← Chapters

အခန်း ၅၂

Vol. 4 Ch. 52

အခန်း ၅၂

Vol. 4 Ch. 52

အခန်း (၅၂)

ယဲ့ကျော့က နောက်ပြောင်သော လေသံဖြင့် အော်ဟစ်လိုက်သည်။ "မင်္ဂလာပါ သူဌေးကတော်ခင်ဗျာ"

ရှန်ယို့ယောင်သည် ခေတ္တမျှ ကြောင်သွားပြီးမှ ပြုံး၍ ပြောလိုက်သည်။ "မင်္ဂလာပါရှင်”

သူမသည် မူလကပင် လှပသူဖြစ်ရာ သူမ ပြုံးလိုက်ချိန်တွင် နွေဦးရာသီ ရောက်ရှိလာသကဲ့သို့ ခံစားရသဖြင့် အားလုံးကလည်း လိုက်လံ ပြုံးရယ်ကြတော့သည်။ အချို့ကလည်း တက်ကြွစွာဖြင့် လိုက်လံ နှုတ်ဆက်ကြသည်။

"မင်္ဂလာပါ သူဌေးကတော် "

တုဇယ်ချန်းသည် သူမ၏ လက်ကို ကိုင်ကာ ပြုံး၍ ပြောလိုက်သည်။

"မင်းတို့အားလုံး သိနေကြပြီ ဆိုပေမဲ့လည်း ငါ တရားဝင် မိတ်ဆက်ပေးပါရစေဦး။ ဒါ မင်းတို့ရဲ့ သူဌေးကတော် ရှန်ယို့ယောင် ပေါ့။ နောက်ဆို ငါ့ကို စိတ်ဆိုးအောင် လုပ်တဲ့သူ ရှိရင်တော့ သူ့ကို ခေါ်ပြီး နှိမ်နင်းခိုင်းမှာနော်၊ သူက တော်တော်လေးကို ကြောက်စရာ ကောင်းတာ”

အားလုံးက ဝိုင်းရယ်ကြပြီး ရှန်ယို့ယောင်ကလည်း မျက်စောင်းထိုးလျက် ပြောလိုက်သည်။ "စကားတွေ အရမ်း တတ်နေတယ်"

သူတို့ နှစ်ဦးသည် ကျန်ရှိနေသော နေရာသို့ လျှောက်သွားကြသောအခါ ချူကျဲနှင့် ချိုးထုံတို့သည် တစ်ပြိုင်နက်တည်း ထိုင်နေရာမှ ထကာ နှုတ်ဆက်လိုက်ကြသည်။

ချူကျဲက ပြုံး၍ ရှန်ယို့ယောင်အား လက်ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

"ပထမဆုံး တွေ့ရတာ ဝမ်းသာပါတယ်ရှင်။ ကျွန်မက ချူကျဲပါ၊ ဇယ်ချန်းရဲ့ အရင် မန်နေဂျာ လက်ထောက်ပေါ့။ သူ ဘာလို့ ဒီလောက် မြန်မြန် လက်ထပ်လိုက်တာလဲဆိုတာ ကျွန်မ အမြဲ သိချင်နေခဲ့တာ၊ အခု မမကို တွေ့လိုက်မှပဲ အဖြေကို သိသွားတော့တယ်”

ဤစကားမှာ ချီးကျူးစကားကဲ့သို့ ရှိသော်လည်း ရှန်ယို့ယောင်၏ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။ သို့သော် သူမ များစွာ မတွေးမိပေ။ အဘယ်ကြောင့်ဆိုသော် သူမရှေ့မှ ထိုအမျိုးသမီး၏ အပြုအမူနှင့် ရုပ်ရည်ကို မြင်တွေ့လိုက်ရချိန်တွင် တုဇယ်ချန်း ပေးထားသော ချူအားအားဟူသော နာမည်ကို သတိရသွားသောကြောင့် ဖြစ်သည်။

ရှန်ယို့ယောင်သည် ရယ်ချင်စိတ်ကို အောင့်အီးကာ သူမ၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "ဇယ်ချန်း ရှင့်အကြောင်း ပြောပြတာ ကြားဖူးပါတယ်”

