← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း (၁၃၁) - ပထမဆုံးပွဲစဉ်

နောက်တစ်နေ့...

ညဘက်တွင် ကောင်းစွာ အနားယူပြီးနောက် လူတိုင်း လန်းဆန်းနေကြပြီဖြစ်ရာ ဧကရာဇ်မင်းမြတ် တည်ခင်းသည့် စားသောက်ပွဲသို့ စုရုံးရောက်ရှိလာကြသည်။

ဂိုဏ်းချုပ်များနှင့် တောင်ထွတ်သခင်များသည် ဧကရာဇ်မင်းမြတ်၏ အနီးအနားတွင် နေရာယူထားကြသည်။

ထိုမှ ခပ်လှမ်းလှမ်းတွင်မူ တပည့်များ ရှိနေလေသည်။

ဤနေရာသို့ ရောက်ရှိလာခြင်းနှင့် ဧကရာဇ်မင်းမြတ်အား တွေ့ခွင့်ရခြင်းဟူသော စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားသည့်နောက် တစ်ယောက်ချင်းစီ၏ အာရုံများက အချင်းချင်းထံသို့ ပြောင်းလဲသွားချေပြီ။

တပည့်အားလုံးက အချင်းချင်း အကဲခတ်နေကြသည်။

လင်းဖန်တစ်ယောက် အရသာရှိသော အစားအသောက်များကို မြိန်ရေယှက်ရေ စားသောက်နေစဉ် သူ့အပေါ် ကျရောက်နေသော အကြည့်များကို ခံစားလိုက်ရသည်။

သူသည် မျက်နှာသစ်တစ်ယောက်ဖြစ်သည့်အပြင် အခြားဂိုဏ်းများမှ တပည့်များအနေဖြင့် သူ မည်သူမှန်း အကဲမခတ်နိုင်ကြပေ။

” အဲဒါ ဘယ်သူလဲ မင်းသိလား...”

“ငါတော့ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး...”

“လူစားထိုးလာတာ နေမှာပါ။ ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှာ တပည့်မရှိဘူးလို့ ငါ ကြားထားတယ်...”

“ဒါပဲဖြစ်ရမယ်။ အရေအတွက် ပြည့်ရုံသက်သက် စေလွှတ်လိုက်တဲ့သူပေါ့...”

မည်သို့ပင်ဖြစ်စေ လင်းဖန်သည် အရေအတွက်ပြည့်ရုံသာ ထည့်သွင်းထားသော အသုံးမကျသူတစ်ယောက်ဖြစ်မည်ဟူသော ကောလာဟလက ပြန့်နှံ့သွားလေသည်။

ထိုကောလာဟလ ပျံ့နှံ့လျက်ရှိနေသည်မှာ မိုးကြိုးမုန်တိုင်းဂိုဏ်းမှ အမြွှာညီအစ်ကိုဖြစ်သော လိုင်ချင်းနှင့် လိုင်မင်တို့ ဝင်ပြောသည့်အချိန်အထိပင်။

” သူ အရင်က ငါတို့ကို အနိုင်ယူဖူးတယ်။ အရေအတွက်ပြည့်ရုံခေါ်လာတဲ့ အသုံးမကျသူမဟုတ်ဘူး...”

သူတို့က လင်းဖန်အတွက် အမှန်ကိုရှင်းပြရန် ကြိုးစားလိုက်ကြသည်။

သူတို့က လင်းဖန်အပေါ် ကျေးဇူးတင်နေကြခြင်းပင်။

အကယ်၍ လင်းဖန်သာမရှိခဲ့လျှင် သူတို့ယှဉ်ပြိုင်ခဲ့ရသောတိုက်ပွဲ၌ သူတို့ထဲမှ တစ်ယောက်ယောက် သေဆုံးသွားခဲ့မည်မှာ သေချာလှပေသည်။

“နေပါဦး... အဓိကတပည့်တွေဖြစ်တဲ့ မင်းတို့က အတွင်းစည်းတပည့်တစ်ယောက်ကို စိန်ခေါ်ပြီး ရှုံးသွားတယ်ပေါ့လေ...”

“မင်းတို့ အမြွှာတွေက အားနည်းလွန်းလို့များလား...”

“ငါသာ မင်းတို့နေရာမှာဆိုရင် ဒီကိစ္စကို နှုတ်ပိတ်ထားလိုက်မယ်။ တကယ့်ကို အရှက်ကွဲစရာပဲ...”

အခြားဂိုဏ်းများမှ တပည့်များက သူတို့ကို လှောင်ပြောင်ရယ်မောလိုက်ကြသည်။

လိုင်ချင်းက ငြင်းဆိုလိုက်သည်။

“မင်းတို့အားလုံး မှားနေပြီ။ သူ ငါတို့ကို အနိုင်ယူတုန်းက အတွင်းစည်းတပည့် မဟုတ်သေးဘူး...”

