← Chapters

အခန်း ၆၀

Vol. 4 Ch. 60

အခန်း ၆၀

Vol. 4 Ch. 60

အခန်း (၆၀)

လူလတ်ပိုင်း အမျိုးသားသည် ခလုတ်တစ်ခုကို နှိပ်လိုက်ရာ အစည်းအဝေး စားပွဲပေါ်ရှိ ပရော်ဂျက်တာမှာ ရုတ်တရက် ပွင့်လာခဲ့သည်။

မျက်နှာချင်းဆိုင်ရှိ အဖြူရောင် နံရံပေါ်တွင် တုဟုန်ရိနှင့် ယန်ရှောင်ယွမ်တို့၏ ရင်းနှီးကျွမ်းဝင်လှသော ဓာတ်ပုံများမှာ ရောက်ရှိနေသူ အားလုံး၏ ရှေ့မှောက်၌ အထင်အရှား ပေါ်ပေါက်လာတော့သည်။

တုနျန်ယန်၏ မွေးနေ့ကို အတူတူ ကျင်းပနေသည့် ပုံများ၊ ယန်ရှောင်ယွမ်က သူ၏ လက်မောင်းကို ချိတ်ကာ ဈေးဝယ်ထွက်နေသည့် ပုံများ၊ အချို့ပုံများတွင် အနမ်းခြွေနေကြပြီး အခန်းအတွင်း၌ နှစ်ဦးသား ရမ္မက်ဇောဖြင့် ဖက်လဲတကင်း ရှိနေကြသည့် ပုံများအထိပင်။

ဓာတ်ပုံထဲမှ တုနျန်ယန်၏ ရုပ်သွင်ကို ကြည့်ခြင်းအားဖြင့် ဤပုံများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ပုံများမဟုတ်ဘဲ လွန်ခဲ့သော တစ်နှစ် သို့မဟုတ် လဝက်အတွင်းက ပုံများဖြစ်ကြောင်း သိသာလှပြီး ရိုက်ကွင်းအများစုမှာလည်း နိုင်ငံခြားတွင် ဖြစ်နေသည်။

ယန်ရှောင်ယွမ်မှာ ပျာယာခတ်သွားရသည်။ သူတို့နှစ်ဦးမှာ အစွမ်းကုန် သတိထားခဲ့ကြပါလျက်နှင့်... ဘယ်လိုဖြစ်လို့များ…။

တုဟုန်ရိမှာမူ ရေခဲတိုက်ထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခဏအတွင်း သူသည် အတွေးများစွာ ဝင်လာခဲ့သည်။ ဤကိစ္စသည် ထန်ရွှမ် လုပ်ဆောင်ခြင်းလား၊ သို့မဟုတ် အဘိုးထန် လုပ်ဆောင်ခဲ့ခြင်းလား။ အကယ်၍ ထန်ရွှမ်သာ ဖြစ်ခဲ့ပါက သူမသည် ယခုအချိန်အထိ သည်းခံလာခဲ့ခြင်းမှာ ကြီးမားသော ရည်ရွယ်ချက် ရှိနေ၍သာ ဖြစ်ရမည်။ အကယ်၍ အဘိုးထန်သာ ဖြစ်ခဲ့ပါက သူသည် မိမိ၏ သမီးနှင့် မြေးကို ဒုက္ခရောက်အောင် မည်သည့်အခါမျှ ကြည့်နေမည် မဟုတ်ပေ။ သေတမ်းစာကရော...

သူသည် အလိုအလျောက် ရှေ့နေထံသို့ လှမ်းကြည့်လိုက်မိသည်။ ထန်ရွှမ်သည်လည်း သူ၏ အကြည့်ကို မြင်တွေ့လိုက်ပြီး ပြောလိုက်သည်။

"ရှင် အလေးအနက်ထားဆုံးက သေတမ်းစာ ဖြစ်နေတုန်းပဲ မဟုတ်လား။ မလောပါနဲ့ဦး၊ ဒီနေ့တော့ ရှင်နဲ့ ကျွန်မ အရာရာကို အစအဆုံး ရှင်းကြတာပေါ့။ ကျွန်မက ရှင့်လိုမျိုး ဇာတ်လမ်းတွေ ဆင်ပြီး လူတွေကို လှည့်စားမှာ မဟုတ်ဘူး။ အရှိတရားနဲ့ သက်သေတွေကို သုံးပြီး ဘယ်သူပြောတာက အမှန်လဲဆိုတာ လူတိုင်း သိအောင် ပြပေးမှာပါ”

