← Chapters

အခန်း ၃၄

Vol. 3 Ch. 34

အခန်း ၃၄

Vol. 3 Ch. 34

အခန်း (၃၄)

ရှန်ယို့ယောင် သူ့ကိုကျော်ပြီး အဝတ်အစား တစ်ထည်ကို ဆွဲယူလိုက်သည်။

"ဒါလေး ဝတ်ကြည့်လိုက်မယ်"

သူမ အပြင်ထွက်မလို့ လုပ်နေသည်ကို မြင်တော့ တုဇယ်ချန်းက ပြောလိုက်သည်။

"ဘာလို့ အလုပ်ရှုပ်ခံနေရမှာလဲ။ ငါ အပြင်ထွက်နေပေးမယ်... ဒီမှာပဲ လဲလိုက်။ ပြီးမှ ထွက်လာခဲ့"

သူမ ငြင်းမှာ စိုးသဖြင့် စကားဆုံးသည်နှင့် ချက်ချင်း ထွက်သွားလိုက်သည်။

တုဇယ်ချန်းသည် ခုတင်ဘေးရှိ မဂ္ဂဇင်း တစ်အုပ်ကို လှန်လှောကြည့်ရင်း ရှန်ယို့ယောင်၏ ဝတ်စုံသစ်ကို မျှော်လင့်နေသည်။ ခုနက သူမ ယူလိုက်တာက ပွဲတက်ဝတ်စုံ အတိုလေး။ ပုံမှန်ဆိုရင် သူမက ယောကျ်ားလေးဆန်ဆန် ဝတ်တတ်သည်။ စကတ်တိုလေးနဲ့ ဆိုရင် တော်တော် လှမှာ သေချာတယ်။ အထူးသဖြင့် သူမရဲ့ ခြေတံရှည်တွေနဲ့ ဆိုရင်...

တုဇယ်ချန်း တစ်ယောက်တည်း ပြုံးစိစိ ဖြစ်နေစဉ် ရုတ်တရက် မီးပျက်သွားသည်။ အခန်းတစ်ခုလုံး မှောင်မည်းသွားသည်။

အဝတ်လဲခန်းထဲမှ "အာ..." ဟူသော အော်သံ သဲ့သဲ့လေး ထွက်ပေါ်လာသည်။ တုဇယ်ချန်း အမြန် လှမ်းမေးလိုက်သည်။

"ယို့ယောင်... မီးပျက်သွားတာ ထင်တယ်။ ဘာဖြစ်သွားသေးလဲ"

အတွင်းဘက်မှ ဘာသံမှ မကြားရ။ တုဇယ်ချန်း စိုးရိမ်တကြီး ထပ်ခေါ်လိုက်သည်။

"ယို့ယောင်... ယို့ယောင်"

တစ်ခုခု မှားယွင်းနေပြီ။

"ယို့ယောင်... ငါ ဝင်လာပြီနော်"

ပြောပြီးသည်အထိ ဘာသံမှ မကြားရသေး။

တုဇယ်ချန်းက တံခါးကို တွန်းဖွင့်လိုက်သည်။ ပြတင်းပေါက် မရှိသဖြင့် အထဲတွင် မှောင်မည်းနေသည်။ ကိုယ့်လက်ချောင်း ကိုယ်တောင် မမြင်ရ။

"ယို့ယောင်"

တိုးတိုးလေး ခေါ်လိုက်သောအခါ ထောင့်တစ်နေရာမှ ကြောက်လန့်တကြား ညည်းသံလေး ကြားလိုက်ရသည်။

သူ အသံကြားရာသို့ လှိမ့်သွားလိုက်သည်။ နွေးထွေးနူးညံ့သော ခန္ဓာကိုယ်လေး တစ်ခုနှင့် တိုက်မိသွားသည်။ ရှန်ယို့ယောင် လန့်ပြီး ထပ်အော်လိုက်ပြန်သည်။

တုဇယ်ချန်းက သဘောပေါက်လိုက်သည်။ သူမ လက်က သူ့ကို လာရိုက်သဖြင့် ဖမ်းဆုပ်လိုက်သည်။

"ယို့ယောင်... ငါပါ... မကြောက်နဲ့"

