အခန်း ၅၈
Vol. 4 Ch. 58
အခန်း (၅၈)
သူတို့သည် စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းတွင် တွေ့ဆုံကြသည်။
မိမိ၏ အိပ်မက်များ အကောင်အထည် ပေါ်လာတော့မည့် အခြေအနေကြောင့် တုဟုန်ရိ၏ မျက်နှာမှာ ကြည်လင်နေသော်လည်း ယန်ရှောင်ယွမ်မှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထန်ရွှမ်က သူမကို လိုက်လံ ရှာဖွေခြင်း မရှိသော်လည်း သူမသည် မိမိ၏ စိတ်ဖြင့်သာ သူတစ်ပါးကို နှိုင်းယှဉ်ကာ မိမိကိုယ်မိမိ အန္တရာယ်ရှိသည်ဟု ယူဆပြီး အမြဲ ထိတ်လန့်နေခဲ့သည်။ ထို့ကြောင့် သူမမှာ များစွာ ပိန်ချုံးသွားပြီး မျက်နှာမှာလည်း မကောင်းပေ။ တုနျန်ယန်သည်လည်း အရင်ကထက် ပို၍ မှိုင်တွေကာ တိတ်ဆိတ်နေတော့သည်။
တုဟုန်ရိသည် များစွာ မမေးမြန်းတော့ဘဲ ဝမ်းသာအားရဖြင့် သူတို့ကို ဖက်လိုက်ပြီး ပြောလိုက်သည်။
"ရှောင်ယွမ်... ငါတို့ မကြာခင် အောင်မြင်တော့မယ်"
ယန်ရှောင်ယွမ်၏ မျက်နှာတွင်မူ ဝမ်းသာရိပ် လုံးဝ မရှိဘဲ အေးစက်စွာ လှောင်ပြုံးလိုက်သည်။ ပြောလိုက်သည်။ "ရှင်ပဲ အောင်မြင်မှာပါ၊ ကျွန်မတို့ သားအမိကတော့ နောက် ဘာဖြစ်မယ်ဆိုတာတောင် မသေချာဘူး မဟုတ်လား”
တုဟုန်ရိက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "မင်းက ဘာတွေ ပြောနေတာလဲ။ မင်းအပေါ် ထားတဲ့ ငါ့ရဲ့ စိတ်ကို အခုထိ မယုံသေးဘူးလား”
"ဟုတ်တယ်၊ ကျွန်မ မယုံနိုင်ဘူး" ယန်ရှောင်ယွမ်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝေ့သီလာသည်။ ပြောလိုက်သည်။ "ဒီလွန်ခဲ့တဲ့ လတွေအတွင်းမှာ ရှင် ကျွန်မတို့ကို ဘယ်လို ဆက်ဆံခဲ့လဲ။ ကျွန်မက ရှင့်ကို ဘယ်လိုလုပ် ယုံရဲမှာလဲ ဒီရက်ပိုင်းတွေမှာ ကျွန်မတို့ ဘယ်လို ဘဝမျိုးနဲ့ ဖြတ်သန်းခဲ့ရလဲဆိုတာ ရှင် သိရဲ့လား”
တုဟုန်ရိက သူမ၏ မျက်ရည်များကို သုတ်ပေးရင်း ချော့မြူလိုက်သည်။
"ဒါကလည်း အခြေအနေအရ မတတ်သာလို့ပါကွာ။ သေတမ်းစာ မဖွင့်ခင် အချိန်အထိ ငါတို့ ဘာအမှားမှ အဖြစ်မခံနိုင်ဘူးလေ။ အရင်တုန်းက မင်း တွေးပူနေတာတွေက အပိုတွေပါ။ ထန်ရွှမ်က အခုမှ နျန်ယန်ရဲ့ အကြောင်းကို သိလိုက်ရတာလေ”
ယန်ရှောင်ယွမ်က မျက်မှောင်ကြုတ်လိုက်စဉ် သူက ဆက်ပြောလိုက်သည်။
