အခန်း ၅၁
Vol. 4 Ch. 51
အခန်း (၅၁)
ချန်မိသားစု မောင်နှမများကြားမှ ရှုပ်ထွေးလှသော အကြံအစည်များကို တုဇယ်ချန်း ဂရုမစိုက်နိုင်တော့ပေ။ သူသည် ပျော်ရွှင်ကြည်နူးမှုများ လွှမ်းခြုံလျက် အိမ်သို့ ပြန်ရောက်လာသော်လည်း ချက်ချင်းပင် မအိပ်ချင်သေးပေ။ နောက်ဆုံးတွင် ရှန်ယို့ယောင်က သူ့ကို ကုတင်ပေါ်သို့ အတင်းအကျပ် ဖိသိပ်ကာ ပြောလိုက်သည်။ "အိပ်တော့"
သူသည် ကြောက်လန့်ဟန်ဆောင်ကာ မိမိကိုယ်ကိုယ် ဖက်ထားလျက် ပြောလိုက်သည်။
"ဘာလုပ်မလို့လဲ... ဘာလုပ်မလို့လဲ။ အနိုင်ကျင့်မလို့လား"
ရှန်ယို့ယောင်သည် သူ၏ ရယ်စရာကောင်းသော အမူအရာများကို မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် လွမ်းဆွတ်သလိုပင် ခံစားလိုက်ရသည်။ သူမက သူ၏ အင်္ကျီကို ဆွဲချွတ်မည့်အဟန်ဖြင့် ပြောလိုက်သည်။
"ဒါကို အနိုင်ကျင့်တယ်လို့ ခေါ်သလား၊ တကယ့်ဟာကို ပြပေးမယ်”
တုဇယ်ချန်းက အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။ "တကယ်လား။ ငါ တော်တော် ကြောက်နေပြီ”
ထို့နောက် သူသည် ရင်ခုန်စွာဖြင့် လက်များကို လွှတ်ပေးလိုက်ပြီး စိတ်ကြိုက် ပြုမူနိုင်ကြောင်း အမူအရာ ပြလိုက်လေသည်။
ရှန်ယို့ယောင်သည် စောင်ကို ခါထုတ်ကာ သူ့အား လွှမ်းခြုံပေးလိုက်ပြီး ရယ်မောလျက် ပြောလိုက်သည်။
"လိမ္မာတယ်၊ အိပ်တော့"
တုဇယ်ချန်းသည် စောင်ကြားမှ ခေါင်းလေး ပြူထွက်လာပြီး ပြောလိုက်သည်။ "ဆိတ်သားစွပ်ပြုတ် သောက်ချင်တယ်”
ရှန်ယို့ယောင်က ပြုံး၍ ပြောလိုက်သည်။ "နိုးလာရင် အဆင်သင့် ဖြစ်နေစေရမယ်”
ထိုအခါမှ တုဇယ်ချန်းသည် လိမ္မာစွာဖြင့် မျက်လုံးမှိတ်လိုက်တော့သည်။ တစ်ပတ်လုံးလုံး အဆက်မပြတ် အလုပ်လုပ်ခဲ့ရသဖြင့် သူသည် များစွာ ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ စိတ်လှုပ်ရှားမှုများ လျော့ကျသွားချိန်တွင် သူသည် အိပ်စက်ခြင်းထဲသို့ ချက်ချင်းပင် နစ်မြုပ်သွားတော့သည်။
သို့သော် ရှန်ယို့ယောင် အိမ်ပြန်ရောက်နေသည်ကို စိတ်ထဲ စွဲလမ်းနေသဖြင့် သူ အကြာကြီး မအိပ်နိုင်ခဲ့ပေ။ သတိပြန်ဝင်လာချိန်တွင် ဆိတ်သားစွပ်ပြုတ်၏ သင်းပျံ့သော ရနံ့ကို ဦးစွာ ရရှိလိုက်သည်။ အခန်းထဲတွင် အခြားသော လူသားတစ်ဦး ရှိနေသည်ကို သတိရလိုက်သည်နှင့် သူသည် မျက်လုံးပင် မဖွင့်ရသေးဘဲ ပြုံးလိုက်မိသည်။ စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ကို တစ်ချက် နှစ်ချက် လှုပ်ယမ်းလိုက်ပြီးမှ အိပ်ရာမှ ထလိုက်တော့သည်။
