အခန်း ၄၉
Vol. 4 Ch. 49
အခန်း (၄၉)
နှစ်ရက်အကြာတွင် အတွင်းရေးမှူးယန်နှင့် သားဖြစ်သူ တုနျန်ယန်တို့သည် ရုတ်တရက် ပျောက်ကွယ်သွားကြသည်။ ထန်ရွှမ်က ဤအကြောင်းကို တုဟုန်ရိအား ပြောပြလိုက်သည်။ "ကျွန်မကပဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်မိသွားလို့လား မသိဘူး။ သူတို့ကို တောင်းပန်တဲ့အနေနဲ့ စေတနာနဲ့ စီစဉ်ပေးတာပါ၊ သူတို့က သိပ်မသွားချင်ကြဘူး ထင်တယ်။ ဒါလည်း ကောင်းပါတယ်လေ၊ သူတို့ သွားချင်တဲ့နေရာ ရှိရင်လည်း သွားကြပါစေပေါ့”
တုဟုန်ရိသည် အတွင်းရေးမှူးယန် ပြောခဲ့သော စကားများကို သတိရကာ ထန်ရွှမ်ကို ရက်အနည်းငယ်ကြာ အကဲခတ်နေခဲ့သည်။ သို့သော် သူမသည် အတွင်းရေးမှူးယန်တို့ကို လိုက်လံ ရှာဖွေခြင်း လုံးဝ မရှိသည်ကို တွေ့ရသောအခါ ထန်ရွှမ်သည် အဖြစ်မှန်ကို သိနေပြီဟူသော အတွင်းရေးမှူးယန်၏ စကားမှာ အဝေးသို့ မသွားချင်၍ ပေးသော ဆင်ခြေသာ ဖြစ်သည်ဟု သူ ပိုမို အသေအချာ ယုံကြည်သွားတော့သည်။
အတွင်းရေးမှူးယန်တို့ သားအမိ ပျောက်ကွယ်သွားခြင်းအပေါ် တုဟုန်ရိ များစွာ စိတ်မပူမိပေ။ ဖုန်းဆက်၍ မရသဖြင့် အပြင်မှာ စိတ်အေးလက်အေး အနားယူကြရန်နှင့် လိုအပ်လျှင် အချိန်မရွေး ပြန်လာခဲ့ရန် မက်ဆေ့ တစ်စောင် ပို့ထားလိုက်သည်။ ထို့နောက် အတွင်းရေးမှူးယန် သုံးလေ့ရှိသော ဘဏ်ကတ်ထဲသို့ ငွေအချို့ လွှဲပေးလိုက်ပြီးနောက် ထိုကိစ္စကို အာရုံမထားတော့ပေ။
သူ အဓိက အာရုံစိုက်နေသည်မှာ တုဇယ်ချန်းက အလုပ်များ ပြီးစီးသွားပါက မိခင်ဖြစ်သူနှင့်အတူ သေတမ်းစာ ပြင်ဆင်ရန် သဘောတူလိုက်သည့် ကိစ္စသာ ဖြစ်သည်။
လောင်ဟွေ့ နည်းပညာ ကုမ္ပဏီ၏ သူတော်စင်တိုက်ဂိမ်းသည် နောက်ဆုံးတွင် အများပြည်သူ စမ်းသပ်အသုံးပြုခြင်း အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ တုဇယ်ချန်းသည် ဤရက်ပိုင်းအတွင်း ကုမ္ပဏီမှာပင် အိပ်ကာ စားသောက်လျက် အလုပ်လုပ်နေခဲ့သည်။ အောင်မြင်မှုမှာလည်း အလွန်ပင် အားရကျေနပ်ဖွယ် ကောင်းလှသည်။ ပထမပတ်အတွင်းမှာပင် အကောင့်ဖွင့် အသုံးပြုသူ အရေအတွက်မှာ နှစ်သိန်းအထိ ရှိလာခဲ့ပြီး နာမည်ကြီး ဂိမ်းကစားသူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကြောင့် အသုံးပြုသူ အရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေသည်။