ချူကျဲ၏ မျက်ဝန်းများ အရောင်တောက်သွားပြီး ပြုံး၍ ပြောလိုက်သည်။ "တုသခင်လေးက ကျွန်မအကြောင်း ပြောပြတယ် ဟုတ်လား”

တုဇယ်ချန်းသည် သူမ၏ လှည့်ကွက်များကို စိတ်မရှည်တော့သဖြင့် စနောက်သော လေသံဖြင့် ပြောလိုက်သည်။

"မင်းအကြောင်း ပြောတော့ ဘာဖြစ်လဲ။ မင်းက ထူးခြားတဲ့သူ မို့လို့လား။ ငါက ယို့ယောင်ကို ပြောပြနေတာ... မင်းကို ကုမ္ပဏီထဲ ဆွဲခေါ်မိတာ နောင်တရတယ်လို့လေ။ မင်းက ငါနဲ့ ရင်းနှီးတာကို အခွင့်ကောင်းယူပြီးတော့ အမြဲတမ်း ပြဿနာ ရှာနေတာကိုး”

ချူကျဲ၏ မျက်နှာ ပျက်သွားစဉ် တုဇယ်ချန်းက ဆက်ပြောလိုက်သည်။ "မင်းတို့ ဘာလို့ ဒီမှာ ထိုင်နေတာလဲ။ လူချောတွေ ထိုင်တဲ့ စားပွဲဘက်ကို သွားထိုင်ကြလေ"

ချိုးထုံက ထိုမြင်ကွင်းကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။ "အစ်ကိုဇယ်ချန်း... ကျွန်မတို့က ရှင့်အတွက် လာတာ မဟုတ်ပါဘူး၊ ယောက်မအတွက် လာတာပါ။ ကျွန်မက သရုပ်ဆောင်တွေကို အရမ်း သဘောကျလို့ လက်မှတ် တောင်းချင်လို့လေ”

တုဇယ်ချန်းက ပြန်ပြောလိုက်သည်။ "မင်းရဲ့ မရီးဆီက လက်မှတ် တောင်းချင်ရင် ငါ့ရဲ့ သဘောတူညီချက် လိုတယ်နော်”

ချိုးထုံက ပြောလိုက်သည်။ "ရှင်က တော်တော် အာဏာပြတာပဲ။ မရီးကို ဒီလောက်ထိတောင် ချုပ်ကိုင်ထားတာလား”

တုဇယ်ချန်းက အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"လက်မှတ်တွေ အများကြီး ထိုးရရင် လက်နာမှာပေါ့။ ငါ့မိန်းမကို ငါ စိုးရိမ်တာ မင်းအတွက် ပြဿနာ ရှိလို့လား”

ယဲ့ကျော့က လေချွန်လိုက်ပြီး ပြောလိုက်သည်။ " အစ်ကိုဇယ်ချန်း... ခင်ဗျားကတော့ တော်တော် လွန်နေပြီ။ အားလုံးက အသားစားဖို့ စောင့်နေတာလေ၊ ခင်ဗျားရဲ့ အချစ်ဇာတ်လမ်းတွေကို ခဏလောက် သိမ်းထားပေးပါဦး”

တုဇယ်ချန်းက ဘာမှမသိသလို ဟန်ဆောင်ကာ ပြောလိုက်သည်။

"ဘယ်မှာ အချစ်ဇာတ်လမ်း ရှိလို့လဲ၊ မင်းတို့ကတော့ ဗဟုသုတ နည်းလိုက်တာ" ထို့နောက် သူက ချူကျဲနှင့် ချိုးထုံတို့ကို ဆက်၍ နှင်ထုတ်လေတော့သည်။

"မင်းတို့ ဘေးက စားပွဲကို သွားလိုက်ကြ၊ ရွမ်ဟုန်လန်ကို ဒီဘက် လာခိုင်းလိုက်” သူသည် အမျိုးသမီးများကို အလွန်အမင်း အရှက်မရစေရန် စကားကို ပြင်ပြောလိုက်သည်။

