အခန်း ၅၄
Vol. 4 Ch. 54
အခန်း (၅၄)
"သူ အတိအကျ ဘာလုပ်ချင်နေတာလဲ” တုဇယ်ချန်း တစ်ယောက် ခေတ္တမျှ တွေးမရ ဖြစ်နေသည်။
"သူ့ရဲ့ ပန်းတိုင်က အစကတည်းက တုမိသားစုနဲ့ ထန်မိသားစုရဲ့ လုပ်ငန်းတွေပဲလေ” ထန်ရွှမ်က ရှင်းပြသည်။
"အရင်တုန်းက တုနျန်ယန်ကို ရွေးခဲ့တာကလည်း ဒီအတွက်ကြောင့်ပဲ။ အခုတော့ တုနျန်ယန်က အခြေအနေ မကောင်းတော့ဘူးဆိုတာ သိသွားတော့ လမ်းခွဲလိုက်ပြီး တခြားနည်းလမ်း ရှာတော့တာပေါ့”
"ဒါကြောင့် ကျွန်တော့်ကို လာရွေးတာပေါ့လေ" တုဇယ်ချန်းက နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။
"သူက သူ့ကိုယ်သူ နတ်သမီးလေးလို့ ထင်နေတာလား၊ ကြိုက်တဲ့သူကို လက်ညှိုးထိုး ရွေးလို့ရမယ်များ မှတ်နေလား မသိဘူး”
ရှန်ယို့ယောင်သည်လည်း နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါဆို သူက အမေ့ဆီကနေ အရင် စပြီး လူကြီးတွေနဲ့ ရင်းနှီးအောင် အကွက်ချနေတာပေါ့ ဟုတ်လား” တုဇယ်ချန်းက မေးလိုက်သည်။
"ဒါတင် မကသေးဘူး” ထန်ရွှမ်က ခုတင်ဘေးကို ပုတ်ပြကာ ရှန်ယို့ယောင်အား ထိုင်ခိုင်းလိုက်ပြီး ဆက်ပြောသည်။
"ဒီကိစ္စကို အမေ သေချာ ရှင်းပြမယ်။ မင်းတို့တွေကို ဒီလို မရိုးသားတဲ့ နည်းလမ်းတွေ သုံးဖို့ အမေ အားမပေးပေမဲ့ သူတစ်ပါးက ကိုယ့်ကို တိုက်ခိုက်လာတဲ့ အခါကျရင်တော့ ရန်သူရဲ့ အကြံအစည်ကို ရှင်းရှင်းလင်လင် မြင်နေဖို့ လိုတယ်လေ”
ရှန်ယို့ယောင်သည် အလေးအနက်ထား၍ နားထောင်နေတော့သည်။ အရင်ကဆိုလျှင် သူမသည် ဤကဲ့သို့သော အရှုပ်အထွေးများကို စိတ်မဝင်စားဘဲ အေးအေးဆေးဆေးသာ နေလိုခဲ့သည်။ သို့သော် ယခုအခါတွင်မူ မိမိဘက်မှ စတင်၍ ချစ်ရေးဆိုရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ သူ၏ ဘဝထဲသို့ ပေါင်းစည်းနိုင်ရန် ကြိုးစားရပေလိမ့်မည်။
"သူ့ရဲ့ ပထမဆုံး ရည်ရွယ်ချက်က... သေတမ်းစာ မထုတ်ပြန်ခင်မှာ ငါနဲ့ တုဟုန်ရိကို ကွာရှင်းပေးဖို့ပဲ”
ထန်ရွှမ်က တုဇယ်ချန်းကို မေးလိုက်သည်။
"ဒီလို ဖြစ်သွားရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ မင်း စဉ်းစားကြည့်စမ်း”
"အမေနဲ့ တုဟုန်ရိ ကွာရှင်းလိုက်မယ်ဆိုရင် နောက်တစ်လမှာ ထွက်လာမဲ့ အဘိုးရဲ့ သေတမ်းစာက ပြဿနာ တက်လာမှာပေါ့” တုဇယ်ချန်းက သုံးသပ်ပြလိုက်သည်။
