အခန်း ၅၆
Vol. 4 Ch. 56
အခန်း (၅၆)
တုဇယ်ချန်းသည် ချန်ရွေ့ထံမှ ဖုန်းရရှိသည်နှင့် အောက်ထပ်သို့ အပြေးအလွှား ဆင်းလာခဲ့သည်။ ချန်ရွေ့၏ ကားမှာ လမ်းဘေးတွင် ရပ်ထားပြီး ဖြစ်သည်။
ချန်ရွေ့က ပြောလိုက်သည်။
"ဒီမှာရှင်” သူမသည် ဝှီးချဲတက်နိုင်ရန်အတွက် အတက်အဆင်း လမ်းကို အသင့်ပြင်ပေးထားသည်။
ပြင်ဆင်မှုမှာ အလွန်ပင် စေ့စပ်လှသည်။ တုဇယ်ချန်းက စိတ်ထဲမှ လှောင်ရယ်လိုက်မိသော်လည်း အပြင်ပန်းတွင်မူ မငြင်းဆန်ဘဲ ကားပေါ်သို့ တက်လိုက်သည်။
ချန်ရွေ့က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"အန်တီက ဒီလောက်အထိ စိတ်လိုက်မာန်ပါ လုပ်လိမ့်မယ်လို့ မထင်ထားဘူး။ တိုက်ရိုက်ပဲ ကွာရှင်းစာချုပ် တင်လိုက်ပါလို့ ပြောထားသားနဲ့။ အခုတော့ တုဟုန်ရိက ပိုပြီး သတိကြီးသွားတော့မှာပဲ”
သူမသည် ငယ်ရွယ်သူဖြစ်ရာ စိတ်ဓာတ်မခိုင်မာသေးဘဲ ထန်ရွှမ်၏ လုပ်ရပ်ကြောင့် သူတို့၏ အစီအစဉ်များ အခက်တွေ့ရသည့်အပေါ် မကျေမနပ် ဖြစ်နေခြင်း ဖြစ်သည်။
တုဇယ်ချန်းက သူမကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "ဒါဆို အခု ဘာဆက်လုပ်ကြမလဲ”
ချန်ရွေ့က ဖြေလိုက်သည်။ "အခြေအနေကတော့ အခုထိ မသေချာသေးဘူး။ အန်တီထန် ကျွန်မဆီ ဖုန်းဆက်နေတုန်းမှာတင် လိုင်းပြတ်သွားတာ။ ကျွန်မ ပြန်ခေါ်တော့လည်း ဆက်လို့ မရတော့ဘူး။ တုဟုန်ရိဆီ ဖုန်းဆက်တော့လည်း သူ့ရဲ့ လေသံက တော်တော်လေး ဆိုးနေတာ။ ကျွန်မကို လှောင်ပြောင်ပြီးတော့ ဖုန်းချသွားတာပဲ၊ နောက်ထပ် ခေါ်လို့လည်း မရတော့ဘူး”
"အန်တီ တစ်ခုခု ဖြစ်သွားမှာကို ကျွန်မ စိုးရိမ်မိတယ်”
တုဇယ်ချန်းက အမိန့်ပေးလိုက်သည်။ "မြန်မြန် မောင်းစမ်း” ထို့နောက် သူသည် တုဟုန်ရိထံသို့ ဖုန်းဆက်လိုက်သည်။ မေးလိုက်သည်။
"မေမေ့ကို ဘာလုပ်လိုက်တာလဲ”
တုဟုန်ရိ၏ လေသံမှာ ပင်ပန်းနွမ်းလျဟန်ဖြင့် မေးလိုက်သည်။ "ဇယ်ချန်းလား” ထို့နောက် သူက တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။ "ချန်ရွေ့က မင်းကို တစ်ခုခု ပြောလိုက်လို့လား”
တုဇယ်ချန်းက ထိုမေးခွန်းကို ပြန်မဖြေဘဲ ထပ်မံ မေးလိုက်သည်။
"မေမေ့ကို ဘာလုပ်လိုက်တာလဲလို့ ကျွန်တော် မေးနေတယ်"
တုဟုန်ရိက ဖုံးကွယ်ခြင်း မရှိဘဲ ဖြေလိုက်သည်။ "ဘာမှ မလုပ်ပါဘူး။ မင်းအမေက စိတ်လိုက်မာန်ပါနဲ့မို့ မဖြစ်သင့်တာတွေ မလုပ်မိအောင် အိမ်က ဆက်သွယ်ရေး လိုင်းတွေကို ခေတ္တ ဖြတ်ထားလိုက်ရုံပါပဲ”
"သူ ချန်မိသားစုဆီက ဘာတွေ ကြားလာတယ် မသိဘူး၊ ဒီနေ့ ရုတ်တရက်ကြီး ငါ့ကို ကွာရှင်းမယ်လို့ လာပြောနေတယ်” တုဟုန်ရိက သက်ပြင်းချလျက် ပြောလိုက်သည်။