သူမသည် မှင်တက်နေကြသော လူအုပ်ကြီးဘက်သို့ လှည့်ကာ ပြုံး၍ ပြောလိုက်သည်။

"ဒါလား... မတော်တဆ တစ်ကြိမ် မှားခဲ့ပြီးတဲ့နောက်မှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး ဆိုတဲ့ ဆက်ဆံရေးက။ ဦးလေးဝမ်... ကျွန်မကို တစ်ချက်လောက် ရှင်းပြပေးပါဦး။ ဒါကို ပတ်သက်မှုလို့ မခေါ်ရင် ဘာကို ခေါ်ရမှာလဲဟင်”

ရုပ်သံပြစက်ပေါ်ရှိ ပုံရိပ်မှာ နှစ်ဦးသား အဝတ်အစားများ မလုံမလဲဖြင့် ရမ္မက်ဇော ကြွနေသည့် မြင်ကွင်းတွင် ရပ်တန့်နေခဲ့သည်။

ဝမ်ကျန့်ဟွေးသည် မျက်မှောင်ကြုတ်လျက် ဘာမှ ပြန်မပြောနိုင်ဘဲ ရှိနေသည်။ ထန်ရွှမ်က တုဟုန်ရိဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။

"ကျွန်မ ဒါတွေကို ဘယ်လို သိခဲ့တာလဲ၊ ဘယ်အချိန်က သိခဲ့တာလဲဆိုတာ ရှင် သိချင်နေတယ် မဟုတ်လား”

တုဟုန်ရိသည် အမှန်တကယ်ပင် သိချင်နေသည်။ အနည်းဆုံးတော့ သူတို့တွင် မည်သို့သော အကွက်များ ကျန်ရှိနေသေးသည်ကို တွက်ချက်နိုင်ရန်အတွက် ဖြစ်သည်။

ထန်ရွှမ်သည် အခွင့်အရေး ရသည်နှင့် အကွက်ချတတ်သော သူ၏ စရိုက်ကို မသိဘဲ မနေပေ။ သူမက အေးစက်စွာ ပြောလိုက်သည်။ "စိတ်မကောင်းပါဘူး၊ ရှင့်ကို ပြောပြဖို့ အကြောင်းမရှိဘူး”

တုဟုန်ရိနှင့် ယန်ရှောင်ယွမ်တို့မှာ အမှန်တကယ်ပင် သတိကြီးသူများ ဖြစ်ကြသည်။ နိုင်ငံခြား ရောက်ချိန်မှသာ အနည်းငယ် လွတ်လပ်စွာ နေထိုင်တတ်ကြခြင်း ဖြစ်သည်။ အဘိုးထန်သည် အမြဲတမ်း သံသယ ရှိခဲ့သော်လည်း သူတို့၏ အားနည်းချက်ကို မဖမ်းမိခဲ့ပေ။ သို့သော် ရှန်ယို့ယောင်က လမ်းစ ဖော်ပေးလိုက်သည့် အခါတွင်မူ အရာရာက လွယ်ကူသွားတော့သည်။

ဤသက်သေများမှာ ရှန်ယို့ယောင်က လမ်းစပေးပြီးနောက် ဦးလေးပိုင်က အချိန်ယူ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။ ဘေးဒုက္ခ ကြုံလာပါက အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ထန်ရွှမ်နှင့် တုဇယ်ချန်းတို့က အဖြစ်မှန်ကို လက်ခံနိုင်စွမ်း ရှိလာပြီး တုဟုန်ရိနှင့် လမ်းခွဲရန် ဆုံးဖြတ်လိုက်ချိန်မှသာ ထုတ်သုံးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

တုဟုန်ရိသည် သတိကြီးပြီး ကောက်ကျစ်သူမှန်း ထန်ရွှမ် သိထားသည်။ သူ့အား အခွင့်အရေး အနည်းငယ် ပေးလိုက်ရုံနှင့် သူသည် ပြန်လည် နာလန်ထူလာနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် သူ၏ အစစ်အမှန် ရုပ်သွင် ပေါ်ပေါက်လာချိန်တွင်မှ မမျှော်လင့်ဘဲ အရှက်ခွဲလိုက်ခြင်းကသာ သူ့အား အပြီးတိုင် နှိမ်နင်းနိုင်မည့် နည်းလမ်း ဖြစ်ပေလိမ့်မည်။

တုဟုန်ရိမှာ အမှန်တကယ်ပင် ထိတ်လန့်သွားရသည်။ "ထန်ရွှမ်... အဲဒီလို မဟုတ်ပါဘူး..."