"အစတုန်းက တုမိသားစု လုပ်ငန်းထဲမှာလည်း ထန်မိသားစုရဲ့ ရှယ်ယာတွေ ပါနေတာဆိုတော့ အမေက တုမိသားစု လုပ်ငန်းရဲ့ တစ်ဝက်နဲ့ ထန်မိသားစု လုပ်ငန်း အားလုံးကို ရသင့်တာပေါ့။ ဒါပေမဲ့ တုဟုန်ရိက နှစ်ပေါင်းများစွာ စီမံလာခဲ့တာလေ၊ ကျွန်တော်တို့ သားအမိကတော့ အလုပ်အကြောင်း ဘာမှမသိဘဲ အလိုလိုက်ခံလာရတာ နှစ် ၂၀ ကျော်နေပြီဆိုတော့ သူ့ကို ယှဉ်နိုင်ဖို့ မလွယ်ဘူး။ ပြီးတော့ သေတမ်းစာ ထွက်ဖို့က တစ်လပဲ လိုတော့တာ။ တုဟုန်ရိက အချိန်ဆွဲထားလိုက်ရုံနဲ့တင် ထန်မိသားစု လုပ်ငန်းတွေကို ရသွားနိုင်တဲ့ အခွင့်အရေး အများကြီး ရှိနေတုန်းပဲ”
"အဲဒီမှာ အခက်အခဲတွေ အများကြီး ရှိလာနိုင်ပေမဲ့ ချန်ရွေ့က ချန်မိသားစုကို သုံးပြီး ငါတို့ကို ကူညီခိုင်းလိမ့်မယ်” ထန်ရွှမ်က ပြောလိုက်သည်။
"ချန်မိသားစုက ဝင်ပါလာရင်တောင် တုဟုန်ရိကို ယှဉ်ဖို့ဆိုတာ တော်တော်လေး အားစိုက်ရမှာ”
"ဒါဆိုရင် ကျွန်တော်တို့က သူ့အပေါ်မှာ ကျေးဇူးကြွေး အကြီးကြီး တင်သွားမှာပေါ့” တုဇယ်ချန်း၏ အတွေးများ ကြည်လင်လာပြီး ရင်ထဲတွင် အေးစက်သွားတော့သည်။
"ထန်မိသားစု လုပ်ငန်း တစ်ခုလုံးကို ကာကွယ်ပေးလိုက်တယ်ဆိုတဲ့ ကျေးဇူးက... အသက်သခင် ကျေးဇူးရှင်လို့တောင် ခေါ်လို့ ရနေပြီလေ”
ထိုအချိန်ကျလျှင် တစ်ဖက်လူအတွက် အခွင့်အရေးများစွာ ရှိလာတော့မည် မဟုတ်ပါလား။
"ကြီးမားလှတဲ့ ထန်မိသားစု လုပ်ငန်းကြီးက ငါတို့လို အသုံးမကျတဲ့သူတွေလက်ထဲ ရောက်နေတာက သုံးနှစ်သားလေး ရွှေတုံး ပိုက်ထားသလိုပဲ ဖြစ်နေမှာ။ ချန်မိသားစုကတော့ ကယ်တင်ရှင်ကြီးပေါ့”
ထန်ရွှမ်က ဆက်ပြောလေသည်။
"ထန်မိသားစုကို ဝါးမျိုဖို့ ပထမအဆင့် အောင်မြင်သွားပြီဆိုရင် ဒုတိယအဆင့်ကတော့ ချန်ရွေ့က မင်းနဲ့ လက်ထပ်ပြီး တရားဝင် အမွေဆက်ခံသူ ဖြစ်လာဖို့ပဲ။ သူက ပါးနပ်တဲ့သူဆိုတော့ အတင်းအကျပ်တော့ လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခြေအနေတွေက ဖန်တီးပြီးသား ဖြစ်နေတော့၊ မင်းနဲ့ အချိန်အတော်ကြာ ရင်းနှီးအောင် နေရင်းနဲ့ မင်းရဲ့ နှလုံးသားကိုပါ သိမ်းပိုက်သွားဖို့ ကြံစည်မှာပေါ့”
ရှန်ယို့ယောင်သည် ထိုစကားကို ကြားရချိန်တွင် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်မိသည်။