"မင်း မသိသေးဘူး... ဒီရက်ပိုင်းအတွင်းမှာ ချန်ရွေ့က ထန်ရွှမ်ကို ငါနဲ့ ကွာရှင်းဖို့ အတင်း သွေးထိုးနေတာ။ တကယ်လို့သာ ငါတို့ ကွာရှင်းလိုက်ရင် ငါတို့ ကြိုးစားထားသမျှတွေက လက်တစ်ကမ်းအလိုမှာတင် အရာရာ အချည်းနှီး ဖြစ်သွားရလိမ့်မယ်”
ယန်ရှောင်ယွမ်သည် ဤကိစ္စကို မသိရှိသေးသဖြင့် ကြောင်အမ်းသွားပြီး မေးလိုက်သည်။ "ဒါနဲ့... နောက်ဆုံးတော့ ဘာဖြစ်သွားလဲ”
တုဟုန်ရိက ဖြေလိုက်သည်။ "ကံကောင်းလို့ပေါ့။ အရင်ရက်တွေက ငါ သူတို့ သားအမိကို အစွမ်းကုန် အလိုလိုက်ခဲ့သလို မင်းတို့ သားအမိဘက်ကလည်း အနစ်နာခံပေးခဲ့လို့ သူတို့တွေ တွေဝေသွားပြီး ကွာရှင်းစာချုပ် တင်တာ နောက်ကျသွားတာလေ”
ယန်ရှောင်ယွမ်က စိုးရိမ်တကြီး မေးလိုက်သည်။ "သူက တကယ်ပဲ ကွာရှင်းစာချုပ် တင်လိုက်တာလား”
"ဟုတ်တယ်လေ” တုဟုန်ရိက ထိုအကြောင်းကို ပြောလိုက်ချိန်တွင် မျက်ဝန်းထဲ၌ နာကျည်းမှုများ ပြည့်နှက်နေသည်။ ပြောလိုက်သည်။
"ငါက နှစ်ပေါင်း ၃၀ တိုင်တိုင် သူတို့ကို အလိုလိုက်ပြီး ပြုစုစောင့်ရှောက်ခဲ့တာလေ။ အခုတော့ ပြင်ပလူတွေကြောင့် ငါ့နောက်ကျောကို ဓားနဲ့ ထိုးကြတယ်ပေါ့"
ယန်ရှောင်ယွမ်က မျက်လုံးများကို ကစားကာ မေးလိုက်သည်။ "ဒါဆို မနက်ဖြန် သေတမ်းစာ ဖွင့်ပြီးရင်တော့ သူတို့ရဲ့ အနှိမ်ခံ ဘဝကနေ လွတ်မြောက်ပြီပေါ့နော်"
တုဟုန်ရိက သူမအား ပွေ့ဖက်လိုက်သည်။ ပြောလိုက်သည်။ "ဟုတ်တာပေါ့ ရှောင်ယွမ်... ငါတို့ အောင်မြင်တော့မှာပါ။ မနက်ဖြန် ပြီးသွားရင်တော့ သူတို့ကပဲ ငါ့ဆီမှာ လာပြီး ဒူးထောက် တောင်းပန်ကြရတော့မှာ”
ထန်ရွှမ်က ကွာရှင်းချင်နေသည်မှာ သူ ထန်မိသားစု လုပ်ငန်းကို မရနိုင်ဟု ထင်နေ၍ ဖြစ်သည်။ အကယ်၍ သူသာ တရားဝင် လွှဲပြောင်းယူနိုင်လိုက်ပါက တုဇယ်ချန်းအတွက် ငဲ့ကွက်ပြီး သူမသည် ကွာရှင်းဖို့ ထပ်မံ ပြောရဲတော့မည် မဟုတ်ပေ။
ယန်ရှောင်ယွမ်က အလေးအနက် ပြောလိုက်သည်။ "ကျွန်မ လက်စားချေချင်တယ်”
တုဟုန်ရိသည် ယခုအခါ သူမအား အစွမ်းကုန် အလိုလိုက်လျက် ပြုံး၍ ပြောလိုက်သည်။ "ဘယ်လို လက်စားချေချင်လို့လဲ။ သူ့ကို မင်းဆီမှာ လက်ဖက်ရည် လာချခိုင်းရမလား။ စိတ်ချပါ... ငါ ထန်မိသားစု လုပ်ငန်းကို သေချာ ကိုင်တွယ်နိုင်ပြီဆိုရင် သူတို့ကို အဝေးကို ပို့ပစ်ပါ့မယ်”
"ဟင့်အင်း..." ယန်ရှောင်ယွမ်က ဆိုသည်။ ပြောလိုက်သည်။