"သား... မင်း အိမ်ရောက်ရင် အမေ့ကို သေချာ ပြန်နားချပေးပါ။ ချန်မိသားစုက စေတနာမှန်နဲ့ လာတာ မဟုတ်ဘူး” တုဟုန်ရိသည် စီးပွားရေးလောကတွင် ကျင်လည်ခဲ့သူဖြစ်ရာ ချန်မိသားစု၏ ရည်ရွယ်ချက်ကို ချက်ချင်း သိမြင်လိုက်သည်။ သူတို့သည် ထန်ရွှမ်တို့ သားအမိကို လက်ကိုင်တုတ်အဖြစ် သုံးချင်နေကြမှန်း သူ သိသည်လေ။ သူတို့ အလိုအတိုင်း ဖြစ်လာမလား ဆိုသည်မှာ သူ၏ သဘောတူညီချက်အပေါ် မူတည်သည် မဟုတ်ပါလား။
တုဟုန်ရိက ဆက်လက်ပြောဆိုသည်။
"ချန်မိသားစုက မင်းတို့ကို ရဲတိုင်ဖို့ တိုက်တွန်းလိမ့်မယ်၊ လုံးဝ မယုံနဲ့နော်။ ရဲတိုင်ပြီး ကိစ္စတွေ ကြီးကျယ်သွားရင် ထန်မိသားစုနဲ့ တုမိသားစုရဲ့ စတော့ရှယ်ယာ စျေးနှုန်းတွေ ထိုးကျကုန်လိမ့်မယ်။ အဲဒီအခါ ဆုံးရှုံးမှုတွေက မခန့်မှန်းနိုင်လောက်အောင် ဖြစ်သွားမှာပေါ့”
"ဒါတင် မကသေးဘူး၊ ငါနဲ့ မင်းအမေ ကွာရှင်းလိုက်ရင် မင်းတို့ သားအမိဟာ ချန်မိသားစုရဲ့ လက်ထဲကို ရောက်သွားလိမ့်မယ်။ အဲဒီအချိန်မှာ ထန်မိသားစု လုပ်ငန်းကလည်း အင်အားချည့်နဲ့နေပြီဆိုတော့၊ မင်းတို့ နှစ်ယောက်က ချန်မိသားစုက မြေခွေးအိုကြီးတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ အဖေ့ကို နားလည်ပေးပါ သားရယ်။ မင်း အရင်သွားပြီး အမေ့ကို ကြည့်လိုက်ပါ၊ အဖေ အလုပ်တွေ ရှင်းပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်”
တုဇယ်ချန်းသည် ဖုန်းကို စပီကာ ဖွင့်ထားသဖြင့် ချန်ရွေ့သည်လည်း ထိုစကားများကို အတိုင်းသား ကြားနေရသည်။ သူမ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားတော့သည်။
ဖုန်းချပြီးနောက် တုဇယ်ချန်းသည် သံသယရှိသော အကြည့်ဖြင့် ချန်ရွေ့ကို ကြည့်လိုက်သည်။
ချန်ရွေ့က အလောတကြီး ပြောလိုက်သည်။
"ဇယ်ချန်း... အဲဒီလို မဟုတ်ပါဘူး။ ကျွန်မက အတွင်းရေးမှူးယန်တို့ သားအမိက ရှင့်တို့အပေါ် ဒုက္ခပေးမှာ စိုးလို့ အန်တီ့ကို သတိလာပေးတာပါ။ ပြီးတော့ အန်တီ နေမကောင်းဖြစ်တာကလည်း ကျွန်မကြောင့် ဖြစ်နေလို့ အမြဲ လာကြည့်ဖြစ်နေတာပါရှင်”
တုဇယ်ချန်းက ဘာမှ ပြန်မပြောပေ။ ထန်အိမ်တော်ဟောင်းသို့ ရောက်ရှိချိန်တွင် တံခါးဝ၌ လူအချို့ စောင့်နေသော်လည်း သူတို့ ဝင်လာသည်ကို မတားဆီးသဖြင့် တုဇယ်ချန်း ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားရသည်။
ချန်ရွေ့သည်လည်း ထိုအချက်ကို မြင်သောအခါ သက်ပြင်းချလိုက်မိသည်။ လူချင်း တွေ့ရသေးရင်တော့ အခွင့်အရေး ရှိသေးသည် မဟုတ်ပါလား။
