အခန်း ၅၅
Vol. 4 Ch. 55
အခန်း (၅၅)
ရှန်ယို့ယောင်သည် အထုပ်အပိုးများကို ပြင်ဆင်ပြီးနောက် အောက်ထပ်သို့ ဆင်းရန် ဟန်ပြင်လေသည်။ တုဇယ်ချန်းက အမြန်ပင် ရှေ့သို့ တိုးကာ ခရီးဆောင်အိတ်ကို ကူညီသယ်ယူပေးရင်း ညည်းတွားလိုက်သည်။
"ကိုယ် လိုက်ပို့ပေးမယ်။ ဒါပေမဲ့ ဒါက အရမ်း စောလွန်းသေးတယ် မဟုတ်လား”
ရှန်ယို့ယောင်က ပြန်ပြောလိုက်သည်။ "နောက်ကျသွားရင် ကိုးနာရီ ရိုက်ကူးရေးကို မမီဘဲ နေလိမ့်မယ်”
တုဇယ်ချန်းက ဆိုသည်။ "မင်းကလည်း အချိန်ကို အတိအကျ ကွက်တိ တွက်ထားတာပဲ” ထိုသို့ ပြောရင်း သူသည် ရုတ်တရက် အသိတစ်ခု ဝင်လာခဲ့သည်။
ရှန်ယို့ယောင်သည် ယခင်က ရိုက်ကွင်းတွင်သာ အမြဲတမ်း နေထိုင်တတ်သူ ဖြစ်သည်။ ပထမဆုံး ဇာတ်ကား ရိုက်ကူးစဉ်က သရုပ်ဆောင်ရန် အခန်း မရှိသည့် နှစ်ပတ်လုံးလုံး ရိုက်ကွင်းမှာပင် နေခဲ့ဖူးသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ နှစ်ရက်တာ အားလပ်ရက်လေးမှာပင် လမ်းခရီး ခြောက်နာရီ ခုနစ်နာရီလောက်ကို အပင်ပန်းခံကာ သူ့ကို လာကြည့်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် မနေ့ညက ကုမ္ပဏီ ကျွေးမွေးပွဲသာ မရှိလျှင်လည်း သူမသည် စောစော ပြန်သွားမည့် ပုံမျိုး မရှိပေ။
သူ ငါ့ကို ချစ်နေတာလား။
တုဇယ်ချန်း၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားပြီး တိုက်ရိုက်ပင် မေးမြန်းချင်စိတ် ပေါ်လာသည်။ သို့သော် စကားပြောရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် ဆန်လွန်းနေမည်ဟု သူ ခံစားလိုက်ရသည်။ အကယ်၍သာ အမှန်တကယ် ဖြစ်နေပါက မိန်းကလေးဘက်က အရင် ဖွင့်ပြောသလို ဖြစ်သွားတော့မည် မဟုတ်ပါလား။
မဖြစ်သေးပါဘူး၊ ဒါဆိုရင် သူမခမျာ နစ်နာရှာမှာပေါ့။ ငါကပဲ အရင် ဖွင့်ပြောသင့်တာ... ဒါပေမဲ့ ဘယ်လို စပြောရမလဲ။
တုဇယ်ချန်းသည် အောက်ထပ် ရောက်သည်အထိ မည်သို့ စကားစရမည်ကို တွေးမရ ဖြစ်နေတော့သည်။
လက်ထောက် ရှောင်မြောင်က အောက်သို့ ဆင်းလာပြီး ခရီးဆောင်အိတ်ကို ကူသယ်ပေးစဉ် သန်းဝေလျက် ပြောလိုက်သည်။ "မမယောင်... လာပြီလား”