စျေးကွက်ဌာနမှ တင်ပြလာသော အပတ်စဉ် အစီရင်ခံစာကို ကြည့်ရှုပြီးနောက် တုဇယ်ချန်းသည် သက်ပြင်းကို အရှည်ကြီး ချလိုက်မိသည်။ နံနက် ၉ နာရီ ရှိပြီ ဖြစ်သဖြင့် ရှန်ယို့ယောင်ထံ ဖုန်းဆက်ရန် ပြင်လိုက်စဉ် သူ၏ ဖုန်းမှာ ဦးစွာ မြည်လာခဲ့သည်။
"ဟေ့... လူချောလေး၊ မောနင်းဗျ"
ရှန့်ရွှမ်း၏ အသံကို ကြားလိုက်ရသဖြင့် တုဇယ်ချန်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။
"ကြည့်ရတာ ဒေါင်းလုဒ် ဆွဲတဲ့ အရေအတွက်က မဆိုးဘူး ထင်တယ်နော်”
"မဆိုးပါဘူး... တော်တော်လေး ကောင်းပါတယ်။ ဒီလောက်ထိ ဖြစ်လာတာ မင်းတို့ရဲ့ ကျေးဇူးတွေ မကင်းပါဘူး” တုဇယ်ချန်းက ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ဆိုလိုက်သည်။
ရှန့်ရွှမ်းသည် တုဇယ်ချန်း အပျော်တမ်း ဂိမ်းကစားစဉ်က အသင်းခေါင်းဆောင် ဖြစ်ခဲ့သူ ဖြစ်သည်။ နှစ်အနည်းငယ် ကြာပြီးနောက် အသင်းသားအချို့မှာ အနားယူကာ esport player များအဖြစ် တိုက်ရိုက်ထုတ်လွှင့်မှုများ လုပ်ဆောင်နေကြရာ သူတို့၏ ကျော်ကြားမှုကြောင့် သူတော်စင်တိုက်ဂိမ်း၏ အစောပိုင်း ကြော်ငြာမှုမှာ များစွာ ထိရောက်ခဲ့ခြင်း ဖြစ်သည်။
ရှန့်ရွှမ်းက ရယ်မောလိုက်စဉ် တက်ကြွလှသော အသံတစ်ခု ကြားဝင်လာသည်။ "ယဲ့ကျော့ ဆိုတဲ့ ကောင်ကတော့ အမြဲတမ်း ဆူညံနေတာပဲ” တုဇယ်ချန်းက ရယ်မောလျက် ဆိုလိုက်သည်။
ရှန့်ရွှမ်းက ပြောလိုက်သည်။ "ဟုတ်ပဗျာ၊ ဒီနေ့လည်း သူ စိတ်ကြွနေပြီး အားလုံးကို ဂိမ်းအတူတူ ဆော့ဖို့ ခေါ်နေတာ။ မင်းကိုလည်း ခေါ်ခိုင်းနေတယ်၊ လာနိုင်မလား”
ဒီရက်ပိုင်း အလုပ်များနေသဖြင့် သူငယ်ချင်းများနှင့် မဆော့ဖြစ်သည်မှာ ကြာပြီ ဖြစ်သည်။ ယခု အောင်မြင်မှု သတင်းကောင်း ရရှိထားချိန်တွင် စိတ်လက်ပေါ့ပါးစွာဖြင့် သူငယ်ချင်းများနှင့် ဂိမ်းဆော့ချင်စိတ် ပေါ်လာသည်။ တုဇယ်ချန်းက ပြန်ပြောလိုက်သည်။ "နေဦး... ငါ အခုပဲ လာခဲ့မယ်”
