အခန်း ၃၆
Vol. 3 Ch. 36
အခန်း (၃၆)
တုနျန်ယန်သည် ယခင်က အေးဆေးတည်ငြိမ်သော ကျောင်းသားကောင်း တစ်ယောက် ဖြစ်သည်။ တုဇယ်ချန်းကို မနာလိုခြင်းနှင့် မုန်းတီးခြင်းမှလွဲ၍ အခြား ဆိုးရွားသော အကျင့်စရိုက်များ မရှိခဲ့ပေ။ အကြမ်းဖက်မှုနှင့်လည်း ကင်းကွာသူ ဖြစ်သည်။ ယမန်နေ့ညက မုဒိမ်းမှု တစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီး လူတစ်ယောက်ကို ကားပေါ် တင်ခေါ်သွားသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲ မသိုးမသန့် ဖြစ်နေသည်။
သို့သော် အတွင်းရေးမှူးယန်က ဂရုမစိုက်ပေ။
"သခင်လေးနျဲ့က မွေးနေ့ပွဲ လုပ်မယ် ပြောထားတယ်မလား။ အခု ဒဏ်ရာရသွားတော့ လုပ်ဖြစ်ပါ့ဦးမလား"
"လက်မောင်းမှာ နည်းနည်း ပွန်းသွားတာပါ။ မပြင်းထန်ပါဘူး... လုပ်ဖြစ်မယ် ထင်ပါတယ်"
"ဧည့်သည်တွေ အများကြီး ဖိတ်မှာပေါ့"
အတွင်းရေးမှူးယန်က ပြောလိုက်သည်။
"တုဇယ်ချန်းကိုလည်း ဖိတ်ဖို့ သတိပေးလိုက်ဦး။ သူက ယန်မြို့ရဲ့ အထက်တန်းလွှာတွေကြားမှာ နာမည်ကြီးလေ... သူ မပါရင် သခင်လေးနျဲ့ သိက္ခာကျမှာပေါ့"
"တုဇယ်ချန်းလား"
တုနျန်ယန်က တွန့်ဆုတ်သွားသည်။
"သူက ဒုက္ခိတ ဖြစ်နေပြီလေ... ဘာလာလုပ်မှာလဲ။ ဒါ သူ့ကို အခွင့်ကောင်းယူပြီး ဝိုင်းဖယ်ကြဉ်ဖို့ အခွင့်အရေး မဟုတ်ဘူးလား။ နောက်ဆိုရင် သူ့ကို ဘယ်သူမှ ဖိတ်တော့မှာ မဟုတ်ဘူး"
အတွင်းရေးမှူးယန်က သားကို မော့ကြည့်လိုက်သည်။
"သား... အဝေးကြီးကို လှမ်းကြည့်တတ်ရမယ်။ အောင်ပွဲခံချင်ရင် ရှိသမျှ အရာအားလုံးကို အသုံးချတတ်ရမယ်။ တုဇယ်ချန်းက ဒုက္ခိတ ဖြစ်နေတာ မှန်တယ်။ ဒါပေမဲ့ သခင်လေးနျဲ့က ချောမောလှပတဲ့ သူတွေကို ကြိုက်တယ် ဆို... အထူးသဖြင့် မသန်စွမ်းတဲ့ အလှမျိုးကိုလေ"
တုနျန်ယန်က လန့်ဖျပ်သွားသည်။
"အမေ... အမေ ဆိုလိုတာက..."
အတွင်းရေးမှူးယန် ပြုံးလိုက်သည်။
"ဪ... ရှန်ယို့ယောင်ကိုလည်း မမေ့နဲ့ဦး။ အဲဒီ ကောင်မလေးကလည်း ရှားရှားပါးပါး အလှပိုင်ရှင်ပဲ။ သူတို့က ဒုက္ခရောက်ချိန်မှာတောင် မခွဲမခွာ နေကြတယ် မလား။ ဒီတစ်ခေါက် အတူတူ ကျော်ဖြတ်နိုင်မလား ဆိုတာ စောင့်ကြည့်ကြတာပေါ့"
တုနျန်ယန်က ကြောက်လန့်သွားသည်။
"အမေ... သခင်လေးနျဲ့က တကယ်..."
