အခန်း ၃၉
Vol. 3 Ch. 39
အခန်း (၃၉)
ချန်ရွေ့နှင့် တုနျန်ယန်တို့သည် မိမိလက်ထဲရှိ ပရောဂျက်ကို လုယူနိုင်ရန်အတွက် ကိုယ်ကျင့်တရား ပျက်ပြားလှသော လူတစ်ဦးနှင့်ပင် အဖော်စပ်ရန် ဝန်မလေးကြသည်ကို တုဇယ်ချန်းသည် မသိရှိသေးပေ။ သူသည် ယခုအခါတွင် မောက်မာရိုင်းစိုင်းလှသော သခင်လေးနျဲ့ကို ရင်ဆိုင်တွေ့ဆုံရန်သာ အာရုံစိုက်နေသည်။
အမှန်စင်စစ် တုဇယ်ချန်းသည် ဒဏ်ရာရပြီးနောက်ပိုင်း အထက်တန်းလွှာ အသိုင်းအဝိုင်းထဲသို့ ပထမဆုံးအကြိမ် လူလုံးပြလာမည်ဖြစ်ရာ လူအများကလည်း စူးစမ်းလိုစိတ် ပြင်းပြနေကြသည်။
"ဒီနေ့ တုသခင်လေး လာမယ်လို့ ကြားတယ်နော်"
"မဖြစ်နိုင်တာ၊ သူ ကားတိုက်မှုဖြစ်ပြီး လေဖြတ်နေတာ မဟုတ်လား။ ဘယ်လိုလုပ် လာနိုင်မှာလဲ... ထမ်းစင်နဲ့ သယ်လာမှာလား"
"အဲဒီလောက်လည်း မပြင်းထန်ပါဘူး၊ ခြေထောက် မသန်ရုံတင်ပါ။ ဝှီးချဲနဲ့ လာလို့ရတာပဲ။ ပြီးခဲ့တဲ့ရက်ကတောင် တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်မှာ ပါသေးတယ်၊ မင်း မတွေ့လိုက်ဘူးလား"
"ငါက နေ့တိုင်း အလုပ်ရှုပ်နေတာ၊ အနုပညာသတင်းတွေကို ဘယ်အချိန်ပေး ကြည့်နိုင်မှာလဲ" ဟု မိသားစုလုပ်ငန်းထဲသို့ ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သော သခင်လေးတစ်ဦးက ဆိုသည်။
မိန်းကလေးများကမူ နှမြောတသ ဖြစ်နေကြသည်။ "နှမြောစရာကောင်းလိုက်တာ၊ ဒီလောက်ချောတဲ့သူက ဒုက္ခိတဖြစ်သွားရတယ်လို့... နောက်ဆို ပြန်ကောင်းနိုင်ဦးမလားမသိဘူး"
"မရတော့ဘူးထင်တယ်၊ တုဥက္ကဋ္ဌက တရားမဝင်သားကိုတောင် အိမ်ပြန်ခေါ်ထားပြီဆိုတော့ သူ့ကို စွန့်ပစ်လိုက်ပြီပေါ့"
ထိုစကားကို မည်သူမျှ ဝင်မပြောကြပေ။ ဤအသိုင်းအဝိုင်းတွင် အပျော်အပါးမက်သော သခင်လေးများ ရှိသော်လည်း ဉာဏ်ရှိသူက ပိုများသည်။ ဆွေကြီးမျိုးကြီး အိမ်တွင်းရေး လျှို့ဝှက်ချက်များနှင့် ပတ်သက်၍ အဖြေအတိအကျ မပေါ်သေးသရွေ့ သူတို့သည် မလိုအပ်ဘဲ ဝင်ရောက် ဝေဖန်ခြင်း မပြုကြပေ။ သို့မဟုတ်ပါက နောင်တစ်ချိန်တွင် မိမိစကားနှင့်မိမိ အရှက်ရနိုင်သည် မဟုတ်လား။
