အခန်း ၅၀
Vol. 4 Ch. 50
အခန်း (၅၀)
အရှေ့ကောင်တာမှ ဝန်ထမ်းမိန်းကလေးက သတိပေးလိုက်သည်။ "ဥက္ကဋ္ဌတု... ချန်ကျီ တိုက်ရိုက်ထုတ်လွှင့်မှု အဖွဲ့ရဲ့ တာဝန်ခံက ရှင့်ကို ၁၀ နာရီမှာ ချိန်းထားပါတယ်။ အခုပဲ ရောက်တော့မယ် ထင်တယ်ရှင့်”
ရှောင်းမင်ကျန့်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "မင်း ဘယ်တုန်းက ချိန်းလိုက်တာလဲ”
"မေ့သွားပြီ။ မင်းမသိဘူးဆိုရင်... မင်းမရှိတဲ့အချိန်က ဖြစ်မှာပေါ့” တုဇယ်ချန်းက ပြန်ပြောလိုက်သည်။ ဤရက်ပိုင်းအတွင်း သူသည် ပထမဆုံးအကြိမ် ပရောဂျက်တစ်ခုကို စတင်လုပ်ကိုင်နေခြင်းဖြစ်ရာ အစီရင်ခံစာများ တင်ပြလာချိန်တွင် အရေးကြီးသည်ဟု ယူဆကာ လက်ခံလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ရှောင်းမင်ကျန့်မှာ စိတ်ပျက်သွားရသည်။ "ဒါဆို သွားတွေ့မှာလား။ ပြီးတော့... ချန်ကျီ တိုက်ရိုက်ထုတ်လွှင့်မှုက ဘယ်သူ့အပိုင်လဲဆိုတာ မင်း မသိဘူးလား”
တုဇယ်ချန်းက မေးလိုက်သည်။ "ဘယ်သူ့ပိုင်လဲ။ ရှန့်ရွှမ်းတို့ လွှင့်နေတဲ့ ပလက်ဖောင်း မဟုတ်ဘူးလား”
ရှောင်းမင်ကျန့်က သက်ပြင်းချလျက် ဆိုသည်။ "ဒါ ချန်မိသားစုပိုင်တဲ့ လုပ်ငန်းလေ၊ ချန်လုပ်ငန်းစုရဲ့ လက်အောက်ခံ ပလက်ဖောင်းပဲ”
တုဇယ်ချန်းသည် အေးစက်သော မျက်နှာဖြင့် အရှေ့ကောင်တာဝန်ထမ်းအား ကြည့်ကာ မေးလိုက်သည်။
"ချိန်းထားတာကို ဖျက်လို့ရမလား”
ဝန်ထမ်းမိန်းကလေးသည် ၉ နာရီ ၅၀ မိနစ်ဟု ပြနေသော နာရီကို ကြည့်ကာ အားနာဟန်ဖြင့် ပြုံးလျက် မရနိုင်တော့ကြောင်းကို အမူအရာဖြင့် ပြသလိုက်သည်။
"ဖျက်လို့မရရင်လည်း ငါ မတွေ့နိုင်ဘူး” တုဇယ်ချန်းသည် မိမိ၏ နဖူးကို ဖိကိုင်လျက် အသက်အန္တရာယ် စိုးရိမ်ရသည့် လူနာတစ်ဦးပမာ ဟန်ဆောင်လိုက်သည်။ "ငါ နေလို့မကောင်းဘူး၊ အိမ်ပြန်နားဖို့ လိုတယ်။ ရှောင်းလက်ထောက်... မင်းပဲ ငါ့ကိုယ်စား သွားတွေ့လိုက်ပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ပြီးစလွယ်ပဲ ပြောပြီး ပြန်လွှတ်လိုက်တော့” ပြောပြီးသည်နှင့် သူသည် ဝှီးချဲကို မောင်းနှင်ကာ ဓာတ်လှေကားဆီသို့ ထွက်ခွာသွားတော့သည်။