အိမ်ထဲသို့ ဝင်လိုက်သောအခါ ထန်ရွှမ်သည် ထိတ်လန့်တုန်လှုပ်နေသော ပုံစံဖြင့် ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူမ ရှေ့မှ သစ်သီးပန်းကန်ထဲတွင် သစ်သီးများမှာ တစ်ဝက်နီးပါး ကုန်နေသည်ကို သတိထားမိလိုက်သဖြင့် တုဇယ်ချန်း၏ မျက်ဝန်းထဲတွင် အပြုံးရိပ်လေး တစ်ခု ဖြတ်ပြေးသွားသည်။
ထန်ရွှမ်က မေးလိုက်သည်။ "ဇယ်ချန်း... မင်း ဘယ်လိုလုပ် ရောက်လာတာလဲ။ မင်းအဖေက မင်းကိုပါ ဒီမှာ လာပိတ်ထားတာလား”
တုဇယ်ချန်းက ပြန်ပြောလိုက်သည်။ "မဟုတ်ပါဘူး မေမေ။ အဖေက အမေ စိတ်လိုက်မာန်ပါ လုပ်မိလို့ ကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေ ထိခိုက်မှာ စိုးရိမ်နေတာပါ” သူသည် ချန်ရွေ့ကို တစ်ချက်ကြည့်ကာ ဆက်ပြောသည်။
"မေမေ... ကျွန်တော်တို့ စာကြည့်ခန်းထဲ သွားပြီး စကားပြောကြရအောင်”
တုဇယ်ချန်း၏ လေသံထဲတွင် မယုံကြည်မှုများ ပါဝင်နေသဖြင့် ချန်ရွေ့ ရင်ထဲတွင် ပူလောင်လာသည်။ သူမသည် ဖခင်ဖြစ်သူထံသို့ စာပို့ရန် ပြင်လိုက်သော်လည်း ဤနေရာတွင် လိုင်းများကို ပိတ်ထားသဖြင့် ပို့၍ မရတော့ပေ။
သူမသည် အပြင်သို့ ပြန်ထွက်ရန် ကြံသော်လည်း တံခါးဝရှိ လူများက တားဆီးထားလိုက်ကြသည်။ ဤသည်မှာ ဝင်ခွင့်ပြုသော်လည်း ထွက်ခွင့်မရှိသည့် အခြေအနေပင်။
သူမသည် အပေါ်ထပ်ရှိ စာကြည့်ခန်းသို့ စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်။ ထန်ရွှမ်နှင့် တုဇယ်ချန်းတို့ ဘာတွေ ပြောနေကြမည်နည်း။ သူတို့၏ ယုံကြည်မှုကို မည်သို့ ရယူရမည်နည်းဟု သူမ အသည်းအသန် စဉ်းစားနေတော့သည်။ သို့သော် စာကြည့်ခန်းအတွင်းရှိ သားအမိ နှစ်ဦးမှာမူ မည်သည့် စိုးရိမ်စိတ်မှ မရှိဘဲ အေးအေးဆေးဆေးပင် စကားပြောနေကြခြင်း ဖြစ်သည်။
တုဇယ်ချန်းက မေးလိုက်သည်။ "ချန်မိသားစုက လက်လျှော့သွားလိမ့်မယ်လို့ အမေ ထင်လား။ အခုလို အခြေအနေမျိုးမှာ တုဟုန်ရိနဲ့ ထိပ်တိုက်တွေ့ရင် သူတို့ဘက်က ဆုံးရှုံးမှုကလည်း မနည်းဘူးလေ”
ထန်ရွှမ်က ပြန်ပြောလိုက်သည်။ "လောဘကြီးတဲ့ သူတွေရဲ့ အဘိဓာန်မှာ လက်လျှော့ခြင်း ဆိုတဲ့ စကားလုံး မရှိဘူး သားရဲ့။ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်း ဆိုတဲ့ ရလဒ် နှစ်ခုပဲ ရှိတာ။ ထန်မိသားစုရဲ့ ကြီးမားလှတဲ့ စည်းစိမ်တွေနဲ့ ယှဉ်လိုက်ရင်၊ အခု သူတို့ ရင်ဆိုင်ရမဲ့ ဆုံးရှုံးမှုတွေက ဘာမှ မဟုတ်ဘူးလို့ သူတို့ ထင်ကြမှာပဲ”
တုဇယ်ချန်းက ထပ်မေးလိုက်သည်။ "ဒါဆို တုဟုန်ရိကကော အောင်မြင်ပါ့မလား”