မှိုင်းညို့နေသော ရာသီဥတု၊ ကားတစ်စီးနှင့် သန်းဝေနေသော လက်ထောက်တစ်ဦး... ဤအခြေအနေမှာ ချစ်ရေးဆိုရန်အတွက် လုံးဝ မသင့်တော်သည့်အပြင် ခမ်းနားမှုလည်း မရှိပေ။ ရှန်ယို့ယောင်၏ ကိစ္စများတွင် အမြဲတမ်း အကောင်းဆုံး ဖြစ်စေချင်သော တုဇယ်ချန်းသည် နောက်ဆုံးတွင် သူမ ထွက်ခွာသွားသည်ကိုသာ လွမ်းဆွတ်စွာ ငေးကြည့်နေရတော့သည်။
ရှောင်းမင်ကျန့်သည် အိမ်ထဲသို့ ဝင်လာချိန်တွင် တုဇယ်ချန်းတစ်ယောက် ဖုန်းကို ကိုင်ကာ ပြုံးစိစိ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အနားသို့ တိုးသွားကာ မေးလိုက်သည်။ "ဘာတွေ အဲဒီလောက်တောင် ပျော်နေတာလဲ”
တုဇယ်ချန်းမှာ လန့်သွားပြီး အလိုအလျောက်ပင် ဖုန်းကို ဝှက်လိုက်သည်။ ရှောင်းမင်ကျန့်က အနည်းငယ် အံ့ဩသွားမိသည်။ ဤကောင်က ဘာလို့ မကြွားရတာလဲ။ ခုနက သူ မြင်လိုက်ရတာ မှားမနေဘူးဆိုရင် ရှန်ယို့ယောင် ပို့လိုက်တဲ့ မက်ဆေ့ ဖြစ်ရမယ်။
ရှန်ယို့ယောင်က စတေကာတွေတောင် ပို့တတ်နေပြီလား။
ရှန်ယို့ယောင်သည် သာမန် လူငယ်များနှင့်မတူဘဲ တည်ငြိမ်လွန်းသူ ဖြစ်ရာ သူမသည် အသက် ၂၀ ကျော် မိန်းကလေး တစ်ဦးဖြစ်ကြောင်း သူတို့ ခဏခဏ မေ့နေတတ်ကြသည်။ သူမ၏ စာပို့ပုံမှာလည်း အလုပ်ကိစ္စ မရှိလျှင် စာမပို့တတ်ဘဲ ပို့လျှင်လည်း လိုရင်းကိုသာ တိုတိုရှင်းရှင်း ပြောတတ်သူ ဖြစ်သည်။
တုဇယ်ချန်းသည် စိတ်ထဲမှ ကြိတ်၍ ဂုဏ်ယူနေမိသည်။ ဒီနှစ်ရက်အတွင်း ရှန်ယို့ယောင်သည် မိမိထံသို့ နှုတ်ဆက်စာများ မကြာခဏ ပို့လာခဲ့သည်။ ရိုက်ကူးရေး နားချိန်တိုင်း သို့မဟုတ် အားလပ်ချိန်တိုင်းတွင် သူ၏ အခြေအနေကို လှမ်းမေးတတ်လာသည်။
အစပိုင်းတွင် 【ဘာလုပ်နေလဲ】 【ထမင်း မှန်မှန် စားရဲ့လား】 【အလုပ်ဆင်းပြီလား】 စသည့် ရိုးရှင်းသော နှုတ်ဆက်စကားများသာ ဖြစ်သော်လည်း ရှန်ယို့ယောင်ဆီမှ ချစ်စဖွယ် စတေကာလေးများ ရရှိလိုက်ချိန်တွင် တုဇယ်ချန်းသည် အသိတစ်ခု ဝင်လာခဲ့သည်။ ဒီမိန်းကလေးမှာ ငါ ပြောခဲ့သလိုမျိုး ငါ့ကို စတင်ပြီး ချစ်ရေးဆိုနေတာပဲ။
