အခန်း ၃၅
Vol. 3 Ch. 35
အခန်း (၃၅)
ရှန်ယို့ယောင် ရင်ဘတ်ကို ဖိထားလိုက်သည်။ ကလေးဆိုးကြီးပဲ... ကလေးဆိုးကြီးနဲ့ အိပ်မိတာပါလို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်သည်။ သို့သော် မျက်စိရှေ့မှ ချောမောသော မျက်နှာကြီးက လက်ခံဖို့ ခက်ခဲစေသည်။
တုဇယ်ချန်းက လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ နိုးလာပြီ ထင်ပြီး သူမ မျက်လုံး မှိတ်ထားလိုက်ချိန် တုဇယ်ချန်းက တစ်ဖက် လှည့်သွားသည်။
ငြိမ်သွားမှ မျက်လုံး ဖွင့်ကြည့်လိုက်ရာ တုဇယ်ချန်း၏ ပြုံးစိစိ မျက်နှာနှင့် တိုးသည်။
"မောနင်း... တုသခင်မလေး"
အသံက အိပ်ရာထကာစမို့ အက်ကွဲကွဲနှင့် ဆွဲဆောင်မှု ရှိနေသည်။ မနေ့ညက ကြင်နာတတ်သော တုဇယ်ချန်း ပျောက်သွားပြီး မဟုတ်ကဟုတ်က လုပ်တတ်သော သခင်လေးတု ပြန်ရောက်လာပြီ။
ရှန်ယို့ယောင် ရှက်သွေးဖြာသွားမည် ထင်သော်လည်း သူမက ပြန်မော့ကြည့်ပြီး ပြုံးပြလိုက်သည်။
"မောနင်း... တုသခင်လေး"
တုဇယ်ချန်းက ကြောင်သွားသည်။ ရှန်ယို့ယောင်က တခစ်ခစ် ရယ်ပြီး တစ်ဖက်မှ ဆင်းပြေးသွားသည်။
တုဇယ်ချန်း သတိဝင်လာသည်။
"ဟေ့... မင်း ငါ့ကို ပြန်စလိုက်တာလား"
ရှန်ယို့ယောင်က ရေချိုးခန်းထဲ ဝင်သွားသည်။ ပြန်ထွက်လာတော့ တုဇယ်ချန်းလည်း အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
"မင်း ငါ့ကို စတတ်နေပြီပေါ့လေ"
"ဘယ်သူက အရင် စတာလဲ။ ဘာလဲ... မင်းသားကပဲ မီးရှို့ခွင့် ရှိပြီး ပြည်သူတွေက မီးခွက်တောင် မထွန်းရဘူးလား"
သူမက သူ့ကို တွန်းပြီး အခန်းထဲ ပြန်ခေါ်သွားသည်။
"နှိပ်ရမဲ့ အချိန် ရောက်ပြီ"
တုဇယ်ချန်းက သဘောကျသွားသည်။ ဆေးရုံဆင်းရတဲ့ ရည်ရွယ်ချက်က ဒါပဲလေ။ မနေ့ညက အမြတ်ထွက်ထားပြီးပြီ ဆိုပေမဲ့ ဒီဟာက သက်သက်ပဲ။
သူ ပျော်ပြီး ထပ်စလိုက်သည်။
"ကုထုံးပညာရှင်က ပြောတယ်... ဘောင်းဘီ ချွတ်ပြီး နှိပ်မှ ပိုထိရောက်တယ်တဲ့"
ရှန်ယို့ယောင်က ခဏ ရပ်သွားပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ... ချွတ်လိုက်။ ကူချွတ်ပေးရမလား"
တုဇယ်ချန်း ကြောင်သွားပြန်သည်။