"ချန်ကျီ ပလက်ဖောင်းက တော်တော်ကြီးတဲ့ အထဲမှာ ပါတယ်လေ။ ဂိမ်းလောကမှာ လုပ်မယ်ဆိုရင် သူတို့ဆီက Streamer တွေနဲ့ ပူးပေါင်းဖို့က မဖြစ်မနေ လိုအပ်တာပဲ” ရှောင်းမင်ကျန့်က ဆိုသည်။
"သူတို့ ဘာပြောမလဲဆိုတာ အရင် နားထောင်ကြည့်တာက ပိုကောင်းမယ် ထင်တယ်”
"သူတို့က စေတနာမှန်နဲ့ လာမှာ မဟုတ်ဘူး။ ချန်သခင်ကြီး အနားယူပြီးကတည်းက ချန်ဟိုင်က သူ့ရဲ့ အင်အားကို သုံးပြီး လူတွေကို နှိပ်ကွပ်လာတာလေ။ မင်း မေ့နေပြီလား... အစတုန်းက ဒီကုမ္ပဏီကို သူတို့က သန်း ၅၀ နဲ့ အတင်းဝယ်ဖို့ လုပ်ခဲ့ကြတာကို” တုဇယ်ချန်းက ဆက်လက်ပြောဆိုသည်။ "ဒါပေမဲ့ သူတို့ ဘာအကြံနဲ့ လာသလဲဆိုတာကိုတော့ အရင် စူးစမ်းကြည့်လို့ ရတာပေါ့”
ရှောင်းမင်ကျန့်သည် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ တုဇယ်ချန်း၏ ရင့်ကျက်လာမှုမှာ သိသာလှသည်။ လွန်ခဲ့သော သုံးလကသာ ဆိုလျှင် သူသည် မျက်နှာပျက်ကာ ချက်ချင်း ထွက်သွားပေလိမ့်မည်။
ထိုသို့ တွေးနေစဉ် တုဇယ်ချန်းက သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှောင်းမင်ကျန့်က မေးလိုက်သည်။ "ဘာလို့ ကြည့်နေတာလဲ”
တုဇယ်ချန်းက ပြန်ပြောလိုက်သည်။ "ငါ့ကို အောက်ထပ်အထိ လိုက်ပို့ပေးဦးလေ”
ခုနကတင် ဝှီးချဲကို ကိုယ်တိုင် တွန်းသွားသောသူမှာ မည်သူနည်းဟု ရှောင်းမင်ကျန့် တွေးမိလိုက်သည်။
"ငါက ချန်ကျီ အဖွဲ့ကို စောင့်ရဦးမှာလေ။ အချိန်က မမီတော့ဘူး”
"မမီရင်လည်း နေပါစေပေါ့။ သူတို့ ပြန်သွားရင် ပိုတောင် ကောင်းသေးတယ်။ သူတို့မှာ စိတ်ရှည်မှု မရှိလို့ ပြန်သွားတာလေ၊ ငါတို့က မတွေ့တာမှ မဟုတ်တာ”
ရှောင်းမင်ကျန့် “...”