သူသည် အနည်းငယ် ပြင်ဆင်ပြီးနောက် အိပ်ခန်းထဲမှ ထွက်ကာ ရနံ့ရှိရာ မီးဖိုချောင်သို့ လျှောက်သွားလိုက်သည်။ ရှန်ယို့ယောင်သည် ဟင်းချက်နေပြီး အသံကြားသဖြင့် လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"အချိန်ကိုက် နိုးလာတာပဲ။ အခုပဲ သွားနှိုးမလို့ ကြံနေတာ။ ဒီဟင်းပွဲကို အရင် သွားချလိုက်ဦး၊ ကျန်တာတွေလည်း မကြာခင် ပြီးတော့မှာပါ”
အိမ်တွင်ဆိုလျှင် ထမင်းစားဖို့ ဇွန်းကိုင်ရုံမှလွဲ၍ ဟင်းပွဲတစ်ခါမှ မကိုင်ဖူးသော တုသခင်လေးသည် ယခုအခါတွင်မူ တက်ကြွစွာဖြင့် ဟင်းပွဲများကို သယ်ယူလေတော့သည်။ ဟင်းပွဲကို စားပွဲပေါ်သို့ တင်လိုက်သည့် ခဏတွင် သူသည် အိမ်ထောင်သည်ဘဝ၏ ပျော်ရွှင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဒါသည် အေးချမ်းသော်လည်း နွေးထွေးလှသော ခံစားချက်ပင်။ သူတို့ နှစ်ဦး ကိုယ်တိုင် ဖန်တီးနေသော ဘဝခရီးလမ်းသည် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စလေးများမှတစ်ဆင့် နောင်တစ်ချိန်တွင် ဆံဖြူသွားသည့်တိုင် မြေးမြစ်များဖြင့် ပြည့်နှက်နေမည့် အံ့ဖွယ် ကမ္ဘာလေး ဖြစ်လာပေလိမ့်မည်။
ဟင်းပွဲကို သယ်ဆောင်ရင်း အတွေးလွန်နေသော တုသခင်လေးသည် WeChat group ထဲမှ သတင်းများကြောင့် လက်တွေ့လောကထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ကျူးကျားကျား: မရီး ပြန်ရောက်ပြီလို့ ကြားတယ်နော်
ယဲ့ကျီးကျီး: ချိုးထုံ... မင်း သတင်းက တော်တော် မြန်တာပဲ။ ဒါကိုတောင် သိသလား
ကျူးကျားကျား: အစ်ကိုဇယ်ချန်း ကုမ္ပဏီမှာ သတင်းတွေ ပျံ့နေတာလေ။ ဟုတ်တယ်မလား မမချူ။
ချူအားအား : အင်း... မနက်ဖြန် ကျွေးမွေးပွဲမှာ သူဌေးကတော်ကို တွေ့ရဖို့ အားလုံးက မျှော်လင့်နေကြတာ။
ယဲ့ကျီးကျီး: ဝိုး... အစ်ကိုဇယ်ချန်းတို့ ကုမ္ပဏီက ထမင်းကျွေးမှာလား။ ကျွန်မလည်း အခုတလော ရှင့်ဝန်ထမ်းတစ်ယောက်လိုပဲ လုပ်ပေးနေတာဆိုတော့ ပါဝင်ခွင့် ရှိမယ် ထင်တယ်နော်
ရှန့်မို့မို: ထောက်ခံပါတယ်။
တုဇယ်ချန်းသည် အနည်းငယ် တွေဝေသွားသည်။ ရှန်ယို့ယောင် အိမ်ပြန်လာခါစဖြစ်ရာ နှစ်ဦးတည်း ရှိလိုသော အချိန်မှာပင် တိုတောင်းလှသည်ဟု သူ ခံစားနေရသည်။ စားပွဲ သွားရန်မှာ အချိန်ဖြုန်းသလို ဖြစ်နေမည်ကို သူ စိုးရိမ်မိသည်။ ထိုစဉ် ချိုးထုံ ဆီမှ သတင်းများ တရစပ် ဝင်လာပြန်သည်။