"တုဇယ်ချန်း"

ရှန်ယို့ယောင်၏ အသံများ တုန်ရီနေသည်။ ကြောက်ရွံ့မှုကို မနည်း ထိန်းချုပ်ထားရပုံ ပေါက်နေသည်။ သူမသည် အလိုအလျောက် သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

တုဇယ်ချန်း သူမ လက်မောင်းကို ကိုင်ကြည့်လိုက်ရာ ချွေးစေးများ ပြန်နေသည်ကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံး တုန်ရီနေသည်။ သူမ ဒီလောက်ထိ အမှောင်ကြောက်တတ်မှန်း သူ ထင်မထားခဲ့။

"ဘာမှ မဖြစ်ဘူး... ဘာမှ မဖြစ်ဘူး"

တုဇယ်ချန်းက ကိုယ်ကို ကိုင်းပြီး သူမ ခါးကို ဖက်ကာ ပွေ့ချီလိုက်သည်။ ရှန်ယို့ယောင် တကယ် ကြောက်လန့်နေသဖြင့် မငြင်းဆန်နိုင်ဘဲ သူ့ပေါင်ပေါ်သို့ ရောက်လာသည်။

တုဇယ်ချန်းက သူမကို ရင်ခွင်ထဲ ထည့်ထားပြီး ကျောပြင်လေးကို ပွတ်သပ်ပေးလိုက်သည်။ ကျောပြင် တစ်ခုလုံး ချွေးတွေ ရွှဲနေသည်။ ဘယ်လောက်တောင် ကြောက်သွားလဲ ဆိုတာ သိသာသည်။

"မကြောက်နဲ့တော့... ငါ အပြင်ခေါ်သွားပေးမယ်"

တုဇယ်ချန်းက ဝှီးချဲကို မောင်းပြီး အပြင်ထွက်လာသည်။

ရှန်ယို့ယောင်က သူ့ကို တင်းကျပ်စွာ ဖက်ထားသည်။ သူ့ကိုယ်သင်းနံ့ ရမှ စိတ်အနည်းငယ် ငြိမ်သွားသည်။

အဝတ်လဲခန်းထဲမှ ထွက်လာသော်လည်း အပြင်တွင် မိုးအုံ့နေသဖြင့် လရောင်မရှိ။ သို့သော် အဝေးမှ မီးရောင်များကြောင့် အနည်းငယ် မြင်ရသေးသည်။

"သက်သာရဲ့လား"

တုဇယ်ချန်းက ကြင်နာစွာ မေးလိုက်သည်။

ရှန်ယို့ယောင် ခေါင်းညိတ်လိုက်ပြီး သူ့ပေါင်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်။ သို့သော် တုဇယ်ချန်းက သူမ အားတင်းထားမှန်း သိသဖြင့် ဖက်ထားလိုက်သည်။

စောစောက တုန်ရီနေပုံ၊ ချွေးစေးပြန်နေပုံတွေက အတုမဟုတ်။ အဲဒီလောက် ကြောက်နေတာတောင် အော်သံ တစ်ချက်ပဲ ထွက်လာသည်။ သူသာ မရှိရင်၊ ဘယ်သူမှ ဂရုမစိုက်ရင် သူမ တစ်ညလုံး ဒီလိုပဲ ကြိတ်မှိတ် သည်းခံနေတော့မှာလား။

ဒီအချိန်မှာတော့ သူမ၏ သည်းခံနိုင်စွမ်းကို လေးစားတာထက် သနားသွားမိသည်။ ဘယ်လို အတိတ်ဆိုးတွေ ရှိခဲ့လို့ မိန်းကလေး တစ်ယောက်က ကြောက်လွန်းလို့ သေမတတ် ဖြစ်နေတာတောင် အကူအညီ မတောင်းဘဲ ကြိတ်မှိတ် သည်းခံနေရတာလဲ။

"မလှုပ်နဲ့... ဒီအတိုင်းပဲ နေ"

တုဇယ်ချန်းက သူမ ကျောလေးကို ဆက်လက် ပွတ်သပ်ပေးနေသည်။

"ငါ ဖုန်းသွားယူလိုက်မယ်"