သူ စောစောက ချီးကျူးခဲ့မိသော စကားများကို ပြန်ရုပ်သိမ်းလိုက်ချင်တော့သည်။ ရင့်ကျက်လာသည်ဆိုသည်မှာ အလကားပင်။
နောက်ဆုံးတွင် ရှောင်းမင်ကျန့်သည် ကံကြမ္မာကို လက်ခံကာ ဒရိုင်ဘာထံ ဖုန်းဆက်လိုက်ပြီး တုသခင်လေး၏ ဝှီးချဲကို ကိုယ်တိုင် တွန်းပေးကာ အောက်ထပ်သို့ ဆင်းလာခဲ့ရသည်။
ဝှီးချဲပေါ်ရှိ တုသခင်လေးမှာ ငြိမ်ငြိမ်မနေဘဲ ခုနက ရှန်ယို့ယောင်က မိမိထံ ဖုန်းဆက်ခဲ့သည့်အကြောင်းကို ကြွားဝါနေတော့သည်။
"ဒါ ပထမဆုံးအကြိမ်ပဲကွ။ ကိစ္စမရှိဘဲနဲ့ ငါ့ဆီကို သူ ကိုယ်တိုင် ဖုန်းဆက်လာတာလေ။ သူက သာမန်ဆိုရင် လူတွေကို ဖုန်းအရင်ဆက်လေ့ မရှိဘူး မဟုတ်လား”
ရှောင်းမင်ကျန့်ကမူ ပြန်မပြောဘဲ နေလိုက်သည်။ ရှန်ယို့ယောင်သည် လူမှုဆက်ဆံရေးတွင် အလွန် အေးဆေးသူဖြစ်ရာ အရေးကြီးကိစ္စ မရှိဘဲ တစ်ပါးသူထံ ဖုန်းဆက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"မင်းဆီကိုရော ဆက်ဖူးလား။ မင်းတို့လည်း ရင်းနှီးနေကြပြီပဲ မဟုတ်လား” တုသခင်လေးသည် ကြွားဝါရုံတင်မကဘဲ ရှောင်းမင်ကျန့်ကိုပါ နှိမ်လိုက်သေးသည်။
ရှောင်းမင်ကျန့်သည် တုဇယ်ချန်း၏ အမူအရာကို ကြည့်ရင်း အစ်ကိုကျူးကဲ့သို့ပင် ရေအေးဖြင့် လောင်းချင်စိတ် ပေါက်လာသည်။ သို့သော် သူသည် အစ်ကိုကျူးကဲ့သို့ စကားအရာတွင် မသွက်သဖြင့် အံကြိတ်ကာ သည်းခံနေရုံသာ တတ်နိုင်တော့သည်။
"မင်း ရှန့်ရွှမ်းတို့ရဲ့ မျက်နှာတွေကို မမြင်လိုက်ရလို့။ ငါ့မိန်းမက ငါ့ကို စောင့်ကြည့်နေပြီလို့ ပြောလိုက်တဲ့ အချိန်မှာ သူတို့တွေ ဘယ်လောက်တောင် အံ့ဩသွားကြသလဲ ဆိုတာလေ..."
ရှောင်းမင်ကျန့်က အားနည်းချက်ကို ရှာတွေ့သွားပြီး မေးလိုက်သည်။ "မင်းတို့က ကွန်ပျူတာ ရှေ့မှာပဲ ဆော့နေတာလေ၊ သူတို့ မျက်နှာကို ဘယ်လို မြင်ရမှာလဲ”
တုဇယ်ချန်းမှာ စကားတစ်ဆို့သွားပြီးမှ ဒေါသတကြီး ပြန်ပြောလိုက်သည်။ "စိတ်ကူးယဉ်တာလေကွာ။ စိတ်ကူးယဉ်တယ် ဆိုတာ မင်း မသိဘူးလား။ ငါ သူတို့နဲ့ ဘယ်လောက်တောင် ရင်းနှီးနေပြီလဲ၊ သူတို့ ဘယ်လို ဖြစ်သွားမယ်ဆိုတာ ငါ မသိဘဲ နေမလား”
ရှောင်းမင်ကျန့်က ငါကတော့ မယုံပါဘူးဟူသော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
တုဇယ်ချန်းသည် စိတ်တိုသွားပြီး ဝှီးချဲကို အရှိန်မြှင့်ကာ ပတ်ချာလည် တံခါးထဲသို့ အတင်း ဝင်သွားသဖြင့် ရှောင်းမင်ကျန့်မှာ အပြင်တွင် ကျန်ရစ်ခဲ့တော့သည်။