သူသည် ဂိမ်းခန်းမ ထဲသို့ ဝင်လိုက်သောအခါ လူလေးငါးယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။ တုဇယ်ချန်း ဝင်လာသည်နှင့် အားလုံးက ဝိုင်းဝန်း နှုတ်ဆက်ကြတော့သည်။
"ဇယ်ချန်း လာပြီဟေ့"
"ဇယ်ချန်း... ဂုဏ်ပြုတယ်ကွာ၊ ဂိမ်းက တော်တော် ပေါက်နေတယ် ကြားတယ်”
"အားလုံး အတူတူ မဆော့ရတာ ကြာပြီ၊ ဒီနေ့တော့ အားရပါးရ ဆော့ကြစို့”
အားလုံး မြိုင်မြိုင်ဆိုင်ဆိုင် စကားပြောနေစဉ် အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။
"အစ်ကိုဇယ်ချန်း... ရောက်လာပြီလား။ မနေ့ညကလည်း အိပ်ရေးပျက်ထားတယ် မဟုတ်လား။ အနားယူသင့်ပြီလေ၊ ကျန်းမာရေးက အဓိကပဲ”
ထိုသူမှာ ချူကျဲ ဖြစ်သည်။ သူမ၏ အသံမှာ နူးညံ့ပြီး နားထောင်၍ ကောင်းလှသည်။ အမျိုးသား အသင်းသားများ၏ လေသံမှာလည်း သူမနှင့် စကားပြောလျှင် အလိုအလျောက် နူးညံ့သွားတတ်ကြသည်။
သို့သော် ယဲ့ကျော့ကမူ မဟုတ်ပေ။ သူက အော်ဟစ်လိုက်သည်။ "ဝိုး... ချူကျဲ၊ မင်းက ငါတို့ရဲ့ မန်နေဂျာ လက်ထောက် မဟုတ်တော့တာတောင် တော်တော် လက်ရှည်တာပဲ။ ဒါနဲ့ အစ်ကိုဇယ်ချန်း ညဘက် အိပ်ရေးပျက်တာကို မင်းက ဘယ်လိုလုပ် သိနေတာလဲ။ အချိန်တိုင်း လိုက်စောင့်ကြည့်နေတာလား”
တုဇယ်ချန်းက ရယ်မောလျက် ဆူလိုက်သည်။ "လျှောက်မပြောနဲ့လေ။ ငါ့ကို စောင့်ကြည့်ပိုင်ခွင့် ရှိတာ ငါ့မိန်းမ တစ်ယောက်ပဲ ရှိတာ။ တခြား ဘယ်သူက စောင့်ကြည့်ရမှာလဲ”
ရှန့်ရွှမ်းကလည်း ယဲ့ကျော့ကို လှမ်းဆူလိုက်သည်။
"ချူကျဲက အခု ဇယ်ချန်း ကုမ္ပဏီရဲ့ စီမံကိန်းဌာနမှာ အလုပ်လုပ်နေတာလေ၊ အတူတူ အလုပ်လုပ်နေတော့ သိတာပေါ့။ စကားကို ဆင်ခြင်ပြောစမ်းပါ”
ထို့နောက် သူက ချူကျဲကို မေးလိုက်သည်။ "မင်းက ဘယ်လိုလုပ် ရောက်လာတာလဲ”
"ချိုးထုံက WeChat group ထဲမှာ စာပို့ထားလို့လေ။ အားလုံးနဲ့ မတွေ့ရတာ ကြာလို့ လာနှုတ်ဆက်တာပါ”
ချူကျဲက ပြန်ဖြေလိုက်ပြီး တုဇယ်ချန်းကို ဆက်၍ စကားဆိုသည်။
"ဒီရက်တွေထဲ ရှင့်မိန်းမက ရှင့်ကို လာစစ်ဆေးတာ တစ်ခါမှ မမြင်မိပါဘူး။ ရှင် နေ့တိုင်း အိပ်ရေးပျက်နေတာကို သူ သိရဲ့လား။ ရှင့်ကျန်းမာရေးကိုရော ဂရုစိုက်ရဲ့လား”