"မင်း... လူမှားနေတာတော့ မဟုတ်ပါဘူးနော်"
ရှန်ယို့ယောင်က ဂရုမစိုက်ပေ။ ဘောင်းဘီ သွားဆွဲချွတ်မလို လုပ်လိုက်သည်။
"ချွတ်မှာလား"
တုဇယ်ချန်း လန့်ပြီး ခုတင်ခေါင်းရင်းသို့ တိုးကပ်သွားသည်။ နှုတ်ခမ်းထောင့်ကတော့ ကွေးတက်နေသည်။ ဒီနေ့ ရှန်ယို့ယောင်က တက်ကြွနေပါလား။ သူ့ကို ရင်းနှီးလာပြီပဲ။
ရှန်ယို့ယောင်က လက်ကို ပူအောင် ပွတ်ပြီး ခြေသလုံးမှ စနှိပ်သည်။ ကျွမ်းကျင်သည်။ သို့သော် တုဇယ်ချန်းက "ချစ်သူ မျက်မှန်" တပ်ကြည့်နေသဖြင့် အမြင်တွေ ပြောင်းနေသည်။ လက်ချောင်းလေးတွေ ဖိလိုက်တာက ပွတ်သပ်နေသလို၊ လက်ဖဝါးနဲ့ နှိပ်တာက ဆွဲဆောင်နေသလို၊ ကြွက်သားတွေကို ဆွဲညှစ်တာက စနောက်နေသလို ခံစားနေရသည်။
သူမ၏ လှပသော ဘေးတိုက် မျက်နှာလေးကို ကြည့်ရင်း မနေ့ညက မတွေးခဲ့မိသော အရာများကို ပြန်တွေးမိလာသည်။ ချောမွေ့သော အသားအရေ၊ ရင်ခွင်ထဲ ရောက်နေတုန်းက နူးညံ့အိစက်မှု၊ ပြီးတော့ ရင်ဘတ်ချင်း ထိမိတုန်းက ခံစားချက်...
"အဟွတ်..."
တုဇယ်ချန်းက ခေါင်းအုံးကို ဆွဲယူပြီး ရင်ခွင်ထဲ ထည့်ထားလိုက်သည်။ စိတ်ရိုင်းတွေ ဝင်လာပြီ။
"နာလို့လား"
ရှန်ယို့ယောင် မေးလိုက်သည်။
တုဇယ်ချန်း ခေါင်းခါလိုက်သည်။
"မနာပါဘူး... ရပါတယ်"
မျက်နှာကတော့ နီရဲနေသည်။ ရှန်ယို့ယောင်က ဆက်ပြောသည်။
"နာရင် ပြောနော်... ကျွန်မက အားသန်တော့ တစ်ခါတလေ အားလွန်သွားတတ်တယ်"
သူမက အားလျှော့ပေးလိုက်သည်။ မနာတော့သည့်အခါ "ချစ်သူ မျက်မှန်" ပါဝါက ပိုတက်လာသည်။ ရင်တွေ ခုန်လာပြီး ကိုယ်တွေ ပူလာသည်။ မျက်နှာကို ပုံမှန် ဖြစ်အောင် မနည်း ထိန်းထားရသည်။
ဒါ ဆုလာဘ်လား... ပြစ်ဒဏ်လား မသဲကွဲတော့။
ပေါင်ရင်းနား ရောက်လာသောအခါ တုဇယ်ချန်း မနေနိုင်တော့။
"တော်ပြီ... တော်ပြီ... ဒီနားက ကိုယ့်ဘာသာ နှိပ်လို့ ရတယ်"
"ရှင် နှိပ်နိုင်လို့လား"
ရှန်ယို့ယောင်က သံသယ ဖြစ်နေသည်။
"ရှင်က အားမှ မရှိတာ... ကျွန်မပဲ နှိပ်ပေးမယ်။ ဘာလဲ... ကျွန်မကို မခိုင်းချင်လို့လား။ ဘာအကြံ ရှိလို့လဲ"
သူမက အကဲခတ်နေသဖြင့် တုဇယ်ချန်း ခေါင်းအုံးကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ဉာဏ်ဆင်လိုက်သည်။