သူမသည် အားလပ်ချိန်တွင် မည်သို့ စာပို့ရမည်ကို အသည်းအသန် စဉ်းစားကာ အခြားသူများကို မေးမြန်းပြီးမှ ချစ်စဖွယ် စတေကာလေးများကို ရွေးချယ်ကာ ပို့နေမည့်ပုံကို စိတ်ကူးကြည့်ရင်း တုဇယ်ချန်းမှာ ကြည်နူးလွန်း၍ ရင်ခုန်နေရတော့သည်။
သူမ၏ ချစ်ရေးဆိုပုံမှာ သူမ၏ စရိုက်အတိုင်းပင် အနည်းငယ် အနေရခက်သော်လည်း တကယ့်ကို ချစ်စရာ ကောင်းလှသည်။ သူသည် ယခုချက်ချင်းပင် သူမရှိရာသို့ ပျံသန်းသွားပြီး သူမအား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ချင်တော့သည်။
တုဇယ်ချန်းသည် ရှောင်းမင်ကျန့်ကို ကြည့်ကာ မေးလိုက်သည်။ "ဘာကိစ္စ ရှိလို့လဲ”
ရှောင်းမင်ကျန့်သည် တုဇယ်ချန်း၏ ရုတ်တရက် တည်ငြိမ်သွားသော အမူအရာကြောင့် အံ့ဩသွားသော်လည်း များစွာ မတွေးမိပေ။ ပြောလိုက်သည်။ "ချန်ကျီ တိုက်ရိုက်ထုတ်လွှင့်မှု အဖွဲ့က တာဝန်ခံက ထပ်ရောက်လာပြန်ပြီ။ အခုတစ်ခါတော့ အခြေအနေတွေက တော်တော်လေး ကောင်းတယ်။ ရှယ်ယာရှင်အဖြစ်နဲ့ ပူးပေါင်းချင်တာတဲ့၊ ငါတို့ ပရောဂျက်ကို တော်တော် သဘောကျလို့ ရေရှည် လက်တွဲချင်တယ်လို့ ပြောနေတယ်”
တုဇယ်ချန်းက လှောင်ပြောင်လိုက်သည်။ "ပြင်ဆင်မှုတွေ စလုပ်နေပြီပေါ့လေ”
ရေရှည်လက်တွဲမည်ဆိုသည်မှာ ဟန်ပြသာ ဖြစ်ပြီး ငါတို့ကို ဝါးမျိုဖို့ လမ်းစရှာနေခြင်းသာ ဖြစ်သည်။ တုမိသားစုနှင့် ထန်မိသားစု လုပ်ငန်းများထဲတွင် လောင်ဟွေ့ ကုမ္ပဏီကသာ နည်းပညာပိုင်း ဖြစ်သဖြင့် ချန်မိသားစုအတွက် ချိတ်ဆက်ရန် အလွယ်ဆုံး ဖြစ်နေသည်လေ။
တုဇယ်ချန်းက ဆက်လက်ပြောဆိုသည်။
"မန်နေဂျာကျန့်ကိုပဲ သူတို့နဲ့ စကားပြောခိုင်းလိုက်။ ဘယ်လိုပဲဖြစ်ဖြစ် သဘောမတူရင် ပြီးတာပဲ။ တိုက်ရိုက်ထုတ်လွှင့်တဲ့ ပလက်ဖောင်းဆိုတာ သူတို့ တစ်ခုတည်း ရှိတာမှ မဟုတ်တာ၊ ငါက သူတို့နဲ့မှ ဖြစ်မယ်လို့များ ထင်နေကြလား”
ရှောင်းမင်ကျန့်က ဆိုသည်။ "ဒါပေမဲ့ သူတို့ရဲ့ ကမ်းလှမ်းချက်က အကောင်းဆုံးပဲလေ။ ချန်မိသားစုက အခုချိန်မှာ အင်အားအကြီးဆုံးထဲမှာ ပါတာဆိုတော့ တခြား ကုမ္ပဏီတွေက သူတို့လောက် မပေးနိုင်ဘူး”