"ရွမ်ဟုန်လန်ရဲ့ အသားကင်တဲ့ လက်ရာက တော်တော် ကောင်းတာဗျ။ ငါ့မိန်းမကို မြည်းစမ်းစေချင်လို့လေ၊ မင်းတို့ကတော့ လာပြီး နှောင့်ယှက်နေကြတာပဲ"

ရွမ်ဟုန်လန်သည် အလိုက်သင့်ပင် ရောက်လာပြီး ပြုံး၍ ပြောလိုက်သည်။

"သခင်လေးတုက ကျွန်တော် မရှိရင် မဖြစ်ဘူးဆိုလို့ ဝမ်းသာသွားတာ... နောက်ဆုံးတော့ ကျွန်တော့်ကို အလုပ်ခိုင်းဖို့ပဲကိုး”

တုဇယ်ချန်းက ရယ်မောလျက် ပြောလိုက်သည်။ "သိရင်လည်း မြန်မြန် လာခဲ့လေ။ ဒါ ငါ့ရဲ့ အထက်လူကြီးပဲ၊ သေချာ ဂရုစိုက်ပေးရမယ်”

ရှန့်ရွှမ်းလည်း သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။

"ဘုရားရေ... စားပွဲထိုးလေးရေ... မြန်မြန် ဟင်းတွေ လာချပေးပါဦး။ မင်းတို့ သူဌေးက ငါတို့ကို အချစ်တွေနဲ့ပဲ ဗိုက်ဖြည့်ခိုင်းပြီး ပိုက်ဆံ ချွေတာနေပြီ"

အားလုံးက ထပ်မံ ရယ်မောကြသော်လည်း တုဇယ်ချန်း၏ သဘောထားကိုတော့ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သူသည် သူ၏ ဇနီးသည်ကို အမှန်တကယ်ပင် လေးစားပြီး မြတ်နိုးသူ ဖြစ်သည်။

ချူကျဲနှင့် ချိုးထုံတို့သည် မျက်နှာမကောင်းစွာဖြင့် နေရာ ပြောင်းလိုက်ကြရသည်။

တုဇယ်ချန်းကမူ သူတို့ကို ဂရုမစိုက်တော့ဘဲ တစ်ချိန်လုံး ရှန်ယို့ယောင် စားသောက်ရန်အတွက်သာ အာရုံစိုက်နေတော့သည်။ သူသည် ယနေ့ ပွဲသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို အစွမ်းကုန် အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

သူငယ်ချင်းများက ဇနီးသည်နှင့် ရင်းနှီးစေရန်အတွက် သူသည် အားလုံးကို အလုပ်ပေးနေတော့သည်။ ရွမ်ဟုန်လန်ကို အသားကင်ခိုင်းသည်၊ ယဲ့ကျော့ကို အအေးသွားယူခိုင်းသည်၊ ရှန့်ရွှမ်းကို ဆော့စ်စပ်ခိုင်းသည်။ သူကိုယ်တိုင်ကမူ သူမအတွက် အသားများကို ညှပ်ပေးခြင်း၊ ဟင်းပွဲများ ပြင်ဆင်ပေးခြင်းတို့ကို ပြုလုပ်နေပြီး ပါးစပ်ထဲ ခွံကျွေးရန်သာ ကျန်တော့သည်။

"မင်းတို့ရဲ့ မရီးက လိမ္မော်ရည် ကြိုက်တယ်၊ နှမ်းဆော့စ် ကြိုက်တယ်၊ နံနံပင်နဲ့ ငရုတ်သီးလည်း ကြိုက်တယ်။ အခုတော့ မှတ်မိကြပြီ မလား။ သေချာ မှတ်ထားကြနော်”