သူမ စကားမဆုံးခင်မှာပင် အခြား အမျိုးသမီး တစ်ဦးဖြစ်သူ ချိုးထုံ၏ အသံ ထွက်ပေါ်လာသည်။
"ဟုတ်သားပဲ အစ်ကိုဇယ်ချန်း၊ ယောက်မနဲ့ မိတ်ဆက်ပေးမယ် ဆိုပြီး... ဘယ်တော့လဲ” သူမက စနောက်သော လေသံဖြင့် ဆက်ပြောသည်။ "ဒါမှမဟုတ် ရှင့်သိက္ခာအတွက် ငါတို့ကို လိမ်ထားတာလား”
ချူကျဲက ပြုံးလျက် ဝင်ပြောလိုက်သည်။ "ချိုးထုံ ပြောတာလည်း ဟုတ်တာပဲ။ ကျွန်မ ကုမ္ပဏီမှာ လုပ်တာ တစ်လကျော်ပြီ၊ ယောက်မ လာစစ်ဆေးတာ တစ်ခါမှ မတွေ့ဖူးသေးဘူး”
တုဇယ်ချန်းက ရယ်ချင်သလို ငိုချင်သလိုဖြင့် ပြန်ပြောလိုက်သည်။ "မိန်းကလေးတွေ ဘာတွေ တွေးနေကြတာလဲ။ ငါက သိက္ခာအတွက်နဲ့ လက်ထပ်ထားပါတယ်လို့ လိမ်ပြောရမလား။ တစ်နိုင်ငံလုံးကို ကြေညာထားတာလေ... မင်းတို့ မမြင်ကြဘူးလား” လက်ထပ်ထားတာတောင် ဘယ်သူမှ မယုံကြသည့် မိမိ၏ သိက္ခာကို သူ စဉ်းစားမရ ဖြစ်နေသည်။
ယဲ့ကျော့က မဆိုင်းမတွပင် ဆိုလိုက်သည်။ "လိမ်မှာပေါ့ မင်းက သိက္ခာအတွက်ဆို ဘာမဆို လုပ်မဲ့ကောင်ပဲ”
"ထွက်သွားစမ်း" တုဇယ်ချန်းက ဆဲဆိုလိုက်သည်။ "မင်းတို့ စောင့်ကြည့်နေလိုက်၊ သူ ရိုက်ကူးရေး ပြီးလို့ ပြန်လာရင် မင်းတို့နဲ့ သေချာပေါက် မိတ်ဆက်ပေးမယ်"
"မျှော်လင့်နေမယ်နော်" ချိုးထုံက ဆိုလိုက်သည်။ "ဘယ်တော့ ရိုက်ကူးရေး ပြီးမှာလဲ။ အချိန် အတိအကျ ပြောပါဦး၊ နောက်မှ အစ်ကိုဇယ်ချန်း လှည့်ဖျားသွားတာမျိုး မခံနိုင်ဘူး”
တုဇယ်ချန်းက မျက်မှောင်ကြုတ်လျက် တစ်စုံတစ်ခု ပြောရန် ပြင်စဉ် ရှန့်ရွှမ်းက ကြားဝင်လိုက်သည်။
"ကဲ... စကြစို့၊ အလုပ်တွေက အဝေးကြီး လိုသေးတယ်။ သူက သရုပ်ဆောင်လေ၊ ရိုက်ကူးရေး ပြီးရင်တောင် တခြားအလုပ်တွေ ရှိဦးမှာပဲ။ အချိန်ကို အခုကတည်းက ဘယ်လိုလုပ် သတ်မှတ်လို့ ရမှာလဲ”
ရှန့်ရွှမ်း စကားပြောလိုက်မှ ချူကျဲနှင့် ချိုးထုံတို့ ငြိမ်သွားကြသည်။ သို့သော် ချူကျဲက ထပ်မံ သတိပေးလိုက်သည်။ "အစ်ကိုဇယ်ချန်း... အနားယူဖို့ မမေ့နဲ့ဦးနော်”