ထန်ရွှမ်က ပြောလိုက်သည်။ "မလောပါနဲ့ဦး၊ မပြီးသေးဘူးလေ။ လူတိုင်းက ရှင့်ရဲ့ လုပ်ကြံ ဇာတ်လမ်းတွေကို နားထောင်ချင်ကြမှာ မဟုတ်ဘူး။ ကျွန်မ ပြောတာကိုပဲ အရင်ဆုံး အဆုံးထိ နားထောင်လိုက်ကြတာပေါ့”

တုဟုန်ရိက တားဆီးရန် ပြင်လိုက်စဉ် ထန်ရွှမ်က ပြတ်သားသော လေသံဖြင့် ဟိန်းဟောက်လိုက်သည်။

"ဘာလဲ... လုပ်ရဲပြီးတော့ ဝန်မခံရဲဘူးလား။ ကျွန်မအဖေ ဘယ်လို သေဆုံးခဲ့ရလဲ ဆိုတာကို ဒီမှာ ရှိနေတဲ့ လူတိုင်း သိပိုင်ခွင့် ရှိတယ်လေ"

ပွဲတစ်ခုလုံးမှာ ရုတ်တရက် ဆူညံသွားတော့သည်။ အဘိုးထန်က ရောဂါကြောင့် သေဆုံးခဲ့တာ မဟုတ်ဘူးလား။

တုဟုန်ရိမှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ပြောလိုက်သည်။ "နင် ဘာတွေ လျှောက်ပြောနေတာလဲ"

ဂုဏ်သရေရှိ လူကြီးတစ်ဦးက အော်ဟစ်လိုက်သည်။

"တုဟုန်ရိ... ပါးစပ်ပိတ်စမ်း" ထို့နောက် သူက လေးနက်စွာ မေးလိုက်သည်။

"ထန်ရွှမ်... မင်းအဖေက သူ့ဘာသာ ဆုံးပါးသွားတာ မဟုတ်ဘူးလား”

ထန်ရွှမ်သည် မျက်ရည်များကို သုတ်လိုက်ပြီး အဘိုးထန်၏ ဖုန်းကို ထန်ချန်းအား ထုတ်ခိုင်းလိုက်သည်။ ထို့နောက် ဖုန်းထဲမှ အသံမှတ်တမ်းတစ်ခုကို ဖွင့်ပြလိုက်ရာ ယန်ရှောင်ယွမ်၏ အသံမှာ အတိုင်းသား ထွက်ပေါ်လာတော့သည်။

【အဘိုးထန်... ဇယ်ချန်းက အွန်လိုင်းက သတင်းတွေကို မခံစားနိုင်လို့ ကားအမြန်မောင်းရင်း မတော်တဆ ဖြစ်သွားတယ်... အခု ခွဲစိတ်ခန်းထဲမှာ အသက်အန္တရာယ် စိုးရိမ်နေရပြီ။ ရှင် လာကြည့်ဦးမလား...】

ယန်ရှောင်ယွမ်၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားတော့သည်။ ထန်ရွှမ်က သူမအား စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဒီဖုန်းကို နင် ဆက်ခဲ့တာ မဟုတ်လား”

"အဲဒီရက်ပိုင်းမှာ ငါ့အဖေ ကျန်းမာရေး မကောင်းဘူးဆိုတာ နင် သိနေတာပဲ။ ဘာစိတ်လှုပ်ရှားစရာမှ မကြုံစေဖို့ ဆရာဝန်တွေက အကြိမ်ကြိမ် မှာထားခဲ့တာလေ။ နင် ဘာရည်ရွယ်ချက်နဲ့ ဒီဖုန်းကို ဆက်ခဲ့တာလဲ" သူမသည် ပြောရင်းနှင့်ပင် လေသံမှာ စူးရှပြီး အေးစက်လာသည်။