ရှန်ယို့ယောင် ငြိမ်ကျသွားပြီး သူ့ရင်ခွင်ထဲ မှီလိုက်သည်။ နှာခေါင်းထဲတွင် သူ့ကိုယ်သင်းနံ့များ ပြည့်နှက်နေသည်။

"ရပြီ"

တုဇယ်ချန်းက ဖုန်းမီးဖွင့်လိုက်ပြီး အိမ်ရာစီမံခန့်ခွဲရေးကို ဖုန်းဆက်လိုက်သည်။

"မီးပျက်တာ မဟုတ်ဘူး... မိန်းခလုတ် ကျသွားတာ နေမှာ။ သွားကြည့်ရအောင်"

သူမကို ပေါင်ပေါ် တင်လျက်သားပင် မိန်းခလုတ် ရှိရာသို့ သွားလိုက်သည်။ သို့သော် သူက ထိုင်နေရသဖြင့် မမှီ။ ရှန်ယို့ယောင်ကို ကိုယ်တိုင် လုပ်ခိုင်းရတော့မည်။ သည်အချိန်မှာ မတ်တတ်မရပ်နိုင်၊ အကာအကွယ် မပေးနိုင်သည့် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိသည်။

ရှန်ယို့ယောင် မတ်တတ်ရပ်လိုက်သည်။ တုဇယ်ချန်းက သူမ လက်ကို ဆုပ်ကိုင်ထားပေးသည်။ တကယ်တမ်းကျတော့ သူမ သိပ်မကြောက်တော့ပေ။ သို့သော် သူ့လက်ဖဝါးမှ နွေးထွေးမှု၊ အလိုလိုက်ခံရမှုများကို သဘောကျသဖြင့် လက်မလွှတ်ချင်တော့ပေ။

ရှန်ယို့ယောင် ခလုတ်ကို တင်ကြည့်သော်လည်း မရ။

"တင်လို့ မရဘူး"

"ဒါဆို ဖျူးစ် ပြတ်သွားတာ ဖြစ်မယ်"

တုဇယ်ချန်းက သူမကို ပြန်ဆွဲဖက်လိုက်သည်။

"ခဏနေရင် လာပြင်ပေးလိမ့်မယ်"

စကားဆုံးသည်နှင့် ဖုန်းမီး ပိတ်သွားသည်။ ဘက်ထရီ ကုန်သွားပြီဖြစ်သည်။ ရှန်ယို့ယောင် လန့်ပြီး သူ့ကို တင်းကျပ်စွာ ဖက်လိုက်မိသည်။

"ဖုန်းက အားကုန်သွားပြီ"

တုဇယ်ချန်းက သူမကို ပြန်ဖက်ထားလိုက်ပြီး စနောက်လိုက်သည်။

"ဖြည်းဖြည်း ဖက်ပါကွ... ငါ့ခါး ကျိုးတော့မယ်"

ရှန်ယို့ယောင် သတိဝင်လာပြီး တိုးတိုးလေး တောင်းပန်လိုက်သည်။

"ဆောရီးပါ"

တုဇယ်ချန်းက သူမ ခေါင်းကို ပွတ်ပေးလိုက်သည်။

"မကြောက်နဲ့နော်"

ရှန်ယို့ယောင်က မေးစေ့ကို သူ့ပခုံးပေါ် တင်လိုက်ပြီး ပါးပြင်ချင်း ပွတ်သပ်လိုက်မိသည်။

တုဇယ်ချန်း ရယ်မောလိုက်သည်။

"မင်း ဖုန်း သွားယူရအောင်"

နှစ်ယောက်သား စမ်းတဝါးဝါးဖြင့် ဖုန်းသွားရှာပြီး ဖုန်းဆက်လိုက်ကြသည်။

တုဇယ်ချန်းသည် အလင်းရောင် အရဆုံးဖြစ်သည့် ပြတင်းပေါက် နားတွင် သူမကို ခေါ်ထားလိုက်သည်။ ထိုအခါမှ သတိထားမိသည်။ သူမ အဝတ်အစားက တစ်ဝက်ပဲ ရှိသေးသည်။ အနက်ရောင် ပွဲတက်ဝတ်စုံလေးက ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်း ဖြစ်နေပြီး ဇစ်မတပ်ရသေး။ ကျောပြင် တစ်ခုလုံး ပေါ်နေသည်။ ချွေးစေးပြန်နေသဖြင့် လရောင်အောက်တွင် ပြောင်လက်နေသည်။