"မနက်ဖြန် လူအားလုံးရဲ့ ရှေ့မှာ နျန်ယန်ရဲ့ အထောက်အထားကို ဝန်ခံပေးစေချင်တယ်။ သူကသာ ရှင့်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်ကြောင်းကိုလည်း ကြေညာပေးပါ" သူမသည် ထန်ရွှမ်နှင့် တုဇယ်ချန်းတို့ကို အကြီးအကျယ် အရှက်ကွဲစေကာ မျှော်လင့်ချက် ကင်းမဲ့သွားစေချင်ခြင်း ဖြစ်သည်။
တုဟုန်ရိက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ရှောင်ယွမ်... မင်း ဒီရက်ပိုင်းအတွင်း စိတ်ပင်ပန်းခဲ့ရမှန်း ငါ သိပါတယ်။ ဒါပေမဲ့ အခုလို လုပ်ဖို့က အန္တရာယ် အရမ်း များလွန်းတယ်လေ”
"ဟင့်အင်း... ကျွန်မ ဂရုမစိုက်ဘူး” ယန်ရှောင်ယွမ်က သူ၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဟုန်ရိ... ကျွန်မ ရှင့်ကို ဆက်ပြီး မယုံရဲတော့ဘူး၊ ကျွန်မ အရမ်း ကြောက်နေလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သေတမ်းစာက အတည်ပြုပြီးရင် အကျိုးသက်ရောက်မှု ရှိသွားပြီပဲ။ ရှင်သာ မကွာရှင်းဘူးဆိုရင် ထန်မိသားစု လုပ်ငန်းက ရှင့်လက်ထဲမှာပဲ ရှိနေမှာပေါ့။ အခုလည်း ရှင် အာဏာတွေ ရနေပြီ မဟုတ်လား”
တုဟုန်ရိသည် မကြာသေးခင်က ထန်မိသားစု၏ အရင်းအမြစ်များကို စိတ်ကြိုက် အသုံးချနိုင်ခဲ့သည်ကို သတိရကာ စိတ်လှုပ်ရှားသွားသော်လည်း သတိတရားကတော့ ရှိနေဆဲ ဖြစ်သည်။
"ရှောင်ယွမ်... ဒါက တကယ်ကို စွန့်စားရာ ကျလွန်းတယ်။ ငါ ကတိပေးပါတယ်၊ ထန်မိသားစု လုပ်ငန်းကို တရားဝင် ရပြီးတာနဲ့ အခြေအနေကောင်းတဲ့ အချိန်ကျရင် နျန်ယန်ရဲ့ အထောက်အထားကို ငါ သေချာပေါက် ကြေညာပေးပါ့မယ်”
"မရဘူး၊ မနက်ဖြန်မှာတင် ကြေညာရမယ်" ယန်ရှောင်ယွမ်က ဇွဲနပဲဖြင့် ပြောဆိုနေတော့သည်။
တုဟုန်ရိလည်း အနည်းငယ် စိတ်တိုလာကာ ပြောလိုက်သည်။ "မင်းကလည်း ဘာလို့ ဒီလောက်အထိ နားမလည် ဖြစ်နေရတာလဲ အရင်တုန်းကလည်း မင်း စိတ်လောခဲ့လို့ အခု ကိစ္စတွေ ဒီလောက်ထိ ရှုပ်ကုန်တာလေ။ သူက ကွာရှင်းဖို့ တရားစွဲထားတာလေ၊ ငါကသာ လူတွေရှေ့မှာ နျန်ယန်ရဲ့ အကြောင်းကို ပြောလိုက်ရင် သူ့အတွက် သက်သေ ပေးလိုက်သလို ဖြစ်သွားမှာပေါ့။ အခုလည်း ချန်မိသားစုက ကြားထဲက နှောင့်ယှက်နေတာ။ တရားရုံးကသာ လိုက်စစ်ရင် ငါတို့ ကြိုးစားထားသမျှတွေ အားလုံး သဲထဲရေသွန် ဖြစ်ကုန်မှာပေါ့”