"အဲဒီအချိန်တုန်းက ဇယ်ချန်းရဲ့ အခြေအနေက နင်ပြောသလောက် မဆိုးရွားခဲ့ဘူးလေ လူတိုင်းက အဘိုးကြီးကို စိုးရိမ်လို့ လျှို့ဝှက်ထားခဲ့ကြတာကို... တုဟုန်ရိရဲ့ အတွင်းရေးမှူး တစ်ယောက်ဖြစ်တဲ့ နင်က ငါ့အဖေနဲ့ ဘာသံယောဇဉ် ရှိလို့ ဘာအရည်အချင်းနဲ့ ငါ့အဖေကို သွားပြီး အသိပေးရတာလဲ"

"မဟုတ်ဘူး... မဟုတ်ဘူး" အဘိုးထန်ကို စိတ်မသက်မသာ ဖြစ်အောင် လုပ်ပြီး သေစေခဲ့တဲ့ တာဝန်ကို ယန်ရှောင်ယွမ် မခံယူနိုင်ပေ။ သူမသည် အသည်းအသန် ငြင်းဆိုတော့သည်။

"အဲဒီလို မဟုတ်ပါဘူး... ကျွန်မ တမင် လုပ်တာ မဟုတ်ပါဘူး ဒါ... ဒါက မတရား စွပ်စွဲတာပဲ"

"ဟုတ်သားပဲ... မတရား စွပ်စွဲခံတာပေါ့" ထန်ရွှမ်သည် ထိုကိစ္စကို တွေးမိတိုင်း အချိန်တွေ မည်မျှ ကြာခဲ့စေကာမူ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေဆဲ ဖြစ်သည်။

"နင် ငါ့အဖေကို သေအောင် လုပ်ခဲ့ရုံတင် မကဘူး... ငါ့သားကိုပါ အပြစ်ပုံချခဲ့သေးတယ် သူ့ကြောင့် သူ့အဘိုးအရင်း ဆုံးပါးသွားရတယ်လို့ ထင်အောင် လုပ်ပြီး သူ့ဘဝကို ဖျက်ဆီးခဲ့တာ မဟုတ်လား"

ထန်ချန်းသည် အချိန်ကိုက်ပင် ယန်ရှောင်ယွမ်နှင့် သတင်းဖြန့်ချိရေး အဖွဲ့များကြားမှ ငွေပေးချေမှု မှတ်တမ်းများကို ချပြလိုက်သည်။

"ဇယ်ချန်းက အဘိုးထန်ကို သေအောင် လုပ်ခဲ့လို့ အမွေဆက်ခံခွင့် ဆုံးရှုံးတော့မယ် ဆိုတဲ့ သတင်းတွေကို နင် ဖြန့်ခဲ့တာလေ။ အဲဒီတော့မှ နင်တို့လို ရွှံ့နွံထဲက ကြွက်တွေက မွေးထားတဲ့ သားယုတ်က အမွေဆက်ခံလို့ ရမှာပေါ့ ဟုတ်လား။ အိပ်မက်ပဲ မက်နေလိုက်"

ထန်ရွှမ်သည် သူမ၏ ယဉ်ကျေးမှုများကို မေ့ဖျောက်ကာ ယန်ရှောင်ယွမ်၏ နှာခေါင်းကို လက်ညှိုးထိုးလျက် ဆဲဆိုလေတော့သည်။ သူမ၏ မျက်နှာမှာ ဒေါသကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး အသက်ရှူသံများမှာလည်း မြန်ဆန်နေတော့သည်။

တုဇယ်ချန်းသည် မိခင်ဖြစ်သူကို အမြန်ပင် ဖေးမထားလိုက်ပြီး ချော့မြူလိုက်သည်။ "မေမေ... စိတ်အေးအေးထားပါဦး။ စိတ်အေးအေးထားပါနော်”

"ငါ ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ" ထန်ရွှမ်သည် နောက်ဆုံးတွင် မအောင့်နိုင်ဘဲ ငိုကြွေးလေတော့သည်။ သူမသည် ရှိုက်ကြီးတငင်ဖြင့် နောက်ဆုံးထွက်လာသော သတင်းမှတ်တမ်းများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"တွေ့ကြလား... နျဲ့မိသားစုက ကောင်နဲ့ ဗီလာ ပါတီပွဲမှာ အရှုပ်တော်ပုံ ဖြစ်တာနဲ့တင် သူက သတင်းတွေကို အသည်းအသန် ဖြန့်ခိုင်းခဲ့တာလေ။ ငါ့သား ဒုက္ခရောက်နေတာကို တစ်ကမ္ဘာလုံး သိအောင် လုပ်ချင်နေတာ။ အဲဒီကိစ္စဟာ ငါ့သားကို ဒုက္ခပေးဖို့ သူ ကိုယ်တိုင် ကြံစည်ခဲ့တာလို့ ငါ သံသယ ရှိနေတယ်။ ကံကောင်းလို့ ငါ့သားက အဲဒီနေ့မှာ ရိုက်ကွင်းကို သွားကြည့်နေလို့ မပါခဲ့တာ။ တုနျန်ယန်ကတော့ သူ့ဝဋ်သူ ပြန်လည်တာပဲ၊ မင်းတို့တွေ ထိုက်တန်ပါတယ်"