"မင်း နှိပ်တာ ယားလို့... ရယ်ချင်နေလို့"
"ကုထုံးပညာရှင် နှိပ်တုန်းကကျတော့ မယားဘူးလား"
ရှန်ယို့ယောင်က မယုံ။ ပေါင်ကို ဆွဲညှစ်လိုက်သည်။
စိတ်ယားတာရော၊ အသားယားတာရော ပေါင်းပြီး တုဇယ်ချန်း ရယ်မောလိုက်မိသည်။
"တကယ် ယားတာပဲ"
ရှန်ယို့ယောင် သဘောကျသွားပြီး ထပ်ညှစ်လိုက်သည်။ တုဇယ်ချန်း လဲကျသွားသည်အထိ ရယ်မောနေရသည်။
"ကဲပါ... ဒါဆို ကိုယ့်ဘာသာ နှိပ်လိုက်တော့။ ကျွန်မ မနက်စာ သွားလုပ်လိုက်မယ်"
တုဇယ်ချန်း သက်ပြင်းချလိုက်သည်။ ပြီးမှ ကိုယ့်ဘာသာ ပြန်နှိပ်ရသည်။
မနက်စာ စားပြီးနောက် ရှန်ယို့ယောင်က ဇာတ်ညွှန်း ဖတ်နေသည်။ ရှောင်းမင်ကျန့် မရှိသဖြင့် တုဇယ်ချန်းကို တစ်ယောက်တည်း ထားခဲ့၍ မဖြစ်။ သင်တန်း မသွားတော့။
တုဇယ်ချန်းက တစ်မနက်လုံး စာကြည့်ခန်းထဲ အောင်းနေသည်။ နေ့လယ်စာ စားချိန် ခေါ်သော်လည်း မကြား။ တတိယအကြိမ် ခေါ်မှ လာပြီဟု ပြောသော်လည်း ထွက်မလာ။
ရှန်ယို့ယောင် သွားကြည့်လိုက်သည်။ တံခါး ပွင့်လျက်သားပင်။ သူက နားကြပ်တပ်ပြီး ဂိမ်းဆော့နေသည်။
"မကစားတော့ဘူး... ထမင်းသွားစားတော့မယ်။ မိန်းမ စိတ်ဆိုးနေပြီ"
...
"ကိုယ်တိုင် ချက်တာပေါ့... ငါ့မိန်းမ လက်ရာက ရှယ်ပဲ"
...
ရှန်ယို့ယောင်က အပေါက်ဝ ရောက်သွားသည်။ သူက ဂိမ်းထဲက အသင်းဖော်တွေကို ပြောနေတာဖြစ်ပြီး သူမကို မြင်တော့ ကြောင်သွားသည်။ ပြီးတော့ သူမကို စိုက်ကြည့်ပြီး ဆက်ပြောလိုက်သည်။
"စိတ်မပူပါနဲ့... နောက်ဆို တွေ့ရမှာပါ။ အပြင်မှာ ပိုလှတယ်... ကဲ... စားပြီးမှ ဆက်ဆော့မယ်"
နားကြပ် ချွတ်ပြီး သူမကို ပြောလိုက်သည်။
"ငါ ပြောတာ မမှားဘူး မလား။ နိုင်ငံတော်က အသိအမှတ် ပြုထားတာပဲ... မင်းက ငါ့မိန်းမပဲလေ"
ရှန်ယို့ယောင်က စဉ်းစားဟန် ပြနေသဖြင့် သူက အသံမာမာဖြင့် မေးလိုက်သည်။
"ဘာလဲ... ဝန်မခံချင်ဘူးလား"
ရှန်ယို့ယောင် မျက်လုံး မှိတ်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
"မလုပ်ရဲပါဘူး... ယောကျ်ား"
တုဇယ်ချန်း သီးသွားသည်။
"ဘာ... ဘာ..."
