အခန်း ၃၃
Vol. 3 Ch. 33
အခန်း (၃၃)
ရှန်ယို့ယောင်ကမူ သူမကို ပစ်မှတ်ထားနေမှန်း မသိ။ ဆရာမ ရှို့ဝမ် ထံမှ သင်တန်းဆင်းလာပြီးနောက် အစ်ကိုကျူး ဖုန်းဆက်လာသည်။
"ယို့ယောင်... ဇာတ်ညွှန်း ရပြီ။ ရုံးခန်းကို လာခဲ့ပါဦး"
ရှန်ယို့ယောင် ဝမ်းသာသွားသည်။ တုဇယ်ချန်း စတူဒီယို ခွဲထွက်လိုက်သော်လည်း တုဟုန်ရိ၏ ခွင့်ပြုချက်ဖြင့် ယင်းဟောင် ရုံးခန်းတွင်ပင် နေရာယူထားသည်။ သင်တန်းများလည်း အတူတူ တက်ခွင့်ရသည်။
အစ်ကိုကျူးက စိတ်ကြည်လင်နေသည်။
"ကြည့်ပါဦး... ဒီဇာတ်ညွှန်း မဆိုးဘူး"
"ဒီလောက် မြန်မြန် ရတာလား"
ရှန်ယို့ယောင် အံ့သြသွားသည်။
"လိုချင်ရင် ရတာပါပဲ... ဒါပေမဲ့ သေချာ ရွေးချယ်ဖို့တော့ လိုတာပေါ့။ ဒီနေ့ နေ့လယ်မှ ရောက်လာတာ။ အီးမေးလ် ပို့ပေးလိုက်မယ်။ မင်းသမီး ၁ နဲ့ ၂ ကတော့ ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်။ မင်းအတွက် အားသာချက် မရှိဘူး။ ငါ့အမြင်တော့ မင်းသမီး ၃ နေရာက မဆိုးဘူး။ ဇာတ်ကောင်စရိုက်က ရှုပ်ထွေးပြီး သရုပ်ဆောင် ကောင်းရင် ပေါ်လွင်မဲ့ နေရာမျိုးပဲ။ သေချာ လေ့လာထား... နောက်ရက်ကျရင် လူရွေးပွဲဖြေဖို့ သွားရမယ်"
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အစ်ကိုကျူး"
ရှန်ယို့ယောင်သည် ဆေးရုံသို့ ပျော်ရွှင်စွာ ပြန်ရောက်လာသည်။ တုဇယ်ချန်းက သူမကို ကြည့်ပြီး ပြုံးလိုက်သည်။
"ဘာတွေ ပျော်နေတာလဲ"
"ဇာတ်ညွှန်း ရပြီ"
တုဇယ်ချန်းက သူမအတွက် ဝမ်းသာသော်လည်း စိတ်မကောင်း ဖြစ်သွားသည်။
"ဘယ်တော့လဲ... ဘယ်မှာ ရိုက်မှာလဲ"
"မသေချာသေးဘူး... ဇာတ်ကောင်တွေ မရွေးရသေးဘူး။ ကျွန်မလည်း Audition အရင် ဖြေရဦးမှာ။ အစ်ကိုကျူး ပြောတာတော့ အမြန်ဆုံး လဝက်လောက် ကြာမယ်တဲ့။ ရွေးခံရမယ်လို့လည်း မသေချာသေးဘူး"
"မင်းရဲ့ အရည်အချင်းနဲ့ မရွေးခံရစရာ မရှိပါဘူး။ စိတ်ချပါ... မင်း သေချာပေါက် ရမှာ"
တုဇယ်ချန်းက အားပေးလိုက်သည်။
"ဟုတ်ကဲ့... ကျွန်မ ကြိုးစားပါ့မယ်"
သူမ ချက်ချင်း ထွက်မသွားရသေးမှန်း သိရသဖြင့် တုဇယ်ချန်း စိတ်သက်သာရာ ရသွားသည်။
"ငါ့မှာလည်း သတင်းကောင်း ရှိတယ်"
"ဘာလဲ"
ရှန်ယို့ယောင်က မေးလိုက်စဉ် ဆရာဝန် ဝင်လာသည်။
"မစ္စတာတု ဆေးရုံက ဆင်းလို့ ရပါပြီ"
"တကယ်လား"
ရှန်ယို့ယောင် ဝမ်းသာသွားသည်။