ကျူးကျားကျား: အစ်ကိုဇယ်ချန်း... မရီး အားမအားဘူးလို့ပဲ ထပ်ပြောဦးမှာလား
ကျူးကျားကျား: ဒါမှမဟုတ် ရှင့်ရဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် အားတင်းထားတာလား
ချူအားအား: ဟုတ်ပါတယ်... ခေါ်လာပြီး ငါတို့ကို ပေးတွေ့ပါဦး။ ဇယ်ချန်းမှာ အိမ်ထောင်ရှိတယ်ဆိုတာကို ငါတို့ ကိုယ်တိုင် မြင်တွေ့ အတည်ပြုပါရစေဦး။ မဟုတ်ရင် လူပျိုကြီးလို့ပဲ ငါ ထင်နေမိလို့။
ချိုးထုံနှင့် ချူကျဲတို့၏ စကားများကို ကြည့်ပြီး တုဇယ်ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။ နံနက်ပိုင်းကတည်းက တစ်ခုခု ထူးဆန်းနေသည်ဟု သူ ခံစားခဲ့ရသည်။ ယခု ထပ်မံ ပြောဆိုလာကြသဖြင့် သူ သက်ပြင်းချလိုက်မိသည်။ ရုတ်တရက် လက်ထပ်လိုက်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများမှာ မနည်းလှပေ။
ရင်းနှီးသူများပင် မယုံကြည်ကြပေ။ သို့သော် ချူကျဲကိုယ်တိုင်က မယုံကြည်ချင်ဟန် ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်။
ယခင် အပျော်တမ်း အသင်းတွင် ရှိစဉ်ကတည်းက ချူကျဲသည် မိမိအပေါ် စိတ်ဝင်စားမှု ရှိနေကြောင်း သတိထားမိခဲ့သည်။ ဥပမာအားဖြင့် သူမသည် သူ့ကို အမြဲ ဆူပူတတ်ပြီး အမြဲတမ်း ဂရုစိုက်ပေးတတ်သည်။ သို့သော် သူမက ဖွင့်မပြောသဖြင့် သူကလည်း ဘာမှမသိသလို ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူ၏ ဘေးတွင် ဤကဲ့သို့သော မိန်းကလေးများ အမြဲရှိနေခဲ့သဖြင့် သူသည် သူ့ကိုယ်သူ ကျေနပ်နေခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ထိုသို့ မဖြစ်တော့ပေ။ သူသည် တစ်ကိုယ်တည်း မဟုတ်တော့သဖြင့် အခြားသူများကို အထင်မှားစရာ စိတ်ကူးများ မပေးသင့်တော့ပေ။
ထို့ကြောင့်... မိမိ၏ ဇနီးသည်အပေါ် ထားရှိသော မေတ္တာကို လူအများရှေ့တွင် ပြသရန်မှာ မဖြစ်မနေ လိုအပ်လာခဲ့ပြီ ဖြစ်သည်။
တုဇယ်ချန်းသည် မျက်လုံးများကို ကစားကာ အကြံတစ်ခု ရသွားသည်။ စောစောက သူ အတွေးမှားခဲ့ခြင်း ဖြစ်သည်။ စားသောက်ပွဲ သွားခြင်းမှာ အချိန်ဖြုန်းခြင်း မဟုတ်ဘဲ ချစ်ခြင်းမေတ္တာကို ပြသခြင်းဖြင့် သံယောဇဉ်ကို ပိုမို ခိုင်မြဲစေမည့် နည်းလမ်းပင် ဖြစ်သည်။
သူသည် မိမိ၏ ထက်မြက်မှုကို ကျေနပ်စွာဖြင့် လက်မထောင်လိုက်မိသည်။
ထမင်းစားနေစဉ် တုဇယ်ချန်းသည် သူ၏ ဖုန်းကို ရှန်ယို့ယောင်အား ပြလိုက်ပြီး ပြောလိုက်သည်။