မျက်နှာ တစ်ခုလုံး နီရဲသွားသည်။
ရှန်ယို့ယောင် ရယ်မောလိုက်သည်။ သူ့ကို နိုင်မဲ့ နည်းလမ်း တွေ့ပြီ။
ထမင်းစားပွဲ ရောက်သည်အထိ တုဇယ်ချန်း မသက်သာသေး။ သူမ စနေမှန်း သိသော်လည်း ရင်ခုန်နေတုန်းပင်။ အမည်နာမ တစ်ခုက ဒီလောက်ထိ စွမ်းအား ကြီးမားလိမ့်မယ်လို့ ထင်မထားခဲ့။
သူတင် မကဘူး... ရှန်ယို့ယောင်လည်း အတူတူသာ။ ကိုယ့်ရှူးကိုယ်ပတ်ပြီး နားရွက်တွေ ရဲနေသည်။
တုဇယ်ချန်း ထမင်းစားရင်း ခိုးကြည့်လိုက်သည်။ ရှန်ယို့ယောင်လည်း ကြည့်လာသဖြင့် အကြည့်ချင်း ဆုံပြီး ရှောင်လွှဲလိုက်ကြသည်။
ဖုန်းထဲတွင် သတင်းတစ်ခု တက်လာသည်။ တုဇယ်ချန်း ဖွင့်ကြည့်လိုက်ပြီး အာမေဋိတ် သံ ထွက်သွားသည်။
"ဟေ..."
"ဘာဖြစ်လို့လဲ"
"ဝမ်ရွှီ ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ပြီတဲ့"
တုဇယ်ချန်း ပြောလိုက်သည်။
"သူက အစ်ကိုကျူး လက်အောက်က အနုပညာရှင်လေ"
ရှန်ယို့ယောင်လည်း သူ့ကို သိသည်။ အဆိုတော် ကောင်း တစ်ယောက် ဖြစ်သည်။
"ရှင်နဲ့ ရင်းနှီးလား"
"မဆိုးပါဘူး... လူရိုးလေးပါ။ သီချင်းဆိုတာပဲ စိတ်ဝင်စားတာ"
တုဇယ်ချန်း ချီးကျူးလိုက်သည်။
ရှန်ယို့ယောင်လည်း ဖုန်းဖွင့်ကြည့်လိုက်သည်။
"ကားတိုက်မှုတဲ့လား... တော်တော် ပြင်းထန်ပုံ ရတယ်"
"ဒီကောင်က လူကြီးလူကောင်း ပုံစံမျိုး နေတာလေ... အိပ်ချိန်စားချိန် မှန်တယ်။ မနက်အစောကြီး ကားမောင်းပြီး ဘာသွားလုပ်တာလဲ"
တုဇယ်ချန်းက ဖုန်းဆက်ကြည့်သော်လည်း စက်ပိတ်ထားသည်။
"အနှောင့်အယှက် မဖြစ်ချင်လို့ ပိတ်ထားတာ နေမှာပါ"
"မဖြစ်နိုင်ဘူး... ငါ ခေါ်တာက ကိုယ်ပိုင် ဖုန်းနံပါတ်လေ။ သူ မကိုင်နိုင်ရင်တောင် လက်ထောက်က ကိုင်မှာပါ"
မကြာမီတွင် အကြောင်းရင်းမှန်ကို သိလိုက်ရသည်။ ကားတိုက်မှု မဟုတ်ပေ။
နေ့လယ်စာ စားပြီးနောက် ရှားကျွင်းချီ၊ ဖန်ရှောင်ဖုန်းနှင့် ချီကောင်းရီတို့ ရောက်လာကြသည်။
တီဗီတွင် ဝမ်ရွှီ ကားတိုက်မှု သတင်း လာနေသည်။
ဖန်ရှောင်ဖုန်းက တီဗီကို ကြည့်ပြီး ပြောလိုက်သည်။
"ဒါ မနေ့ညက နျဲ့ချီကျဲနဲ့ ဝေယင်းကျွင်းတို့ လက်ချက်နဲ့ ဒုက္ခရောက်သွားတဲ့ မင်းသား မဟုတ်ဘူးလား"
"ဘာ... ဘယ်လို ဖြစ်တာလဲ"