တုဇယ်ချန်းသည်လည်း သူမကဲ့သို့ပင် မျက်နှာပျက်သွားသော်လည်း သူက အခြားသော အချက်ကို တွေးမိလိုက်သည်။
"ဒါက ချန်ရွေ့ တစ်ယောက်တည်းရဲ့ အကြံအစည်တော့ မဟုတ်နိုင်ဘူး”
"အစပိုင်းမှာတော့ သူ ဒီလောက်အထိ နက်နက်နဲနဲ တွေးမိမှာ မဟုတ်ဘူး” ထန်ရွှမ်က ဆိုသည်။
"အမေ ထင်တာတော့... သူက အစက တုနျန်ယန်တို့ သားအမိ အာဏာရသွားမှာကိုပဲ ကြောက်နေတာ ဖြစ်မယ်။ ချန်မိသားစုထဲမှာလည်း အာဏာလုပွဲတွေက ပြင်းထန်တယ်လေ။ ချန်ရွေ့က အကွက်မှားပြီး တုနျန်ယန်ကို ရွေးမိသွားတာက သူ့အတွက် အမှားကြီး တစ်ခုပဲ။ တကယ်လို့ ထန်မိသားစု လုပ်ငန်းက တုဟုန်ရိ လက်ထဲ ရောက်သွားရင် အတွင်းရေးမှူးယန်ရဲ့ အစွမ်းနဲ့ တုနျန်ယန်က ပြန်ပြီး နေရာရလာမှာ သေချာတယ်။ အဲဒီအချိန်ကျရင် သူတို့ကို နှိမ်ထားခဲ့တဲ့ ချန်ရွေ့အတွက်တော့ အဆိုးဆုံး အခြေအနေပဲပေါ့”
"ဒါကြောင့် သူက အဲဒီ ဖြစ်နိုင်ခြေကို အမြစ်ပြတ် ဖယ်ရှားချင်နေတာ” တုဇယ်ချန်းက ပြောလိုက်သည်။
"အရင်တုန်းက တုနျန်ယန်က ကျွန်တော့်ကို ဒုက္ခပေးနေတာ သိရက်နဲ့ မသိချင်ယောင် ဆောင်ခဲ့သလိုမျိုးပေါ့”
မှန်ပါသည်။ တုဇယ်ချန်းသည် သူမ ပြောခဲ့သော နောက်မှ သိရပါတယ်ဟူသော စကားကို လုံးဝ မယုံကြည်ပေ။
သူမနှင့် များစွာ မရင်းနှီးသော်လည်း သူမသည် ထက်မြက်ပြီး ရည်မှန်းချက် ကြီးသူမှန်း သူ သိသည်။ ရည်မှန်းချက် ကြီးသူတိုင်းသည် အခြေအနေကို ထိန်းချုပ်လိုစိတ် ရှိကြသည်။ တုနျန်ယန်နှင့် တွဲနေစဉ်မှာပင် သူမကသာ ဦးဆောင်နေခဲ့ခြင်း ဖြစ်သည်။
တုနျန်ယန်၊ ဝေယင်းကျွင်းနှင့် နျဲ့ချီကျဲတို့ ပူးပေါင်းပြီး မိမိအား ဒုက္ခပေးမည့် အရေးကို သူမ မသိဘဲ မနေလောက်ပေ။
သူမ ကိုယ်တိုင်လည်း နျဲ့ချီကျဲနှင့် ပူးပေါင်းကာ လောင်ဟွေ့ ကုမ္ပဏီကို လုယူရန် ကြံစည်ခဲ့ဖူးသည် မဟုတ်ပါလား။ မိမိ မသိဟု သူမ ထင်နေသော်လည်း တကယ်တမ်းတွင် ရှောင်းမင်ကျန့် ကူညီဖြေရှင်းပေးခဲ့သော ပြဿနာများ နောက်ကွယ်တွင် နျဲ့ချီကျဲနှင့် ချန်မိသားစု၏ အရိပ်အယောင်များ ပါဝင်နေခဲ့သည်။
ရှန်ယို့ယောင်သည် ထိုစကားများကို နားထောင်ရင်း မသိလိုက်ဘဲ တစ်ကိုယ်လုံး တုန်ရီသွားမိသည်။ ဒါသည် သူမ ပထမဆုံးအကြိမ် ကြုံတွေ့ရသော ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်း၏ အာဏာလုပွဲပင် ဖြစ်သည်။