ရက်စက်ကြမ်းကြုတ်လွန်းတယ်။
အတွင်းရေးမှူးယန်က သူ ဘာပြောချင်လဲ ဆိုတာ သိနေသည်။
"ဝေယင်းကျွင်းက မင်းသား၊ မင်းသမီးလေးတွေကို ပို့ပေးနေတာပဲလေ။ တုဇယ်ချန်းနဲ့ ရှန်ယို့ယောင်ကရော ဘာထူးလို့လဲ။ သူတို့လည်း မင်းသား၊ မင်းသမီးတွေပဲ မဟုတ်လား"
"ဒါပေမဲ့ အဖေက... သေတမ်းစာ မပြင်ရသေးဘူးလေ"
"သေတမ်းစာ ပြင်တာ မပြင်တာ ငါတို့နဲ့ ဘာဆိုင်လို့လဲ"
အတွင်းရေးမှူးယန်က သားကို ကြည့်ပြီး ပြောလိုက်သည်။
"၄၅% ရထားရင် ထန်မိသားစု လုပ်ငန်းကို ထိန်းချုပ်လို့ ရနေပြီ။ ၁၀% လိုချင်နေတာက မင်းအဖေ... ငါတို့ မဟုတ်ဘူး။ ဒီရက်ပိုင်း မင်း သတိမထားမိဘူးလား။ တုဇယ်ချန်းက သေချင်စိတ် မရှိတော့ဘူး။ အဲဒီ ၁၀% ကို အသုံးချပြီး ငါတို့ သားအမိကို ဒုက္ခပေးနေတာ။ ငါတို့သာ နောက်ဆုတ်ပေးလိုက်ရင် နောက်ကျ မောင်းထုတ်ခံရလိမ့်မယ်။ အဲဒီကျရင် ထန်မိသားစု လုပ်ငန်း မပြောနဲ့... တုမိသားစု လုပ်ငန်းတောင် ငါတို့ လက်ထဲ ရောက်မှာ မဟုတ်ဘူး။ သား... ဒီလောက်တော့ တွက်တတ်တယ် မလား"
"နယ်ပြောင်းမိန့် စာ ထွက်လာတော့မယ်။ တာဝန်လွှဲပြောင်းတာနဲ့ ဆိုရင် ငါတို့ ဒီကနေ ထွက်ရဖို့ လဝက်လောက်ပဲ လိုတော့တယ်။ မင်း သေချာ စဉ်းစားကြည့်ပါ"
သူမက ဆက်ပြောသည်။
"ပြီးတော့... ဒါ ငါတို့ လုပ်တာမှ မဟုတ်တာ။ မနေ့ညက ကိစ္စလိုပဲလေ... ဝေယင်းကျွင်း လုပ်သွားတာပဲ မဟုတ်လား"
တုဇယ်ချန်း၊ ရှန်ယို့ယောင်နှင့် အစ်ကိုကျူးတို့သည် ဝမ်ရွှီကို သွားရောက် သတင်းမေးကြသည်။
ကံကောင်းစွာဖြင့် ဓားချက်က အသက်အန္တရာယ် မထိခိုက်ခဲ့။ ဝမ်ရွှီ သတိရလာပြီ ဖြစ်သည်။ အဖြစ်ဆိုး ကြုံခဲ့ရပြီးနောက် ရင်းနှီးသူများကို တွေ့လိုက်ရသဖြင့် ဝမ်းနည်းလာသည်။
"အစ်ကိုကျူး... ဇယ်ချန်း..."