တုဇယ်ချန်း မျက်မှောင်ကြုတ်လိုက်သည်။
ချီကောင်းရီက ရှင်းပြသည်။
"သူငယ်ချင်း တစ်ယောက် ပြောပြတာ... မနေ့ညက ရှန်းရှီ ကလပ်မှာ ပါတီပွဲ လုပ်ကြတယ်။ တော်တော် ကြမ်းကြတယ်တဲ့။ မင်းသား တစ်ယောက်က ငြင်းလို့ ပြဿနာ တက်ကြတယ်။ အတင်း ဆွဲခေါ်သွားကြတယ်။ တချို့က အခြေအနေ မကောင်းလို့ ပြန်သွားကြတယ်။ မနက်ကျတော့ အဲဒီ မင်းသား ဒုက္ခရောက်သွားတယ် ကြားတယ်။ လူနာတင်ကား ခေါ်ရတဲ့အထိ ဖြစ်သွားတယ်တဲ့"
"ဝမ်ရွှီက အဲဒီလို လူမျိုး မဟုတ်ဘူး"
တုဇယ်ချန်းက ငြင်းလိုက်သည်။
"ရှုပ်ပွေတဲ့ ပွဲမျိုးတွေ သူ မသွားဘူး"
ဖန်ရှောင်ဖုန်းက ပြောသည်။
"အတင်းအကျပ် ခေါ်သွားတာ နေမှာပေါ့။ နျဲ့ချီကျဲက စည်းကမ်း မရှိဘူး။ သူ လိုချင်ရင် အတင်း ယူတတ်တယ်။ ဒီရောက်တာ တစ်လလောက်ပဲ ရှိသေးတယ်... ယောက်ျားလေးရော၊ မိန်းကလေးရော ၅ ယောက်လောက် ဆေးရုံရောက်သွားပြီတဲ့။ ဝမ်ရွှီက နာမည်ကြီးမို့လို့ သတင်းထွက်လာတာ"
ချီကောင်းရီက သတိရသွားသည်။
"ဒါနဲ့... ငါ့သူငယ်ချင်း ပြောတာတော့ မနေ့ညက တုနျန်ယန်လည်း ပါတယ်တဲ့"
တုဇယ်ချန်း၏ မျက်နှာက ပျက်သွားသည်။
"တုနျန်ယန်"
ရှားကျွင်းချီက သုံးသပ်လိုက်သည်။
"မနေ့က မင်းအဖေက သူတို့ကို နယ်ပို့မယ် ပြောတယ် မလား။ သူ နျဲ့ချီကျဲနဲ့ ပေါင်းနေတယ် ဆိုရင်တော့ သတိထား။ အလကားနေရင်း သွားပေါင်းမှာ မဟုတ်ဘူး။ သူက တရားမဝင် သား ဆိုပေမဲ့ မင်းအဖေ အသိအမှတ် မပြုမချင်း သူက အဆင့်မမီသေးဘူး"
"ဝေယင်းကျွင်း ခေါ်သွားတာ နေမှာပေါ့"
ဖန်ရှောင်ဖုန်းက ပြောသည်။
"ဝေယင်းကျွင်း ဆိုတဲ့ကောင်က မင်းကို ဒုက္ခပေးလို့ ရရင် ဘာမဆို လုပ်မဲ့ကောင်။ အခု ဝေယင်းကျွင်းရယ်၊ တုနျန်ယန်ရယ် ပေါင်းမိသွားပြီ ဆိုတော့... ယင်းဟောင် ကုမ္ပဏီက နျဲ့ချီကျဲရဲ့ ကစားကွင်း ဖြစ်တော့မှာပဲ"
"ဒါနဲ့... ဝမ်ရွှီက ယင်းဟောင်က မလား"
တုဇယ်ချန်း ပိုပြီး နက်နက်နဲနဲ တွေးမိလိုက်သည်။ အတွင်းရေးမှူးယန်နှင့် တုနျန်ယန်တို့က သူ့လူတွေကို ဖိနှိပ်နေကြသည်။ ဝမ်ရွှီကလည်း အစ်ကိုကျူးနှင့်အတူ ထွက်ဖို့ ပြင်နေသူ ဖြစ်သည်။
အစ်ကိုကျူးထံ ဖုန်းဆက်လိုက်သည်။
"အစ်ကိုကျူး... ဝမ်ရွှီ..."