“သူက အတွင်းစည်းတပည့် မဟုတ်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ...”

လိုင်ချင်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“အဲဒီအချိန်တုန်းက သူက အစေခံတပည့်ပဲ ရှိသေးတာ။ သူ့ရဲ့ ခွန်အားက ဘယ်လောက်တောင် အားကောင်းလိုက်လဲဆိုတာ စဉ်းစားကြည့်တော့...”

သူတို့အားလုံး ဆွံ့အကာ စကားပင် မဟနိုင်တော့ချေ။

အစေခံတပည့်ဆိုသည်မှာ မည်သို့သော အဓိပ္ပာယ်နည်း။

သူက သတင်းအမှားတွေကိုဖြန့်ဖို့ ကြိုးစားနေတာလား…

မဖြစ်နိုင်ဘူး…

သူတို့အတွက် ယုံကြည်ရန် ခက်ခဲလွန်းနေခဲ့သည်။

ထိုအမြွှာညီအစ်ကိုသည် တစ်ခုခု ကြံစည်နေသည်မှာ အသေအချာပင်။

လိုင်ချင်းက ဆက်ပြောချင်နေသော်လည်း မိုးကြိုးမုန်တိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်လော့ချန်က သူ့ကို စိုက်ကြည့်လိုက်လေသည်။

သူတို့သည် အခြားဂိုဏ်းများနှင့်ပူးပေါင်းကာ ချင်ဖုန်းဂိုဏ်းကိုအားနည်းသွားစေရန် ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

လော့ချန်က သူ့ကို စိုက်ကြည့်နေကြောင်း သတိပြုမိသွားသည့်နောက် လိုင်ချင်းသည် ခေါင်းငုံ့ကာ တိတ်တဆိတ်သာ ဆက်စားနေလိုက်တော့သည်။

ထိုအာရုံစိုက်ခံနေရသူမှာမူ သူ၏ အစားအသောက်ပေါ်တွင်သာ အာရုံရောက်နေပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ချေ။

သို့သော် အခြားတစ်ယောက်ကမူ သူ့ကို စိတ်ဝင်စားနေခဲ့သည်။

ဝိုင်းစက်နေသော မျက်လုံးအစုံနှင့်အတူ ကျောက်ကျားရွေ့သည် လင်းဖန်ထံသို့ လှမ်းကြည့်လိုက်သည်။

လျင်မြန်သော အကြည့်တစ်ချက်သာ ဖြစ်သော်ငြား အခြားတပည့်များက မြင်ဖြစ်အောင် မြင်လိုက်ကြသည်။

သူတို့က လင်းဖန်ကို တိတ်တဆိတ် ကျိန်ဆဲလိုက်ကြသည်။

မနေ့က သူတို့သည် ကျောက်ကျားရွေ့၏ အကြည့်တစ်ချက်ရရန် အမျိုးမျိုး ကြိုးစားခဲ့ကြသည်။

သို့သော် သူမကမူ သူတို့အားလုံးကို လျစ်လျူရှုထားခဲ့သည်။

ထိုသူမှာ မည်သည့်အရာမျှလုပ်စရာမလိုဘဲနှင့် သူမ၏ မျက်စိကျခြင်းကို ခံလိုက်ရသည်ဟု တွေးလိုက်ကြသည်။

လင်းဖန်က ကျောက်ကျားရွေ့၏ အကြည့်ကို သတိပြုမိလိုက်ပြီး သူကလည်း ပြန်လည်ကြည့်ရှုလိုက်လေသည်။

သူ ကြည့်နေခဲ့သည်မှာ သူမ ဝတ်ဆင်ထားသော ဆွဲကြိုးကိုသာဖြစ်သည်။

ထိုဆွဲကြိုး၏ ရှုပ်ထွေးလှသောဒီဇိုင်းနှင့် လက်ရာမြောက်မှုကို အထင်ကြီး လေးစားနေခြင်းပင်။

ကျောက်ကျားရွေ့ကမူ သူမ၏ ရုပ်ရည်သွင်ပြင်ကြောင့် သူ မိန်းမောသွားသည်ဟုတွေးကာ မျက်နှာလေး နီမြန်းသွားတော့သည်။

သူမ မျက်နှာနီမြန်းသွားသည်ကို မြင်လိုက်ရချိန်တွင် လင်းဖန်က သူမ အထင်လွဲသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။

သို့ရာတွင် သူ၏ အတွေးများက ဧကရာဇ်မင်းမြတ်၏ အသံကြောင့် အနှောင့်အယှက်ဖြစ်သွားခဲ့သည်။

“ကြိုဆိုပါတယ် ငါကိုယ်တော်ရဲ့ နိုင်ငံသားတို့”