ယဲ့ကျော့က သက်ပြင်းချကာ ပြောလိုက်သည်။ "နောင်တစ်ချိန်မှာ မရီး နာမည်ကြီးလာရင်တော့... ငါက သူနဲ့ ရင်းနှီးပါတယ်၊ သူ့ကို အအေးတောင် ကိုယ်တိုင် ငှဲ့ပေးခဲ့ဖူးတာလို့ ဂုဏ်ယူပြီး ပြောလို့ ရတာပေါ့"

တုဇယ်ချန်းနှင့် ထိုသူငယ်ချင်းများမှာ အမှန်တကယ်ပင် ရင်းနှီးကြကြောင်း ရှန်ယို့ယောင် သတိထားမိလိုက်သည်။ တုဇယ်ချန်း၏ ဂရုစိုက်မှုများကြောင့် သူမသည်လည်း စိမ်းသက်ခြင်း မရှိဘဲ ပျော်ရွှင်စွာ ရယ်မောနေမိသည်။ ထို့ပြင် တုဇယ်ချန်းအား ဆက်လက်၍ မကြွားရန် တားမြစ်လိုက်ပြီး ပြောလိုက်သည်။

"ကဲပါ... အသားကိုပဲ အေးအေးဆေးဆေး စားကြရအောင်”

ပြောပြီးနောက် သူမသည် သူ့အတွက် အသားအချို့ကို ထည့်ပေးလိုက်သည်။

တုဇယ်ချန်းက ထိုအသားများကို ဂုဏ်ယူစွာ စားသုံးနေသည်မှာ ကြည့်ရသူများအတွက် အမြင်ကတ်စရာပင် ဖြစ်နေတော့သည်။

ချိုးထုံနှင့် ချူကျဲတို့မှာမူ ပွဲတစ်ခုလုံးတွင် အပယ်ခံများ ဖြစ်နေကြရသည်။ ချိုးထုံက စကားပြောရန် ကြိုးစားသော်လည်း ချူကျဲ၏ မျက်နှာမှာ မကောင်းသဖြင့် မပြောရဲပေ။

တုဇယ်ချန်း၏ မင်းကို ခေါ်လာတာ နောင်တရတယ် ဟူသော စကားကြောင့် ချူကျဲမှာ အတင့်မရဲတော့ဘဲ အရက်ကိုသာ တစ်ခွက်ပြီး တစ်ခွက် သောက်နေတော့သည်။

ရှန့်ရွှမ်းက တားမြစ်သော်လည်း သူမက နားမထောင်သဖြင့် လွှတ်ထားလိုက်သည်။ ချိုးထုံကမူ တုဇယ်ချန်းအား တစ်စုံတစ်ခု ပြောစေချင်သဖြင့် လှမ်းကြည့်သော်လည်း တုဇယ်ချန်းမှာမူ ရှန်ယို့ယောင်ကိုသာ အာရုံစိုက်နေပြီး အခြားသူများကို လှည့်ကြည့်ရန်ပင် အချိန်မရှိပေ။

တုဇယ်ချန်း၏ အကူအညီကြောင့် ရှန်ယို့ယောင်သည် လူတိုင်းနှင့် အံ့ဩစရာကောင်းလောက်အောင် ရင်းနှီးသွားခဲ့သည်။ အင်တာနက် ကုမ္ပဏီမှ ဝန်ထမ်းများမှာ လူငယ်များ ဖြစ်ကြသဖြင့် ရင်းနှီးသွားချိန်တွင် အအေးခွက်များကို ကိုင်ဆောင်ကာ ဂုဏ်ပြုစကား ဆိုခြင်းဖြင့် သူတို့၏ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းကြတော့သည်။

တုဇယ်ချန်းသည်လည်း အားလုံးကို လက်ခံ နှုတ်ဆက်နေသည်။ ရှန်ယို့ယောင်သည်လည်း သူ၏ မျက်နှာကို ထောက်ထားသောအားဖြင့် အတူတူ လိုက်ပါ ဆောင်ရွက်ပေးခဲ့ရာ ကြားထဲတွင် အအေးများစွာ သောက်မိသွားသဖြင့် အိမ်သာသို့ ခေတ္တ ထွက်လာခဲ့သည်။