တုဇယ်ချန်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။
"အဲဒါ ဘာဖြစ်လဲ။ မမေ့နဲ့ဦး... ငါတို့ ကုမ္ပဏီက စတော့စျေးကွက်ထဲ မဝင်သေးဘူး။ ငါက အဓိက ရှယ်ယာရှင်နဲ့ ဥက္ကဋ္ဌပဲ၊ ငါ့သဘောပဲလေ”
သူ့စကားဆုံးသည်နှင့် ရွမ်ဟုန်လန်က အပြေးအလွှား ဝင်လာပြီး မေးလိုက်သည်။
"တုသခင်လေး... ချန်ကျီနဲ့ ကိစ္စက ဘယ်တော့ အပြီးသတ်မှာလဲ။ ငါတို့ဘက်က နည်းပညာနဲ့ စျေးကွက်ပိုင်းကလည်း အစီအစဉ်တွေ စဆွဲရတော့မယ်လေ”
တုဇယ်ချန်းက ပြန်မေးလိုက်သည်။ "ဘယ်သူက ချန်ကျီနဲ့ ပူးပေါင်းမယ် ပြောလို့လဲ”
ရွမ်ဟုန်လန်မှာ ကြောင်သွားပြီး မေးလိုက်သည်။ "ဒီလောက် ကောင်းတဲ့ အခြေအနေကို ဘာလို့ ငြင်းတာလဲ”
တုဇယ်ချန်းသည် စိတ်ထဲမှ ရယ်မောလိုက်မိသည်။ နည်းပညာဌာနနှင့် စျေးကွက်ဌာနတို့က အစီအစဉ် ဆွဲနေကြပြီဆိုကတည်းက သတင်းတွေက ပျံ့နေပြီ ဖြစ်ကြောင်း သိသာလှသည်။ ချန်မိသားစု၏ အလုပ်လုပ်ပုံမှာ တကယ့်ကို စက်ဆုပ်စရာ ကောင်းလှသည်။ ဒါက ငါ့ကို အကျပ်ကိုင်ချင်နေတာလား၊ ဒါမှမဟုတ် ငါ့အာဏာကို သိမ်းချင်နေတာလား။
တုဇယ်ချန်းသည် ဥက္ကဋ္ဌ ထိုင်ခုံတွင် ခံ့ညားစွာ မှီထိုင်လိုက်ပြီး ရွမ်ဟုန်လန်ကို မေးလိုက်သည်။
"မင်းက ကိုယ်ပိုင် ပလက်ဖောင်း တစ်ခု ရှိတာကို ကြိုက်လား၊ ဒါမှမဟုတ် သူများဆီက အကျိုးအမြတ် နည်းနည်း ရပြီးတော့ သူများ ခိုင်းသမျှ လုပ်နေရမှာကို ကြိုက်သလား”
ရွမ်ဟုန်လန်မှာ အံ့ဩသွားပြီး မေးလိုက်သည်။ "ငါတို့က ကိုယ်ပိုင် ပလက်ဖောင်း တစ်ခု ထောင်မလို့လား”
သူသည် နည်းပညာသမား ဖြစ်ရာ ဤအကြောင်းကို ကောင်းစွာ သိရှိသည်။ ပြောလိုက်သည်။
"ကိုယ်ပိုင် ပလက်ဖောင်း ထောင်တာကတော့ အနာဂတ်အတွက် တော်တော် ကောင်းပါတယ်။ ဒါပေမဲ့ အခု လုပ်နေတဲ့ ကုမ္ပဏီတွေကလည်း အများကြီးပဲလေ၊ ပြီးတော့ ငါတို့မှာ လူအင်အားနဲ့ ရန်ပုံငွေက..."
"အဲဒါတွေကို စိတ်မပူနဲ့” တုဇယ်ချန်းက စာရွက်စာတမ်း တစ်ခုကို ပစ်ပေးလိုက်ပြီး ကောက်ကျစ်စွာ ပြုံးလျက် ပြောလိုက်သည်။
"ငါ့အဖေက ငါတို့အတွက် အားလုံး စီစဉ်ပေးလိမ့်မယ်”
ရွမ်ဟုန်လန် “...”