တုဇယ်ချန်း လက်လှမ်းပြီး ဇစ်ဆွဲပေးလိုက်သည်။ ထိုအခါမှ ရှန်ယို့ယောင် သတိထားမိပြီး ရင်ဘတ်ကို ကာကာ သူ့ပခုံးပေါ် မျက်နှာ အပ်ထားလိုက်သည်။

မှောင်နေသဖြင့် ဇစ်ဆွဲသံက ကျယ်လောင်နေသည်။ မီးခလုတ် ဖွင့်လိုက်သလို ခံစားရသည်။

တုဇယ်ချန်း၏ လက်ချောင်းများက သူမ ကျောပြင်ကို ထိမိသွားသည်။ ရှန်ယို့ယောင် တွန့်သွားသည်။

တုဇယ်ချန်း လက်ကို ကပ်ထားလိုက်သည်။

"အေးစက်နေတာပဲ"

ချွေးထွက်ထားသလို အပူပေးစက်ကလည်း ပိတ်သွားပြီဖြစ်သည်။ အဝတ်အစားကလည်း ပါးလွှာသည်။

အိပ်ခန်းထဲ သွားယူဖို့ကလည်း မမြင်ရသဖြင့် ခက်ခဲသည်။ တုဇယ်ချန်းက သူ့ဆွယ်တာအင်္ကျီကို ချွတ်လိုက်ပြီး ရှန်ယို့ယောင် ခေါင်းပေါ် စွပ်ပေးလိုက်သည်။

"ဟာ... မလုပ်နဲ့... ရှင် အေးနေမှာပေါ့"

ရှန်ယို့ယောင် ငြင်းလိုက်သည်။

တုဇယ်ချန်းက ဂရုမစိုက်။

"လက်လျှိုလိုက်"

ရှန်ယို့ယောင် မလွန်ဆန်ရဲဘဲ ဝတ်လိုက်ရသည်။

"လိမ္မာတယ်"

တုဇယ်ချန်းက အင်္ကျီကို သူမ ပေါင်လယ်လောက်ထိ ဆွဲချပေးလိုက်ပြီး ပြန်ဖက်ထားလိုက်သည်။

"ဒီလို ဖက်ထားရင် မအေးတော့ဘူး"

ရှန်ယို့ယောင် ခဏ တုံ့ဆိုင်းနေပြီးမှ သူ့ခါးကို ပြန်ဖက်လိုက်သည်။ နိုဝင်ဘာလ ကုန်ပြီမို့ ရာသီဥတုက အေးနေပြီ။ သူက စွပ်ကျယ် တစ်ထည်တည်းနှင့်။ သူ့ကိုယ်ငွေ့များက အင်္ကျီပါးလေး တစ်ထပ်ခြားပြီး ကူးစက်လာသဖြင့် သူမ၏ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားသည်။

တုဇယ်ချန်းက ပြုံးလိုက်ပြီး သူမ မမြင်အောင် ဆံပင်လေးကို ဖွဖွလေး နမ်းလိုက်သည်။

"ဘာလို့ အမှောင်ကြောက်တာလဲ"

"မွေးကတည်းက နည်းနည်း ကြောက်တတ်တယ်"

ရှန်ယို့ယောင်က ပြောပြလိုက်သည်။

"နောက်တော့ လူကြီးတွေက သတ္တိကောင်းအောင် ဆိုပြီး သရဲကားတွေ အတင်း ပြတယ်... မှောင်နေတဲ့ နေရာမှာ ပစ်ထားခဲ့တယ်။ အဲဒါကြောင့် ပိုဆိုးသွားတာ"