"ယို့ယောင်... မနက်ဖြန် ကုမ္ပဏီက ထမင်းကျွေးမှာမို့လို့ မင်း ငါနဲ့အတူ လိုက်ခဲ့ပေးပါလား။ သူတို့တွေက ငါ့ကို မယုံကြဘဲနဲ့ အမြဲ လှောင်နေကြလို့လေ” သူသည် မကျေမနပ်ဖြစ်ဟန်ဖြင့် ညည်းတွားလိုက်ပြီး သူမအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"ငါ့ကိုယ်စား သူတို့ကို သွားပြီး ပညာပေးလို့ ရမလားဟင်”
ရှန်ယို့ယောင်သည် ဦးစွာ သူ ပေးထားသော အမည်များကို ကြည့်ပြီး ရယ်မောလိုက်သည်။ ပြောလိုက်သည်။ "ချူအားအား ဆိုတာက ဘာကြီးလဲ”
"ဪ... ဥဒေါင်းတွေက အားအားလို့ အော်တတ်ကြတယ် မလား” တုဇယ်ချန်းက ပြန်ဖြေသည်။ "ဒါက အရင် အသင်းတုန်းက လက်ထောက်လေ။ အခု ငါ ကုမ္ပဏီထောင်တော့ အရင်က သူငယ်ချင်းတွေကို ဆက်သွယ်ရင်းနဲ့ သူ့ရဲ့ အရည်အချင်းက မဆိုးဘူး ထင်လို့ ခေါ်ထားလိုက်တာပါ”
ရှန်ယို့ယောင်၏ အကြည့်များသည် ချူအားအားနှင့် ကျူးကျားကျား တို့၏ စကားများပေါ်သို့ ကျရောက်သွားသည်။ မေးလိုက်သည်။ "ဒီနှစ်ယောက်က မိန်းကလေးတွေလား”
တုဇယ်ချန်းက ချီးကျူးလိုက်သည်။ "မင်းက တကယ့်ကို မျက်စိလျင်တာပဲ။ ချက်ချင်း သိတာပဲနော်”
ရှန်ယို့ယောင်က ရယ်မောလျက် ပြောလိုက်သည်။ "မဟုတ်ပါဘူး... မိန်းကလေး အချင်းချင်းဆိုတော့ အလိုလို သိနေတာပါ”
တုဇယ်ချန်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။ "မင်းက ဘယ်သူ့ဘက်ကလဲ။ ငါတို့က လက်ထပ်စာချုပ် ချုပ်ထားတဲ့ သူတွေနော်။ မင်းက တာဝန်မယူချင်ဘူးလား” သူက ထပ်မံ ချွဲနွဲ့ကာ တောင်းဆိုလိုက်သည်။ "လိုက်ခဲ့ပါ... လိုက်ခဲ့နော်။ မဟုတ်ရင် သူတို့က နေ့တိုင်း ငါ့ကို သံသယ ဝင်နေကြမှာ။ မင်းက ငါ့ရဲ့ အရှိန်အဝါကို သွားပြလိုက်စမ်းပါ၊ သူတို့ လန့်သွားအောင်လို့”
ရှန်ယို့ယောင်က ရယ်မောလျက် ပြောလိုက်သည်။
"ရှင်က တကယ့်ကို ကလေးဆန်တာပဲ” သူမက ထိုသို့ ပြောလိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ် သဘောတူလိုက်သည်။ "ဒါပေမဲ့ သန်ဘက်ခါ မနက် အစောကြီးတော့ ကျွန်မ ပြန်ရမယ်နော်”
"အိုယေး" တုဇယ်ချန်းက ပျော်ရွှင်သွားပြီး WeChat group ထဲသို့ ချက်ချင်း အကြောင်းကြားလိုက်သည်။
"အိမ်ရှင်မကြီးက အချိန်ပေးပြီး လာစစ်ဆေးမှာမို့လို့ အားလုံး စိတ်အဆင်သင့် ပြင်ထားကြပါ"
Group ထဲမှ လူများမှာ မျှော်လင့်တကြီးဖြင့် ဝမ်းသာအားရ အော်ဟစ်ကြတော့သည်။