"သူ့ခြေထောက် ပြဿနာ မရှိတော့ဘူးလား"
"အင်း... အာရုံကြောတွေ ပြန်ကောင်းနေပြီ။ အရိုးကျိုးတာ ပြန်ဆက်ဖို့ပဲ စောင့်ရတော့မယ်။ နေ့တိုင်း တစ်နာရီလောက် ဆေးရုံလာပြီး ကုထုံး ခံယူရင် ရပြီ။ အရိုးဆက်သွားရင် လမ်းလျှောက် လေ့ကျင့်လို့ ရပြီ။ ၂ လလောက် ဆိုရင် ပုံမှန် လမ်းလျှောက်နိုင်ပြီး၊ ၆ လလောက် ဆိုရင် လူကောင်းအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်"
ရှန်ယို့ယောင် အလွန် ပျော်ရွှင်သွားသည်။ သူမ ကိုယ်တိုင် ဆွဲခေါ်လာခဲ့သော သူ မဟုတ်လား။
ဆရာဝန်က ဖိုင်တွဲ ပေးလိုက်သည်။
"ဆောင်ရန် ရှောင်ရန်တွေ ပါပါတယ်။ အဓိကကတော့ နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့"
ရှန်ယို့ယောင်က ရှောင်းမင်ကျန့်ကို ရှာလိုက်သည်။
"အစ်ကိုမင်ကျန့်ကို ကုထုံးပညာရှင်ဆီမှာ သင်ခိုင်းလိုက်ရမလား"
သူမက ရိုက်ကူးရေး သွားရတော့မည် ဆိုတော့ အမြဲ လုပ်ပေးနိုင်မှာ မဟုတ်ပေ။
တုဇယ်ချန်းက ပြောလိုက်သည်။
"သူ မအားဘူး။ လောင်ဟွေ့ ကိစ္စတွေ လိုက်လုပ်နေရတယ်။ မန်နေဂျာကျန့်နဲ့ ရွမ်ဟုန်လန် ကြားထဲမှာ ပြေးလွှားနေရတာ"
"ဘယ်လောက် ကြာမှာလဲ... ကျွန်မ ရိုက်ကူးရေး သွားရင် ဘယ်သူ လုပ်ပေးမှာလဲ"
"အဲဒီကျမှ ကြည့်တာပေါ့... မင်းသွားဖို့က လဝက်လောက် လိုသေးတာပဲ"
ရှန်ယို့ယောင်က သဘောတူလိုက်သည်။
"ဒါဆို ကျွန်မ သွားသင်လိုက်မယ်"
"ကျေးဇူးပါပဲ... ငါ အမေ့ဆီ သွားပြီး ဆင်းမဲ့ ကိစ္စ ပြောလိုက်ဦးမယ်"
"အန်တီထန်လည်း သက်သာနေပြီ ဆိုတော့ အတူတူ ဆင်းလို့ ရတာပေါ့"
တုဇယ်ချန်း ခေါင်းညိတ်လိုက်သည်။
"မင်း သွားသင်နှင့်... ငါ့ဘာသာ သွားလိုက်မယ်"
တုဇယ်ချန်း ဒုတိယထပ်သို့ တက်လာပြီး ဘယ်သူမှ မရှိတာ သေချာမှ ရှောင်းမင်ကျန့်ကို ဖုန်းဆက်လိုက်သည်။
"ရှောင်းမေမေ… မင်းကို ခွင့်ပေးလိုက်မယ်"
"ဘာလို့လဲ... မလိုပါဘူး"
"လိုတယ်"
တုဇယ်ချန်း အတင်း ပြောလိုက်သည်။
"၅ ရက်... မဟုတ်ဘူး... ၁၀ ရက်လောက် ငါ့မျက်စိရှေ့ မပေါ်လာနဲ့။ ဖုန်းနဲ့ပဲ ဆက်သွယ်။ လောင်ဟွေ့ ကိစ္စပဲ လုပ်"
"နေပါဦး... မင်းပဲ ငါ့ကို ခွင့်ပေးမယ် ဆို"
"ငါ့လူကို ငါ တစ်ယောက်တည်းတောင် မလောက်မင ဖြစ်နေတာ... မင်းက ဘာလာလုပ်မှာလဲ။ ငါ့ဘက်က ခွင့်ပေးတာ... လောင်ဟွေ့ ဘက်က ပေးတာ မဟုတ်ဘူး"
ရှောင်းမင်ကျန့် “...”
