ဘာမဆို ဖြစ်နိုင်သည်။ အခုချိန်မှာတော့ ပိုဆိုးလေ ပိုကောင်းလေပဲ။
"ဝေယင်းကျွင်းနဲ့ ပိုပြီး အဆက်အသွယ်လုပ်ကြည့်။ သူက တုဇယ်ချန်းကို အမြဲ မုန်းနေတာ။ အခု တုဇယ်ချန်း ဒုက္ခရောက်နေတုန်း သူက ကျောက်ခဲနဲ့ ထုချချင်နေမှာ သေချာတယ်"
"ပြီးတော့ ရှန်ယို့ယောင်ကိုလည်း စောင့်ကြည့်ထား။ တုဇယ်ချန်း ဒီလောက် မြန်မြန် ပြန်ကောင်းလာတာ သူ့အကူအညီ မကင်းဘူး"
သူမ၏ မျက်လုံးများ မည်းမှောင်သွားသည်။
…