ထို့နောက် အခြားသော ခေါင်းစဉ်တစ်ခုသို့ ပြောင်းလဲ ဆွေးနွေးကြပြန်သည်။ တုဇယ်ချန်းနှင့် ပတ်သက်လျှင် ပြောစရာများက ဝေဖြာနေသည်လေ။ ခြေထောက်ဒဏ်ရာအပြင် သူ၏ လက်ထပ်မှုကလည်း အလွန်ပင် စိတ်ဝင်စားစရာ ကောင်းနေသည်။
"သူ ဒီလောက်စောစော လက်ထပ်လိမ့်မယ်လို့ မထင်ထားဘူး၊ အဲဒီအပြင် အဆင့် ၁၈ မင်းသမီးလေးကိုမှ ယူရတယ်လို့"
"ဒါပေမဲ့ အားကျစရာတော့ ကောင်းသားပဲ၊ တုဥက္ကဋ္ဌကလည်း လုံးဝ မကန့်ကွက်ဘူးဆိုတော့"
အချို့ကမူ ပြုံးရုံသာ ပြုံးနေကြသည်။ တုဥက္ကဋ္ဌ၏ အလိုလိုက်ပုံမှာ ကောင်းသလား၊ ဆိုးသလား ဆိုသည်မှာ ယခုထက်ထိ ဝေခွဲမရသေးပေ။
"အဲဒီ မင်းသမီးလေးကတော့ တော်တော်ဉာဏ်များတာပဲ။ တုသခင်လေးက သူ့အတွက်နဲ့ ကိုယ်တိုင် လမ်းခင်းပေးနေရတာ။ အစီအစဉ်မှာ ပြောသွားတာတွေကရော အမှန်တွေပဲလား။ ရှေ့တုန်းက သတင်းတွေကလည်း ဟိုလိုလို ဒီလိုလိုနဲ့ ငါတော့ ခေါင်းတွေတောင် မူးကုန်ပြီ"
"အနုပညာလောကက တော်တော်ကို ရှုပ်ထွေးတာပဲ၊ ဘာလို့များ အဲဒီလောက် အောက်တန်းကျတဲ့နေရာကို သွားနေကြတာလဲ"
မော့ယွဲ့က မကျေမနပ်ဖြင့် ဝင်ပြောလိုက်သည်။ "နေရာက ရှုပ်တာ မဟုတ်ဘူး၊ လူတွေက ရှုပ်တာပါ။ အဲဒီထဲမှာလည်း ရိုးရိုးသားသား ကြိုးစားနေတဲ့သူတွေ ရှိပါတယ်"
သူမ၏ စကားကြောင့် တစ်ဦးက သတိရသွားကာ မေးမြန်းလိုက်သည်။ "အေးလေ... မင်းက အဲဒီလောကထဲမှာဆိုတော့ သိမှာပေါ့။ အဲဒီမိန်းမက တကယ်ပဲ မယားငယ်ဘဝနဲ့ တက်လာတာလား"
မော့ယွဲ့က လှောင်ပြောင်သော လေသံဖြင့် ပြန်ပြောလိုက်သည်။ "ရိုက်ကွင်းတစ်ခုလုံး မျက်မြင်ကိုယ်တွေ့ ဖမ်းမိတာလေ၊ နင်က ဘာထင်လို့လဲ"
"တကယ်ကြီးလား... ဒါဆို ဖန်ရွှယ်ယင်းက..."