“နွေဦးနှောင်းပိုင်း သားကောင်လိုက်ပွဲကို ရောက်လာကြတဲ့အတွက် ငါကိုယ်တော် ဝမ်းသာမိတယ်”

“ဒီနှစ်မှာတော့ ဂိုဏ်းပေါင်းစုံကြားမှာ ပြိုင်ပွဲတစ်ခု ကျင်းပမှာပါ”

“ဒါမှလည်း မင်းတို့တွေအချင်းချင်း ပိုသိကျွမ်းလာပြီး ချွမ်မင်းဆက်ရဲ့နယ်မြေနဲ့ နိုင်ငံသားတွေကိုကာကွယ်ဖို့ ပိုမိုစွမ်းဆောင်နိုင်ကြမှာ”

“စားသောက်ပွဲပြီးရင် စတင်ကြတာပေါ့”

“ဒီက မိန်းမစိုးလီက အသေးစိတ်ကို ရှင်းပြပေးလိမ့်မယ်”

ဧကရာဇ်မင်းမြတ်၏ စကားအဆုံးတွင် ဂိုဏ်းချုပ်များနှင့် တပည့်အားလုံးက အရိုအသေပေးလိုက်ကြလေသည်။

“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ”

ဧကရာဇ်ချွမ်ရှီမှာ သဘောကျသွားပြီးနောက် မတ်တတ်ရပ်ကာ ခေတ္တခွင့်ပန်၍ ထွက်ခွာသွားလေသည်။

မိန်းမစိုးတစ်ဦးက ယနေ့အတွက် ကျင်းပမည့် အစီအစဉ်များကို အမြန်ထုတ်ပြန်ကြေညာလိုက်သည်။

၎င်းမှာ တစ်ဦးချင်း ယှဉ်ပြိုင်ရမည့်ပွဲစဉ်ဖြစ်ပြီး တစ်ဖက်လူ လက်မြှောက်အရှုံးပေးသည်အထိ သို့မဟုတ် သေဆုံးသွားသည်အထိ တိုက်ခိုက်ရမည် ဖြစ်ပေသည်။

ကျင့်ကြံခြင်းအဆင့်ကို အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ကန့်သတ်ထားလေသည်။

ပြိုင်ဘက်များကို မဲနှိုက်ရွေးချယ်ရမည် ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ချင်ဖုန်းဂိုဏ်းမှ တပည့်များမှာ ကံကြမ္မာမျက်နှာသာမပေးချေ။

အခြားသူများနှင့်ယှဉ်လျှင် သန်မာသော ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အနိုင်ရသူအများဆုံးရှိသည့်ဂိုဏ်းက အောင်ပွဲခံရမည် ဖြစ်ပေသည်။

ဂိုဏ်းတစ်ခုစီမှ ကိုယ်စားလှယ်လေးဦးစီ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယှဉ်ပြိုင်ရမည့်နေရာမှာ အမဲလိုက်ကွင်းပြင်ရှိ မြက်ခင်းပြင်အကျယ်ကြီးတစ်ခု ဖြစ်လေသည်။

စင်မြင့်တစ်ခုနှင့် ပွဲကြည့်စင်များကိုလည်း စီစဉ်ထားသည်။

စင်မြင့်ထက်တွင် ဧကရာဇ်နှင့် ကိုယ်လုပ်တော်တို့ ထိုင်နေကြသည်။

၎င်းတို့၏ဘေးတွင် အရာရှိများနှင့် ဂိုဏ်းချုပ်များ ထိုင်နေကြလေသည်။

အတွင်းဘက်မှ ပျက်စီးမှုများ အပြင်သို့မပျံ့နှံ့စေရန်အတွက် အစီအရင်တစ်ခုကိုလည်း ချမှတ်ထားပေသည်။

ပထမဆုံးပွဲစဉ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ မိုးကြိုးမုန်တိုင်းဂိုဏ်းမှ လိုင်ချင်းနှင့် ပုဆိန်လေပွေဂိုဏ်းတို့၏ ယှဉ်ပြိုင်မှု ဖြစ်လေသည်။

ထိုပွဲစဉ်မှာ မိနစ်အနည်းငယ်အတွင်း ပြီးဆုံးသွားချေသည်။

အခြားတပည့်များမှာ သူတို့ ယခင်က ပြောခဲ့သည့်စကားများကို ပြန်လည်စဉ်းစားလာကြသည်။

လင်းဖန်သည် သူတို့ပြောသကဲ့သို့ အမှန်တကယ်ပင် တော်နေနိုင်ပေသည်။

နောက်ထပ်ပွဲစဉ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ ကျောက်ကျားရွေ့နှင့် ရေကန်မှမုန်တိုင်းဂိုဏ်းတို့ ဖြစ်လေသည်။

လူတိုင်းမှာ သူမ၏ ကျက်သရေရှိလှပြီး အသက်အန္တရာယ်ပေးနိုင်လောက်သည့် ဓားချက်များကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။