ကျူးကျားကျား: မရီးကိုပါ group ထဲ ဆွဲထည့်လိုက်ပါလား။ အရင် ရင်းနှီးအောင်လို့။
ယခုတစ်ကြိမ်တွင်မူ တုဇယ်ချန်း သဘောမတူခဲ့ပေ။ ချစ်ခြင်းမေတ္တာ ပြသလို့ ရသော်လည်း ချိုးထုံနှင့် ချူကျဲတို့မှာ ထိုမျှအထိ ရင်းနှီးရမည့်သူများ မဟုတ်ပေ။ ရှန်ယို့ယောင်သည် လူသစ်များနှင့် စကားပြောလျှင် နေရခက်တတ်သည်ကို သူ သိထားသဖြင့် ထိုစကားကို မမြင်ချင်ယောင်ဆောင်ကာ ဖုန်းကို ဘေးသို့ ချထားလိုက်တော့သည်။
ထိုနေ့တွင် သူတို့ နှစ်ဦးသည် အိမ်မှာပင် အတူတူ ရှိနေခဲ့ကြပြီး တစ်ဦး၏ အကြောင်း တစ်ဦး ပြောပြရင်း စနောက် ရယ်မောရင်းဖြင့် အချိန်များကို ကုန်လွန်စေခဲ့သည်။ ယခုအခါ ရှန်ယို့ယောင်သည် တုဇယ်ချန်းနှင့် ရှိနေချိန်တွင် များစွာ ပိုမို တက်ကြွလာခဲ့ပြီ ဖြစ်သည်။
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ရှန်ယို့ယောင်သည် တုဇယ်ချန်း၏ အိပ်ခန်းထဲရှိ အဝတ်လဲခန်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့သည်။ ထန်ရွှမ်က အဝတ်အစားများစွာ ပြင်ဆင်ပေးထားသော်လည်း တုဇယ်ချန်း၏ အိပ်ခန်းထဲတွင် ရှိနေသဖြင့် သူမ တစ်ခါမှ မဝင်ခဲ့ဖူးပေ။ အစပိုင်းတွင် ရွေးချယ်ထားသော အဝတ်အချို့ကိုသာ သူမ၏ အိပ်ခန်းရှိ ဗီဒိုထဲတွင် ထည့်ထားခဲ့ခြင်း ဖြစ်သည်။
တုဇယ်ချန်းသည် စိတ်အားထက်သန်စွာဖြင့် သူမ၏ နောက်မှ လိုက်ကာ ကူညီပေးနေသည်။ သူမသည် ဝတ်စုံကို ဂရုတစိုက် ရွေးချယ်နေသည်ကို မြင်ရသဖြင့် သူသည် များစွာ ပျော်ရွှင်နေမိသည်။ သို့သော် သူမသည် အတန်ကြာအောင် ရွေးချယ်သော်လည်း ဆုံးဖြတ်ချက် မချနိုင်သဖြင့် သူကပင် ရွေးပေးလိုက်သည်။
"ဒီဝတ်စုံလေး ဝတ်ပါလား။ ခေတ်ဆန်ပြီးတော့ ပေါ့ပေါ့ပါးပါးလည်း ရှိတယ်။ မင်းက အရပ်ရှည်တော့ ဝတ်လိုက်ရင် တော်တော် လှမှာ သေချာတယ်။ လူစုံတက်စုံ ပွဲမျိုးနဲ့လည်း လိုက်ဖက်တယ်လေ”
ရှန်ယို့ယောင်ကလည်း မငြင်းဆန်ခဲ့ပေ။ တုဇယ်ချန်းသည် မိခင်ဖြစ်သူ၏ အဆုံးအမများအပြင် အနုပညာလောကတွင် ကျင်လည်ခဲ့သူဖြစ်ရာ သူ၏ အကြိုက်မှာ ပြောစရာ မလိုအောင်ပင် ကောင်းမွန်လှသည်။
သူမသည် အခန်းထဲသို့ ဝင်ကာ အဝတ်လဲလိုက်သည်။ ပြန်ထွက်လာချိန်တွင် တုဇယ်ချန်းက အဆင်တန်ဆာများကိုပါ အသင့် ရွေးချယ်ပေးထားပြီး ဖြစ်သည်။
တစ်နေကုန်နီးပါး အချိန်ပေး၍ ပြင်ဆင်နေကြသော်လည်း တုဇယ်ချန်းမှာမူ လုံးဝ စိတ်မပျက်ဘဲ သူမအား မိတ်ကပ်လိမ်းနည်း အချို့ကိုပင် ပြသပေးနေသေးသည်။
ရှန်ယို့ယောင် “ ...”