"သူလည်း မအေးပါဘူး" မော့ယွဲ့က ဆက်ပြောသည်။ "ဖောက်ပြန်တာကို လူတိုင်းသိအောင် ဒီလောက် ဆူဆူညံညံလုပ်တာ ငါတစ်ခါမှ မမြင်ဖူးဘူး။ တုဇယ်ချန်း ပြောတာတော့ သူ ငါးသန်း အလိမ်ခံရတယ်ဆိုပဲ။ ငါ့အမြင်တော့ ပိုက်ဆံအတွက် နှစ်ယောက်ပေါင်း ကြံစည်ကြတာ၊ ဒါပေမဲ့ ရှန်ယို့ယောင်က နောက်ဆုံးမှ စိတ်ပြောင်းသွားလို့ ဖန်ရွှယ်ယင်းပဲ ခံလိုက်ရတာ ဖြစ်မယ်"
"ငါသာဆိုရင်လည်း စိတ်ပြောင်းမှာပေါ့" တစ်ဦးက ဆိုသည်။ "တုသခင်လေးကို ရထားရင် ငါးသန်းဆိုတာ ဘာမှမဟုတ်တော့ဘူးလေ။ ဖန်ရွှယ်ယင်းက ဘာတွေ တွေးနေတာလဲ မသိဘူး"
"သူ့မှာ စစ်မှန်တဲ့အချစ်ရှိတယ် ဆိုလားပဲ။ အချစ်အတွက်ပဲ နေမှာပေါ့" မော့ယွဲ့က ဆိုလိုက်သည်။
"ဘယ်သူကမှ မကောင်းပါဘူး၊ အတူတူပါပဲ"
"ဒါဆိုရင် ရှန်ယို့ယောင်က တော်တော်ဉာဏ်များတာပဲ။ တုသခင်လေး ဒုက္ခရောက်နေချိန်မှာ တစ်ဖဝါးမှမခွာ ပြုစုပေးတယ်ဆိုတော့... တုဇယ်ချန်းလို စိတ်နုတဲ့သူကတော့ တကယ်ပဲ အချစ်နွံထဲ နစ်သွားပြီထင်တယ်"
"ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ သူတို့က တကယ့် လင်မယားတွေ ဖြစ်နေပြီ၊ သံယောဇဉ်လည်း ရှိပုံရတယ်"
"ဒါကတော့ ကိုယ်တိုင်မှ သိမှာပေါ့။ ပိုက်ဆံရှိလည်း ဘာထူးမှာလဲ၊ ခင်ပွန်းက ဒုက္ခိတဖြစ်နေတာလေ။ တုသခင်မလေးလို့ ခေါ်ပေမဲ့ တုဇယ်ချန်းကလွဲရင် ဘယ်သူက သူ့ကို အထင်ကြီးမှာလဲ"
သူတို့ စကားပြောနေစဉ်မှာပင် ရှားကျွင်းချီ၊ ဖန်ရှောင်ဖုန်းနှင့် ချီကောင်းရီတို့သည် တံခါးဝသို့ ဦးတည်ထွက်သွားကြသည်။
"ရှားသခင်လေးတို့ ထွက်ကြိုနေပြီဆိုတော့ တုသခင်လေး ရောက်ပြီထင်တယ်"
လူအများက စူးစမ်းစွာ ကြည့်ရှုလိုက်ကြရာ တုဇယ်ချန်းသည် ဝှီးချဲပေါ်တွင် ထိုင်လျက် မိန်းမလှတစ်ယောက်၏ လက်ကို ဆုပ်ကိုင်ထားပြီး ဝင်လာသည်ကို တွေ့လိုက်ရသည်။ ရှန်ယို့ယောင်သည် အနီရောင် ဂါဝန်တိုလေးကို ဝတ်ဆင်ထားပြီး သူမ၏ ကောက်ကြောင်းအလှနှင့် ဖြောင့်စင်းသော ခြေတံရှည်များက အားလုံး၏ အမြင်ကို ဖမ်းစားထားသည်။ သူမ၏ ဆံနွယ်များကို လှိုင်းတွန့်လေးများ လုပ်ကာ ပခုံးတစ်ဖက်သို့ ချထားပြီး နားရွက်တွင် ပင်လုံးကြိုင်ပန်းလေးများ ဆင်ယင်ထားသည်မှာ ဆွဲဆောင်မှုရှိသော အလှနှင့် နူးညံ့သိမ်မွေ့သော အလှကို ဟန်ချက်ညီညီ ပေါင်းစပ်ထားသကဲ့သို့ပင်။
သူမသည် တုဇယ်ချန်းနှင့်အတူ ထွက်ကြိုနေသော သူငယ်ချင်းများကို နှုတ်ဆက်လိုက်သည်။