"ပြီးတော့ စီးပွားရေးသမား တစ်ယောက်အတွက် သိက္ခာက အရေးကြီးတယ်လေ။ အဲဒီလို ပွဲမျိုးမှာ နျန်ယန်ရဲ့ အကြောင်းကို အသည်းအသန် ကြေညာလိုက်ရင် ငါ့ရဲ့ အရှိန်အဝါက ဘယ်မှာ ကျန်တော့မလဲ။ လူတွေက ငါတို့ကို အောက်တန်းစားတွေလို့ မြင်ကုန်မှာပေါ့။ မင်းလည်း နျန်ယန်ကို ပြည့်စုံတဲ့ စီးပွားရေး အင်ပါယာကြီးတစ်ခု လွှဲပေးချင်တာ မဟုတ်လား”
ယန်ရှောင်ယွမ်ကတော့ မည်သည့် အကြောင်းပြချက်ကိုမှ နားမဝင်တော့ပေ။ ထန်ရွှမ် ပြောခဲ့သော စကားများနှင့် သူမ ရရှိခဲ့သော စာချုပ်ကို သတိရကာ သူသည် လိမ်လည်နေခြင်းသာ ဖြစ်သည်ဟု သူမ ယူဆလိုက်သည်။ ထို့ကြောင့် တိုက်ရိုက်ပင် ပြောလိုက်တော့သည်။
"ကျွန်မ ဂရုမစိုက်ဘူး။ မနက်ဖြန် သေတမ်းစာ အတည်ဖြစ်ပြီးတာနဲ့ ရှင့်ဘက်က နျန်ယန်ကို အမွေဆက်ခံသူအဖြစ် ဝန်ခံရမယ်။ မဟုတ်ရင်တော့... ကျွန်မတို့ကြားက အရင် စာချုပ်ကို လူသိရှင်ကြား ချပြလိုက်မယ်"
တုဟုန်ရိ၏ မျက်နှာမှာ ရုတ်တရက် ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲသွားသည်။ မေးလိုက်သည်။ "မင်း ဘာပြောလိုက်တာလဲ"
ယန်ရှောင်ယွမ် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသော်လည်း သူသည် သူမတို့ သားအမိနှင့်အတူ ဘဝကို အမှန်တကယ် လက်တွဲလိုစိတ် မရှိကြောင်း ပိုမို သေချာသွားတော့သည်။ လက်စားချေဖို့ ဖြစ်စေ၊ အသက်ရှင်ဖို့ ဖြစ်စေ မနက်ဖြန်တွင် သူမသည် တရားဝင် ဂုဏ်ပုဒ်တစ်ခုကို မရရအောင် ယူရပေမည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က စာချုပ်ကို ရှင် မေ့မသွားဘူး မလား” အသက်အန္တရာယ် ကြုံလာချိန်တွင် ယန်ရှောင်ယွမ်သည်လည်း ရက်စက်ပြလိုက်သည်။ ပြောလိုက်သည်။
"တကယ်လို့ အဲဒီစာချုပ်ကိုသာ ချပြလိုက်ရင် ရှင်က လှည့်စားပြီး လက်ထပ်ခဲ့တာလို့ အားလုံးက သတ်မှတ်ကြလိမ့်မယ်။ အဲဒီအခါ ရှင် ဆုံးရှုံးရမှာက သိက္ခာတင် မကဘူး... ရှင် ပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးရလိမ့်မယ်"
တုဟုန်ရိ၏ မျက်လုံးများမှာ လူကို ဝါးမျိုတော့မည့်အလား မည်းမှောင်နေသည်။ သူက မေးလိုက်သည်။
"ယန်ရှောင်ယွမ်... မင်း ဘာတွေ ပြောနေလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လား”
"သိတာပေါ့” ယန်ရှောင်ယွမ်က လေသံကို ပြန်လျှော့ကာ ပြောလိုက်သည်။