အိမ်သာထဲမှ ထွက်လာချိန်တွင် ဘေးခန်းမှ ထွက်လာသော ချူကျဲနှင့် ဆုံသည်။

ရှန်ယို့ယောင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။ "ချူ... ကျဲ” သူမသည် တုဇယ်ချန်း ပေးထားသော ချူအားအား ဟူသော အမည်ကို ခေါ်မိလုနီးပါး ဖြစ်သွားသဖြင့် ခေတ္တ ရပ်တန့်သွားခြင်း ဖြစ်သည်။

သို့သော် ချူကျဲကမူ ရှန်ယို့ယောင်က သူမအား အလေးမထားဟန် ပြသည်ဟု အထင်မှားသွားသည်။

အရက်ရှိန်ကြောင့် ချူကျဲ၏ စိတ်များ လွတ်ကင်းနေပြီး သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။ ပြောလိုက်သည်။ "ရှင် တော်တော် ဂုဏ်ယူနေတယ် မဟုတ်လား”

"ရှင်" ရှန်ယို့ယောင်က နားမလည်စွာဖြင့် မေးလိုက်သည်။ "ဘာအတွက် ဂုဏ်ယူရမှာလဲ”

"ရှင် ဘာလို့ ဂုဏ်မယူဘဲ နေမှာလဲ” ချူကျဲက အရက်မူးမူးဖြင့် အေးစက်စွာ ရယ်မောလျက် ပြောလိုက်သည်။

"ရှင်က အခြေအနေကို အခွင့်ကောင်းယူပြီးတော့ အလကား ရလိုက်တာပဲ မဟုတ်လား”

"ကျွန်မ အရင်က သူ့ကို အဲဒီလောက်ထိ ချစ်ခဲ့တာ။ ဒါပေမဲ့ ကျွန်မက ကိုယ့်အနေအထားကို သိလို့၊ သူ့ကို အဝေးကနေပဲ တိတ်တိတ်လေး ဂရုစိုက်ပေးခဲ့တာ..." ချူကျဲသည် ပြောရင်းနှင့် ဝမ်းနည်းလာပုံ ရသည်။

"ကျွန်မ အမြဲ သည်းခံခဲ့တာ။ ကျွန်မက သူ့နဲ့ မတန်ဘူး၊ သူက လူကုံထံ သခင်မလေးတွေနဲ့ပဲ လက်ထပ်မှာလို့ ထင်ခဲ့တာလေ။ ဒါပေမဲ့ နောက်ဆုံးကျတော့ သူက သတင်းဆိုးတွေနဲ့ ပြည့်နေတဲ့ အဆင့် ၁၈ မင်းသမီး တစ်ယောက်ကိုပဲ လက်ထပ်လိုက်တယ်..."

"ရှင်က ကျွန်မထက် ဘာသာတာ ရှိလို့လဲ” သူမက မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ကျွန်မက သူ့ကို အရင် သိခဲ့တာလေ။ သူလည်း ကျွန်မကို မမုန်းပါဘူး။ အခုလို ဖြစ်မယ်မှန်း သိရင်... ကျွန်မ သူ့နားမှာ အစကတည်းက ရှိနေခဲ့မှာပေါ့။ ကျွန်မလည်း သူ့ရဲ့ ဒုက္ခတွေကို အတူတူ ခံစားပေးနိုင်တာပဲ ရှင့်အတွက် နေရာ ရှိမှာ မဟုတ်ဘူး"

ရှန်ယို့ယောင်သည် ဤမိန်းကလေးမှာ စရိုက်ပြတ်သားသူလား၊ သို့မဟုတ် သူမအား အထင်သေးလွန်းသဖြင့် အချိန်ကုန်ခံ စဉ်းစားမနေသူလား ဆိုသည်ကို မသိသဖြင့် တိုက်ရိုက်ပင် မေးလိုက်သည်။ ဤမိန်းကလေးမှာ သူမအား ထိုသို့ ပြောလိုက်လျှင် စိတ်ဆိုးကာ လက်လျှော့သွားလိမ့်မည်ဟု ထင်နေခြင်း ဖြစ်နိုင်သလော။