သူ့တစ်သက်မှာ မိဘကို ဤမျှအထိ ဗြောင်ကျကျ အားကိုးရဲသောသူကို တစ်ခါမှ မမြင်ဖူးသေးပေ။
"ဪ... ဒါနဲ့၊ ငါတို့က ချန်ကျီနဲ့ ပြိုင်ဘက်တွေ ဖြစ်သွားပြီဆိုတော့... လျှို့ဝှက်ချက်တွေကိုတော့ သေချာ ထိန်းသိမ်းကြနော်” တုဇယ်ချန်းက ပျော်ရွှင်စွာ မှာကြားလိုက်သည်။
ရွမ်ဟုန်လန် ထွက်သွားပြီးနောက် ရှောင်းမင်ကျန့်က စူးစမ်းစွာ မေးလိုက်သည်။ "ဥက္ကဋ္ဌတုက မင်းအတွက် လူအင်အားနဲ့ ငွေတွေ ဘယ်တော့ ပေးမှာလဲ”
တုဇယ်ချန်းက ယုတ်မာသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။ "ချန်မိသားစုက သူ့ကို ဘယ်တော့ ရန်စမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ ဒါပေမဲ့ မကြာတော့ဘူး ထင်တယ်၊ ချန်မိသားစုကလည်း အချိန်ဆွဲနေမဲ့သူတွေ မဟုတ်ဘူးလေ”
တုဇယ်ချန်း၏ အတွေးမှာ မှန်ကန်လှသည်။ နောက်တစ်နေ့တွင် ထန်ရွှမ်သည် တုဟုန်ရိအား အိမ်သို့ ခေါ်ယူကာ သူနှင့် တုနျန်ယန်တို့၏ DNA စစ်ဆေးချက်ကို သူ၏ ရှေ့သို့ ပစ်ချလိုက်သည်။ ထိုအထဲတွင် ကွာရှင်းစာချုပ်လည်း တစ်ပါတည်း ပါဝင်နေ၏။
တုဟုန်ရိသည် DNA စစ်ဆေးချက်ကို မြင်လိုက်ရချိန်တွင် တုဇယ်ချန်းက ပြောပြလိုက်သည်ဟု ဦးစွာ ထင်မှတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘယ်သူ ပေးတာလဲ”
ထန်ရွှမ်သည် ချန်မိသားစုကို ချက်ချင်းပင် ဖော်ကောင်လုပ်လိုက်သည်။ ချန်မိသားစုက အကျိုးအမြတ် လိုချင်နေမှတော့ တုဟုန်ရိနှင့် ဗြောင်ကျကျ ရင်ဆိုင်ကြပါစေပေါ့။ သူမကဲ့သို့သော နုနယ်သည့် အမျိုးသမီးက ရှေ့တန်းမှ ထွက်တိုက်နေရန် မလိုပေ။
သူမသည် မျက်လုံးများ နီရဲလျက် တုဟုန်ရိအား စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
"ရှင် ဘယ်လိုများ လုပ်ရက်တာလဲ။ ချန်ရွေ့ ဆိုတဲ့ ကောင်မလေးက အဖေက ဇယ်ချန်းလေးအတွက် မိတ်ဆက်ပေးထားတာလေ၊ အဲဒါကို ရှင်က ရှင့်ရဲ့ နောက်ထပ် သားတစ်ယောက်ဆီကို လွှဲပေးလိုက်တာလား"
"တကယ်လို့ နျန်ယန်သာ အရှက်မရှိတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့လို့ ချန်ရွေ့က မသိခဲ့ဘူးဆိုရင်... ကျွန်မတို့ သားအမိဟာ နောက်တစ်လနေရင် ရှင့်တို့ လက်ချက်နဲ့ လူတောမတိုး ဖြစ်ကုန်တော့မှာပေါ့"