"တောင်းပန်ပါတယ် ဟုန်ရိ... ကျွန်မ တကယ်ပဲ အရမ်း ကြောက်နေလို့ပါ။ ဒီနှစ်ပေါင်း ၃၀ ကျော်လုံး ကျွန်မက ရွှံ့နွံထဲက ကြွက်တစ်ကောင်လို နေခဲ့ရသလို၊ သားလေးကိုလည်း လူလုံးမပြနိုင်အောင် လုပ်ခဲ့မိတာလေ”
"ဟုန်ရိ... ကျွန်မ စိတ်မအေးလို့ပါ။ ကျွန်မရဲ့ ဂုဏ်ပုဒ်ကို အသိအမှတ်ပြုပေးဖို့ မတောင်းဆိုပါဘူး၊ နျန်ယန်ကိုပဲ ဝန်ခံပေးလိုက်ရင် ရပါပြီ။ အခုခေတ်မှာ ဘယ်မိသားစုမှာ တရားမဝင်သား မရှိလို့လဲ။ ပြီးတော့ နျန်ယန်ကလည်း ဒီလောက် ကြီးနေပြီပဲလေ။ ရှင်ကလည်း အရင်ကတည်းက လူကြီးလူကောင်း ပုံစံနဲ့ နေလာတာဆိုတော့... ဒါက အမှတ်မထင် မှားခဲ့တဲ့ အမှားတစ်ခုလို့ပဲ ပြောလိုက်ပေါ့။ တုဇယ်ချန်းက ဒုက္ခိတ ဖြစ်သွားပြီမို့လို့ သူ့ကို ပြန်ခေါ်ထားတာပါလို့ ပြောရင် ရတာပဲ။ ကျွန်မနဲ့ ရှင့်ကြားက ပတ်သက်မှုကိုတော့ ကျွန်မ ဝန်မခံပါဘူး၊ သူတို့မှာ ဘာသက်သေမှ ရှိမှာ မဟုတ်ဘူး... ဟုတ်ပြီလား”
"မနက်ဖြန် သေတမ်းစာ အတည်ဖြစ်သွားရင် ထန်ရွှမ်ကလည်း စွန့်စားပြီး ကွာရှင်းဖို့ ထပ်မပြောရဲတော့ပါဘူး” ယန်ရှောင်ယွမ်က ဆက်ပြောလိုက်သည်။ "နျန်ယန်ကိုသာ အသိအမှတ်ပြုပေးလိုက်ရင် ကျွန်မ ရှင့်ဘေးကနေ ထွက်သွားပေးမယ်။ နောက် သုံးလေးနှစ်လောက်နေလို့ ရှင် အရာရာကို အေးအေးဆေးဆေး စီမံနိုင်ပြီဆိုမှ ကျွန်မ ပြန်ပေါ်လာမယ်လေ”
တုဟုန်ရိက ဘာမှမပြောဘဲ သူမကို စိုက်ကြည့်နေမိသည်။ ယန်ရှောင်ယွမ်သည် တရားဝင် ဂုဏ်ပုဒ်ကို မည်မျှအထိ လိုလားနေသလဲဆိုသည်ကို သူ အသိဆုံး ဖြစ်သည်။ ထို့ကြောင့်လည်း အစတုန်းက အမှားများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်လေ။ သို့သော် ယခု သူမက ဤမျှအထိ လျှော့ပေးလာသည်ကို ကြည့်လျှင် နျန်ယန်ကို နေရာရစေရန် အသေအလဲ ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာလှသည်။
သူမသည် ထန်ရွှမ်နှင့် မတူပေ။ ထန်ရွှမ်က သူ့ကို မုန်းလျှင်ပင် သံယောဇဉ်ဟောင်းများကို ငဲ့ကွက်တတ်သော နူးညံ့မှု ရှိသေးသည်။ သို့သော် ဤအမျိုးသမီးမှာမူ နှစ်ပေါင်း ၃၀ ကြာ ပုံမှန်မဟုတ်သော ပတ်သက်မှုများကြောင့် ပြတ်သားပြီး ရက်စက်သူတစ်ဦး ဖြစ်လာခဲ့ပြီ။ ယခုဆိုလျှင် ထိုစာချုပ်ဖြင့် သူ့ကို ခြိမ်းခြောက်လာသည်အထိ ဖြစ်နေပြီ။