ကိုယ့်ဘဝက ယောကျ်ားတစ်ယောက်လောက်တောင် မစိုပြေပါလားဟု သူမ တွေးမိလိုက်သည်။
နေဝင်ခါနီး အချိန်တွင် သူတို့ နှစ်ဦးသည် အိမ်မှ ထွက်လာခဲ့ကြသည်။ ယခုပွဲမှာ တရားဝင် အောင်ပွဲခံသည့် ပွဲမျိုး မဟုတ်ဘဲ ဝန်ထမ်းများ၏ ပင်ပန်းမှုကို အသိအမှတ်ပြုသောအားဖြင့် အိမ်တွင်းဖြစ် ပြုလုပ်သော ပွဲမျိုး ဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီအနီးရှိ ဘာဘီကျူးဆိုင်ကိုသာ ရွေးချယ်ခဲ့ကြသည်။ ဂိမ်းကစားသူများ အပါအဝင် စုစုပေါင်း လူ ၄၀ ခန့် ရှိသဖြင့် ဆိုင်၏ ပထမထပ် တစ်ခုလုံးမှာ ပြည့်နှက်နေတော့သည်။
ရှန့်ရွှမ်းနှင့် ယဲ့ကျော့တို့သည် စောစီးစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့သည် နည်းပညာသမားများ ဖြစ်ကြသဖြင့် ကုမ္ပဏီမှ ပရိုဂရမ်မာများနှင့် ရင်းနှီးနေကြပြီးဖြစ်ရာ အားလုံးမှာ ပျော်ရွှင်စွာ စကားပြောနေကြသည်။
"ဝိုး... ဟိုမှာ ချူကျဲ မဟုတ်လား။ တော်တော် လှတာပဲ" တစ်ဦးက အံ့ဩစွာ ဆိုလိုက်သည်။
"သူ့ဘေးက မိန်းကလေးလည်း မဆိုးဘူးနော်”
ယဲ့ကျော့က လှည့်ကြည့်လိုက်ပြီး ခေတ္တမျှ မှင်တက်သွားသည်။ ပြောလိုက်သည်။ "အမလေး... ငါ မိန်းကလေးတွေ အများကြီး မြင်ဖူးပါတယ်၊ ဒါပေမဲ့ မိန်းမတွေရဲ့ မိတ်ကပ်ပညာကတော့ တကယ့်ကို အံ့မခန်းပါပဲလား”
ချူကျဲ၏ လက်မောင်းကို ချိတ်ထားသော ချိုးထုံက ထိုစကားကို ကြားသွားသဖြင့် ဆဲဆိုလိုက်သည်။ "နင် ဘယ်သူ့ကို ပြောတာလဲ”
ယဲ့ကျော့က မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။
"တချို့လူတွေကတော့ ကိုယ့်စိတ်ကိုယ် သိမှာပါ"
"နင်" ချိုးထုံက သူ့ကို ရိုက်ရန် ပြင်လိုက်သည်။
ရှန့်ရွှမ်းက သူတို့ နှစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။ "ရုံးပွဲလေး တစ်ခုကို ဘာလို့ ဒီလောက်အထိ ပြင်ဆင်လာကြတာလဲ”
ချိုးထုံက ချူကျဲ၏ လက်မောင်းကို ပြန်လည် ချိတ်လိုက်ပြီး မေးလိုက်သည်။ "ဘယ်လိုလဲ... လှတယ် မဟုတ်လား”
ချူကျဲက ပြုံး၍ ပြောလိုက်သည်။ "သူဌေးကတော်နဲ့ ပထမဆုံး တွေ့ရမှာဆိုတော့ သေချာ ပြင်ဆင်လာရတာပေါ့။ မဟုတ်ရင် ရိုင်းရာကျနေမှာ စိုးလို့ပါ။ သူက နာမည်မကြီးသေးပေမဲ့ သရုပ်ဆောင် တစ်ယောက်ပဲလေ၊ အမြင်ကတော့ ရှိမှာပေါ့” သူမ၏ နောက်ဆုံး စကားလုံးမှာ လှောင်ပြောင်သံ အနည်းငယ် ပါဝင်နေသည်။
ရှန့်ရွှမ်းက သက်ပြင်းကို အသာအယာ ချလိုက်ပြီး ပြောလိုက်သည်။ "သူက သရုပ်ဆောင်မှန်း သိရင်လည်း ဘာလို့ သူ့နဲ့ သွားပြိုင်နေရတာလဲ”