"ဒါဆို သူ အခက်ခဲဆုံး အခြေအနေ ရောက်နေတဲ့ အချိန်မှာ ရှင် ဘာလို့ ပေါ်မလာခဲ့တာလဲ” ပုံမှန်အားဖြင့် သူတစ်ပါးနှင့် စကားများလေ့မရှိသော ရှန်ယို့ယောင်သည် ယခုအခါတွင်မူ အလေးအနက်ထားကာ ပြောလိုက်သည်။

"အဲဒီအချိန်တုန်းက တစ်ကမ္ဘာလုံးက သူ့ကို ဝိုင်းဆဲနေကြတာလေ။ ရှင် မသိဘူးလို့တော့ မပြောနဲ့နော်”

"အဲဒီအချိန်မှာ သူက ရှင့်ကို လက်ထပ်ပြီးသွားပြီလေ" ချူကျဲက ဒေါသတကြီး ပြောလိုက်သည်။

"ကျွန်မက ဘာအရည်အချင်းနဲ့ သွားရမှာလဲ။ သူများ အိမ်ထောင်ကို ဖျက်ဆီးတဲ့ မယားငယ် လုပ်ရမှာလား”

"ဒါဆိုရင် အခုကျတော့ရော ဘာလို့ မကြောက်တော့တာလဲ။ အခုကျတော့ရော ဘာအရည်အချင်း ရှိသွားလို့လဲ” ရှန်ယို့ယောင်က ခေါင်းခါလျက် ပြောလိုက်သည်။

"တုဇယ်ချန်း ပြန်ထူထောင်လာနိုင်ပြီ ဆိုတာ သိလိုက်ရတော့မှ သူက ပိုပြီး တောက်ပလာလို့ စိတ်မထိန်းနိုင်ဖြစ်ပြီး အခုမှ သတ္တိတွေ ရှိလာတာပါလို့တော့ မပြောနဲ့နော်”

ချူကျဲ နင်သွားတော့သည်။

"ဒါကြောင့် အမှန်တရားကို ရှင့်စိတ်ထဲမှာ ရှင် အသိဆုံးပါ” ရှန်ယို့ယောင်က ဆက်ပြောလိုက်သည်။

"ရှင်သာ သူ ဒုက္ခရောက်နေတဲ့ အချိန်မှာ လာပြီး ဒီစကားတွေကို ပြောခဲ့မယ် ဆိုရင်တော့ ကျွန်မ ရှင့်ကို လေးစားမိမှာပါ။ ဒါပေမဲ့ အခုတော့..."

"ရှင့်ရဲ့ လေးစားမှုကို ကျွန်မ မလိုပါဘူး" ချူကျဲက ဒေါသတကြီးဖြင့် သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။

မှန်သည်။ သူမ သိသည်။ သူမသည် တုဇယ်ချန်းကို ချစ်သော်လည်း သူ၏ တောက်ပမှုကိုသာ ပိုမို ချစ်မြတ်နိုးခဲ့ခြင်း ဖြစ်သည်။ သူမသည် သာမန် ချမ်းသာသော မိသားစုမှ ဖြစ်သဖြင့် အိမ်ထောင်ရေး ကိစ္စများတွင် များစွာ ထည့်တွက်ရသည်။ ထန်မိသားစုနှင့် တုမိသားစုကဲ့သို့သော လုပ်ငန်းစုကြီးများ၏ သခင်လေးဖြစ်သူသည် သေချာပေါက် သခင်မလေး တစ်ဦးနှင့်သာ လက်ထပ်လိမ့်မည်ဟု သူမ ထင်မှတ်ခဲ့သဖြင့် သူငယ်ချင်းဆက်ဆံရေး ပျက်စီးသွားမှာ စိုး၍ ဖွင့်မပြောခဲ့ခြင်း ဖြစ်သည်။