တုဇယ်ချန်းက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။ "စိတ်ချပါ... ငါက အခုမှ လူပျိုပေါက် အရွယ်ပဲ ရှိသေးတာ၊ အားအင်တွေ ပြည့်နေတုန်းပဲ။ အားရပါးရ ဆော့ပြီးမှ အိပ်မယ်။ ကဲ... ရှန့်ရွှမ်း၊ စလိုက်ရအောင်။ ချူကျဲ... မင်းကသာ မနေ့ညက သန်းခေါင်အထိ အလုပ်လုပ်ထားတာလေ၊ မင်း အရင်သွားအိပ်သင့်တာ။ မိန်းကလေးတွေ အိပ်ရေးပျက်ရင် အသားအရေ ပျက်စီးတတ်တယ်လေ”
ချူကျဲ၏ အသံမှာ ဝမ်းသာသွားဟန်ဖြင့် ဆိုသည်။ "တုသခင်လေးက မိန်းကလေးတွေကို တော်တော် ဂရုစိုက်တတ်တာပဲ”
ရှန့်ရွှမ်းက သူတို့ စကားများနေသည်ကို နားမထောင်တော့ဘဲ ပြောလိုက်သည်။ "ငါ စလိုက်ပြီနော်၊ ချူကျဲနဲ့ ချိုးထုံတို့ လာကြမှာလား”
"လာမှာပေါ့” ချိုးထုံက ဖြေလိုက်သည်။ "ချူကျဲလည်း ပါမယ်”
ယဲ့ကျော့က ချူကျဲကို စလိုက်သည်။ "သူများတွေကို အနားယူခိုင်းပြီး ကိုယ်တိုင်ကျတော့ ဂိမ်းထဲကနေ မထွက်နိုင်ဖြစ်နေတာလား”
ချူကျဲက ဘာမှ ပြန်မပြောဘဲ အသင်းသားများနှင့် ပူးပေါင်းလိုက်သည်။ ဂိမ်းကစားနေစဉ် တုဇယ်ချန်း၏ ဖုန်းမြည်လာသည်။ သူက အစကတော့ မကိုင်ဘဲ နေမည်ပြင်လိုက်သည်။ သို့သော် ဖုန်းမျက်နှာပြင်မှ အမည်ကို မြင်လိုက်ရသည်နှင့် မောက်စ်ကို လွှတ်ချလိုက်ပြီး ပြောလိုက်သည်။ "မင်းတို့ ဆက်ဆော့နေကြဦး”
ယဲ့ကျော့က အော်ဟစ်လိုက်သည်။ "ဟေ့ လူကြီးမင်းရဲ့... အခုက Boss ကို တိုက်နေတာလေ၊ အဓိက လူ မပါရင် ငါတို့ သေကုန်မှာပေါ့။ ဘာတွေ ဒီလောက် အရေးကြီးနေလို့လဲ”
တုဇယ်ချန်းက ဖုန်းကို ကိုင်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။ "ငါ့မိန်းမ ဖုန်းဆက်တာလေ”
အားလုံး “...”
ယဲ့ကျော့က ဒေါသတကြီး ဆိုလိုက်သည်။ "သူငယ်ချင်းထက် မိန်းမကို ဦးစားပေးတဲ့ ဒီလိုလူမျိုးကို အမုန်းဆုံးပဲ။ နောက်ဆို အသင်းသား ခေါ်ရင် လူပျိုတွေပဲ ခေါ်မယ်၊ အိမ်ထောင်သည်တွေ မပါရဘူး"
တုဇယ်ချန်းကမူ သူ့ကို အရေးမစိုက်တော့ဘဲ ဖုန်းကိုင်လိုက်သည်။ လေသံမှာလည်း ပုံမှန်ထက် ပို၍ နူးညံ့အက်ကွဲသွားသည်။ "ယို့ယောင်"
"အင်း..." ရှန်ယို့ယောင်က ပြန်ထူးလိုက်သည်။ "ရှင် ဘယ်မှာလဲ”
"ကုမ္ပဏီမှာလေ၊ ဘာဖြစ်လို့လဲဟင်” တုဇယ်ချန်းက မေးလိုက်သည်။
ရှန်ယို့ယောင်က နားမလည်စွာဖြင့် မေးလိုက်သည်။ "ရှင့်အသံက ဘာဖြစ်နေတာလဲ။ နေလို့ မကောင်းဘူးလား”
တုဇယ်ချန်း “...”