တုဟုန်ရိ၏ ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်နေသည်။ ချန်မိသားစု၏ ရည်ရွယ်ချက်ကို သူ ချက်ချင်း မသိနိုင်သေးသော်လည်း ထိုမိသားစုမှာ အကျိုးမရှိလျှင် ဘာမှမလုပ်တတ်သည့် အသိုင်းအဝိုင်းမှန်း သူ သိနေသည်လေ။
"ထန်ရွှမ်... ငါ့စကား နားထောင်ပါဦး” တုဟုန်ရိက စိုးရိမ်တကြီး ပြောလိုက်သည်။
"နားထောင်စရာ မလိုဘူး”
တုဟုန်ရိသည် စိတ်ထဲမှ အခြေအနေကို သုံးသပ်လိုက်သည်။ ထန်ရွှမ်၏ အမူအရာမှာ အလွန်ပင် တည်ငြိမ်နေသဖြင့် သူမသည် ယခုမှ သိရှိခြင်း မဟုတ်ဘဲ ကြိုတင် သိထားပုံ ရသည်။ ချန်ရွေ့သည် သူမအား ထိုကိစ္စတင် မကဘဲ အခြားသော အရာများကိုပါ သွေးထိုးထားခြင်း ဖြစ်ရမည်။
မှန်သည့်အတိုင်းပင် ထန်ရွှမ်က ဆက်လက် ပြောဆိုလိုက်သည်။
"ရှင် ကျွန်မနဲ့ ဇယ်ချန်းကို အလိုလိုက်ပြီး အသုံးမကျအောင် လုပ်ခဲ့တာက အမှန်ပဲ။ အတွင်းရေးမှူးယန်ကိုလည်း ရှင့်ဘေးမှာ အမြဲ ထားခဲ့တာကို ကြည့်ရင် ရှင့်မှာ နောင်တရစိတ် တစ်စက်မှ မရှိတာ သိသာတယ်။ တုနျန်ယန်... တုနျန်ယန်... ရှင်က တော်တော်လေးကို သံယောဇဉ် ကြီးတာပဲနော်။ သူ့အမေကို နေရာမပေးနိုင်လို့ သားကို အမြဲ တသသဖြစ်နေတာလား"
ထိုသို့ ပြောရင်း ထန်ရွှမ်၏ မျက်ဝန်းမှ မျက်ရည်များမှာ ထိန်းမရဘဲ စီးကျလာတော့သည်။ သူမ၏ နှလုံးသားမှာ အကြိမ်ကြိမ် နှိပ်စက်ခံခဲ့ရဖူးသဖြင့် မုန်းတီးမှုများမှာ သူမအား အရာရာကို လက်လွှတ်စေခဲ့ပြီ ဖြစ်သော်လည်း နှစ်ပေါင်း ၃၀ တိုင်တိုင် ထားရှိခဲ့သော မေတ္တာတရားမှာ ဟာသတစ်ခု ဖြစ်သွားသည်ကို တွေးမိတိုင်း သူမ များစွာ ဝမ်းနည်းနေမိသည်။ ပြောလိုက်သည်။ "တုဟုန်ရိ... ငါ နင့်ကို ဘယ်တော့မှ ထပ်မယုံတော့ဘူး"
သူမ၏ ငိုကြွေးနေသော အမူအရာကို ကြည့်ပြီး တုဟုန်ရိ၏ ရင်ထဲတွင် အနည်းငယ် နာကျင်သွားရသည်။ သူတို့ အတူနေလာခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း သူမသည် အမြဲတမ်း ချစ်စဖွယ်ကောင်းပြီး ပြုံးရွှင်နေခဲ့သူ ဖြစ်သည်။ ဤမျှအထိ ဝမ်းနည်းနေသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"ထန်ရွှမ်..." သူသည် သူမ၏ မျက်ရည်များကို သုတ်ပေးရန် လက်လှမ်းလိုက်သည်။
ထန်ရွှမ်က ရွံရှာစွာ ရှောင်လိုက်ပြီး ပြောလိုက်သည်။ "ငါ့ကို မထိနဲ့ ငါ နင့်ကို ကွာရှင်းမယ်"
ထိုနောက်ဆုံး စကားလုံးကြောင့် တုဟုန်ရိ၏ စိတ်ထဲမှ နူးညံ့မှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အေးစက်မာကြောသွားတော့သည်။