ချူကျဲက နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ပြန်မပြောပေ။ ချိုးထုံက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"အစ်ကိုရှန့်... ရှင် ဘာပြောချင်တာလဲ။ သရုပ်ဆောင်ဆိုရင် ငါတို့ထက် သာတယ်လို့ ပြောချင်တာလား။ အမှန်အတိုင်း ပြောရရင် မမချူကလည်း လူကုံထံ သမီးပဲလေ၊ ချမ်းသာတဲ့ မိန်းမလှဆိုတော့ သရုပ်ဆောင်တွေထက် အများကြီး သာပါတယ်”
သူမ၏ အသံမှာ အနည်းငယ် ကျယ်နေသဖြင့် ဘေးရှိ လူများအားလုံး ကြားလိုက်ရသည်။ တစ်ဦးက အံ့ဩစွာ မေးလိုက်သည်။ "ချူကျဲက လူကုံထံ သမီးလား”
ချိုးထုံက ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။ "ဒါပေါ့... မမချူတို့ အိမ်ကလည်း ကုမ္ပဏီ ဖွင့်ထားတာလေ”
ချူကျဲက ပြုံး၍ ဆိုသည်။ "စက်ရုံ အသေးလေး တစ်ခုပါပဲ။ ဥက္ကဋ္ဌတု ရှေ့မှာတော့ လူကုံထံလို့ ပြောဖို့က ရှက်စရာကြီးပါ”
အားလုံးက ရယ်မောကြသည်။ ဟုတ်သည်လေ၊ တုဇယ်ချန်း ရှေ့မှာတော့ မည်သူကမှ မိမိကိုယ်မိမိ ချမ်းသာသည်ဟု မပြောရဲကြပေ။
တစ်ဦးက စူးစမ်းစွာ မေးလိုက်သည်။ "မင်းတို့ မရီးကို တွေ့ဖူးလား။ ဆက်ဆံရ ခက်သလားဟင်”
ယဲ့ကျော့သည် စရိုက်ပြတ်သားသူ ဖြစ်ရာ ချက်ချင်းပင် ဖြေလိုက်သည်။ "ငါတို့လဲ ပထမဆုံး အကြိမ်ပါပဲ။ ဒါပေမဲ့ စရိုက်ကတော့ သေချာပေါက် ကောင်းမှာပါ။ အစ်ကိုဇယ်ချန်းလို စရိုက်မျိုးနဲ့သူက ဆက်ဆံရခက်တဲ့သူ ဆိုရင် နေ့တိုင်း ကြွားနေပါ့မလား။ သူက စိတ်ထား အရမ်း ကောင်းတယ်လို့ ကြားတယ်”
ချိုးထုံက ကြားဝင် ပြောလိုက်သည်။ "ရှင် ကြားတာက ကြားတာပဲလေ”
ယဲ့ကျော့က သူမ မိမိအား ရန်စနေသည်ဟု ထင်သဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။ "ဟေ့... မင်း ပြောတာက မမှန်ဘူးနော်။ ဒီနေ့က အစ်ကိုဇယ်ချန်း ကျွေးတဲ့ ပွဲလေ၊ မင်းက သူများ ထမင်း လာစားပြီးတော့ မရီးရဲ့ အပြစ်ကို ပြောချင်နေတာလား။ အစ်ကိုဇယ်ချန်း မင်းကို မောင်းထုတ်ရင် မတတ်နိုင်ဘူးနော်”
ချိုးထုံက ချူကျဲကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "ငါက အစ်ကိုဇယ်ချန်းအတွက် စိုးရိမ်လို့ပါ။ တကယ်လို့ သူက ဆက်ဆံရ ခက်တဲ့သူ ဖြစ်နေရင် ငါတို့က မသိဘဲနဲ့ သွားထိမိလို့ အစ်ကိုဇယ်ချန်း အနေရခက်မှာ စိုးလို့လေ”
ရှန့်ရွှမ်းသည် အသက်ကြီးသူဖြစ်ရာ အခြေအနေကို ရိပ်မိလိုက်သည်။ သူက သတိပေးသော လေသံဖြင့် ပြောလိုက်သည်။