"ဒါကြောင့်လည်း တုသခင်လေးကို မြှူဆွယ်နိုင်တာကိုး၊ တကယ်ကို လှတာပဲ"
"နေပါဦး... ငါ့အထင်တော့ တုဇယ်ချန်းက ဝှီးချဲပေါ်မှာ ထိုင်နေတာတောင် ပိုပြီး ခန့်ညားလာသလိုပဲ"
"အပြောင်းအလဲကတော့ အကြီးကြီးပဲ၊ တော်တော်လေး တည်ငြိမ်သွားတယ်"
"တကယ်ပဲ ဒုက္ခိတဖြစ်သွားတာလား။ အရင်ကထက် ပိုချောလာတာပဲ၊ တကယ်ကြီး မသန်စွမ်းတော့ဘူးဆိုရင် နှမြောစရာပဲ"
"ရှားကျွင်းချီတို့က ဘယ်လိုဖြစ်တာလဲ၊ အဲဒီမိန်းမကို တော်တော်လေး လေးစားနေတဲ့ပုံပဲ။ ချီကောင်းရီကတော့ တကယ့်ကို အလိုက်အထိုက် လုပ်ပေးနေတာ"
"သူတို့တွေကိုပါ သိမ်းသွင်းနိုင်တယ်ဆိုတော့... ဉာဏ်နီဉာဏ်နက်ကတော့ မနည်းဘူးပေါ့"
မော့ယွဲ့ကမူ နှာခေါင်းရှုံ့လျက် ဂရုမစိုက်ဟန်ဖြင့် လှည့်ထွက်သွားသည်။
တုဇယ်ချန်းသည်လည်း ပတ်ဝန်းကျင်၏ အကြည့်များမှာ ယခင်နှင့် မတူတော့ကြောင်း သတိထားမိလိုက်သည်။ အရင်ကဆိုလျှင် သူ ရောက်လာသည်နှင့် အားလုံးက ဝိုင်းအုံ၍ နှုတ်ဆက်ကြသော်လည်း ယခုမူ သူငယ်ချင်း အရင်းအချာ အနည်းငယ်မှလွဲ၍ ကျန်လူများက ခပ်တန်းတန်းသာ နေကြသည်။ အချို့ကမူ သူသည် အသုံးဝင်ဦးမလားဟု အကဲခတ်နေကြပြီး အချို့ကမူ သူ့အား စွန့်ပစ်ရန် ဆုံးဖြတ်ပြီးကြပြီ ဖြစ်သည်။
"ဟော... တုသခင်လေး ရောက်လာပြီပဲ" အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ကြည့်လိုက်ရာ ဝေယင်းကျွင်းနှင့် တုနျန်ယန်တို့ အတူတူ လျှောက်လာကြသည်ကို တွေ့လိုက်ရသည်။
တုဇယ်ချန်းသည် အံ့ဩစရာကောင်းလောက်အောင် စိတ်အေးလက်အေး ရှိနေသည်။ ရှန်ယို့ယောင်က ဘာကြောင့် ဒေါသ မထွက်တတ်သလဲ ဆိုသည်ကို သူ ယခုမှ နားလည်လိုက်ရသည်။ ဤကဲ့သို့သော လူများမှာ ဒေါသထွက်ခံရရန်ပင် မထိုက်တန်သောကြောင့် ဖြစ်သည်။ ဤဝှီးချဲပေါ်တွင် ထိုင်နေရခြင်းကပင် ကမ္ဘာလောကကို ပိုမို ကြည်လင်ပြတ်သားစွာ မြင်နိုင်စေသည် မဟုတ်ပါလား။
ဝေယင်းကျွင်းသည် မိမိ လမ်းလျှောက်နိုင်ကြောင်း ကြွားဝါသည့်အလား တုဇယ်ချန်း ရှေ့သို့ ရောက်လာပြီး အထက်စီးမှ ကြည့်ကာ ဆိုသည်။ "တုသခင်လေးက စိတ်ဓာတ်မကျသေးတာပဲ၊ မလာဘူးလို့ ထင်နေတာ"
သို့သော် တုဇယ်ချန်းသည် အထက်စီးမှ အကြည့်ခံနေရသည်ဟု မခံစားရပေ။ သူသည် ခန္ဓာကိုယ်ကို ဖြေလျော့ကာ ဝှီးချဲနောက်မှီသို့ မှီချလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ထားကာ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "ဝေယင်းကျွင်း... မင်းက ငါ့အပေါ် တစ်ခါတလေမှ စေတနာ ထားဖူးတာဆိုတော့၊ ငါက မသိတတ်ရာ ကျမှာပေါ့။ ကျေးဇူးပါပဲကွာ"