ယန်ရှောင်ယွမ်၏ ရက်စက်လှသော နည်းလမ်းများကြောင့် ပွဲတစ်ခုလုံးမှာ မှင်တက်သွားကြရသည်။ သူမ ဤသို့ လုပ်ခဲ့ရသည့် ရည်ရွယ်ချက်ကို သိရန်အတွက် အားလုံးက တုဟုန်ရိထံသို့ လှမ်းကြည့်လိုက်ကြသည်။

တုဟုန်ရိ၏ မျက်နှာတစ်ခုလုံးမှာ နီမြန်းနေပြီး ရုတ်တရက် ယန်ရှောင်ယွမ်အား အားပါပါ ပါးရိုက်ချလိုက်တော့သည်။

"မင်း... ဒီလို ယုတ်မာတဲ့ မိန်းမ မင်း သူတို့ကို ဒုက္ခပေးရဲတယ်ပေါ့။ ဒီအကြွေးကို ငါ ပြန်မဆပ်နိုင်ရင် ငါ့မျိုးရိုးကို တုလို့ မခေါ်နဲ့တော့"

"အမေ" တုနျန်ယန်က အပြေးအလွှား သွားထူလိုက်ပြီး "အဖေ" ဟု အော်ဟစ်လိုက်သည်။

ယန်ရှောင်ယွမ်သည် တုဟုန်ရိအား အံ့ဩတကြီး စိုက်ကြည့်နေမိသည်။ တုဟုန်ရိက အံကြိတ်ထားလျက် သူမ တစ်ဦးတည်း ကြားနိုင်သော အသံဖြင့် အမြန် ပြောလိုက်သည်။ "အားလုံး အတူတူ သေကြမလား၊ ဒါမှမဟုတ် ငါ ကယ်တင်ပေးမှာကို စောင့်မလား”

"ငါ့ကို အဖေလို့ မခေါ်နဲ့၊ ငါ့မှာ မင်းလို သားမျိုး မရှိဘူး" တုဟုန်ရိက သူ့အား တွန်းထုတ်လိုက်ပြီး နာကျင်ဟန်ဖြင့် ဟိန်းဟောက်လိုက်သည်။ "ထွက်သွားကြစမ်း ဒီမိန်းမနဲ့အတူ အခုချက်ချင်း ထွက်သွား မင်းတို့ လုပ်ခဲ့သမျှအတွက် ငါ သေချာပေါက် ပြန်ပေးဆပ်ခိုင်းရမယ်"

သူသည် ဘာမှမသိရှိဘဲ နစ်နာခဲ့ရသော နစ်နာသူ တစ်ဦးပမာ ဟန်ဆောင်လိုက်သဖြင့် အားလုံးက ထပ်မံ၍ ဇဝေဇဝါ ဖြစ်ကုန်ကြပြန်သည်။

သို့သော် သေချာသည်မှာ ယန်ရှောင်ယွမ်တို့ သားအမိသည် ယနေ့တွင် ထန်ရွှမ်တို့အား လှောင်ပြောင်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ကြသော်လည်း လမ်းခုလတ်မှာတင် ကိုယ်တိုင် ပြန်လည် အသတ်ခံလိုက်ရခြင်းပင် ဖြစ်သည်။ ဂုဏ်ပုဒ်တစ်ခု မရရှိခင်မှာပင် ငရဲသို့ အပြီးတိုင် အပို့ခံလိုက်ရခြင်း ဖြစ်တော့သည်။

ယန်ရှောင်ယွမ်သည် အတွေးများစွာ ဝင်လာပြီးနောက် နောက်ဆုံးတွင် သားဖြစ်သူကို ဆွဲကာ အရှက်တကွဲဖြင့် ထွက်ခွာသွားလေတော့သည်။