သာမန်လူများကြားတွင် ရန်ဖြစ်လျှင် လက်ပါရုံ၊ ဆေးရုံရောက်ရုံသာ ရှိသော်လည်း ယခုကဲ့သို့ ဂုဏ်သိက္ခာ၊ အသက်ဘေးနှင့် ဘဝတစ်ခုလုံးကို ကစားစရာသဖွယ် အသုံးချနေကြခြင်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
သို့သော် သူမအား အံ့အားသင့်စေဆုံးသူမှာ ထန်ရွှမ်ပင် ဖြစ်သည်။
အပြင်လူများ အမြင်တွင် နုနယ်ပြီး အကာအကွယ်မဲ့သူဟု ထင်ရသော ဤအမျိုးသမီးသည် ရန်သူ၏ လုပ်ရပ်တစ်ခုတည်းမှတစ်ဆင့် တစ်ဖက်လူ၏ အစီအစဉ် တစ်ခုလုံးကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်သည်မှာ အံ့ဩစရာပင်။
တုဇယ်ချန်းသည်လည်း ထိုအတိုင်းပင် တွေးမိလိုက်သည်။ ချန်မိသားစု၏ ယုတ်မာသော အကြံအစည်များကို အသာထားလိုက်နိုင်ပြီး မိခင်ဖြစ်သူ၏ ထက်မြက်မှုကိုမူ သူ အလွန်ပင် အားကျမိသည်။ ပြောလိုက်သည်။ "အမေက တကယ့်ကို တော်တာပဲ”
ထန်ရွှမ်သည် ဂုဏ်ယူသလို ရှိသော်လည်း ဝမ်းနည်းဟန်ဖြင့် ဆိုသည်။ "ဘယ်လောက်ပဲ တော်တော်... အခုမှ သိတာကတော့ နောက်ကျနေပါပြီ။ ဒါတွေ အားလုံးက မင်းအဘိုး ငါ့ကို အမြဲ သင်ပေးခဲ့တာတွေပေါ့။ နှမြောစရာကောင်းတာက အရင်တုန်းက ငါက အချစ်နဲ့ မိသားစုထဲမှာပဲ နစ်မွန်းနေခဲ့ပြီး မင်းအဘိုး ရှိနေတာကို အားကိုးပြီး ဘာကိုမှ မကြောက်ဘဲ နေခဲ့မိတာလေ..."
သူမသည် ငယ်စဉ်ကတည်းက ကျန်းမာရေး မကောင်းသဖြင့် အဘိုးထန်၏ အလိုလိုက်ခြင်းကို ခံခဲ့ရသည်။ သူမသည် ရည်မှန်းချက် ကြီးသူ မဟုတ်ဘဲ ဖခင်၏ အကာအကွယ်အောက်တွင်သာ ပျော်ရွှင်စွာ နေထိုင်ခဲ့သူ ဖြစ်သည်။
ဖခင် ဆုံးပါးသွားမှသာ မိမိ၏ ကလေးကိုပင် မကာကွယ်နိုင်လောက်အောင် အားနည်းနေကြောင်း သူမ သိလိုက်ရခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ ထန်ရွှမ်သည် အေးအေးဆေးဆေး နေတတ်သော်လည်း ဉာဏ်မနည်းပေ။ အဘိုးထန်၏ ဘေးတွင် နေထိုင်ရင်း စီးပွားရေး လောက၏ အလှည့်အပြောင်းများကို မြင်တွေ့ခဲ့ဖူးသဖြင့် ရန်သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သိမြင်နိုင်ခြင်း ဖြစ်သည်။
"မေမေ” တုဇယ်ချန်းသည် ထန်ရွှမ်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ အဘိုး ဆုံးပါးသွားပြီးနောက် လျင်မြန်စွာ ရင့်ကျက်လာသူမှာ မိမိ တစ်ယောက်တည်း မဟုတ်ကြောင်း သူ သိလိုက်ရပြီဖြစ်သည်။