ထန်ရွှမ်က အေးစက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။ "သေချာပေါက် အောင်မြင်မှာပေါ့။ ဒီရက်ပိုင်းအတွင်း သူ ကြိုးစားထားသမျှတွေက အကျိုးရှိလာတော့မှာလေ။ ထန်မိသားစုရဲ့ အာဏာအချို့ကို သူ အသုံးချနိုင်နေပြီ။ ထန်မိသားစုရဲ့ အရင်းအမြစ်တွေနဲ့ သူရဲ့ ဉာဏ်နီဉာဏ်နက်တွေ ပေါင်းလိုက်ရင် ချန်မိသားစုကို နှိမ်နင်းဖို့ဆိုတာ သူ ခပ်လွယ်လွယ်ပဲ လုပ်နိုင်လိမ့်မယ်”
တုဇယ်ချန်းက ရယ်မောလျက် ဆိုသည်။
"အိုကေ... ကျွန်တော်တို့အတွက် အနှောင့်အယှက်တွေကို သူ ကိုယ်တိုင် လိုက်ရှင်းပေးနေရတာပေါ့။ တော်တော်လေးတော့ ပင်ပန်းရှာမှာပဲ”
ထန်ရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "သူက ငါတို့အပေါ် အပြစ်ရှိတယ်လို့ ခံစားနေရတာလေ။ ငါတို့ သားအမိအတွက် ဒီလောက်တော့ လုပ်ပေးသင့်တာပေါ့”
တစ်နာရီခန့် အကြာတွင် တုဟုန်ရိ အမှန်တကယ်ပင် ပြန်ရောက်လာခဲ့သည်။ ဧည့်ခန်းတွင် ထိုင်နေသော ချန်ရွေ့ကို မြင်သောအခါ သူက လှောင်ပြောင်လိုက်သည်။
"မင်းက ဘာလာလုပ်တာလဲ။ အကွက်မှားသွားလို့ နောက်တစ်ကွက် ထပ်ရွှေ့မလို့လား။ လောကမှာ အဲဒီလောက်အထိ ကောင်းတဲ့ အခွင့်အရေးမျိုး မရှိဘူးနော်”
ချန်ရွေ့သည် သူမ၏ ထုံးစံအတိုင်းပင် ယဉ်ကျေးဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။
"တုဦးလေး... ကျွန်မကို တကယ် အထင်လွဲနေတာပါ။ အတွင်းရေးမှူးယန်တို့ သားအမိက အန်တီတို့ကို ဒုက္ခပေးမှာ စိုးလို့ ကျွန်မ လာပြီး သတိပေးတာပါ။ နျန်ယန်နဲ့ နျဲ့ချီကျဲတို့ရဲ့ ဗီလာ ပါတီပွဲ ကိစ္စက ဇယ်ချန်းကို ပစ်မှတ်ထားခဲ့တာဆိုတာ ရှင် စုံစမ်းကြည့်ရင် သိမှာပါ”
နှမြောစရာ ကောင်းသည်မှာ သူမသည် အမှန်တရားတစ်ခုကို နားမလည်ခြင်းပင်။ နောက်ကျောကို ဓားနှင့် ထိုးပြီးမှ ရှေ့တွင် စကားကောင်း ပြောနေခြင်းမှာ လူအများအတွက် ပိုမို စက်ဆုပ်စရာ ကောင်းလှသည်။ လူအများသည် လူယုတ်မာထက် လူကြီးလူကောင်း ဟန်ဆောင်သူကို ပို၍ မုန်းတီးကြသည် မဟုတ်ပါလား။
တုဟုန်ရိသည် သူမ၏ စကားများကို လုံးဝ မယုံကြည်ပေ။ ထန်ရွှမ်နှင့် တုဇယ်ချန်းတို့ အပေါ်ထပ်မှ ဆင်းလာသည်ကို မြင်သောအခါ သူ စကားစရန် ပြင်လိုက်စဉ် ချန်မိသားစု၏ ဥက္ကဋ္ဌ ချန်ဖေးမင် ရောက်ရှိလာကြောင်း အစေခံက လာရောက် သတင်းပို့လေသည်။
တုဟုန်ရိက ချန်ရွေ့ကို ကြည့်ကာ ပြုံးစစဖြင့် ပြောလိုက်သည်။ "ချန်မိသားစုက ငါ့အိမ်တွင်းရေးကို တော်တော်လေး စိတ်ဝင်စားနေကြတာပဲ။ ဥက္ကဋ္ဌချန်က အလုပ်တွေ များနေပါလျက်နဲ့ ကြိုတင် အကြောင်းမကြားဘဲ ငါ့အိမ်ကို ကိုယ်တိုင် ရောက်လာတယ်ပေါ့လေ”