အစ်ကိုကျူးက ခေါင်းကို ပွတ်ပေးချင်သော်လည်း ဦးခေါင်း ထိခိုက်ထားသဖြင့် ပခုံးကိုသာ ပုတ်ပေးလိုက်သည်။
"ကံကောင်းလို့ပါကွာ"
ဝမ်ရွှီက လန့်နေသေးသော်လည်း ပြတ်သားစွာ ပြောလိုက်သည်။
"ကျွန်တော် သူ့ကို တရားစွဲမယ်"
"ငါ စုံစမ်းပြီးပြီ... မလွယ်လောက်ဘူး"
အစ်ကိုကျူး ပြောပြသည်။
"မင်းမှာ ဒဏ်ရာရထားပေမဲ့... အဲဒီနေရာမှာ ရှိနေတဲ့ လူတွေ၊ မင်းရဲ့ မန်နေဂျာ ဝေဖေး အပါအဝင် အားလုံးက မင်းဘက်က ရပ်တည်ပေးမှာ မဟုတ်ဘူး။ နျဲ့မိသားစုက နောက်ခံ တောင့်တင်းတယ်။ မတော်တဆ ထိခိုက်မှုလို့ ပြောရင် ပြီးသွားမှာ။ မုဒိမ်းမှု မြောက်ဖို့က ပိုဝေးတယ်။ ဝေဖေး ကိုယ်တိုင်က မင်း သဘောတူပါတယ်လို့ သက်သေခံလိုက်ရင် ပြီးပြီ။ နောက်ဆုံးကျရင် မင်းပဲ နစ်နာကျန်ရစ်လိမ့်မယ်"
"ဒါဆို ဒီအတိုင်း ခံလိုက်ရမှာလား"
ဝမ်ရွှီ မကျေမနပ် ဖြစ်နေသည်။
"ကျွန်တော် လက်မခံနိုင်ဘူး"
"ဘယ် လက်ခံနိုင်မလဲ"
တုဇယ်ချန်းက အေးစက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ အစ်ကိုကျူး ပြောတာ မှန်တယ်။ မင်း တစ်ယောက်တည်း လုပ်ရင် ရှုံးလိမ့်မယ်။ နျဲ့ကောင်က လူတော်တော်များများကို ဒုက္ခပေးထားတာ။ မင်း ငါ့ကို ယုံရင် ဒီကိစ္စ ငါ့ကို လွှဲပေးလိုက်။ တကယ်တော့ ငါ့ကြောင့် မင်း ဒုက္ခရောက်ရတာပါ။ ငါနဲ့ ခင်လို့ တုနျန်ယန်က..."
"ဘာလို့ ရှင်က အပြစ်ယူနေရတာလဲ"
ငြိမ်နေသော ရှန်ယို့ယောင်က ဖြတ်ပြောလိုက်သည်။
"သူတို့ ယုတ်မာလို့ လုပ်တာလေ... ရှင်က အပြစ်သားမို့လို့လား။ ရှင်နဲ့ ခင်တဲ့သူတွေ ဒုက္ခရောက်တိုင်း ရှင့်အပြစ် ဖြစ်ရောလား"
တုဇယ်ချန်းက ကြောင်သွားသည်။
"မင်း ပြောတာ မှန်ပါတယ်။ ငါ စကားမှားသွားတယ်။ ငါ ဆိုလိုတာက... သူက ငါ့ကို ရန်သူလို သဘောထားပြီး ငါ့သူငယ်ချင်းတွေကို ဒုက္ခပေးနေတာ။ ဒါကြောင့် သူ့ကို ရှင်းပစ်ဖို့ ငါ့မှာ တာဝန်ရှိတယ်လို့ ပြောချင်တာ"
ဝမ်ရွှီက ရှန်ယို့ယောင်ကို တစ်ခါမှ မတွေ့ဖူးသော်လည်း သူမ ဒေါသထွက်နေပုံကို ကြည့်ပြီး ကြောက်ရွံ့သွားသည်။
"မရီး ပြောတာ မှန်ပါတယ်"
ရှန်ယို့ယောင်က ခဏ တုံ့ဆိုင်းသွားပြီး တုဇယ်ချန်းကို တစ်ချက် ကြည့်လိုက်သည်။ မရီးဆိုသည့် အခေါ်အဝေါ်ကို လက်ခံလိုက်သည်။
"သူတို့ လုပ်ရပ်တွေက လွန်လွန်းလို့ စိတ်ဆိုးသွားတာပါ"
အစ်ကိုကျူးက တုဇယ်ချန်းကို ကြည့်လိုက်သည်။ ဒီကောင်လေးက သူမ သူ့ကို ကာကွယ်ပေးနေတာကို မသိသေးဘူး။ ရယ်ချင်သွားသော်လည်း မပြောပြဘဲ နေလိုက်သည်။