ဘယ်သူကများ အသံအက်အက်နဲ့ စကားပြောရင် မိန်းကလေးတွေ စိတ်လှုပ်ရှားတတ်တယ်လို့ ပြောတာလဲ။ သူကတော့ လူနာလို့ ထင်နေပြီ။
သူသည် ချက်ချင်းပင် အကြံရသွားပြီး အားနည်းဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။
"အင်း... နည်းနည်းပါပဲ။ ဒီတစ်ပတ်လုံး ဂိမ်းကိစ္စနဲ့ ကုမ္ပဏီမှာပဲ နေနေရတာလေ။ မနေ့ညကလည်း တစ်ညလုံး မအိပ်ရသေးဘူး။ ခေါင်းတွေ မူးပြီး တစ်ကိုယ်လုံး အားမရှိသလို ဖြစ်နေတာ”
"အအေးမိတာလား” ရှန်ယို့ယောင်က စိုးရိမ်တကြီး မေးလိုက်သည်။ "ဆေးရုံ ချက်ချင်း သွားလိုက်ပါ”
သူမက ဆက်လက်၍ ဆူပူလိုက်သည်။ "ရှင် ဘယ်လိုဖြစ်ရတာလဲ။ အလုပ်တွေ ဘယ်လောက်ပဲ များများ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရမှာပေါ့။ ရှင့်ခန္ဓာကိုယ်က လုံးဝ ပြန်မကောင်းသေးဘူးလေ”
"ဒါပေမဲ့ အိမ်မှာ ငါတစ်ယောက်တည်းပဲ ရှိတာလေ” တုဇယ်ချန်းက သနားစဖွယ် လေသံဖြင့် ဆိုလိုက်သည်။ "အိမ် မပြန်ချင်ဘူး”
ရှန်ယို့ယောင် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "ကျွန်မ အခုပဲ ရှင့်ဆီ လာခဲ့မယ်”
"တကယ်လား" တုဇယ်ချန်း ပထမတော့ ဝမ်းသာသွားသော်လည်း ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"မလာပါနဲ့တော့၊ မင်း အခု အလုပ်များနေတယ် မလား။ အချိန်မရှိပါဘူး... ငါ့ဘာသာ အိမ်ပြန်ပြီး ဆေးသောက်လိုက်ရင် သက်သာသွားမှာပါ”
ရှန်ယို့ယောင်က ဘာမှ ထပ်မပြောဘဲ အတည်ပြုလိုက်သည်။ "ရှင် အခု ကုမ္ပဏီမှာ ရှိနေတာ သေချာတယ် မလား”
"ဟုတ်ပါတယ်... ဘာဖြစ်လို့လဲ” တုဇယ်ချန်းက မေးလိုက်သည်။
"ဒါဆို အလုပ်တွေကို ခဏနားပြီး အိမ်ပြန်လိုက်ပါ” ရှန်ယို့ယောင်၏ လေသံမှာ ထူးထူးခြားခြား ပြတ်သားနေသည်။ "ရမလားဟင်”
တုဇယ်ချန်းက လိမ္မာစွာဖြင့် ပြန်ပြောလိုက်သည်။ "ရတာပေါ့... အခုပဲ ပြန်ပါ့မယ်”
ဖုန်းချလိုက်သည်နှင့် အားနည်းနေသော ပုံစံမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး တက်ကြွ လန်းဆန်းသွားတော့သည်။ ပြောလိုက်သည်။ "ကဲ... ငါ မဆော့တော့ဘူး။ ငါ့မိန်းမက ငါ့ကို စိုးရိမ်လို့ ချက်ချင်း အိမ်ပြန်နားခိုင်းနေပြီ" ထို့နောက် ဂိမ်းမျက်နှာပြင်ပေါ်တွင် သေဆုံးနေသော အသင်းသားများကို ကြည့်ကာ အံ့ဩဟန်ဖြင့် မေးလိုက်သည်။ "ဒီလောက် မြန်မြန် သေကုန်ကြတာလား”
အားလုံး “...”
ရှန့်ရွှမ်းက အံကြိတ်လျက် ပြောလိုက်သည်။ "ငါ ယဲ့ကျော့ရဲ့ အကြံကို ထောက်ခံတယ်။ နောက်ဆိုရင် မင်းနဲ့ ဘယ်တော့မှ ဂိမ်းအတူတူ မဆော့တော့ဘူး"
တုဇယ်ချန်းက ရယ်မောလျက် ဆိုသည်။ "ဒါပေါ့... ဒီလိုပွဲမျိုးက လူပျိုတွေပဲ ဆော့သင့်တာပါ”
ယဲ့ကျော့က "ရှန့်ရွှမ်း... ကျွန်တော် ဒီကောင်ကို သတ်ချင်လိုက်တာ" ဟု ဆိုရာ ရှန့်ရွှမ်းကလည်း "ငါ ကူညီမယ်" ဟု ထောက်ခံလိုက်သည်။