ဝေယင်းကျွင်းက ပြောလိုက်သည်။ "မင်း ငါ့ကို ကျေးဇူးတင်ရမှာတွေ အများကြီး ရှိသေးတယ်"
သူက တုနျန်ယန်ကို ဆွဲခေါ်လျက် မိတ်ဆက်ပေးလိုက်သည်။ "မင်းအဖေရဲ့ လက်ထောက်လေ၊ မင်း သိမှာပါ"
"လက်ထောက်" ဆိုသော စကားလုံးကို သူက ဖိပြောလိုက်သဖြင့် လူအများ၏ အကြည့်များက စုပြုံရောက်ရှိလာသည်။ တုမိသားစု၏ တရားမဝင်သား ကိစ္စမှာ ကားတိုက်မှု ဖြစ်ပြီးကတည်းက သတင်းထွက်နေသော်လည်း တုဟုန်ရိက ဝန်မခံသေးသဖြင့် အားလုံးက တွေဝေနေကြခြင်း ဖြစ်သည်။ ယခု ဝေယင်းကျွင်းက ဗြောင်ကျကျ အတည်ပြုပေးလိုက်သဖြင့် သတင်းမှန်မမှန် သိရန် အခွင့်ကောင်းပင်။
တုသခင်လေး၏ စိတ်မြန်လက်မြန် စရိုက်နှင့်ဆိုလျှင် တုနျန်ယန်ကို မြင်သည်နှင့် ဒေါသပေါက်ကွဲတော့မည်ဟု အားလုံးက မျှော်လင့်နေကြသည်။
သို့သော် တုဇယ်ချန်းသည် ဒုက္ခများကြားမှ နိုးထလာခဲ့သူ ဖြစ်ရာ သူ၏ စိတ်ဓာတ်မှာ အဆင့်အတန်း မြင့်မားသွားပြီ ဖြစ်သည်။ တုဟုန်ရိကိုပင် ဂရုမစိုက်တော့ရာ သူ၏ တရားမဝင်သားကိုမူ ဆိုဖွယ်ရာ မရှိတော့။
သူသည် ပွင့်လင်းစွာ ပြုံးရယ်လျက် ပြန်ပြောလိုက်သည်။ "သိတာပေါ့၊ အရင်ကလည်း အတူတူ ဆော့ဖူးတာပဲ။ ဒါပေမဲ့ ငါ့အဖေရဲ့ လက်ထောက်က ဘာလို့ ဒီကို ရောက်နေရတာလဲ။ ဥက္ကဋ္ဌရဲ့ လက်ထောက် လုပ်ရတာ ခက်ခဲလို့ ဝေသခင်လေးဆီမှာ လက်ထောက် သွားလုပ်မလို့လား။ ဟုတ်ပါတယ်... ဝေယင်းကျွင်း နောက်မှာ လိုက်ပြီး ဆိုးသွမ်းရတာက ဥက္ကဋ္ဌနားမှာ နေရတာထက် ပိုလွယ်တာပေါ့"
ဝေယင်းကျွင်းသည် တုဇယ်ချန်း၏ ဒေါသကို မမြင်ရသည့်အပြင် ပြန်လည် အလှောင်ခံလိုက်ရသဖြင့် အံကြိတ်နေရသည်။ တုနျန်ယန်မှာမူ မိမိအား အသုံးချပြီး တစ်ဖက်လူကို တိုက်ခိုက်ခိုင်းသော်လည်း နောက်ဆုံးတွင် မိမိသာ အရှက်ရသွားသဖြင့် မျက်နှာပျက်နေတော့သည်။
ပတ်ဝန်းကျင်မှ လူများမှာမူ တုသခင်လေးသည် ယခင်ကလို မဟုတ်ဘဲ ပိုမို ဆွဲဆောင်မှု ရှိလာကြောင်း၊ ဝေယင်းကျွင်းနှင့် ထိုတရားမဝင်သားမှာ သူ့ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း တွေးတောကာ ခေါင်းခါနေကြသည်။