ရှောင်းမင်ကျန့်သည် ကလေးဆန်လှသော ထိုလူအား ကြည့်ကာ ရယ်ချင်သလို ငိုချင်သလို ဖြစ်နေစဉ် အရှေ့မှ လျှောက်လာသော လူငယ် နှစ်ဦးကို မြင်တွေ့လိုက်ရသည်။
လူငယ်မှာ အရပ်ရှည်ရှည်နှင့် ရုပ်ရည် သန့်ပြန့်ပြီး အသက် ၂၇-၂၈ ခန့်သာ ရှိဦးမည်။ သူ၏ ဘေးမှ မိန်းကလေးမှာမူ အရပ်ပုပုနှင့် ချစ်စရာကောင်းသော မျက်နှာရှိပြီး သူတို့နှစ်ဦးမှာ မောင်နှမဖြစ်ကြောင်း သိသာလှသည်။ မိန်းကလေး၏ မျက်ဝန်းများမှာ ဆွဲဆောင်မှုရှိပြီး ချစ်စဖွယ် ကောင်းလှသည်။
ရှောင်းမင်ကျန့်သည် တုဇယ်ချန်း၏ ဘေးတွင် အမြဲရှိနေသူဖြစ်ရာ ထိုသူများကို မြင်ဖူးသည်။ သို့သော် အလုပ်ကိစ္စ လာဆွေးနွေးရန်အတွက် ချန်မိသားစု၏ သားနှင့် သမီးအရင်းများ ကိုယ်တိုင် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူတို့နှစ်ဦးမှာ ချန်မိသားစု၏ ဒုတိယ အိမ်ခွဲမှ မောင်နှမများဖြစ်ပြီး ချန်ရွေ့၏ မောင်နှမ ဝမ်းကွဲများ ဖြစ်ကြသည်။
ချန်သော်က တုဇယ်ချန်းကို မြင်သောအခါ အံ့ဩစွာ မေးလိုက်သည်။ "အစ်ကိုဇယ်ချန်း... အပြင်သွားမလို့လားဟင်”
တုဇယ်ချန်းသည် နေမကောင်းဟန်ဆောင်ရန် ပြင်လိုက်သော်လည်း ခုနကတင် သူ တက်ကြွစွာ မောင်းနှင်လာသည်ကို ထိုသူများ မြင်တွေ့သွားခဲ့ပြီ ဖြစ်ရာ၊ လူတစ်ပါး၏ ဉာဏ်ရည်ကို စော်ကားရာ ရောက်မည်စိုးသဖြင့် ဆိုလိုက်သည်။ "အရေးပေါ် ကိစ္စလေး တစ်ခု ရှိလာလို့ အိမ်ခဏ ပြန်မလို့ပါ”
ချန်သော်က ပြောလိုက်သည်။
"အစ်မရွေ့က အစ်ကို့ကို စိတ်ဆိုးအောင် လုပ်ထားလို့ ကျွန်မတို့ကိုပါ အဖက်မလုပ်တော့တာလားဟင်”
သူမ၏ လေသံမှာ ချွဲနွဲ့နေသဖြင့် အပြစ်တင်ရန် ခက်ခဲလှသည်။
ချန်စန်းက မျက်မှောင်ကြုတ်လျက် သူမအား ငေါက်လိုက်သည်။ "သော်သော်... ပါးစပ်ထဲ ရှိရာ လျှောက်ပြောနေတဲ့ အကျင့်ကို မပြင်နိုင်သေးဘူးလား” ထို့နောက် တုဇယ်ချန်းအား တောင်းပန်လိုက်သည်။
"အားနာပါတယ် သခင်လေးတု၊ ကျွန်တော့် ညီမက မိဘတွေ အလိုလိုက်ထားလို့ စကားပြောတာ မဆင်မခြင် ဖြစ်သွားပါတယ်”
"သခင်လေးမှာ အရေးကြီးကိစ္စ ရှိရင် နောက်ရက်မှပဲ ချိန်းကြတာပေါ့”
သူ၏ အမူအရာမှာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့လှပြီး ချိန်းထားသည်ကို လွဲချော်ရခြင်းအပေါ် စိတ်ဆိုးဟန် လုံးဝ မပြပေ။ ပုံမှန်အားဖြင့် ချန်ကျီ ပလက်ဖောင်းမှာ တုဇယ်ချန်း၏ ကုမ္ပဏီအသစ်ထက် များစွာ အင်အားကြီးမားသော်လည်း၊ သူတို့က ဤမျှအထိ အောက်ကျခံ ဆက်ဆံနေခြင်းမှာ အခြားသော ရည်ရွယ်ချက် ရှိနေကြောင်း ထင်ရှားလှသည်။