တုဇယ်ချန်းနှင့် ထန်ရွှမ်တို့ကလည်း သူမအား လှမ်းကြည့်လိုက်ကြသည်။ သူတို့ နှစ်ဦး၏ မျက်ဝန်းထဲမှ သံသယများကို မြင်လိုက်ရချိန်တွင် ချန်ရွေ့ စိတ်ထဲ၌ မဟန်တော့မှန်း သိလိုက်ရသည်။
တုဟုန်ရိကမူ ဘာမှ မဖြစ်သလိုပင် ချန်ဖေးမင်ကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။
"တကယ့်ကို ရှားရှားပါးပါး ဧည့်သည်တော်ကြီးပါပဲ” တုဟုန်ရိက အပြုံးမပျက် ပြောလိုက်သည်။
"ဥက္ကဋ္ဌချန်က ဘာကိစ္စနဲ့ ငါ့အိမ်ကို ရောက်လာတာလဲ”
ချန်ဖေးမင်သည် တုဟုန်ရိကို မြင်ရသဖြင့် အနည်းငယ် အံ့ဩသွားပုံ ရသည်။ ထို့နောက် ထန်ရွှမ် ဘေးကင်းစွာ ရှိနေသည်ကို တွေ့သောအခါ အခြေအနေကို နားမလည်နိုင်သဖြင့် တည်ငြိမ်စွာပင် ပြုံး၍ ပြောလိုက်သည်။ "သမီးက တုကတော်ကို သွားကြည့်မယ်လို့ ပြောသွားတာလေ။ ခုနက ဖုန်းဆက်တော့ ဆက်လို့ မရတာနဲ့ စိုးရိမ်လို့ လာကြည့်တာပါ”
သူသည် ဖုန်းကို ထုတ်ကြည့်ကာ လိုင်းများ မရှိသည်ကို အတည်ပြုလိုက်ပြီး တံခါးဝရှိ လူများကို ကြည့်ကာ ထေ့ငေါ့ ပြောလိုက်သည်။
"ဥက္ကဋ္ဌတုက ဘာတွေ ကစားနေတာလဲ။ ထန်အိမ်တော်ကြီးကို ကျွန်းတစ်ကျွန်းလို လုပ်ထားပါလား။ လူကို အကျယ်ချုပ် ချုပ်ထားတာက ဥပဒေနဲ့ မညီဘူးနော်”
တုဟုန်ရိ စကားပြန်မပြောမီ သူက ထန်ရွှမ်နှင့် တုဇယ်ချန်းကို ကြည့်ကာ ဆက်ပြောသည်။
"အကူအညီ လိုတာ ရှိရင် ကျုပ်ကို ပြောပါ။ ကျုပ်က အာဏာ မရှိပေမဲ့ ကျုပ်အဖေရဲ့ ဂုဏ်သိက္ခာကတော့ ရှိပါသေးတယ်”
တုဟုန်ရိက အေးစက်စွာ လှောင်ရယ်လိုက်သည်။
"ဒါက ငါ့ရဲ့ အိမ်တွင်းရေး ကိစ္စပါ။ မင်းတို့ ဝင်ပါစရာ မလိုဘူး။ ချန်မိသားစု ဘာတွေ ကြံစည်နေသလဲဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေလား။ အားအင်တွေ ဖြုန်းမနေနဲ့လို့ ငါ အကြံပေးချင်တယ်”
ချန်ဖေးမင်က မျက်မှောင်ကြုတ်လျက် ဆိုသည်။ "သာမန် အိမ်တွင်းရေး ဆိုရင်တော့ ကျွန်တော် မစွက်ဖက်ပါဘူး။ ဒါပေမဲ့..." သူက ထန်ရွှမ်ကို ကြည့်ကာ မေးလိုက်သည်။ "တုကတော်... မင်းက ကိုယ့်သဘောနဲ့ကိုယ် ဒီမှာ နေနေတာလား”
ထန်ရွှမ်က ခေါင်းခါလျက် ပြောလိုက်သည်။ "ကျွန်မက ကွာရှင်းချင်ရုံတင်ပါ”
"ဒါဆိုရင်တော့ တကယ့် အိမ်တွင်းရေး ကိစ္စ ဖြစ်သွားပြီပေါ့။ ကျွန်တော်တို့ မနှောင့်ယှက်တော့ပါဘူး”
ချန်ဖေးမင်က ချန်ရွေ့အား ပြောလိုက်သည်။