ဆေးရုံမှာ ဆက်နေတာက ပိုကောင်းမယ် ထင်တယ်။
တုဇယ်ချန်းက ဖုန်းချပြီး လှည့်လိုက်စဉ် ထန်ရွှမ်နှင့် ပက်ပင်းတိုးသည်။
"အမေ... လန့်လိုက်တာဗျာ"
ထန်ရွှမ်က ရယ်မောလိုက်သည်။
"ဘာမကောင်းမှုတွေ လုပ်နေလို့ လန့်သွားရတာလဲ။ ယို့ယောင် ထင်လို့လား"
တုဇယ်ချန်းက နှာခေါင်းကို ပွတ်လိုက်သည်။
"လန့်သွားလို့ပါ... သူ့ကို ကြောက်တာ မဟုတ်ပါဘူး"
"အမေ အကုန် ကြားတယ်နော်"
ထန်ရွှမ်က စလိုက်သည်။
"မင်ကျန့်ကို မောင်းထုတ်ပြီး နှစ်ယောက်တည်း နေမလို့လား။ ဘာတွေ ကြံစည်နေတာလဲ"
"အမေကလည်း"
တုဇယ်ချန်း ချွဲလိုက်သည်။
"ကဲပါ... ယို့ယောင်က မိန်းမကောင်းလေးပါ။ အမေ သဘောတူပါတယ်"
တုဇယ်ချန်းက ဝမ်းသာသွားသည်။
"ဟုတ်တယ်နော်... တော်လည်း တော်တယ်၊ ချစ်ဖို့လည်း ကောင်းတယ်"
ထန်ရွှမ်က သား၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
"ဟုတ်ပါတယ်... သူ့ကို တွေ့ရတာ ကံကောင်းခြင်းပါပဲ"
တုဇယ်ချန်းက ဆေးရုံဆင်းမည့် ကိစ္စ ပြောလိုက်သည်။
"အမေ... သားတို့ အတူတူ နေကြမယ်လေ"
"ရပါတယ်... အမေ အိမ်ပြန်နေလိုက်မယ်"
တုဇယ်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။ တုအိမ်တော်ကို မပြန်စေချင်။
"သား အိမ်မှာ လာနေပါလား။ အဖေကလည်း အလုပ်ရှုပ်နေတော့ အိမ်မှာ အမေ တစ်ယောက်တည်း ပျင်းစရာကြီး"
"အမေ ထန်အိမ်တော်ဟောင်းကို ပြန်မှာပါ။ ဦးလေးပိုင်တို့ ရှိတယ်လေ"
တုဇယ်ချန်းသည် စိတ်မချ။ အမေက အိမ်တော်ဟောင်း ရောက်ရင် အတိတ်ကို သတိရပြီး စိတ်မကောင်း ဖြစ်နေမှာ စိုးရိမ်သည်။
"ရပါတယ်... ဒီလိုပဲ လုပ်လိုက်ကြတာပေါ့"
ထန်ရွှမ်က သား၏ သဘောကို နားလည်သည်။
"ပြီးတော့... အမေက သားတို့ကြားထဲ လာပြီး လျှပ်စစ်မီးသီး (တတိယဘီး) မလုပ်ချင်ပါဘူး။ သားက မနည်း မောင်းထုတ်ထားရတာကို အမေက လာရှုပ်နေရင် မကောင်းဘူးလေ"
တုဇယ်ချန်း ရှင်းပြရန် ပြင်လိုက်သည်။
"အဲဒါနဲ့ မတူဘူးလေ"
"တူပါတယ်... ယောက္ခမနဲ့ ချွေးမ အတူနေရင် ပြဿနာ တက်တတ်တယ်"
"အမေကလည်း..."