တုဇယ်ချန်းက အားနာစွာ ပြန်ပြောလိုက်သည်။
"မလိုပါဘူး... ရောက်မှတော့ ရှောင်းမင်ကျန့်နဲ့ပဲ ဆွေးနွေးလိုက်ကြပါ။ ကျွန်တော် ကိုယ်တိုင် မတွေ့နိုင်တာကပဲ ယဉ်ကျေးမှု မရှိရာ ကျနေပါပြီ။ သူကတစ်ဆင့် ကျွန်တော့်ကို ပြန်ပြောပြရင်လည်း အတူတူပါပဲ”
ချန်သော်က ဆိုသည်။ "အဲဒါတော့ မဖြစ်ဘူးလေ။ ကျွန်မတို့က အစ်ကို့ကို ကိုယ်တိုင် တောင်းပန်ချင်လို့ပါ။ အဲဒါမှ စစ်မှန်တဲ့ စေတနာ ဖြစ်မှာပေါ့”
တုဇယ်ချန်းက နားမလည်စွာဖြင့် မေးလိုက်သည်။ "ဘာအတွက် တောင်းပန်တာလဲ”
"အစ်မရွေ့ ကိုယ်စား တောင်းပန်တာပေါ့” ချန်သော်က ရှင်းပြသည်။
"သူက နိုင်ငံခြားက ပြန်လာခါစမို့ အောင်မြင်မှုကို အရမ်း လိုချင်နေတာလေ။ အဲဒါကြောင့် အစ်ကိုဇယ်ချန်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ခဲ့မိတာပါ။ ဒါပေမဲ့ နျဲ့ချီကျဲ ကိစ္စ ဖြစ်ပြီးတဲ့နောက် သူလည်း တော်တော် လန့်သွားရှာပါတယ်။ ကံကောင်းလို့ ဘာမှမဖြစ်ခဲ့တာပေါ့။ အခုတော့ သူလည်း နောင်တရနေပါပြီ၊ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ တုနျန်ယန်နဲ့ လမ်းခွဲလိုက်ပြီလေ”
တုဇယ်ချန်းသည် ပြုံးရွှင်နေသော ထိုမိန်းကလေးကို ကြည့်ရင်း နောင်တစ်ချိန်တွင် မိမိ၏ သားသမီးများကို ဤကဲ့သို့ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ပြုမူတတ်သူများ မဖြစ်အောင် သေချာ ဆုံးမမည်ဟု စိတ်ထဲမှ ကြုံးဝါးလိုက်မိသည်။
ဤလူနှစ်ဦးမှာ ချန်ရွေ့၏ အစီအစဉ်များကို ဖျက်ဆီးရန် လာခြင်းဖြစ်ကြောင်း သူ သေချာသွားပြီ ဖြစ်သည်။ ချန်ရွေ့တွင် မည်သည့် အစီအစဉ်သစ်များ ရှိနေသည်ဖြစ်စေ၊ သူမသည် အဘိုး၏ စကားကို နားမထောင်ဘဲ တုနျန်ယန်ကို ရွေးချယ်ခဲ့ကတည်းက သူ၏ အမည်ပျက်စာရင်းထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"မလိုအပ်ပါဘူး” တုဇယ်ချန်းက ပြန်ပြောလိုက်သည်။ "တောင်းပန်စရာ မရှိပါဘူး။ လူတိုင်းမှာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ရှိတာပဲ။ ငါ့ဘက်က မရပ်တည်ပေးတိုင်း ငါ့ကို စော်ကားတယ်လို့ ယူဆရအောင် ငါက အဲဒီလောက် စိတ်သဘောထား မကျဉ်းပါဘူး”
"ကျွန်မပဲ စကားမှားသွားပြန်ပြီ ထင်တယ်” ချန်သော်က ဆိုသည်။ "အစ်ကိုဇယ်ချန်းက တကယ့်ကို သဘောထားကြီးတဲ့သူပဲ”