အနည်းငယ်မျှသော မျှော်လင့်ချက်လေး ရှိနေသေးသဖြင့် သူမသည် တုဟုန်ရိ၏ ကစားကွက်ထဲတွင် လိုက်ပါရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ လောဘကြီးသူများသည် နောက်ဆုံးတွင် မိမိ ပိုင်ဆိုင်သမျှ အရာအားလုံးကို လောင်းကြေးထပ်တတ်ကြသည် မဟုတ်ပါလား။

သူတို့ ထွက်သွားပြီးနောက် တုဟုန်ရိသည် မျက်လုံးများ နီမြန်းလျက် အသက်ကို ပြင်းပြင်းရှူရင်း ထန်ရွှမ်နှင့် တုဇယ်ချန်းတို့ထံသို့ လျှောက်လာခဲ့သည်။ ရှန်ယို့ယောင်သည် အနားသို့ အမြန် တိုးသွားကာ ထိုသားအမိ နှစ်ဦးကို သူမ၏ ကျောနောက်တွင် ကာကွယ်ပေးလိုက်သည်။ သူ၏ အကြည့်များမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည်။

တုဟုန်ရိသည် သူတို့ ကာကွယ်နေသည်ကို မမြင်ချင်ယောင်ဆောင်ကာ သူတို့ နှစ်ဦး၏ ရှေ့တွင် ဘုန်းခနဲ မြည်အောင် ဒူးထောက်ချလိုက်သည်။ အမြဲတမ်း တည်ငြိမ်ပြီး ယဉ်ကျေးလှသော ထိုလူကြီးသည် အသံထွက်၍ ငိုကြွေးလေတော့သည်။

"တောင်းပန်ပါတယ် ထန်ရွှမ်... တောင်းပန်ပါတယ်။ သူက ဒီလို စိတ်ကူးမျိုး ရှိနေလိမ့်မယ်လို့ ငါ တကယ် မသိခဲ့ဘူး။ ဇယ်ချန်းကလည်း ငါ့သားအရင်းပဲလေ၊ ငါက သူ့အတွက် လမ်းခင်းပေးချင်ခဲ့တာပါ..."

"ငါ မှားသွားမှန်း ငါ သိပါတယ်” တုဟုန်ရိသည် စစ်မှန်သော နောင်တများဖြင့် ငိုကြွေးနေပုံ ရသော်လည်း ငိုနေရသည့်အကြောင်းအရင်းကိုမူ ကာယကံရှင်များအားလုံး သိရှိနေကြသည်။

"မင်း ငါ့ကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့... ငါ့ကို အပြစ်တွေ ပြန်ပေးဆပ်ခွင့်လေးတော့ ပေးပါဦးနော်”

ထန်ရွှမ်သည် သူ အခြေအနေကို ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်သည်ကို ကြည့်ကာ သက်ပြင်းကို အရှည်ကြီး ချလိုက်သည်။

"တုဟုန်ရိ... နင်ကတော့ သေတွင်းထဲ ရောက်နေတာတောင် အလျှော့မပေးသေးဘူးပဲ။ ဇယ်ချန်း ကားတိုက်တုန်းက ယန်ရှောင်ယွမ်က သတ်ဖို့ ကြိုးစားခဲ့တာလေ။ အဲဒီအချိန်မှာ နင်လည်း အနားမှာ ရှိနေတာပဲ မဟုတ်လား။ နောက်ဆုံးတော့ ယို့ယောင်ကပဲ သူ့ကို ကာကွယ်ပေးခဲ့ရတာ..."

"မဟုတ်ဘူး... မဟုတ်ဘူး..." တုဟုန်ရိက ရှင်းပြရန် ကြိုးစားသည်။

ထန်ရွှမ်က ဒေါသတကြီး ပြောလိုက်သည်။ "ပါးစပ်ပိတ်စမ်း။ နင် ပြောသမျှ ဘာစကားကိုမှ ငါ ထပ်မကြားချင်သလို နင် လုပ်ပြသမျှကိုလည်း ငါ မယုံတော့ဘူး နင့်မှာ အပြစ်မရှိဘူးဆိုတာကို လူတိုင်း သိအောင် ပြချင်တယ် ဆိုရင်တော့... ငါ့ကို အခုချက်ချင်း ကွာရှင်းပေးလိုက်"