ထန်ရွှမ်က ပြုံးလျက် စကားကို ဆက်လိုက်သည်။
"မင်းအဘိုး အမြဲ ပြောလေ့ရှိတာက... လွတ်လွတ်လပ်လပ် ရှင်သန်ချင်ရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်တဲ့။ ဒီနေရာမှာ ရပ်တည်တယ် ဆိုတာကလည်း ရိုးသားဖြောင့်မတ်စွာနဲ့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရပ်တည်ရမှာကို ပြောတာ။ အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးဖို့ မဟုတ်ဘူး... နားလည်လား”
တုဇယ်ချန်းက ပြန်ပြောလိုက်သည်။
"နားလည်တာပေါ့ အမေ။ ကိုယ့်ဘာသာ ကြိုးစားပြီး ရလာတဲ့အရာ မဟုတ်ရင် အချိန်မရွေး ပြိုလဲသွားနိုင်တဲ့ လေထဲက တိုက်အိမ်လိုပါပဲ”
"ဒါတင် မကသေးဘူး၊ လောဘနဲ့ ငွေကြေးနောက် လိုက်နေတဲ့သူက အဖိုးတန်တဲ့ အရာတွေ အများကြီး ဆုံးရှုံးရလိမ့်မယ်” ထန်ရွှမ်က ဆိုသည်။
"တုဟုန်ရိကို ကြည့်လေ၊ သူ့ဘဝရဲ့ အဖိုးတန်ဆုံး နှစ် ၂၀ ကို ထိတ်လန့်တုန်လှုပ်ရင်း ဟန်ဆောင်မှုတွေနဲ့ပဲ ကုန်ဆုံးစေခဲ့ရတာ။ သူ ရှုံးနိမ့်သွားရင် ဘာဖြစ်မလဲ ဆိုတာ ထားလိုက်ဦး၊ အောင်မြင်သွားရင်တောင် ဘာထူးမှာလဲ။ အတွင်းရေးမှူးယန်ကလည်း နှစ် ၂၀ ကျော် သည်းခံလာခဲ့တာလေ၊ အာဏာရလာပြီ ဆိုရင်တော့ သူ့ရဲ့ အိုဇာတာကလည်း အေးချမ်းမှာ မဟုတ်ပါဘူး”
တုဟုန်ရိ အကြောင်း ပြောလိုက်ချိန်တွင် တုဇယ်ချန်းက မေးလိုက်သည်။
"အမေ... ချန်ရွေ့ကို လိုက်လျောပေးလိုက်တာက ဘာလုပ်ချင်လို့လဲဟင်”
တုဟုန်ရိကို ကြောက်စရာ မလိုသလို ချန်မိသားစုတွင်လည်း အခွင့်အရေး မရှိတော့ရာ ဤသို့ ပြုမူနေရန် မလိုဟု သူ ယူဆမိသည်။
"သူတို့က ဒီလို စိတ်ကူးမျိုး ရှိနေမှတော့..." ထန်ရွှမ်သည် သူမ၏ နုနယ်သော ခန္ဓာကိုယ်ကို ခုတင်ပေါ်သို့ မှီချလိုက်သည်။ ကြည့်ရသည်မှာ အားနည်းသော်လည်း မှေးစပ်ထားသော မျက်ဝန်းထဲတွင်မူ အန္တရာယ်ရှိသော အရိပ်အယောင်များ ပေါ်ပေါက်နေသည်။ ပြောလိုက်သည်။
"ငါတို့က ငြင်းလိုက်ရင်တောင် သူတို့က တခြားနည်းလမ်းတွေ ရှာဦးမှာပဲ။ အဲဒီတော့ သူတို့ အလိုအတိုင်းပဲ လိုက်လျောပေးလိုက်ပြီး ငါတို့ကတော့ တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်ပုတ်တာကို ထိုင်ကြည့်ကြတာပေါ့”