"ဪ... ဒါနဲ့၊ စနေနေ့က ကျွန်မ မွေးနေ့လေ” ချန်သော်က ပြုံး၍ မေးလိုက်သည်။ "အစ်ကိုဇယ်ချန်း လာမယ် မဟုတ်လားဟင်”
သူမ၏ မေးခွန်းမှာ "လာမည်" ဟု ဖြေရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိအောင် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
တုဇယ်ချန်း တွေဝေနေသည်ကို မြင်သောအခါ ချန်သော်က ထပ်မံ ဖြည့်စွက်လိုက်သည်။
"အဘိုးကလည်း အစ်ကို့ကို တွေ့ချင်နေတာ။ မတွေ့ရတာ ကြာပြီလို့ ပြောနေတယ်လေ”
တုဇယ်ချန်း စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။ ချန်သခင်ကြီးရဲ့ အမည်ကို သုံးပြီး မိမိကို ဖိအားပေးချင်နေတာလား။ သူမက ဘာအဆင့်မို့လို့လဲ။ ချန်မိသားစုဝင်တွေက သူမကို အလိုလိုက်ချင်လိုက်မယ်၊ သူကတော့ အရေးမစိုက်ပေ။ သူ ငြင်းဆိုရန် ပြင်လိုက်စဉ် ဖုန်းမြည်လာသည်။ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည်နှင့် တုဇယ်ချန်း၏ မျက်နှာတွင် အလိုအလျောက် အပြုံးများ လွှမ်းခြုံသွားသည်။ "ယို့ယောင်"
တစ်ဖက်မှ ရယ်မောသံ သဲ့သဲ့လေးနှင့်အတူ စကားသံ ထွက်ပေါ်လာသည်။ "ခေါင်းမော့ကြည့်လိုက်ဦး”
တုဇယ်ချန်းသည် အလိုက်သင့်ပင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ။ မိုးကောင်းကင်က ပြာလွင်နေလို့လား”
ရှန်ယို့ယောင်က ရယ်မောလျက် ဆိုသည်။ "ရှေ့ကို ကြည့်ပါဦး”
တုဇယ်ချန်း ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ ချန်သော် မောင်နှမ နှစ်ဦးသည် တုဇယ်ချန်း၏ မျက်ဝန်းထဲတွင် လှပသော မီးရှူးမီးပန်းများ ပေါက်ကွဲသွားသကဲ့သို့ တောက်ပသွားသည်ကို တွေ့လိုက်ရသည်။ သူက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ "ယို့ယောင်"
ထို့နောက် မသန်စွမ်းသူဟု ဆိုရမည့် ထိုလူသားသည် ဝှီးချဲကို ပြိုင်ကား တစ်စီးပမာ အရှိန်ပြင်းစွာ တွန်းသွားလျက် လမ်းဘေးရှိ ကားအနီးမှ အမျိုးသမီးထံသို့ တဟုန်ထိုး ပြေးသွားတော့သည်။
ရှန်ယို့ယောင်၏ အနားသို့ ရောက်ရှိချိန်တွင် သူသည် ဘရိတ်ကို အတင်းအကျပ် အုပ်လိုက်ရသဖြင့် ကိုယ်တိုင်ပင် ဝှီးချဲပေါ်မှ လွင့်ကျမလို ဖြစ်သွားရသည်။
ရှန်ယို့ယောင်သည် အလိုက်သင့်ပင် သူ၏ ပခုံးကို ဖမ်းကိုင်ပေးလိုက်ပြီး ရယ်မောလျက် မေးလိုက်သည်။
"ဘာတွေ အလောတကြီး လုပ်နေတာလဲ”