စကားမဆုံးခင် အစ်ကိုကျူးက ဆဲဆိုလိုက်သည်။
"ဝေဖေး ဆိုတဲ့ တိရစ္ဆာန်ကောင်... ဝမ်ရွှီကို ဒုက္ခပေးလိုက်ပြီ။ သခင်အသစ်ကို မျက်နှာလုပ်ချင်လို့ လုပ်လိုက်တာ"
"ဒါဆို သတင်းက အမှန်ပေါ့"
တုဇယ်ချန်းက ဒေါသထွက်လာသည်။
"ဝမ်ရွှီ ဘယ်လို နေလဲ"
"အမှန်ပဲ... ဒါပေမဲ့ ဓားထိုးခံရတာ"
အစ်ကိုကျူး ဒေါသထွက်နေသည်။
"ရှောင်ထောင် ပြောပြတာတော့... ဝမ်ရွှီက နံရံကို ခေါင်းနဲ့ ဆောင့်ပြီး သေကြောင်းကြံတယ်။ မေ့လဲသွားတာတောင် ဟိုကောင်က မလွှတ်ဘူး။ သတိပြန်ရလာတော့ အသီးလှီးတဲ့ ဓားတွေ့လို့ ထိုးလိုက်တာ။ ဟိုကောင် ရှပ်ထိသွားတော့ စိတ်ဆိုးပြီး ဝမ်ရွှီကို ပြန်ထိုးလိုက်တာ။ လူသေမှာ ကြောက်လို့ လူနာတင်ကား ခေါ်လိုက်ကြတာ"
တခြားသူတွေက စောစော ပြန်သွားကြလို့ အဖြစ်မှန် မသိကြဘူး။
အစ်ကိုကျူး ဆက်ပြောသည်။
"ငါ ယင်းဟောင် ကနေ ထွက်လိုက်ရတာ ကံကောင်းတယ်။ အရင်တုန်းက ကောင်မလေး တစ်ယောက်လည်း ခံလိုက်ရတယ်တဲ့။ တုနျန်ယန်နဲ့ ဝေယင်းကျွင်း ရှိနေသရွေ့ ယင်းဟောင်က ပြည့်တန်ဆာရုံ ဖြစ်တော့မှာပဲ။ တုဥက္ကဋ္ဌကလည်း ရူးနေလား မသိဘူး... ထန်မိသားစုကို ရပြီ ဆိုပြီး ယင်းဟောင်ကို လွှတ်ပေးလိုက်တာလား"
တုဇယ်ချန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။
"ဝမ်ရွှီ ဘယ်ဆေးရုံမှာလဲ... ကျွန်တော် သွားကြည့်ချင်တယ်"
"ငါ ကြည့်ပြီးပြီ... မနက်ကမှ ခွဲစိတ်ခန်းက ထွက်လာတာ။ အသက်အန္တရာယ် မရှိတော့ပါဘူး။ ကံကောင်းလို့ နျဲ့ကောင် မအောင်မြင်လိုက်တာ... မဟုတ်ရင် ဝမ်ရွှီ ပြန်ထနိုင်မှာ မဟုတ်တော့ဘူး"
တုဇယ်ချန်း ဖုန်းချလိုက်သည်။ မျက်ဝန်းများ မည်းမှောင်နေသည်။ အံကြိတ်ပြီး ရေရွတ်လိုက်သည်။
"တုနျန်ယန်"
…