"ကဲပါ... အမေ ဘာမှ မဖြစ်ပါဘူး။ ဦးလေးပိုင်တို့ ရှိပါတယ်။ သား နေကောင်းသွားပြီ ဆိုတော့ စိတ်ချရပါပြီ။ အမေက သား တကယ် အိမ်ထောင်ပြုပြီး ကလေးမွေးတာကို မြင်ချင်သေးတယ်"
"ဒါနဲ့..."
ထန်ရွှမ် မျက်လုံးများက တုဇယ်ချန်းနှင့် တူစွာ ကောက်ကျစ်သော အရိပ်အယောင်များ ပေါ်လာသည်။
"ကောင်မလေး တစ်ယောက်ကို ရချင်ရင် ဒီတိုင်း လိုက်နေလို့ မရဘူး။ အခြေအနေ ဖန်တီးယူတတ်ရတယ်"
တုဇယ်ချန်းက စိတ်ဝင်စားသွားသည်။
"ဘယ်လို ဖန်တီးရမှာလဲ"
ထန်ရွှမ်က လက်ညှိုး လှုပ်ပြလိုက်သည်။
"အဲဒါတော့ သားဘာသာ စဉ်းစားကြည့်ပေါ့။ အမေက လမ်းစပေးလိုက်ပြီ... ကျန်တာ သားရဲ့ ဉာဏ်ရည်အပေါ် မူတည်တယ်"
တုဇယ်ချန်း သိချင်စိတ်ဖြင့် ရူးမတတ် ဖြစ်နေလေပြီ။
နောက်တစ်နေ့ ညနေမှ ဆေးရုံဆင်းကြသည်။ ထန်ရွှမ်က အိမ်တော်ဟောင်း ပြန်သွားပြီး တုဇယ်ချန်းနှင့် ရှန်ယို့ယောင်က မြို့ထဲက တိုက်ခန်းသို့ ပြန်လာကြသည်။
အိမ်ရောက်သောအခါ မှောင်နေပြီဖြစ်သည်။ မီးဖွင့်လိုက်သောအခါ အိမ်တွင်း အပြင်အဆင် ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။ ပရိဘောဂများကို နေရာရွှေ့ထားပြီး လမ်းကြောင်းများ ကျယ်ဝန်းအောင် လုပ်ထားသည်။ ဝှီးချဲ သွားလာရ လွယ်ကူအောင် ဖြစ်မည်။
တုဇယ်ချန်းက ရယ်မောလိုက်သည်။
"ဦးလေးပိုင်က လူလွှတ်ပြီး ရှင်းခိုင်းမယ် ဆိုလို့ သန့်ရှင်းရေး လုပ်မယ် ထင်နေတာ"
ရှန်ယို့ယောင် ရေချိုးခန်းထဲ ဝင်ကြည့်လိုက်ရာ အသုံးအဆောင်များက စုံတွဲပုံစံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အရင်က သူမ ကိုယ့်ဘာသာ ဝယ်သုံးခဲ့သော်လည်း ယခုတော့ အားလုံး တစ်ပုံစံတည်း ဆင်တူ ဖြစ်နေသည်။ စာကြည့်ခန်းထဲတွင် စားပွဲတစ်လုံး တိုးလာသည်။ အားကစားခန်းမထဲတွင်လည်း အမျိုးသမီးသုံး ပစ္စည်းများ ရောက်နေသည်။
သူမသည် ဒီအိမ်၏ အိမ်ရှင်မ ဖြစ်သွားသလို ခံစားလိုက်ရသည်။
တုဇယ်ချန်းက သူမ၏ အပြုံးကို ကြည့်ပြီး ကျေနပ်နေသည်။ ဒါ အမေ ဖန်တီးပေးလိုက်တဲ့ အခြေအန ပဲ ဖြစ်ရမယ်။
လူတစ်ယောက်ကို ကိုယ့်ကမ္ဘာထဲ ဆွဲသွင်းဖို့ ဆိုရင်... ပထမဆုံး အနေနဲ့ ကိုယ့်ပိုင်နက်ထဲမှာ သူ့ခြေရာလက်ရာတွေ ရှိနေအောင် လုပ်ရမယ်။
အခန်းထဲ ရောက်သောအခါ တုဇယ်ချန်းက လှမ်းခေါ်လိုက်သည်။
"ယို့ယောင်... ဒီကို လာပါဦး"
တုဇယ်ချန်း အခန်းထဲတွင် သီးသန့် အဝတ်အစားခန်း ရှိသည်။ ရှန်ယို့ယောင် တစ်ခါမှ မဝင်ဖူးပေ။
ဝင်ကြည့်လိုက်သောအခါ အံ့သြသွားသည်။
"ဒါတွေက..."