တုနျန်ယန်နှင့် နျဲ့ချီကျဲတို့ကို ဘယ်လို ရှင်းရမလဲ စဉ်းစားနေစဉ်မှာပင် နျဲ့ချီကျဲ၏ မွေးနေ့ပွဲ ဖိတ်စာ ရောက်လာသည်။ သူတို့ လင်မယား နှစ်ယောက်လုံးကို ဖိတ်ထားခြင်း ဖြစ်သည်။
ဖိတ်စာကို ဝေယင်းကျွင်း ကိုယ်တိုင် လာပေးခြင်း ဖြစ်သည်။ ဆေးရုံမှ ပြန်လာသော တုဇယ်ချန်းတို့ အိမ်ရှေ့တွင် သူက စောင့်နေသည်။
သူသည် တောက်ပသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ညနေစောင်းနေပြီ ဖြစ်သော်လည်း နေကာမျက်မှန်ကြီး တပ်ထားသေးသည်။ နား၊ လည်ပင်း၊ လက်ချောင်းများတွင် လက်ဝတ်ရတနာများ တဖွဲဖွဲ ဝတ်ဆင်ထားသည်။ ကြည့်ရတာ ဖျော်ဖြေပွဲ သွားမည့် အတိုင်းပင်။ ရုပ်ရည်က မပေးသဖြင့် လူမိုက် ဂိုဏ်းသားနှင့် ပိုတူနေသည်။
ဝမ်ရွှီကို ဒုက္ခပေးခဲ့သော်လည်း သူက ဂရုစိုက်ပုံ မရ။ တုဇယ်ချန်းကို မြင်တော့ ခြေတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဖြည်းဖြည်းချင်း လျှောက်လာသည်။ ဝှီးချဲပေါ်တွင် ထိုင်နေသော တုဇယ်ချန်းကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
"ကံတရား ဆိုတာ ဆန်းကြယ်သားပဲ။ တုသခင်လေး ဒီလိုအဖြစ်မျိုး ရောက်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ခြေထောက် မရှိတော့ တော်တော် ဒုက္ခရောက်နေမလား"
တုဇယ်ချန်း မအံ့သြမိပေ။ ဝေယင်းကျွင်းက အခုမှ လာပြီး လှောင်ပြောင်နေခြင်းကို ကြည့်လျှင် နျဲ့ချီကျဲနှင့် အလုပ်ရှုပ်နေသည်မှာ သေချာသည်။
သူ့ဝတ်စုံကို ကြည့်ပြီး တုဇယ်ချန်း ရယ်ချင်သွားသည်။ ဒါ တုဇယ်ချန်း ပွဲတစ်ခုတုန်းက ဝတ်ခဲ့တဲ့ ပုံစံမျိုးပဲ။ သူ့ကို စိတ်ဒုက္ခ ပေးချင်လို့ တမင် ဝတ်လာတာ ဖြစ်မယ်။
"ဟုတ်တယ်... တော်တော် ဒုက္ခရောက်တယ်။ ဘုရားသခင်က မင်း တုံးလွန်းလို့ သနားပြီး ငါ့ကို ဒုက္ခပေးလိုက်တာ နေမှာ။ မဟုတ်ရင် မင်း စိတ်ဓာတ်ကျပြီး သေသွားမှာ စိုးလို့လေ"
ဝေယင်းကျွင်း ဒေါသထွက်သွားသော်လည်း ထိန်းထားလိုက်သည်။ တုဇယ်ချန်းက ဟန်ဆောင်ပြီး သတ္တိကောင်းပြနေတာပဲ ဖြစ်မှာပါ။
"မင်း နေတဲ့နေရာကလည်း စုတ်ပြတ်သတ်နေတာပဲ။ ရှာလိုက်ရတာ မောသွားတယ်။ ပြောရဦးမယ်... မင်းက ဒုက္ခိတ ဖြစ်သွားပေမဲ့... တုအိမ်တော်က မင်းအိမ်ပဲလေ။ အခုတော့ အတွင်းရေးမှူးယန်နဲ့ တုနျန်ယန်က ဝင်နေပြီး တုကတော်က အိမ်ပြန်ပြေး၊ တုသခင်လေးက တိုက်ခန်းကျဉ်းကျဉ်းလေးထဲ ရောက်နေတော့... တုအိမ်တော်ရဲ့ သခင်မ နေရာက လူပြောင်းသွားပြီလား"