"မဖြစ်နိုင်တာ ထန်ရွှမ်၊ ငါ မင်းကို လမ်းခွဲဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး"
"အဲဒီအချိန်တုန်းက နင်က ထန်မိသားစု စည်းစိမ်တွေနဲ့ အာဏာကို မက်မောနေလို့ပေါ့” ထန်ရွှမ်က မျက်ရည်များကို သုတ်ရင်း အေးစက်စွာ ပြောလိုက်သည်။
"ဒီတစ်ခါတော့ ငါ သေချာပေါက် ကွာရှင်းမှာပဲ ထန်မိသားစု လုပ်ငန်းတွေကို ဆက်ခံချင်နေတာလား? အိပ်မက်ပဲ မက်နေလိုက်"
တုဟုန်ရိသည် မိမိ၏ မဟာမိတ် ချန်မိသားစု၏ သစ္စာဖောက်မှုကို ခံရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့မိပေ။ ချန်မိသားစုနှင့် ရင်းနှီးအောင် လုပ်ဆောင်နေစဉ်မှာပင် ဤသို့ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို ကြိုတင် တွက်ဆထားပြီးသား ဖြစ်သည်။ ထန်ရွှမ် သိသွားပြီဆိုပါက ကိစ္စမှာ အေးအေးဆေးဆေး ပြီးဆုံးမည် မဟုတ်ပေ။ သူမအား ဖျောင်းဖျ၍ မရနိုင်တော့သဖြင့် တစ်ခုတည်းသော နည်းလမ်းမှာ သေတမ်းစာ ထွက်လာသည်အထိ အချိန်ဆွဲထားရန်သာ ရှိတော့သည်။
"ထန်ရွှမ်... မင်း အခု စိတ်လှုပ်ရှားနေတာပါ” တုဟုန်ရိသည် သူမအနားသို့ ထပ်မံ မတိုးတော့ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီကိစ္စမှာ ငါ့အမှား ပါတာ မှန်ပေမဲ့ ငါ့မှာ အကြောင်းပြချက်တွေ ရှိပါတယ်။ မင်း စိတ်အေးသွားတဲ့ အခါကျရင် ငါတို့ အေးအေးဆေးဆေး ပြန်ပြောကြတာပေါ့။ ငါ မင်းကို တကယ် ချစ်တာပါ”
ထန်ရွှမ်က ခေါင်းအုံးတစ်လုံးနှင့် သူ့အား ပစ်ပေါက်လိုက်ပြီး ပြောလိုက်သည်။ "ထွက်သွားစမ်း နင့်ရဲ့ အသံကိုတောင် ငါ ထပ်မကြားချင်တော့ဘူး"
တုဟုန်ရိသည် သူမအား ထပ်မံ ဒေါသမပွားစေဘဲ လှည့်ထွက်သွားတော့သည်။ သူသည် ချန်မိသားစုက ဘာတွေ ကြံစည်နေသလဲဆိုသည်ကို သွားရောက် မေးမြန်းရပေလိမ့်မည်။
သို့သော် ထိုသို့ မထွက်ခွာမီ သူသည် လူအင်အားများစွာကို ချက်ချင်း စုဆောင်းလိုက်ပြီး ထန်အိမ်တော်ဟောင်းနှင့် အပြင်လောက ဆက်သွယ်ရေး လမ်းကြောင်းအားလုံးကို ဖြတ်တောက်လိုက်တော့သည်။
ထန်ရွှမ်မှာ အကျယ်ချုပ် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ချန်မိသားစုသည် ဤကိစ္စရပ်အပေါ် အထူးပင် အာရုံစိုက်နေကြသည်။ သားဖြစ်သူ တုဇယ်ချန်းထက်ပင် သူတို့က သတင်းကို အရင် သိရှိနေကြခြင်း ဖြစ်တော့သည်။
…