"မဖြစ်ဘူး... မဖြစ်ဘူး” တုဟုန်ရိက ဆိုသည်။

"ငါ ဘယ်တော့မှ ကွာမရှင်းဘူး။ ငါ့နာမည်နဲ့ ရှိနေတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ဇယ်ချန်းကို ပေးလိုက်မယ်လေ... ဟုတ်ပြီလား။ တုမိသားစု လုပ်ငန်းရော၊ ထန်မိသားစုရဲ့ အမွေတွေရော... ငါ တစ်ပြားမှ မယူပါဘူး။ အားလုံးကို ဇယ်ချန်းကိုပဲ ပေးပါ့မယ်"

ယနေ့တွင် လူအများမှာ အံ့ဩစရာများကို ကျင့်သားရနေကြပြီ ဖြစ်သော်လည်း သူ၏ ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ ပြတ်သားမှုကို အားကျမိသွားကြသည်။ သူသည် စည်းစိမ်တွေအတွက် မဟုတ်ဘူးဆိုတာကိုလည်း စတင် ယုံကြည်လာကြသည်။ အကယ်၍သာ စည်းစိမ်ကို မက်မောပါက ဤမျှအထိ အနစ်နာခံလိမ့်မည် မဟုတ်ပေ။

ယင်းဟောင် ကုမ္ပဏီ ဆိုသည်မှာ သူ ကိုယ်တိုင် တည်ထောင်ခဲ့သော နယ်ပယ်ဖြစ်သော်လည်း အလွယ်တကူ စွန့်လွှတ်ရဲသည်ကို ကြည့်လျှင် သူသည် ထန်ရွှမ်နှင့် တုဇယ်ချန်းတို့ကို အမှန်တကယ် တန်ဖိုးထားသူ ဖြစ်လိမ့်မည်ဟု သူတို့ ထင်မှတ်ကုန်ကြသည်။

ယန်ရှောင်ယွမ်နှင့် တုနျန်ယန် ကိစ္စမှာမူ... အမျိုးသား အချင်းချင်း ဆိုပါက နားလည်ပေးနိုင်စရာ ရှိသည်လေ။ အပြင်မှာ ဘယ်လောက်ပဲ ရှုပ်ရှုပ်၊ ကိုယ့်အိမ်ထောင်ကိုတော့ တန်ဖိုးထားရမည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့သည် ကွာရှင်းရန် မသင့်ဟု ယူဆမိကြသည်။

ထန်ရွှမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ တုဟုန်ရိသည် အကွက်မြင်သူမှန်း သူမ သိသည်။ သူမ ယနေ့ ဤမျှအထိ ပြုမူရဲသည်မှာ သေတမ်းစာတွင် သူ့အတွက် ဘာမှမရှိမှန်း သူ သိသွားပြီ ဖြစ်သည်။ ထို့ကြောင့် ကြိုတင်၍ မျက်နှာလုပ်နေခြင်းသာ ဖြစ်သည်။

သူသာ ဤဉာဏ်ကို လမ်းမှန်မှာ သုံးခဲ့မယ်ဆိုရင်...။

ထန်ရွှမ် သက်ပြင်းချလိုက်သည်။ သူမသည်လည်း အလွယ်တကူ အလျှော့ပေးမည့်သူ မဟုတ်ပေ။

"ဒီနေ့ကစပြီး ယန်ရှောင်ယွမ်နဲ့ တုနျန်ယန်ရဲ့ ကိစ္စတွေကို ငါ ဝင်မပါတော့ဘူး။ နင် သူတို့ ကိစ္စတွေကို ဘယ်တော့ ရှင်းနိုင်မလဲ ဆိုတာကိုပဲ စောင့်ကြည့်မယ်။ အဲဒီအချိန်ကျမှပဲ ကျန်တဲ့ စကားတွေကို ဆက်ပြောကြတာပေါ့"

တုဟုန်ရိက တွေဝေခြင်း မရှိဘဲ ခေါင်းညိတ်လိုက်သည်။ "စိတ်ချပါ ထန်ရွှမ်… အဖေနဲ့ ဇယ်ချန်းအတွက် ငါ သေချာပေါက် လက်စားချေပေးပါ့မယ်"