တုဇယ်ချန်းက သူ့စကားတွေကို နားထောင်ပြီး ရယ်ချင်နေသည်။ အတွင်းရေးမှူးယန်တို့ ဝင်နေချင်ပေမဲ့ တုဟုန်ရိက ခွင့်မပြုသေးဘူး။ သေတမ်းစာ မဖွင့်မချင်း သူက လူကြီးလူကောင်းပုံစံ ဟန်ဆောင်နေဦးမှာ။
"မင်းက တော်တော် အားနေတာပဲ"
တုဇယ်ချန်း ပြန်ပြောလိုက်သည်။
"ဝေမိသားစုရဲ့ သခင်မ နေရာကရော မင်းအမေ မြဲရဲ့လား။ မင်းအဖေက မင့်ညီလေး တစ်ယောက် ထပ်မွေးပြီး ပြုစုပျိုးထောင်နေတယ် ကြားတယ်"
ဝေယင်းကျွင်းက ဒေါသ ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။
"ငါ့ညီ အကြောင်း ထားလိုက်... မင်းညီကတော့ နေရာရနေပြီ။ ထားပါတော့... ဒုက္ခိတ တစ်ယောက်နဲ့ ဖက်ပြီး ရန်ဖြစ်မနေတော့ပါဘူး"
ရင်ဘတ်ထဲမှ ရွှေရောင် ဖိတ်စာ တစ်စောင်ကို ထုတ်ပေးလိုက်သည်။
"ဒါ သခင်လေးနျဲ့ရဲ့ မွေးနေ့ပွဲ ဖိတ်စာ။ အသိုင်းအဝိုင်းထဲက သခင်လေးတွေ အကုန် ဖိတ်ထားတယ်။ မင်းအတွက် ဖိတ်စာကို တုနျန်ယန် ယူသွားပြီ။ ငါက မင်းအတွက် သက်သက် ထပ်တောင်းလာပေးတာ။ တုသခင်လေးက ဘယ်လောက်ပဲ ကျဆုံးနေပါစေ... တရားမဝင် သားတစ်ယောက်လောက်တော့ အောက်ကျမခံသင့်ဘူး ထင်လို့လေ"
ဝေယင်းကျွင်း ထင်ထားတာက တုဇယ်ချန်း ဒေါသထွက်ပြီး ဖိတ်စာကို လွှင့်ပစ်လိုက်မယ် ဆိုတာပါပဲ။
သို့သော် တုဇယ်ချန်းက ဖိတ်စာကို လှမ်းယူလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
"သခင်လေးနျဲ့ အကြောင်း ကြားနေတာ ကြာပြီ။ ဘယ်လို မိတ်ဖွဲ့ရမလဲ စဉ်းစားနေတာ။ မင်းက ကူညီပေးမယ်လို့ မထင်ထားဘူး... ကျေးဇူးပဲကွာ"
သူ့ကျေးဇူးတင်စကားက ရိုးသားလွန်းနေသဖြင့် ဝေယင်းကျွင်း ကြောင်သွားသည်။ ငါ သူ့ကို စော်ကားလိုက်တာလား... ကူညီလိုက်တာလား။
သူ စဉ်းစားလို့ မပြီးခင်မှာပင် တုဇယ်ချန်းက အိမ်ထဲဝင်ပြီး တံခါးပိတ်လိုက်သည်။ ဝေယင်းကျွင်း ဒေါသထွက်ပြီး တံခါးကို ကန်လိုက်သည်။ ပြီးမှ ခြေထောက်နာပြီး ထွက်သွားရသည်။
အိမ်ထဲတွင် တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့ လန့်သွားကြသည်။
"ဝေယင်းကျွင်းက တကယ့် အရူးပဲ"
ရှန်ယို့ယောင်က ဖိတ်စာကို ယူကြည့်လိုက်သည်။
"နှစ်ယောက်လုံးကို ဖိတ်ထားတာပဲ... လူတွေ အများကြီး လာမှာလား"
"လာကြမှာပေါ့"
တုဇယ်ချန်း ပြောလိုက်သည်။
"သူက နောက်ခံတောင့်တော့ အားလုံးက မျက်နှာလိုမျက်နှာရ လာကြမှာပဲ"
"ဒါဆို ရှင်..."