အကယ်၍ သူမသည် ရိုးရိုးရှင်းရှင်းသာ လက်စားချေလိုပါက တုဟုန်ရိကို ကွာရှင်းလိုက်ရုံနှင့် လုံလောက်သည်။ သို့သော် အတွင်းရေးမှူးယန်က မိမိ၏ သားအပေါ် လုပ်ခဲ့သမျှနှင့် တုဟုန်ရိ၏ လျစ်လျူရှုမှုများကို သူမ ခွင့်မလွှတ်နိုင်ပေ။
သူတို့ကို မူလ ဘဝဟောင်းသို့ ပြန်ပို့ရုံသာမက မျှော်လင့်ချက် ကင်းမဲ့ခြင်း၏ အရသာကိုပါ မြည်းစမ်းစေချင်နေခြင်း ဖြစ်သည်။
တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့သည် ထန်ရွှမ်ကို ကြည့်ကာ တစ်ဦးကိုတစ်ဦး လေးစားကြောက်ရွံ့သော အကြည့်ဖြင့် ကြည့်လိုက်မိကြတော့သည်။
နှစ်ဦးသား အိမ်သို့ ပြန်ရောက်ချိန်တွင် သန်းခေါင်ယံ ရှိနေပြီ ဖြစ်သည်။
လမ်းတစ်လျှောက်လုံး တုဇယ်ချန်းသည် ဆေးရုံသို့ မသွားမီ ရှန်ယို့ယောင် ပြောခဲ့သော စကားကိုသာ တွေးနေမိသည်။ "မင်း ချစ်နေတဲ့သူက ဘယ်သူလဲ" ဟု သူ ဆက်၍ မေးချင်နေသော်လည်း ထိုကဲ့သို့သော ကိစ္စမျိုးမှာ အချိန်အခါနှင့် ပတ်ဝန်းကျင် အခြေအနေက အရေးကြီးလှသဖြင့် မမေးဖြစ်ခဲ့ပေ။ ထို့ပြင် မိမိတို့ သားအမိကို ရန်သူများက ဝိုင်းဝန်း ကြံစည်နေချိန်တွင် ဤမေးခွန်းကို မေးရန်မှာ အချိန်မတော်ဟု သူ ယူဆမိသည်။
တုဇယ်ချန်းသည် ခုတင်ပေါ်တွင် လူးလှိမ့်ရင်း စဉ်းစားနေမိသည်။ ရှန်ယို့ယောင် ချစ်နေတဲ့သူက မိမိများ ဖြစ်နေမလား။ သို့မဟုတ် အခြား တစ်ယောက်ယောက်များလား။
သူမနှင့် ပတ်သက်ဖူးသော အမျိုးသားများကို သူ၏ ဦးနှောက်ထဲတွင် လိုက်လံ ရှာဖွေနေမိသည်။ အရင်က မင်းသားကြီးကျိက သူမကို တော်တော် သဘောကျခဲ့ဖူးပြီး ကောလာဟလတွေတောင် ထွက်ခဲ့ဖူးသည်။
ပြီးတော့ အခု ရိုက်ကွင်းက ဇာတ်လိုက်မင်းသားကလည်း ပြီးခဲ့တဲ့ရက်က သူမကို ကြည့်ပြီး လေချွန်ခဲ့သေးတယ်။ သူမရဲ့ ထက်မြက်တဲ့ ပုံစံကို မြင်ရင် ဘယ်ယောကျ်ားကမှ စိတ်မလှုပ်ရှားဘဲ မနေနိုင်ဘူးလေ။ ပြီးတော့ သူတို့က နေ့တိုင်း အတူတူ ရှိနေကြတာ။
အစ်ကိုကျူးလည်း ရှိသေးတယ်၊ သူက မန်နေဂျာဆိုတော့ သူမနဲ့ အမြဲ ရှိနေတာလေ။ သူကလည်း ရှန်ယို့ယောင်ကို ခဏခဏ ချီးကျူးတတ်သေးတယ်။
ရှောင်းမင်ကျန့်ကလည်း သူမကို တော်တော် သဘောကျတာပဲ။