"မင်းရဲ့ အန်တီထန် ဘာမှ မဖြစ်ရင် ငါတို့ ပြန်ကြစို့။ ဒါပေမဲ့..." သူက တုဟုန်ရိကို လှည့်ကြည့်ကာ ဆက်ပြောသည်။ "ကျွန်တော် တုကတော်ဆီကို အမြဲ ဖုန်းဆက်နေမှာပါ။ တကယ်လို့ ဆက်သွယ်လို့ မရရင်တော့ ကျွန်တော် ချက်ချင်း ရဲတိုင်ပါ့မယ်”
တုဟုန်ရိ စကားမပြောမီ ထန်ရွှမ်က အလောတကြီး တားမြစ်လိုက်သည်။ "ရဲမတိုင်ပါနဲ့"
ချန်ဖေးမင်က နားမလည်သဖြင့် ကြည့်လိုက်သောအခါ ထန်ရွှမ်က ထပ်ပြောသည်။ "ရဲမတိုင်ပါနဲ့၊ ကျွန်မ ကွာရှင်းချင်ရုံ သက်သက်ပါ”
"တုကတော်..." ချန်ဖေးမင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
"ဒီလို အခြေအနေမျိုးမှာ ရဲမတိုင်ရင်... ရှေ့နေတောင် ခေါ်လို့ ရမှာ မဟုတ်ဘူးမလား”
ထန်ရွှမ်ကတော့ ဇွဲနပဲဖြင့် ပြောလိုက်သည်။ "ကျွန်မ ကွာရှင်းဖို့ပဲ လိုတာပါ”
ချန်ဖေးမင်က စိတ်ထဲမှ ဤအမျိုးသမီးမှာ အလွန် မိုက်မဲသည်ဟု ဆဲဆိုနေသော်လည်း အပြင်ပန်းတွင်မူ ပြုံးပြနေရဆဲ ဖြစ်သည်။ ချန်ရွေ့ကမူ ထန်ရွှမ် ရဲမတိုင်ရသည့် အကြောင်းရင်းကို သိရှိနေသည်။ သူမသည် ဖခင်ဖြစ်သူ၏ စကားကြောင့် ထန်ရွှမ်က သံသယ ဝင်သွားမည်ကို စိုးရိမ်သဖြင့် ကြားဖြတ် ပြောလိုက်သည်။
"ဖေဖေ... ရဲတိုင်လို့ မဖြစ်ဘူးလေ။ ရဲတိုင်လိုက်ရင် ထန်မိသားစုရဲ့ ရှယ်ယာစျေးတွေ ထိခိုက်ကုန်မှာပေါ့။ အန်တီထန်မှာလည်း စိုးရိမ်စရာတွေ ရှိတာ သဘာဝပါပဲ”
ချန်ဖေးမင်သည် မျက်မှောင်ကြုတ်လိုက်ပြီးမှ အလိုက်သင့်ပင် သဘောပေါက်ဟန် ပြလိုက်သည်။
"ဟုတ်သားပဲ... ငါက အခြေအနေကိုပဲ စဉ်းစားမိလို့ပါ။ ဒီလောက်အထိ မတွေးမိခဲ့ဘူး”
"ဒါဆိုရင်တော့... ကျွန်တော်ပဲ ရှေ့နေ တစ်ယောက်လောက် ရအောင် ရှာပေးပါ့မယ်”
တုဟုန်ရိက လှောင်ပြောင်လိုက်သည်။
"ဘုရားကျောင်း ဆယ်ကျောင်း ဖျက်တာထက် အိမ်ထောင်တစ်ခုကို ဖျက်တာက ပိုပြီး ငရဲကြီးတယ်နော် ဥက္ကဋ္ဌချန်။ ငါတို့က ခဏတဖြုတ် ဆုံဖူးရုံတင် ရှိတာကို... မင်းက တော်တော် လက်ရှည်တာပဲ”
ချန်ဖေးမင်က ပြန်ပြောလိုက်သည်။
"ငါနဲ့ မင်းက ဆုံဖူးရုံ ရှိတာ မှန်ပေမဲ့ ငါ့အဖေနဲ့ ထန်အဘိုးကြီးက အရင်းနှီးဆုံး သူငယ်ချင်းတွေလေ။ အဘိုးကြီး မရှိတော့ပေမဲ့ တုကတော်မှာ အားကိုးရာ မရှိဘူးလို့တော့ မထင်လိုက်နဲ့။ မင်း ထင်သလို နှိပ်စက်လို့ ရမှာ မဟုတ်ဘူး”
သူသည် မိမိကိုယ်မိမိ ထန်ရွှမ်၏ ကျောထောက်နောက်ခံအဖြစ် ဗြောင်ကျကျ ကြေညာလိုက်ခြင်း ဖြစ်သည်။
"တကယ်လို့ တုကတော်က မကွာရှင်းချင်ဘူး ဆိုရင်တော့ ငါ မပါပါဘူး။ ဒါပေမဲ့ သူက ဒီလောက်အထိ ပြတ်သားနေမှတော့... ငါတို့ ချန်မိသားစုက ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး"