"ကောင်းပြီလေ” တုဟုန်ရိက ခဏစဉ်းစားပြီးမှ သဘောတူလိုက်သည်။ သူက ယန်ရှောင်ယွမ်အား ဖက်ထားရင်း ပြောလိုက်သည်။ "တောင်းပန်ပါတယ်... မင်းတို့ကို ဒုက္ခတွေ အများကြီး ပေးခဲ့မိပြီ။ မနက်ဖြန်ကျရင် နျန်ယန်ကို ငါ အသိအမှတ်ပြုပေးပါ့မယ်။ ဒါပေမဲ့ မင်းကတော့ ခဏလောက် ထပ်ပြီး သည်းခံပေးရဦးမယ်နော်”
ယန်ရှောင်ယွမ်၏ မျက်နှာတွင် အပြုံးများ ပေါ်လာသည်။ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဟုန်ရိ”
တစ်ချိန်လုံး စကားမပြောဘဲ နေခဲ့သော တုနျန်ယန်၏ မျက်ဝန်းထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာသည်။ သူက ပြောလိုက်သည်။ "ဖေဖေ”
တုဟုန်ရိက သားဖြစ်သူ၏ ပခုံးကို ဖက်လိုက်ပြီး ယန်ရှောင်ယွမ်အား ဘဏ်ကတ်တစ်ခု ကမ်းပေးလိုက်သည်။
"နျန်ယန်ကို ခေါ်ပြီး ကောင်းကောင်း ပြင်ဆင်လိုက်ကြဦး။ မနက်ဖြန်ကျရင် ခံ့ခံ့ညားညားနဲ့ လာခဲ့ကြပေါ့”
ထို့နောက်တွင်မူ တစ်ရက် အနားယူရန် ကြံစည်ထားသော တုဟုန်ရိသည် ကုမ္ပဏီသို့ အမြန် ပြန်သွားကာ ပြင်ဆင်မှုများ ပြုလုပ်ရတော့သည်။ အသိအမှတ်ပြုမည်ဆိုပါကလည်း သေချာ စနစ်တကျ လုပ်ဆောင်ရပေမည်။ အကယ်၍သာ ကောင်းမွန်စွာ စီစဉ်နိုင်ပါက၊ လူအများရှေ့တွင် မိမိ၏ ပုံရိပ်ကိုပါ ပိုမို ကောင်းမွန်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ တွက်ထားသည်။ တုဟုန်ရိသည် ဤကဲ့သို့သော အရာများတွင် အလွန် ကျွမ်းကျင်သူ မဟုတ်ပါလား။
ယနေ့သည် အလုပ်ပိတ်ရက် ဖြစ်သော်လည်း ထန်မိသားစု၏ ချန်ရှီးအဆောက်အဦရှိ ကားပါကင်တွင်မူ ကားများစွာ ပြည့်နှက်နေသည်။ ထန်မိသားစု၏ အမွေဆက်ခံသူများသာမက အခြားသော လူအများအပြားအတွက်လည်း ဤနေ့သည် အလွန် အရေးကြီးလှသည်။ အာဏာအလှည့်အပြောင်း ဆိုသည်မှာ ရှေးခေတ် နန်းတွင်းရေးများမှာသာ ရှိသည် မဟုတ်ပေ။
ကုမ္ပဏီ အသေးလေးတစ်ခုမှာပင် အာဏာလုပွဲများ ရှိနေပါက ထန်မိသားစုကဲ့သို့ ကြီးမားလှသော စီးပွားရေး အင်ပါယာကြီးတစ်ခုအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။ လူမှန်ကို ရွေးချယ်နိုင်ပါက နောင်တစ်ချိန်တွင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ရာ လူတိုင်းက မိမိတို့၏ ဘဝ တိုးတက်ပြောင်းလဲလာမည့် အရေးကို မျှော်လင့်နေကြခြင်း ဖြစ်သည်။