လူကြီးဆိုတာ သူမ အဖေပဲ။ ငယ်ငယ်တုန်းက အမေ ရှိတုန်းကတော့ အဆင်ပြေတယ်။ မိဘတွေ ကွဲသွားပြီး အဖေနဲ့ နေရတော့ သူက သတ္တိမရှိရင် အားနည်းတယ် ဆိုပြီး အတင်း ကျင့်ခိုင်းတာ။ သရဲအိမ်တွေ ပို့တယ်၊ သရဲကားတွေ ပြတယ်။ သူမက စကားနည်းပြီး သည်းခံတတ်တော့ မအော်ဘဲ နေလိုက်တာ။ နောက်ဆုံး ကြောက်လွန်းလို့ မေ့လဲသွားမှ အဖေ သိသွားတာ။

အမေ သိသွားတော့ အဖေ့ မျက်နှာကို ကုတ်ဖဲ့ပစ်လိုက်တယ်။ အဲဒီနောက်ပိုင်း အဖေ မလုပ်ရဲတော့ဘူး။ အိမ်မှာ မီးထိန်ထိန် ဖွင့်ထားပေးတယ်။

နောက်ပိုင်း နည်းပညာတွေ တိုးတက်လာတော့ နေရာတိုင်း မီးလင်းနေလို့ ဒီရောဂါက သိပ်မပေါ်တော့ဘူး။

တုဇယ်ချန်းကတော့ သူမ အနိုင်ကျင့်ခံရသည်ဟု ထင်သွားသည်။ သနားစိတ် ပိုဝင်လာပြီး တင်းကျပ်စွာ ဖက်ထားလိုက်သည်။

"မကြောက်နဲ့တော့... နောက်ဆိုရင် အဲဒီလို မဖြစ်စေရဘူး"

ရှန်ယို့ယောင် စိတ်အေးချမ်းစွာဖြင့် သူ့ရင်ခွင်ထဲ မှီနေလိုက်သည်။ ကြီးလာတဲ့ အထိ သူမ ကြောက်နေချိန်မှာ နှစ်သိမ့်ပေးမဲ့သူ ရှိလာလိမ့်မယ်လို့ မထင်ထားခဲ့မိ။

ဝန်ထမ်းများ ရောက်လာပြီး ပြင်ပေးလိုက်သည်။ ၃ မိနစ်အတွင်း မီးပြန်လင်းလာသည်။

တုဇယ်ချန်းက ရှန်ယို့ယောင်ကို အရင် ကြည့်လိုက်သည်။ သူမက ပြုံးပြနေသည်။ စိတ်သက်သာရာ ရသွားပြီး ကျေးဇူးတင်နေသည့် အပြုံးမျိုးဖြစ်သည်။

ရင်ခုန်စရာ ကောင်းလိုက်တာ။ သူမကို ကာကွယ်ပေးချင်စိတ်တွေ တဖွားဖွား ပေါ်လာသည်။ နောက်ဆိုရင် ဒုက္ခ အရောက်မခံတော့ဘူး။

"မီးကြိုးတွေက လဲထားတာလား"

ဝန်ထမ်းက မေးလိုက်သည်။

တုဇယ်ချန်းက စိတ်မကြည်ပေ။

"ငါ ဘာမှ မလုပ်ပါဘူး"

"ဒါဆို ထူးဆန်းတယ်"

ဝန်ထမ်းက ပြောလိုက်သည်။

"ကျွန်တော်တို့က အကောင်းစား ကြိုးတွေ သုံးထားတာ။ လောင်စရာ အကြောင်း မရှိဘူး။ အခု လောင်သွားတာက ဈေးပေါတဲ့ ကြိုးတွေ... ဒီလို တိုက်ခန်းမျိုးမှာ ဘယ်သူမှ မသုံးကြဘူး"

တုဇယ်ချန်း: ...

ဒါ အမေ ဖန်တီးပေးလိုက်တဲ့ အခြေအနေပေါ့လေ။

ဒေါသထွက်ချင်စိတ်တွေ ပျောက်ကုန်ပြီ။

"ဆောရီးပါ... ကျွန်တော် အိမ်မှာ မရှိတုန်းက အိမ်သားတွေ လာလဲသွားတာ နေမှာပါ"

ဝန်ထမ်း ပြန်သွားပြီးနောက် နှစ်ယောက်သား ဘာမှ ဆက်မလုပ်ချင်တော့။

"ဒီနေ့ စောစော အိပ်ကြရအောင်"