"မင်းတို့ ဒီနေ့ ငြိမ်ငြိမ်လေး နေရင် ဘယ်သူ့ကိုမှ သွားထိမိမှာ မဟုတ်ဘူး”
စကားပြောနေစဉ်မှာပင် ကုမ္ပဏီမှ လူအားလုံး ရောက်ရှိလာကြပြီး နေရာယူလိုက်ကြသည်။ ဘာဘီကျူးဆိုင် ဖြစ်သဖြင့် လေးယောက်တစ်တွဲ ထိုင်ကြရပြီး အဆင့်အတန်း ခွဲခြားထားခြင်း မရှိပေ။ ရင်းနှီးသူများက အတူတူ ထိုင်ကြသည်။ နောက်ဆုံးတွင် စားပွဲ နှစ်လုံးသာ ကျန်တော့ပြီး ထိုအထဲမှ တစ်လုံးမှာ ထိုင်ခုံ သုံးလုံးသာ ရှိကာ ဘေးပတ်လည်မှာလည်း ကျယ်ဝန်းလှသည်။ ဒါသည် တုဇယ်ချန်း၏ ဝှီးချဲအတွက် သီးသန့် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။
ရွမ်ဟုန်လန်နှင့် ဘဏ္ဍာရေးမှူးတို့သည် ထိုနေရာတွင် ထိုင်ရန် ပြင်လိုက်စဉ် ချူကျဲက ချိုးထုံကို ဆွဲခေါ်ကာ ဝင်ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။
နှစ်ဦးလုံး အနည်းငယ် အနေရခက်သွားစဉ် ယဲ့ကျော့က အော်ဟစ်လိုက်သည်။ "မင်းတို့ နှစ်ယောက်က ဘာလို့ ငါတို့နဲ့ အတူတူ မထိုင်တာလဲ”
ချိုးထုံက ပြန်ပြောလိုက်သည်။ "မထိုင်ပါဘူး... ကျွန်မက အစ်ကိုဇယ်ချန်းနဲ့ အတူတူ ထိုင်ချင်လို့။ ပြီးတော့ မရီးဆီက လက်မှတ် တောင်းချင်လို့လေ"
ချူကျဲကလည်း ပြောလိုက်သည်။ "ဒါက တရားဝင် ပွဲမှ မဟုတ်တာ။ ငါတို့ မိန်းကလေး အချင်းချင်း ဆိုတော့ ယောက်မနဲ့ စကားပြောရတာ ပိုလွယ်တာပေါ့”
သူတို့က ထိုသို့ ပြောလာသဖြင့် ကျန်သူများကလည်း ဆက်၍ မပြောတော့ပေ။ ရွမ်ဟုန်လန်နှင့် ဘဏ္ဍာရေးမှူးတို့သည် ယဲ့ကျော့တို့ စားပွဲတွင်သာ ဝင်ထိုင်လိုက်ကြသည်။
သူတို့ ထိုင်လိုက်သည်နှင့် တံခါးဝတွင် ဆူညံသံလေးများ ထွက်ပေါ်လာသည်။ အရပ်ရှည်ရှည်နှင့် လှပလွန်းသော အမျိုးသမီး တစ်ဦးသည် တုဇယ်ချန်း၏ ဝှီးချဲကို တွန်းကာ ဝင်လာခဲ့သည်။ သူမသည် အပြာနုရောင် ဆွယ်တာ အင်္ကျီနှင့် မီးခိုးဖျော့ရောင် စကတ်ရှည်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် အဖိုးတန် ကျောက်မျက်ရတနာများ ပါဝင်သော လည်ဆွဲတစ်ခု ဆင်ယင်ထားသည်။ ဤဝတ်စုံမှာ ရိုးရှင်းသော်လည်း သူမ၏ ကိုယ်ရည်ကိုယ်သွေးကို ပေါ်လွင်စေသဖြင့် လူတိုင်း၏ အကြည့်များမှာ သူမဆီသို့ ရောက်ရှိသွားတော့သည်။
တုဇယ်ချန်းသည်လည်း သူမနှင့် လိုက်ဖက်အောင် အပြာနုရောင် အင်္ကျီနှင့် မီးခိုးဖျော့ရောင် ဘောင်းဘီကို ဝတ်ဆင်ထားသဖြင့် စုံတွဲဝတ်စုံ အတိုင်းပင် ဖြစ်နေတော့သည်။
…