"ထန်အိမ်တော်ဟောင်း ကနေ ယူလာတာတွေ ထင်တယ်"
တုဇယ်ချန်း ပြောလိုက်သည်။
"အရင်တုန်းက လုပ်ထားတာတွေလေ"
"ဘာလို့ ဒီလောက် များရတာလဲ"
တုဇယ်ချန်း၏ အဝတ်ခန်းထဲတွင် အမျိုးသမီး အသုံးအဆောင်များက တစ်ဝက်လောက် နေရာယူထားသည်။ အဝတ်အစား၊ ဖိနပ်၊ အိတ်၊ လက်ဝတ်ရတနာများ ပြည့်နှက်နေသည်။
"အကုန် ယူလာတာတော့ မဟုတ်လောက်ဘူး။ အဲဒီမှာ သွားနေရင် သုံးဖို့ ချန်ထားဦးမှာလေ"
တုဇယ်ချန်းက ရယ်မောလိုက်သည်။
"ဒါတွေက ထပ်ဖြည့်ထားတာ နေမှာ။ အမေက ဈေးဝယ်ရတာ ကြိုက်တယ်။ သမီး မရှိလို့ စိတ်မကောင်း ဖြစ်နေတာ... အခုမှ အာသီသ ပြေသွားပုံ ရတယ်"
ရှန်ယို့ယောင်က အားနာနေသည်။
"များလွန်းပါတယ်..."
"ငါတို့က ၃-၄ နှစ်လောက် ဒီလို နေရဦးမှာလေ"
တုဇယ်ချန်းက သူမကို သတိပေးလိုက်သည်။
"တကယ်တော့ ဒါတွေက ငါ့အတွက် ဘာမှ မဟုတ်ပါဘူး။ မင်း အားနာနေရင်... နောက်ဆိုရင် ငါ့အဝတ်အစားတွေကို မင်း ဝယ်ပေးပေါ့"
အမေ တကယ် တော်တာပဲ။
ရှန်ယို့ယောင်က သဘောတူလိုက်သည်။ သူများ စေတနာကို ငြင်းပယ်တာ မကောင်းဘူးလေ။
"စမ်းဝတ်ကြည့်ပါလား"
တုဇယ်ချန်း မြှောက်ပေးလိုက်သည်။
"တော်မတော် သိရအောင်လေ... မတော်ရင် ပြင်ခိုင်းရမယ်"
ပြောရင်းဆိုရင်း သူက အောက်ဆုံး အံဆွဲကို ဆွဲဖွင့်လိုက်သည်။ ပြီးတော့... ချက်ချင်း ပြန်ပိတ်လိုက်သည်။
ဒုန်းခနဲ အသံကျယ်သွားသည်။ သူက ရှန်ယို့ယောင်ကို ခိုးကြည့်လိုက်ရာ သူမက ဘာမှ မမြင်သလို နေနေသော်လည်း နားရွက်ဖျားလေးများ ရဲနေသည်ကို တွေ့လိုက်ရသည်။
အတွင်းခံတွေပါ ထည့်ထားပေးတာလား... အမေက သူ့သားကို ယုံကြည်လွန်းနေပြီ ထင်တယ်။
…