ထန်ရွှမ်၊ တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့သည် ကားပေါ်မှ ဆင်းလိုက်ကြပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။
တုဇယ်ချန်းက အံ့ဩစွာ ပြောလိုက်၏။
"တုဟုန်ရိကတော့ အကူအညီတွေ အများကြီး ခေါ်ထားတာပဲ"
ထန်ရွှမ်က ပြုံး၍ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ဘေးရှိ ကားတံခါးမှာ ပွင့်သွားပြီး အမျိုးသမီး တစ်ဦးနှင့် လူငယ်တစ်ဦး ဆင်းလာခဲ့ကြသည်။ ထိုအမျိုးသမီးက ထန်ရွှမ်တို့ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ "တုကတော်... ဇယ်ချန်း... ယို့ယောင်”
ထိုသူများမှာ ယန်ရှောင်ယွမ်တို့ သားအမိပင် ဖြစ်သည်။
ထန်ရွှမ်က သူမအား အကဲခတ်လိုက်သည်။ သူမသည် ရိုးရှင်းသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အတွင်းရေးမှူး တစ်ဦးကဲ့သို့သော ပုံစံမျိုးသာ ရှိနေကာ ကြွားဝါခြင်း လုံးဝ မရှိပေ။ တုနျန်ယန်မှာမူ သေချာ ပြင်ဆင်လာပြီး စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် မျက်နှာမှာလည်း ကြည်လင်နေသည်။
သူသည် ငယ်ရွယ်သူဖြစ်ရာ ယနေ့တွင် မိမိ၏ ကံကြမ္မာ ပြောင်းလဲတော့မည်ကို သိရှိနေသဖြင့် ဂုဏ်ယူဝင့်ကြွားမှုများကို ဖုံးကွယ်၍ မရဘဲ ရှိနေသည်။ သူက တုဇယ်ချန်းကို အထက်စီးမှ ကြည့်ကာ ပြောလိုက်သည်။ "အစ်ကိုတု... မတွေ့ရတာ ကြာပြီနော်”
"မထိုက်တန်ပါဘူး” တုဇယ်ချန်းက ဂရုမစိုက်ဟန်ဖြင့် လက်ဝေ့ယမ်းပြကာ ပြောလိုက်သည်။
"မင်းကိုလည်း ငါ မတွေ့ချင်ပါဘူး”
တုနျန်ယန်က ပြုံးလျက် အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ "နှမြောစရာပဲ... ဒါက အစ်ကို့သဘောနဲ့ လုပ်လို့ရတာမှ မဟုတ်တာ။ နောင်ကျရင်တော့ အစ်ကို ကျွန်တော့်အပေါ် ဂရုစိုက်ခဲ့သလိုမျိုး ကျွန်တော်ကလည်း အစ်ကို့ကို ပြန်ပြီး ဂရုစိုက်ပေးပါ့မယ်”
တုဇယ်ချန်းက သူ့ကို အလေးအနက် စိုက်ကြည့်လိုက်ပြီးမှ ပြုံး၍ မေးလိုက်သည်။ "ဒါဆိုရင်တော့... မင်းရဲ့ အိပ်မက်တွေ အောင်မြင်ပါစေလို့ပဲ ဆုတောင်းပေးရမှာပေါ့"
ထန်ရွှမ်သည်လည်း ယန်ရှောင်ယွမ်ကို ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်ပြီးနောက် တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့ကို ခေါ်ဆောင်၍ ဓာတ်လှေကားဆီသို့ လျှောက်လှမ်းခဲ့ကြသည်။ အစအဆုံး သူတို့ သုံးဦးလုံးသည် မည်သည့် ဒေါသအမူအရာမှ မပြသည့်အပြင်၊ အံ့ဩသည့်ဟန်ပင် မရှိကြပေ။