ချိုးထုံက မေးလိုက်သည်။ "အစ်ကိုဇယ်ချန်း... ဘာလို့ ယောက်မကို လိမ်ပြောတာလဲ။ သနားစရာ ကောင်းအောင် လုပ်မှ သူက ဂရုစိုက်မှာမို့လို့လား”
စောစောက ရှန်ယို့ယောင် ပြောသမျှကို သူတို့ မကြားရသော်လည်း တုဇယ်ချန်း၏ ဟန်ဆောင်စကားများကိုမူ အတိုင်းသား ကြားနေရခြင်း ဖြစ်သည်။
ယဲ့ကျော့က တုဇယ်ချန်း၏ အားနည်းဟန်ဆောင်ပုံကို လိုက်လုပ်ပြလိုက်သည်။ "အို... ခေါင်းတွေ မူးပြီး တစ်ကိုယ်လုံး အားမရှိသလို ဖြစ်နေတာ... ခုနကပဲ အားအင်တွေ ပြည့်နေပါတယ်ဆိုတဲ့ လူက ဘယ်ရောက်သွားတာလဲ”
တုဇယ်ချန်းက ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။ "မင်းတို့လို လူပျိုတွေကတော့ တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်မှုကို ခံရတဲ့ ခံစားချက်ကို နားလည်မှာ မဟုတ်ပါဘူး။ ရည်းစားရလာရင် သိပါလိမ့်မယ်"
ရှန့်ရွှမ်းကလည်း သည်းမခံနိုင်တော့ဘဲ ဆဲဆိုလိုက်သည်။ "မြန်မြန် သွားတော့... မင်းလို မိန်းမကြောက်တဲ့ကောင်"
တုဇယ်ချန်းသည် အလျင်အမြန်ပင် ထွက်လာခဲ့တော့သည်။
ရုံးခန်းထဲမှ ထွက်လာသောအခါ ပြုံးရွှင်နေသော ရွမ်ဟုန်လန်နှင့် တွေ့သဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ တုဇယ်ချန်းက ပြောလိုက်သည်။ "ပင်ပန်းသွားကြပြီ။ ဒီနေ့ ကိစ္စမရှိရင် အားလုံး စောစော ပြန်နားကြပါ။ မနက်ဖြန်ကျရင် အားလုံးကို ငါ ထမင်းကျွေးမယ်လို့ ကြေညာပေးလိုက်ဦး”
ရွမ်ဟုန်လန်က ခေါင်းညိတ်ပြပြီး လေးနက်စွာ ဆိုသည်။ "မင်းကိုလည်း ကျေးဇူးတင်ပါတယ်” သူသည် တုဇယ်ချန်း၏ ယုံကြည်မှုနှင့် ကြော်ငြာပိုင်းဆိုင်ရာ ကူညီမှုများအတွက် ကျေးဇူးတင်နေခြင်း ဖြစ်သည်။ တုဇယ်ချန်း၏ အကူအညီသာ မပါပါက ဤမျှအထိ အောင်မြင်လိမ့်မည် မဟုတ်ပေ။
တုဇယ်ချန်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။ "ဘာတွေ လာပြောနေတာလဲ။ ဒါ ငါ့ရဲ့ လုပ်ငန်းပဲလေ... မင်းစကားအရ ဆိုရင် ငါကပဲ မင်းကို ကျေးဇူးပြန်တင်ရမှာပေါ့”
ရွမ်ဟုန်လန်က ရယ်မောလျက် ပြင်ပြောလိုက်သည်။ "ပင်ပန်းသွားပါပြီ”
တုဇယ်ချန်းသည် အရှေ့ကောင်တာသို့ ရောက်ရှိချိန်တွင် အဝတ်အစားများ လာပို့ပေးသော ရှောင်းမင်ကျန့်နှင့် ဆုံသည်။ ရှောင်းမင်ကျန့်က မေးလိုက်သည်။ "ဘယ်သွားမလို့လဲ”
တုဇယ်ချန်းက ဖြေလိုက်သည်။ "အိမ်ပြန်နားမလို့”
ရှောင်းမင်ကျန့်သည် သူ၏ လက်ထဲမှ အဝတ်အစားများနှင့် မနက်စာကို ကြည့်ကာ အံကြိတ်လျက် မေးလိုက်သည်။ "မင်းပဲ အိမ်မပြန်ဘူး ဆို”
တုဇယ်ချန်းက ခေါင်းခါလျက် ဂုဏ်ယူစွာ ဖြေလိုက်သည်။ "ယို့ယောင်က အိမ်ပြန်လာခဲ့တော့လို့ ပြောနေလို့လေ”
ရှောင်းမင်ကျန့်သည် မျက်စောင်းထိုးလိုက်ပြီး ဤကောင်အား တော်လှန်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
…