အံ့ဩစရာမရှိစွာပင် ကျောက်ကျားရွေ့က အနိုင်ရရှိသွားခဲ့သည်။

တပည့်များက ဝိုင်းဝန်းအားပေးကြပြီး သူမ၏ အာရုံစိုက်မှုကိုရရှိရန် ကြိုးစားကြလေသည်။

သူမမှာ ပုံမှန်အတိုင်း အေးစက်နေဆဲဖြစ်ကာ သူမ၏နေရာသို့ အမြန်ပြန်ပြေးသွားပြီး နောက်ပွဲစဉ်ကို စောင့်ဆိုင်းနေတော့သည်။

လင်းဖန်၏အလှည့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လင်းဖန် ယှဉ်ပြိုင်ရမည့်နေရာသို့ ဝင်ရောက်လာချိန်တွင် တစ်ကွင်းလုံး တိတ်ဆိတ်သွားလေသည်။

မည်သူကမျှ သူ၏စွမ်းရည်ကို ခန့်မှန်းနိုင်ခြင်းမရှိကြချေ။

သူ၏ ပြိုင်ဘက်မှာ အနောက်ဘက်ဘုန်းတော်ကြီးကျောင်းမှ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ တိထော် ဖြစ်ပေသည်။

တိထော်မှာ ဝဖြိုးနေပြီးရယ်မောနေသော ဗုဒ္ဓရုပ်ပွားတော်ကဲ့သို့ ဗိုက်ကြီး စူထွက်နေလေသည်။

ထို့နောက် သူက ကြီးမားသော အပြုံးကြီးဖြင့် လင်းဖန်ကို အရိုအသေပေးလိုက်သည်။

“ငါ ရေတွက်တာနဲ့ ပြိုင်ပွဲစမယ်... တစ်... နှစ်... သုံး...”

လင်းဖန်၏ လက်ထဲတွင် သံတူနှစ်လက် ရုတ်တရက် ထွက်ပေါ်လာလေသည်။

သူက တိထော် မည်မျှသန်မာသည်ကို စမ်းသပ်ရန် ရှေ့သို့ ပြေးဝင်သွားလိုက်သည်။

သူ၏စိတ်ထဲတွင် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာချေသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၂၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ။]

လင်းဖန်သည် သူ၏စိတ်ထဲမှ အချက်အလက်များကို မြင်လိုက်ရသောအခါ တိထော်က သူ့ကိုသတ်ရန် ရည်ရွယ်ထားကြောင်း သိလိုက်လေသည်။

‘ဒါဆိုရင်လည်း သူ့အတွက် သနားညှာတာနေစရာ အကြောင်းမရှိတော့ဘူး...’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

ဖလပ်...

လင်းဖန်က သူ၏ သံတူတစ်လက်ဖြင့် တိထော်၏ ဗိုက်ကို ရိုက်ချလိုက်သော်လည်း ရေကန်ထဲသို့ ထိုးသွင်းလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ အသားစိုင်များက ရိုက်ချက်၏အရှိန်ကို စုပ်ယူသွားလေသည်။

နောက်တစ်စက္ကန့်တွင် တိထော်က လင်းဖန်၏ဦးခေါင်းကို လှမ်းထိုးလိုက်ရာ လင်းဖန်က အခြားသံတူတစ်လက်ဖြင့် ကာကွယ်လိုက်ရတော့သည်။

ဒေါင်...

ရိုက်ခတ်မှုအရှိန်က သူ၏ လက်ကောက်ဝတ်အထိ တုန်ခါသွားစေပြီး သံတူကို လွတ်ကျလုမတတ် ဖြစ်သွားစေသည်။

တိထော်က မဲ့ပြုံးတစ်ချက်ပြုံးကာ ပခုံးဖြင့် လင်းဖန်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်လေသည်။

ထိုတိုက်ချက်က လင်းဖန်ကို ထိမှန်သွားရာ အရှိန်သတ်နိုင်ရန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပေသည်။

“သူ့ဆီမှာ ဒါပဲ ရှိတာလား...”

“ငါကတော့ သူ ငါတို့ကို အံ့ဩသွားအောင် လုပ်ပြလိမ့်မယ်လို့ ထင်နေခဲ့တာ...”

“ချင်ဖုန်းဂိုဏ်းက သူ့ကို လူအရေအတွက်ပြည့်ရုံသက်သက်ပဲ ခေါ်လာတာဖြစ်ရမယ်...”

လင်းဖန်က ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။

သူတို့အတွက်တော့ အမြဲတမ်း ထိုကဲ့သို့ပင်။

ထိုအတွေးနှင့်အတူ လင်းဖန်သည် သံတူများကို ဖားပြုတ်ရုပ်တုငယ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်လေသည်။

All Chapters