ယန်ရှောင်ယွမ်နှင့် တုနျန်ယန်တို့မှာမူ မျက်မှောင်ကြုတ်လိုက်မိကြသည်။ တစ်ဖက်လူ နာကျင်နေသည်ကို မြင်တွေ့ရမှသာ လက်စားချေရခြင်း၏ အရသာကို ခံစားနိုင်မည် မဟုတ်ပါလား။ ယခု သူတို့ သုံးဦးလုံးမှာ ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေခြင်းမှာ သူတို့ သားအမိအတွက် စိတ်မသက်မသာ ဖြစ်စေသည်။ အားကုန်သုံးပြီး ထိုးလိုက်သော်လည်း ဘာအသံမှ ထွက်မလာသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်။
သူတို့နှစ်ဦးသည် ထန်ရွှမ်တို့၏ အနောက်မှ ဓာတ်လှေကားထဲသို့ လိုက်ပါသွားကြသည်။ ယန်ရှောင်ယွမ်သည် နောက်ဆုံးတွင် မနေနိုင်ဘဲ မေးလိုက်သည်။
"ရှင်က ကျွန်မတို့ ရောက်လာတာကို နည်းနည်းတောင်မှ စူးစမ်းချင်စိတ် မရှိဘူးလား”
ထန်ရွှမ်က သူမကို လျစ်လျူမရှုဘဲ အေးအေးဆေးဆေးပင် ပြန်မေးလိုက်သည်။ "မင်းတို့ ရောက်လာတာက ဘာတွေ ပြောင်းလဲသွားစေလို့လဲ”
ယန်ရှောင်ယွမ်က မေးလိုက်သည်။ "ရှင်ကပဲ အောင်နိုင်သူလို့ ထင်နေတာလား”
"ဒါဆို မင်းက တုဟုန်ရိက ဒီနေ့ ငါ့ကို ကွာရှင်းမယ်လို့ ပြောလိမ့်မယ်လို့ ထင်နေတာလား။ ဒါမှမဟုတ် ထန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သူ ငြင်းပယ်လိမ့်မယ်လို့လား” ထန်ရွှမ်က ဆက်ပြောလိုက်သည်။
"ဒါမှမဟုတ် လူအများရှေ့မှာ သူက ငါတို့ သားအမိကို နှိပ်စက်လိမ့်မယ်လို့များ မင်း ထင်နေတာလား”
ယန်ရှောင်ယွမ်သည် နောက်ဆုံးတွင် စိတ်ကျေနပ်သွားပြီး ဘာမှ ထပ်မပြောတော့ပေ။ တုဟုန်ရိသည် ကွာရှင်းမည် မဟုတ်သလို၊ ပိုင်ဆိုင်မှုများကိုလည်း ငြင်းပယ်မည် မဟုတ်ပေ။ ထို့ပြင် သူတို့ သားအမိကိုလည်း နှိပ်စက်လိမ့်မည် မဟုတ်သည်မှာ သေချာသည်။ သို့သော် သူသည် မိမိ၏ အမွေဆက်ခံသူကို ကြေညာလိမ့်မည် ဖြစ်ပြီး ထိုသူမှာ တုဇယ်ချန်း ဖြစ်လိမ့်မည် မဟုတ်ပေ။
တုနျန်ယန်ကိုသာ အမွေဆက်ခံသူအဖြစ် သတ်မှတ်လိုက်သည်နှင့် ထန်ရွှမ်၏ ဂုဏ်သိက္ခာများ အားလုံးမှာ ရွှံ့ထဲသို့ နစ်ဝင်သွားပေလိမ့်မည်။
ထိုနောက်ဆုံး အခိုက်အတန့်၏ ပျော်ရွှင်မှုအတွက်ဆိုလျှင် ယခု သည်းခံနေရသမျှမှာ အလွန်ပင် တန်ဖိုးရှိလှသည်ဟု ယန်ရှောင်ယွမ် ခံစားနေရတော့သည်။
…