ထန်ရွှမ်က ကျေးဇူးတင်ဟန်ဖြင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌချန်။ ကျွန်မ သူ့ကို အမြန်ဆုံး ကွာရှင်းချင်ပါတယ်။ ဒါပေမဲ့ တိတ်တိတ်လေးပဲ လုပ်ချင်တာပါ။ အဖေ့ရဲ့ တစ်သက်တာ ကြိုးစားအားထုတ်မှုတွေ ပျက်စီးသွားမှာကို ကျွန်မ မလိုလားဘူးလေ”
ချန်ဖေးမင်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ "စိတ်ချပါ... ဒါဆို ဒီနေ့တော့ ကျွန်တော် ပြန်ပါရစေဦး”
တုဟုန်ရိက သူတို့ကို မတားမြစ်ခဲ့ပေ။ ထန်ရွှမ်သည် ထန်မိသားစု လုပ်ငန်းကို ကာကွယ်ချင်နေသရွေ့ ရဲများ ဝင်မလာနိုင်သဖြင့် ကွာရှင်းမည့် ကိစ္စကို သူ အချိန်ဆွဲထားနိုင်မည်ဟု ယုံကြည်နေသည်။
သူသည် ချန်ဖေးမင်တို့ သားအမိ၏ ကျောပြင်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။ ထန်မိသားစုကို ဝါးမျိုချင်နေတာလား။ မင်းတို့ရဲ့ ချန်မိသားစုကို အရင် ကာကွယ်နိုင်အောင် လုပ်ပါဦး။
ထိုနေ့မှစ၍ တုဟုန်ရိသည် နောင်တရနေသော ခင်ပွန်းကောင်း တစ်ဦးပမာ ပြုမူနေတော့သည်။ ညဘက် မည်မျှ အလုပ်များစေကာမူ သူသည် အိမ်သို့ ပြန်လာပြီး ထန်ရွှမ်နှင့်အတူ ရှိနေပေးတတ်သည်။ ကွာရှင်းရန် သဘောမတူဘဲ သူမ ရှေ့နေနှင့် မတွေ့နိုင်အောင် တားဆီးထားသည်မှလွဲ၍ အခြားသော နှိပ်စက်မှုများ မရှိပေ။
တုဇယ်ချန်းနှင့် ပတ်သက်၍လည်း သူ များစွာ ကျေနပ်နေမိသည်။ ဤလွန်ခဲ့သော လများအတွင်း တုဇယ်ချန်းအား အစွမ်းကုန် အလိုလိုက်ခဲ့သဖြင့် တုဇယ်ချန်းသည် ယခုကိစ္စတွင် ဝေခွဲမရ ဖြစ်နေပြီး မိခင်ဖြစ်သူအား အပြည့်အဝ မကူညီနိုင်ဘဲ ရှိနေသည်ဟု သူ ယူဆမိသည်။
နောက်ပိုင်းတွင် တုဟုန်ရိသည် သူတို့၏ ယုံကြည်မှုကို ရယူရန်အတွက် စာချုပ်တစ်ခုကိုပင် ရေးဆွဲခဲ့သည်။ နောင်တစ်ချိန်တွင် ပိုင်ဆိုင်မှု အားလုံးကို တုဇယ်ချန်းအား ပေးအပ်မည်ဖြစ်ပြီး တုနျန်ယန်ကိုမူ ငွေအချို့ ပေးကာ အဝေးသို့ ပို့ဆောင်မည်ဟု ကတိပြုလိုက်သည်။ အတွင်းရေးမှူးယန်၏ အမည်ကိုမူ စာချုပ်တွင် လုံးဝ ထည့်မပြောခဲ့ပေ။
ထိုသားအမိ နှစ်ဦးမှာ စိတ်လှုပ်ရှားသွားကြသော်လည်း တစ်နေ့တွင် ချန်ရွေ့ ရောက်လာပြီး ထိုစာချုပ်မှာ ဥပဒေအရ အတည်မဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် သေတမ်းစာ တစ်စောင်တည်းနှင့်ပင် အရာရာ ပြောင်းလဲသွားနိုင်ကြောင်း ပြောကြားခဲ့သဖြင့် ထန်ရွှမ်သည် စိတ်ပြောင်းသွားပြန်သည်။