ထန်ရွှမ်က လူအများအား ကြည့်ကာ ပြောလိုက်သည်။

"အားနာပါတယ်ရှင်၊ အရှုပ်အထွေးတွေကို ပြသမိသလို ဖြစ်သွားပြီ။ အခုတော့ အဓိက အစီအစဉ်ကိုပဲ စလိုက်ကြရအောင်” ပြောပြီးနောက် သူမသည် ရှေ့နေကို ခေါင်းညိတ် အချက်ပြလိုက်သည်။

တစ်ချိန်လုံး ငြိမ်နေသော ရှေ့နေသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး အဘိုးထန်၏ သေတမ်းစာကို ထုတ်ယူလိုက်သည်။

လူအများ၏ အကျိုးစီးပွားနှင့် သက်ဆိုင်နေသဖြင့် အားလုံး တိတ်ဆိတ်သွားကြသည်။

သေတမ်းစာမှာ တိုတောင်းခြင်း မရှိပေ။ ထန်မိသားစုမှာ အလွန် ကြီးမားလှသလို အဘိုးထန်၏ အမည်ဖြင့် ပိုင်ဆိုင်သော အဆောက်အဦများမှာလည်း များပြားလှသည်။ သို့သော် လိုရင်းကိုမူ အားလုံး နားလည်လိုက်ကြသည်။ ဒီနေ့ကစပြီး တုဇယ်ချန်းသည် ထန်မိသားစု၏ လက်ရှိ အကြီးအကဲ ဖြစ်လာပြီး ထန်မိသားစု၏ ရှယ်ယာ အားလုံးကို ပိုင်ဆိုင်ခွင့် ရရှိသည်။ အဘိုးထန် အမည်ဖြင့် ပိုင်ဆိုင်သော အဆောက်အဦများနှင့် ငွေသားများကိုမူ ထန်ရွှမ်နှင့် တုဇယ်ချန်းတို့က တစ်ဝက်စီ ပိုင်ဆိုင်ကြရမည်။

လောကမှာ အနာကျင်ဆုံးအရာက ရပြီးမှ ဆုံးရှုံးရတာ မဟုတ်ဘဲ ရတော့မယ်လို့ ထင်နေတုန်းမှာ လက်လွတ် ဆုံးရှုံးလိုက်ရတာပဲ ဖြစ်သည်။

တုဟုန်ရိသည် ကြိုတင် တွက်ဆထားသော်လည်း အမှန်တကယ် ရလဒ်ကို ကြားလိုက်ရချိန်တွင်မူ နာကျည်းမှုကြောင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။

အဘိုးထန်သည် အလွန်ပင် သတိကြီးလှသည်။ မိမိ၏ သမီးကိုပင် ရှယ်ယာ တစ်စက်မှ မချန်ထားခဲ့ပေ။

အမွေဆက်ခံခွင့် အစီအစဉ်အရဆိုလျှင် ဇနီး၊ သားသမီး၊ နောက်ဆုံးမှ မိဘ ဖြစ်သည်။

ထန်မိသားစု ပိုင်ဆိုင်မှု အားလုံးကို တုဇယ်ချန်းအား ပေးအပ်လိုက်ခြင်းက တုဟုန်ရိအတွက် ထိုပိုင်ဆိုင်မှုများကို ရယူနိုင်ရန် အခွင့်အရေးကို လုံးဝ ပိတ်ပင်လိုက်ခြင်းပင် ဖြစ်တော့သည်။

တုဟုန်ရိသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး ပေါက်ကွဲလုနီးပါး ဖြစ်နေသော စိတ်ခံစားချက်များကို မနည်း ထိန်းချုပ်နေရသည်။ လွန်ခဲ့သော နှစ်နာရီက သူသည် မိမိကိုယ်မိမိ ဘဝ၏ အထွတ်အထိပ်သို့ ရောက်တော့မည်ဟု ယုံကြည်နေခဲ့သည်။ သို့သော် ယခုမူ သူသည် သူတစ်ပါး၏ မျက်နှာကို ကြည့်ကာ အသက်ရှင်နေရဦးမည် ဖြစ်ပြီး ထိုသူမှာလည်း မိမိက အသုံးမကျဟု သတ်မှတ်ကာ စွန့်ပစ်ရန် ကြံစည်ခဲ့သော သားဖြစ်သူပင် ဖြစ်နေတော့သည်။

"မဖြစ်ဘူး... ငါ ဒီအတိုင်း အလွယ်တကူ အရှုံးမပေးနိုင်ဘူး"

…

All Chapters