ထိုစဉ် အပေါ်ထပ်မှ ဆင်းလာသော နျဲ့ချီကျဲ သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ဝင်တစား ရှိသွားသည်။ တုဇယ်ချန်းသည် ဤအသိုင်းအဝိုင်းတွင် နံပါတ်တစ် ဖြစ်ခဲ့ကြောင်း သူ ကြားဖူးထားသည်။
နျဲ့ချီကျဲသည် ပန်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ပိန်သွယ်သော ကိုယ်ခန္ဓာနှင့် မိန်းမဆန်သော မျက်နှာရှိသော်လည်း မျက်လုံးများက ရက်စက်ကြမ်းကြုတ်သော အသွင်ဆောင်နေသည်။ သူသည် လူကို လူကဲ့သို့ သဘောမထားဘဲ ကစားစရာ တစ်ခုကဲ့သို့ စိုက်ကြည့်တတ်သည်။
သူသည် တုဇယ်ချန်းကို ကြည့်ကာ မျက်လုံးများ အရောင်တောက်လာသည်။
"ဒါ တုသခင်လေးလား၊ နာမည်ကြီးသလောက် တကယ်ပဲ ချောတာပဲ။ ကြိုဆိုပါတယ်"
နျဲ့ချီကျဲသည် တုဇယ်ချန်း ရှေ့သို့ လာကာ လက်ကမ်းပေးလိုက်သည်။ တုဇယ်ချန်းက ပြန်လည် ဆုပ်ကိုင်လိုက်စဉ် တစ်ဖက်လူက သူ၏လက်ကို မဖွယ်မရာ ညှစ်လိုက်သည်ကို ခံစားလိုက်ရသည်။ နျဲ့ချီကျဲသည် သူ့ကို ဗြောင်ကျကျ မြှူဆွယ်နေခြင်း ဖြစ်သည်။ တုဇယ်ချန်းသည် မျက်နှာထား တင်းမာသွားပြီး လက်ကို ပြန်ရုန်းရန် ပြင်လိုက်သော်လည်း တစ်ဖက်လူက လွှတ်မပေးပေ။
တုဇယ်ချန်းက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ဘေးမှ ရှန်ယို့ယောင်က ဝင်ရောက်ကာ နျဲ့ချီကျဲ၏ လက်ကို ဆွဲယူပြီး မိမိလက်ထဲတွင် အားကုန်ညှစ်လိုက်သည်။
"မင်္ဂလာပါ သခင်လေးနျဲ့၊ ကျွန်မက ရှန်ယို့ယောင်ပါ"
နျဲ့ချီကျဲသည် စိတ်ပျက်သွားသော်လည်း ရှန်ယို့ယောင်၏ အလှကို မြင်လိုက်ရသောအခါ ပြန်လည် စိတ်ဝင်စားသွားသည်။ "ဒါ တုသခင်မလေးပေါ့၊ တုသခင်လေးက ကံကောင်းတာပဲ"
သူသည် ရှန်ယို့ယောင်၏ လက်ကို မဖွယ်မရာ ပြန်ညှစ်ရန် ကြိုးစားလိုက်သည်။ သို့သော် ရှန်ယို့ယောင်က ပို၍ အားစိုက်ကာ ညှစ်လိုက်သဖြင့် သူသည် နာကျင်လွန်း၍ အော်ဟစ်မိလုနီးပါး ဖြစ်သွားကာ လက်ကို အတင်း ပြန်ရုန်းရတော့သည်။
ရှန်ယို့ယောင်က အေးစက်သော မျက်နှာဖြင့် ပြောလိုက်သည်။ "မထိုက်တန်ပါဘူး"
နျဲ့ချီကျဲသည် လူရှေ့သူရှေ့တွင် အရှက်မကွဲချင်သဖြင့် နာကျင်မှုကို အောင့်အီးထားလိုက်ရသည်။ ဝေယင်းကျွင်းက ဝင်ပါရန် ပြင်လိုက်စဉ်မှာပင် တုဇယ်ချန်းက ရှန်ယို့ယောင်၏ လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်သဖြင့် သူမက တစ်ဖက်လူကို လွှတ်ပေးလိုက်သည်။
တုဇယ်ချန်းသည် ပဝါထုတ်၍ ရှန်ယို့ယောင်၏ လက်ကို သုတ်ပေးရင်း နျဲ့ချီကျဲကို ကြည့်ကာ ပြုံးလိုက်သည်။