သူမ ရယ်ချင်သွားသည်မှာလည်း မဆန်းပေ။ တုဇယ်ချန်း၏ အမူအရာမှာ မိမိ၏ သခင်ကို မြင်တွေ့လိုက်ရသော ခွေးကြီးတစ်ကောင်နှင့် အလွန်ပင် ဆင်တူနေသောကြောင့် ဖြစ်သည်။
တုဇယ်ချန်းက ပျော်ရွှင်စွာ မေးလိုက်သည်။ "မင်း ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ”
ရှန်ယို့ယောင်က ဖြေလိုက်သည်။ "ကျောက်ရှောင်တန် နေရာမှာ အစားထိုးမဲ့ သရုပ်ဆောင် ရောက်လာပြီလေ။ အခုတော့ ပထမနဲ့ ဒုတိယမင်းသမီး အခန်းတွေကိုပဲ အဓိက ရိုက်နေကြတာဆိုတော့ ကျွန်မ နှစ်ရက်လောက် နားလို့ ရသွားပြီ”
ကျောက်ရှောင်တန် ကိစ္စ ဖြစ်ပွားပြီးနောက် ရိုက်ကူးရေး နှောင့်နှေးမှု မရှိစေရန်အတွက် ရှန်ယို့ယောင်နှင့် မော့ယွဲ့တို့၏ အခန်းများကို အရင်ရိုက်ခဲ့ကြသဖြင့် ဤရက်ပိုင်းအတွင်း သူမ အလွန် အလုပ်များခဲ့သည်။ ယခု သရုပ်ဆောင်အသစ် ရောက်လာပြီ ဖြစ်ရာ သူမ အသက်ရှူချောင်သွားခြင်း ဖြစ်သည်။
"နှစ်ရက်တောင် နားရမှာလား... တော်တော် ကောင်းတာပဲ" တုဇယ်ချန်းက ဝမ်းသာအားရ ဆိုသည်။
"ဒါနဲ့... ငါ့ကို လာကြိုမယ်လို့ ဘယ်လိုလုပ် စိတ်ကူးရတာလဲ”
ရှန်ယို့ယောင်က ဆိုသည်။ "ရှင် နေမကောင်းဘူး ဆိုလို့လေ” သူမသည် သူ ဘယ်မှာ ရှိသလဲဆိုသည်ကို အတည်ပြုရန် ဖုန်းဆက်ခဲ့ခြင်း ဖြစ်သော်လည်း သူ နေမကောင်းဖြစ်နေပြီး သူမကို တွေ့ချင်နေသည်ဟု ကြားလိုက်ရသဖြင့် အံ့အားသင့်စေရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။
တုဇယ်ချန်းက ပြုံး၍ ဆိုလိုက်သည်။ "မင်းကို တွေ့လိုက်ရတော့ ရောဂါတွေ အကုန် ပျောက်သွားပြီ”
"စကားတွေ တတ်လိုက်တာ” ရှန်ယို့ယောင်သည် သူ၏ မျက်ကွင်းညိုနေသည်ကို ကြည့်ကာ ဆိုသည်။
"ဒါပေမဲ့ အိပ်ရေးပျက်ထားတာကတော့ အမှန်ပဲ ထင်တယ်”
"ဟုတ်တယ်..." တုဇယ်ချန်းက အခွင့်ကောင်းယူကာ ချွဲလိုက်သည်။ "ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ မသိပါဘူး” ထို့နောက် သူ၏ အောင်မြင်မှုကို ဂုဏ်ယူစွာ မျှဝေလိုက်သည်။ "အခုလေးတင် အစီရင်ခံစာ ထွက်လာတာ... တစ်ပတ်အတွင်း ဒေါင်းလုဒ် ဆွဲတဲ့ အရေအတွက်က နှစ်သိန်း ရှိသွားပြီ။ ဘယ်လိုလဲ... ငါ တော်တယ် မဟုတ်လား"
ရှန်ယို့ယောင်သည် သူ၏ တက်ကြွနေသော အမူအရာကို ကြည့်ကာ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
"အင်း... ရှင်က အတော်ဆုံးပဲ"