တုဇယ်ချန်းသည် မိမိဘေးနားရှိ အမျိုးသား မှန်သမျှကို ပြိုင်ဘက်များအဖြစ် သတ်မှတ်ကာ ဒေါသထွက်နေမိသည်။ တစ်ဖန် ပြန်စဉ်းစားကြည့်ပြန်တော့လည်း ရှန်ယို့ယောင်သည် မိမိနှင့်သာ အရင်းနှီးဆုံး ဖြစ်ပြီး အခြားသူများထက် မိမိအပေါ် ပို၍ နွေးထွေးသည်ဟု တွေးကာ ခေါင်းအုံးကို ဖက်၍ ပျော်ရွှင်နေပြန်သည်။ ကြားထဲတွင် ချန်ရွေ့ကအလကားနေရင်း ပြဿနာရှာသဖြင့် မိမိ၏ အခွင့်အရေးကို ဖျက်ဆီးခဲ့သည်ဟု တွေးမိပြီး သူမကို ကျိန်ဆဲနေမိသေးသည်။
သူသည် ကိုယ့်အတွေးနှင့်ကိုယ် ရူးမတတ် ဖြစ်နေတော့သည်။
မိုးလင်းခါနီးမှသာ သူ အနည်းငယ် အိပ်ပျော်သွားသော်လည်း ဘေးခန်းမှ တံခါးဖွင့်သံကြောင့် ပြန်နိုးလာသည်။
နာရီကို ကြည့်လိုက်ရာ နံနက် ၅ နာရီ ရှိပြီ ဖြစ်သဖြင့် ရှန်ယို့ယောင် ရိုက်ကွင်းသို့ ပြန်ရတော့မည်ကို သူ သိလိုက်သည်။
တုဇယ်ချန်းသည် မသန်စွမ်းသေးသော ခြေထောက်များကို အားပြုလျက် ဆယ်မိနစ်အတွင်း အဝတ်အစား လဲလှယ် ပြင်ဆင်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ ရှန်ယို့ယောင်သည် အသံမထွက်အောင် သတိထား၍ ပစ္စည်းများ သိမ်းဆည်းနေသည်ကို တွေ့လိုက်ရသည်။
သူ့ကို မြင်လိုက်ရချိန်တွင် ရှန်ယို့ယောင်၏ မျက်ဝန်းများမှာ အနည်းငယ် ပျာယာခတ်သွားပြီး ပြောလိုက်သည်။ "ရှင်... ရှင် ဘာလို့ ဒီလောက် အစောကြီး ထလာတာလဲ”
"မင်းကို လိုက်ပို့ပေးမလို့ပေါ့” တုဇယ်ချန်းသည် သူမ၏ မျက်ကွင်းညိုနေသည်ကို ကြည့်ကာ မေးလိုက်သည်။ "မနေ့ညက အိပ်မပျော်ဘူးလား”
ရှန်ယို့ယောင်က ခေါင်းညိတ်ပြလိုက်သည်။ တကယ်ပင် အိပ်မပျော်ခဲ့ပေ။ ကားပေါ်က စကားဝိုင်းကြောင့်လား မသိ၊ သူမ ခေတ္တမျှ မှေးခနဲ ဖြစ်သွားချိန်တွင် တုဇယ်ချန်းနှင့် ချန်ရွေ့တို့ မင်္ဂလာဆောင်နေသည်ကို အိပ်မက်မက်ခဲ့ခြင်း ဖြစ်သည်။ အိပ်မက်ထဲတွင် တုဇယ်ချန်းက သူမကို ကြည့်ပြီး "ကိုယ်တို့ မကွာရှင်းရသေးပေမဲ့ ကိုယ် ချစ်တဲ့သူက ချန်ရွေ့ပါ" ဟု ပြောနေခဲ့သည်။
ထိုအိပ်မက်ကြောင့် လန့်နိုးလာပြီးကတည်းက ထပ် အိပ်၍ မရတော့ပေ။
အကယ်၍သာ ဦးလေးပိုင် ဖုန်းမဆက်ခဲ့ပါက သူမသည် သူ့ကို ချစ်ကြောင်း ဖွင့်ပြောမိသွားပေလိမ့်မည်။ တကယ်လို့ သူက ငြင်းလိုက်ရင်ကော။