ရှန်ယို့ယောင် စိတ်ပူနေသည်။
"ဝေယင်းကျွင်းက မရိုးသားဘူး။ နျဲ့ချီကျဲ နဲ့လည်း ပေါင်းနေတော့ ရှင့်ကို အရှက်ခွဲမှာ သေချာတယ်"
တုဇယ်ချန်းက ဂရုမစိုက်။
"ဝေယင်းကျွင်းနဲ့ ပေါင်းတဲ့သူတွေက အဆင့်မမီပါဘူး။ သူက ငါ့ကို ဘာမှ မလုပ်နိုင်ရင် သူ့လူတွေကလည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ နျဲ့ချီကျဲကတော့... သူ့နောက်ခံ ဘယ်လောက် ကောင်းကောင်း၊ ငါ့ကို ထိမယ် ဆိုရင်တော့ စဉ်းစားဖို့ လိုလိမ့်မယ်"
ရှန်ယို့ယောင်က သူ့ကို ကြည့်နေသဖြင့် သူ နေရခက်သွားသည်။
"ဘာကြည့်နေတာလဲ"
ရှန်ယို့ယောင်က ကိုယ်ကို ကိုင်းပြီး သူ့မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ ခေါင်းကို ပွတ်သပ်ပေးပြီး ပြုံးလိုက်သည်။
"တုသခင်လေးက တကယ် လူကြီး ဖြစ်သွားပြီပဲ"
အခြေအနေကို သုံးသပ်တတ်လာပြီ။ သူများ အမြင်ကို ဂရုမစိုက်တော့ဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဒီပုံစံနဲ့ ပွဲတက်ရင် အတင်းအဖျင်း ပြောတာတွေ ခံရမှာ သေချာသည်။ လူ့လောကရဲ့ အေးစက်မှုကို လက်တွေ့ ခံစားရမှာ။
တုဇယ်ချန်းက သူမ၏ မျက်ဝန်းများကို ကြည့်ပြီး ပြုံးလိုက်သည်။
"တုသခင်မလေးရဲ့ ကျေးဇူးတွေပါ"
သူမအတွက် ဆိုရင် သူ ဘယ်တော့မှ လဲကျတော့မှာ မဟုတ်ဘူး။ သူမ ထူပေးလို့ မတ်တတ်ရပ်လာနိုင်ပြီ ဆိုမှတော့ တစ်သက်လုံး ကာကွယ်ပေးသွားတော့မယ်။
ရှန်ယို့ယောင်က ရှက်သွားပြီး အကြည့်လွှဲလိုက်သည်။
"မနက်ဖြန် Audition သွားရမယ်"
"ငါ လိုက်ပို့ပေးရမလား"
"မလိုပါဘူး... အစ်ကိုကျူး ပါတာပဲ။ ရှင် အိမ်တော်ဟောင်းကို ပြန်ပြီး အန်တီထန်ကို သွားတွေ့လိုက်ပါလား"
"အင်း... ကောင်းပြီ။ ဂရုစိုက်နော်... ကိစ္စရှိရင် ဖုန်းဆက်လိုက်။ ငါ အိမ်တော်ဟောင်း ပြန်ပြီး ဦးလေးပိုင်တို့ဆီကနေ နျဲ့မိသားစု အကြောင်း မေးလိုက်ဦးမယ်"
…