ရှန်ယို့ယောင်လည်း ပင်ပန်းနေပြီမို့ သဘောတူလိုက်သည်။

ရေချိုးပြီး ပြန်ထွက်လာသောအခါ တုဇယ်ချန်းက နွားနို့ပူပူ တစ်ခွက် ကမ်းပေးသည်။

"ကြောက်နေရင် ငါ့အခန်းမှာ လာအိပ်လေ"

ပြီးမှ စနောက်လိုက်သည်။

"ငါ့အခြေအနေနဲ့ ဘာမှ လုပ်လို့ မရပါဘူး"

ရှန်ယို့ယောင် ခေါင်းခါလိုက်သည်။ သူမက သီးသန့် နေတတ်သူမို့ အားနည်းချက် ပြရမှာ ရှက်သည်။

တုဇယ်ချန်း ဘာမှ ဆက်မပြော။ ညသန်းခေါင်ကျော်ချိန်တွင် ရှန်ယို့ယောင် အခန်းထဲ ဝင်ကြည့်လိုက်သည်။

"မအိပ်သေးဘူးလား"

ရှန်ယို့ယောင်က ထထိုင်လိုက်သည်။

"ရှင်ရော..."

တုဇယ်ချန်းက သူမ နဖူးပေါ်မှ ချွေးသီးများကို မြင်လိုက်သည်။ ပူလို့ မဟုတ်မှန်း သိသာသည်။ ခုတင်ဘေးသို့ သွားပြီး အမိန့်ပေးလိုက်သည်။

"အတွင်း တိုးလိုက်"

ရှန်ယို့ယောင်က အလိုအလျောက် တိုးပေးလိုက်သည်။

"ဘာလုပ်မလို့လဲ"

တုဇယ်ချန်းက ဝှီးချဲ လက်ရန်းကို အားပြုပြီး ခုတင်ပေါ် တက်လိုက်သည်။

"ဘာလုပ်ရမှာလဲ... အိပ်မလို့ပေါ့"

သူမကို စောင်နှင့်ပတ်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ဘာတွေ အားနာနေတာလဲ။ ကြောက်ရင် ပြောပါလို့ မှာထားတာကို... ငါက မင်းကို စားပစ်မှာ ကျနေတာပဲ"

ရှန်ယို့ယောင် ငြိမ်နေလိုက်သည်။ တုဇယ်ချန်းက သူမ နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်သည်။

"နောက်တစ်ခါ စကားနားမထောင်ရင် တကယ် စားပစ်လိုက်မယ်"

ပြောရင်းဆိုရင်း ပါးကို ကိုက်မလို လုပ်လိုက်သည်။

ရှန်ယို့ယောင် ကမျက်နှာကို သူ့ရင်ခွင်ထဲ ဝှက်ထားလိုက်သည်။

တုဇယ်ချန်းသည် ဆက်မစတော့ပေ။ စောင် သေချာ ခြုံပေးလိုက်သည်။

"အိပ်တော့... မင်း အိပ်ပျော်မှ ငါ သွားမယ်"

ရှန်ယို့ယောင် မငြင်းတော့။ သူက ဒုက္ခိတ ဖြစ်နေတာတောင် စိတ်ပူပြီး လာကြည့်ပေးရှာသည်။ ဒီလို ဂရုစိုက်မခံရတာ ကြာပြီ။

အဖေက ဂရုစိုက်ပေမဲ့ အသေးစိတ် မသိဘူး။ အမှောင်ထဲက ထွက်လာရင် အတွေးထဲကြောက်စိတ်တွေ ကျန်နေတတ်တာကို နားမလည်ဘူး။ အချိန် အတော်ကြာမှ ပျောက်တာ။

ချက်ချင်း အိပ်ပျော်မှာ မဟုတ်ဟု ထင်ထားသော်လည်း မျက်လုံးမှိတ်လိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။

ဒါပေမဲ့...

အိပ်ပျော်မှ သွားမယ် ဆိုတဲ့ လူက မနက်ရောက်တော့ သူမ စောင်ထဲ ရောက်နေသည်။ လက်တစ်ဖက်က သူမ ခါးကို ဖက်ထားသေးသည်။

…

All Chapters