ရှန်ယို့ယောင်သည် ရုတ်တရက် စိုးရိမ်စိတ်များ ဝင်လာသည်။ ငါကပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမိတာလား။ သူ ငါ့အပေါ် ဂရုစိုက်သလို တခြား မိန်းကလေးတွေအပေါ်မှာလည်း အဲဒီလိုပဲ ဖြစ်နေမလား။ သူ အခြား အမျိုးသမီးတွေနဲ့ ဆက်ဆံတာကိုမှ ငါ မမြင်ဖူးတာ။ ငါနဲ့ မရင်းနှီးခင်တုန်းကလည်း သူ့ရဲ့ အမူအရာက အခုလိုပဲ မဟုတ်လား။
တကယ်လို့... သူ ငါ့ကို မချစ်ရင် ဘယ်လိုလုပ်မလဲ။
ဤမေးခွန်းမှာ ရှန်ယို့ယောင်အား အကြာကြီး ဒုက္ခမပေးနိုင်ခဲ့ပေ။ အရေးကြီးသော ကိစ္စများတွင် သူမသည် တွေဝေတတ်သူ မဟုတ်ပေ။ ချူကျဲ၏ သင်ခန်းစာလည်း ရှိနေသဖြင့် သူမသည် နောင်တ မရချင်ပေ။ ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် သူမ ကြိုးစားကြည့်ရပေလိမ့်မည်။
သူမအား ဒုက္ခပေးနေသည့် အချက်မှာ "ဘယ်လို စတင်ပြီး ချစ်ရေးဆိုရမလဲ" ဆိုသည့် အချက်ပင်။ တုဇယ်ချန်းက သူမကို ချစ်သည် မချစ်သည်မှာ သူ၏ ကိစ္စဖြစ်သော်လည်း မိမိ၏ သဘောထားကို ဖော်ပြရန်မှာ မိမိ၏ တာဝန် ဖြစ်သည်။ မနေ့ညက "ချစ်ရသူရှိရင် ကိုယ်တိုင် ဖွင့်ပြောမယ်" ဟု အခိုင်အမာ ပြောခဲ့ပြီးဖြစ်ရာ ကတိအတိုင်း လုပ်ဆောင်ရပေမည်။
သို့သော် သူမ၏ အတွေ့အကြုံနည်းပါးလှသော ဘဝတွင် ဤကိစ္စမှာ အခက်ခဲဆုံးသော အရာ ဖြစ်နေသည်။
နောက်ဆုံးတွင် သူမသည် ဖုန်းထုတ်၍ အွန်လိုင်း၌ အမျိုးသမီးများ ယောကျ်ားလေးကို ဘယ်လို ချစ်ရေးဆိုရမလဲ ဟူသော အကြောင်းအရာများကို လိုက်လံ ရှာဖွေခဲ့သည်။ နေ့စဉ် နှုတ်ဆက်ရုံမှလွဲလျှင် မသိမသာ မြှူဆွယ်ခြင်း၊ ချစ်စဖွယ် အမူအရာများ ပြုလုပ်ခြင်း၊ စနောက်ခြင်း စသည်တို့ကို သူမ လုံးဝ မလုပ်တတ်ကြောင်း သိလိုက်ရသဖြင့် ပို၍ စိုးရိမ်လာရသည်။
တုဇယ်ချန်း ပေါ်လာချိန်တွင် သူမ၏ ခေါင်းထဲ၌ စောစောက ဖတ်ခဲ့သော စာသားတစ်ခုက ရုတ်တရက် ပေါ်လာသည်။ 【ယောကျ်ားလေးတွေရဲ့ ဟော်မုန်းဓာတ်က မနက်စောစောမှာ အမြင့်ဆုံးပဲ၊ မနိုးတနိုး အချိန်မှာ ဆာလောင်နေတဲ့ ကျားသစ်တစ်ကောင်လိုမျိုး အပေါ်ကနေ အုပ်မိုးလိုက်ရမယ်...】
ရှန်ယို့ယောင်သည် ထိုအပြုအမူကို မိမိကိုယ်တိုင် ပြုလုပ်နေသည်ဟု စိတ်ကူးယဉ်ကြည့်မိရာ ရိုးသားဖြောင့်မတ်သော ကျားသစ်မလေး တစ်ဦးအနေဖြင့် ရုတ်တရက် ရှက်သွေးဖြာသွားတော့သည်။
ထို့ကြောင့် သူမသည် သူ၏ မျက်နှာကို တည့်တည့် မကြည့်ရဲဘဲ အကြည့်များကို လွှဲထားလိုက်မိတော့သည်။
…