သို့သော် သူသည် သူမထက် နိမ့်ပါးသော အဆင့် ၁၈ မင်းသမီး တစ်ဦးနှင့် လက်ထပ်လိုက်သည်ဟု ကြားလိုက်ရချိန်တွင် သူမ များစွာ ဒေါသထွက်ခဲ့သည်။ ထိုကဲ့သို့သော သူနှင့် လက်ထပ်နိုင်လျှင် သူမကော ဘာလို့ မရနိုင်ရမှာလဲ။

သူ့ထံသို့ သွားရန် ပြင်လိုက်ချိန်တွင် သတင်းဆိုးများ ရောက်ရှိလာခဲ့သည်။ သူ ဒုက္ခိတ ဖြစ်သွားပြီဟု ကြားလိုက်ရချိန်တွင် သူမသည် နောက်ဆုတ်ခဲ့သည်။ အမွေဆက်ခံခွင့် ဆုံးရှုံးသွားပြီး တစ်သက်လုံး ဒုက္ခိတအဖြစ် နေထိုင်သွားရမည့် တုဇယ်ချန်း၏ ဘဝကို သူမ မမြင်ရဲခဲ့ပေ။ ထိုကဲ့သို့သော ဘဝကို ရင်ဆိုင်ရန် သူမတွင် သတ္တိ မရှိခဲ့ပေ။

သို့သော်...

"ရှင်က ကျွန်မထက် ပိုပြီး မြင့်မြတ်တယ်လို့ မထင်နဲ့" ချူကျဲသည် မိမိ၏ အားနည်းချက်နှင့် ယုတ်မာမှုကို ဝန်မခံချင်သဖြင့် ရှန်ယို့ယောင်အား ပိုမို ယုတ်မာသူအဖြစ် စွပ်စွဲကာ မိမိကိုယ်မိမိ ဖြေသိမ့်ရန် ကြိုးစားနေတော့သည်။

"ရှင်က ဆုံးရှုံးစရာ ဘာမှ မရှိလို့ အခွင့်ကောင်းယူပြီးတော့ သူ့ကို ရယူလိုက်တာပဲ။ တကယ်လို့ ရှင်သာ နာမည်ကျော်မင်းသမီး ဖြစ်နေရင်၊ ဒါမှမဟုတ် လူကုံထံ သမီး တစ်ယောက် ဖြစ်နေရင်၊ အရာရာကို စွန့်လွှတ်ပြီး သူ့ဘေးမှာ နေရဲပါ့မလား”

"အဲဒီလို အဓိပ္ပာယ်မရှိတဲ့ ဥပမာတွေကို မပေးပါနဲ့။ ရှင်က ကျွန်မကို အပြစ်တင်ချင်နေတာပဲလေ။ ကျွန်မက လုပ်ရဲပါတယ်လို့ ပြောရင်ကော ရှင် ယုံမှာလား” ရှန်ယို့ယောင်သည်လည်း အနည်းငယ် ဒေါသထွက်လာခဲ့သည်။

"အနည်းဆုံးတော့ ကျွန်မက ရှင့်လိုမျိုး ဖွင့်ပြောဖို့ သတ္တိမရှိတဲ့ လူကြောက်တစ်ယောက် မဟုတ်ဘူး။ အခုမှ လာပြီး ကိုယ့်အနေအထားကို သိလို့ပါလို့ ဆင်ခြေပေးမနေပါနဲ့”

"ဖွင့်ပြောဖို့ သတ္တိ" ချူကျဲက အရက်ရှိန်ဖြင့် မိမိ ကြားချင်သော စကားကိုသာ ရွေးပြောလိုက်သည်။

"ရှင်က အရင် ဖွင့်ပြောခဲ့တာပေါ့လေ၊ အရှက်မရှိဘဲနဲ့ သူ့နောက်ကို လိုက်ပြီးတော့..."

"ငါက အရင် ဖွင့်ပြောခဲ့တာပါ” တုဇယ်ချန်း၏ အသံသည် တံခါးဝတွင် ရုတ်တရက် ထွက်ပေါ်လာသဖြင့် နှစ်ဦးလုံး လန့်သွားကြတော့သည်။

…

All Chapters