"ကျွန်တော် ကံကောင်းတာကိုတော့ ဝန်ခံပါတယ်။ ကျွန်တော့်အဘိုး ပြောဖူးတယ်၊ ဘုရားသခင်က စိတ်ထားကောင်းသူတွေကို အမြဲ စောင့်ရှောက်တတ်တယ်တဲ့။ ခင်ဗျားလည်း ကျွန်တော့်လို ကံကောင်းချင်ရင်တော့ ကောင်းမှုကုသိုလ်တွေ များများ လုပ်ဖို့ တိုက်တွန်းချင်ပါတယ်"
နျဲ့ချီကျဲ၏ မကောင်းသတင်းများ ပျံ့နှံ့နေချိန်တွင် ဤစကားမှာ သူ့အား ဗြောင်ကျကျ ဆဲဆိုလိုက်ခြင်းပင် ဖြစ်သည်။
လူအများက နျဲ့ချီကျဲ ဒေါသထွက်မည်ဟု ထင်ထားသော်လည်း သူသည် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"တုသခင်လေး ပြောတာ မှန်ပါတယ်။ နောက်ဆိုရင် ကျွန်တော် ကောင်းမှုလုပ်တဲ့အခါ ခင်ဗျားတို့ ဇနီးမောင်နှံကိုပါ ဖိတ်ပါ့မယ်၊ လာခဲ့ကြဦးနော်"
တုဇယ်ချန်းသည် တစ်ဖက်လူ၏ အကြည့်များမှာ ထူးဆန်းနေသဖြင့် စိတ်ထဲတွင် သတိထားလိုက်မိသည်။
နျဲ့ချီကျဲ ထွက်သွားပြီးနောက် ရှားကျွင်းချီက သတိပေးလိုက်သည်။ "ဒီလူနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ၊ သူ့စိတ်က ပုံမှန်မဟုတ်ဘူး"
"သူ လုပ်ခဲ့တဲ့ ကိစ္စတွေကို ကြည့်ရင် သိသာပါတယ်" ချီကောင်းရီကလည်း ထောက်ခံသည်။
"သူက ဇယ်ချန်းကို သာမန်လူတစ်ယောက်လို သဘောထားနေတာပဲ" ဖန်ရှောင်ဖုန်းက ဆိုလိုက်သည်။ သူသည် တုဇယ်ချန်းအား နျဲ့ချီကျဲက ကစားစရာ တစ်ခုကဲ့သို့ မြင်နေခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ရှားကျွင်းချီက မျက်မှောင်ကြုတ်လိုက်သည်။ "သူက ဝေယင်းကျွင်း၊ တုနျန်ယန်တို့နဲ့ ပေါင်းနေတာဆိုတော့ ဇယ်ချန်းရဲ့ အခြေအနေကို အထင်သေးနေတာ ဖြစ်မယ်။ လူအေးတွေကို ကြောက်စရာ မလိုဘူး၊ ဒီလို ဘာမှမသိဘဲ ရမ်းကားတတ်တဲ့သူမျိုးကို ပိုသတိထားရမယ်။ သူ့ကို ငါတို့ နှိမ်နင်းလို့ ရပေမဲ့၊ ကြားထဲမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်"
"ယို့ယောင်... မင်း ကိုယ်ခံပညာ တတ်တယ် ဆိုပေမဲ့လည်း သတိထားနော်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မဲ့ ပစ္စည်းတစ်ခုခု အမြဲ ဆောင်ထားပါ" ဟု ရှားကျွင်းချီက မှာကြားလိုက်သည်။
တုဇယ်ချန်းသည် နျဲ့ချီကျဲ၏ ကျောပြင်ကို ကြည့်ရင်း မျက်ဝန်းများ မည်းမှောင်နေသည်။ စောစောက ရှန်ယို့ယောင်အပေါ် ပြုမူခဲ့သည့် အပြုအမူကို သူ မေ့မည် မဟုတ်ပေ။ ဤကိစ္စအတွက် လက်စားမချေရလျှင် သူသည် တုဇယ်ချန်း မဟုတ်တော့ပေ။
…