ထို့ပြင် တုဟုန်ရိ သတိလက်လွတ် ဖြစ်နေစဉ်အတွင်း ထန်ရွှမ်သည် ကွာရှင်းစာချုပ်ကို တရားရုံးသို့ တင်ပို့နိုင်လုနီးပါးအထိ ဖြစ်သွားခဲ့သည်။ ကံကောင်းသည်မှာ ထန်ရွှမ်သည် နောက်ဆုံး အခိုက်အတန့်တွင် သံယောဇဉ်ကို ငဲ့ကွက်ကာ တွန့်ဆုတ်သွားခဲ့သဖြင့်သာ ချန်မိသားစု၏ အကြံအစည်မှာ မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
တုဟုန်ရိသည် အလွန်ပင် ထိတ်လန့်သွားပြီး ဒေါသများမှာလည်း ထိန်းမရ ဖြစ်လာတော့သည်။ သူသည် ထန်ရွှမ်အား အပြစ်မတင်နိုင်သဖြင့်၊ ထိုဒေါသများကို ချန်မိသားစုအပေါ်သို့သာ ပုံချလိုက်တော့သည်။
သူသည် ချန်မိသားစုကို နှိမ်နင်းရန် အစီအစဉ်များကို အရှိန်မြှင့်လိုက်သည်။ ပထမဆုံးအဆင့်အနေဖြင့် အကျိုးအမြတ် အများဆုံး ရနေသော ချန်ကျီ တိုက်ရိုက်ထုတ်လွှင့်မှု ကို ပစ်မှတ်ထားလိုက်သည်။ ကျောက်ရှောင်တန်၏ ကိစ္စကို စံနမူနာယူကာ သူသည် ဟက်ကာ အချို့ကို ငှားရမ်း၍ ထိုပလက်ဖောင်းပေါ်တွင် ရွံရှာဖွယ်ရာနှင့် သွေးထွက်သံယို မြင်ကွင်းများစွာကို တိုက်ရိုက် လွှင့်ခိုင်းလိုက်သည်။ မကြာမီမှာပင် ချန်ကျီ ပလက်ဖောင်းကို သက်ဆိုင်ရာ ဌာနများက ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ချလိုက်တော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု လောကမှာ လျင်မြန်စွာ တိုးတက်နေသော လုပ်ငန်းဖြစ်ရာ ချန်ကျီ ပြဿနာတက်သည်နှင့် ပြိုင်ဘက် ကုမ္ပဏီများက အသုံးပြုသူများနှင့် အဓိက ဝန်ထမ်းများကို ဝိုင်းဝန်း လုယူကြတော့သည်။ တုဟုန်ရိသည် ဤကိစ္စတွင် ထန်မိသားစု၏ အရင်းအမြစ်များကို အသုံးချလိုက်ချိန်မှသာ ငွေနှင့် အာဏာ၏ စွမ်းအားကို အမှန်တကယ် သိရှိလိုက်ရသည်။ ခက်ခဲလိမ့်မည်ဟု ထင်ထားသော ကိစ္စမှာ လက်ဖျောက်တစ်ချက် တီးရုံမျှဖြင့် အောင်မြင်သွားခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် သူသည် အရှိန်ကို မလျှော့ဘဲ ချန်မိသားစု၏ ဂိမ်းလုပ်ငန်းနှင့် အသစ် စတင်မည့် AI ပရောဂျက်များကိုပါ တိုက်ခိုက်လေတော့သည်။
လုယူနိုင်ခဲ့သော အရင်းအမြစ်များနှင့် နည်းပညာသမား အများစုကို သူသည် တုဇယ်ချန်းထံသို့ ပေးအပ်လိုက်သည်။ ပထမအချက်မှာ လောင်ဟွေ့ ကုမ္ပဏီသည် ထိုကဲ့သို့သော လူသားအရင်းအမြစ်များ အမှန်တကယ် လိုအပ်နေသောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ သားဖြစ်သူကို မျက်နှာလုပ်ခြင်းဖြင့် ထန်ရွှမ် စိတ်ပျော့လာကာ ကွာရှင်းမည့် ကိစ္စကို လက်လျှော့သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ကျန်ရှိသော အရာများကိုမူ ထန်မိသားစု လုပ်ငန်းထဲသို့ ပေါင်းထည့်လိုက်ရာ မိမိ၏ အာဏာကို ကြိုတင် တည်ဆောက်လိုက်ခြင်းပင် ဖြစ်တော့သည်။
…