မိမိ ချစ်မြတ်နိုးရသူ၏ အသိအမှတ်ပြုခြင်းကို ခံရသည်ထက် ပိုမို ပျော်ရွှင်စရာ ကောင်းသောအရာ မရှိပေ။ တုဇယ်ချန်းသည် တစ်ကိုယ်လုံး အားအင်များ ပြည့်ဝသွားသကဲ့သို့ ခံစားလိုက်ရပြီး ဤအခိုက်အတန့်အတွက်ဆိုလျှင် နောက်ထပ် လပေါင်းများစွာ အပင်ပန်းခံရန် အဆင်သင့် ဖြစ်နေတော့သည်။
"ဒါပေမဲ့ အခုတော့ အိမ်ပြန်နားဖို့ လိုပြီနော်” ရှန်ယို့ယောင်က သတိပေးလိုက်သည်။
တုဇယ်ချန်းက ပြန်ပြောလိုက်သည်။
"အမိန့်အတိုင်းပါ... ဇနီးချောလေး"
ရှန်ယို့ယောင် ကြောင်အမ်းသွားသည်ကို မြင်မှ တုဇယ်ချန်းသည် မိမိ ပျော်လွန်း၍ စကားလွန်သွားမှန်း သတိရလိုက်သည်။ သူသည် အနောက်မှ လူသုံးဦးကို လက်ပြကာ အော်ဟစ် နှုတ်ဆက်လိုက်တော့သည်။
"ငါ့မိန်းမ လာကြိုလို့ ငါ ပြန်ပြီနော်... တာ့တာ"
ရှန်ယို့ယောင်သည်လည်း အဝေးမှ လူနှစ်ဦးကို ခေါင်းညိတ် နှုတ်ဆက်ကာ တုဇယ်ချန်းကို ခေါ်ဆောင်၍ ထွက်ခွာသွားလေသည်။
ချန်သော်သည် ထွက်ခွာသွားသော ကားကို ကြည့်ကာ မှင်တက်နေမိသည်။ နောက်ဆုံးတွင် သူတို့ မောင်နှမ နှစ်ဦးလည်း တုဇယ်ချန်း ရှိမည့် ရက်ကို ပြန်လည် ချိန်းဆိုကာ ထွက်ခွာခဲ့ကြတော့သည်။
ရှောင်းမင်ကျန့် ထွက်သွားပြီးနောက် ချန်သော်သည် တုဇယ်ချန်းတို့ ထွက်သွားရာ လမ်းကို ကြည့်ကာ သူမ၏ မျက်နှာပေါ်မှ ဖြူစင်ဟန်ဆောင်မှုများ ပျောက်ကွယ်သွားပြီး အကြည့်များမှာ အေးစက် လှောင်ပြောင်မှုများဖြင့် အစားထိုး ဝင်ရောက်လာတော့သည်။
"အဘိုးက အမြဲတမ်း ချန်ရွေ့ကိုပဲ တော်တယ်လို့ ချီးကျူးနေတာ။ သူ့ရဲ့ အမြင်က ဘယ်လောက်တောင် ညံ့ဖျင်းသလဲဆိုတာ အခု သက်သေပြလိုက်ပြီပဲ။ ရုပ်ရည်၊ နောက်ခံ၊ အဆင့်အတန်း... ဘယ်နေရာမှာမဆို တုဇယ်ချန်းက ခြေထောက် မသန်ရင်တောင် တုနျန်ယန်ထက် အဆပေါင်းများစွာ သာတယ်လေ။ သူက ဘာတွေကို တွေးနေတာလဲ မသိဘူး”
"ဪ... မေ့လို့၊ သူက အကျိုးအမြတ်အတွက်ဆိုရင် သံယောဇဉ်ကိုပါ ရောင်းစားရဲတဲ့ သူပဲလေ။ နှမြောစရာပဲ..." ချန်သော်က သက်ပြင်းချလျက် လှောင်ပြုံး ပြုံးလိုက်သည်။ "နောက်ဆုံးတော့ ရယ်စရာ အဖြစ်နဲ့ပဲ အဆုံးသတ်သွားရပြီး ချန်မိသားစုကိုပါ တုဇယ်ချန်းနဲ့ ရန်သူ ဖြစ်အောင် လုပ်ခဲ့မိတာပေါ့”
သူမက မကျေမနပ်ဖြင့် ဆက်ပြောသည်။ "အခုထိ အဘိုးက ချန်ရွေ့ကိုပဲ အရေးပေးနေတုန်း အခုမှ ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်ခိုင်းနေတာလား... စောင့်ကြည့်ရသေးတာပေါ့”
…