အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း (၁၃၃) - ဟိုမင်
နောက်ပွဲစဉ်မှာ လျှပ်စီးခြေကန်ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ တပည့်ဖြစ်သူလော့နှင့် ဟိုမင်တို့၏ တိုက်ပွဲပင် ဖြစ်သည်။
ဟိုမင်သည် ချီစုစည်းမှုအဆင့် (၉) သို့ ရောက်ရှိနေပြီး အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် နီးစပ်နေပြီဖြစ်သော်လည်း သူက အသာစီးမရနိုင်သေးချေ။
” သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံးတွေ လိုချင်သေးလား... ငါ့ဆီမှာ အများကြီးရှိသေးတယ်...”
လင်းဖန်က အနားသို့သွားကာ မေးလိုက်သည်။
ဟိုမင်တစ်ယောက် ပြိုင်ဘက်အား ရင်မဆိုင်နိုင်မည်ကို စိုးရိမ်နေမိသည်။
ဟိုမင်က ခေါင်းခါလိုက်ပြီး စကားပြောလိုက်လေသည်။
“ငါက မင်းထက် ပိုချမ်းသာတယ်ဆိုတာ မင်းမေ့နေပြီထင်တယ်...”
ထို့နောက် သူက ဝတ်ရုံအတွင်း၌ဆောင်ထားသော သွေးနှင့်ချီ ပြန်လည်အားဖြည့် ဆေးပုလင်းများကို လှန်ပြလိုက်သည်။
“မင်းက ဆရာကောင်းဆီကနေ အတုခိုးတတ်နေပြီပဲ...”
လင်းဖန်က ဟိုမင်၏ပခုံးကို ပုတ်လိုက်သည်။
ထို့နောက် ဟိုမင်က စင်မြင့်ထက်သို့ တက်သွားလေသည်။
လူသစ်တစ်ယောက်ဖြစ်သည့်အတွက် ပွဲကြည့်ပရိသတ်များက သူ့ကို စူးစမ်းစွာ ကြည့်ရှုနေကြသည်ယ
ဤချင်ဖုန်းဂိုဏ်းမှ တပည့်က ဓားနှစ်လက်ဖြင့် ဘာလုပ်မည်နည်း။
ထိုသူသည် ဓားနှစ်လက် ကျင့်ကြံခြင်းအမြုတေအား ပိုင်ဆိုင်ထားလေသလား…
သူ၏ပြိုင်ဘက်ဖြစ်သည့် လော့မှာမူ လှပသောပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ဝတ်ရတနာအများအပြားကိုလည်း ဆင်မြန်းထားပေသည်။
သူက ဟိုမင်၏ နုနယ်သော ရုပ်သွင်ကို မြင်သောအခါ မဲ့ပြုံး ပြုံးလိုက်သည်။
သူ့အတွက်တော့ အလွယ်တကူ အနိုင်ယူနိုင်မည့် အတွေ့အကြုံမရှိသေးသော တပည့်တစ်ဦး ဖြစ်ရပေမည်။
နှစ်ဦးလုံး နေရာယူပြီးသောအခါ ဒိုင်လူကြီးက အော်ဟစ်လိုက်လေသည်။
“ရေတွက်မယ်... တစ်... နှစ်... သုံး... စတင်လို့ရပြီ...”
နောက်တစ်ခဏ၌ ဟိုမင်က သူ၏ဓားနှစ်လက်လုံးကို ဆွဲထုတ်လိုက်ပြီး နေရောင်ခြည်နှင့် အလင်းဟပ်ကာ လော့၏ မျက်လုံးများဆီသို့ ထိုးဟပ်စေလိုက်သည်။
“သောက်ကောင်...”
လော့သည် တစ်ခဏမျှ မျက်စိကျိန်းသွားသဖြင့် ကျိန်ဆဲလိုက်သည်။
ထိုအချိန်တွင် ဟိုမင်က ညာဘက်လက်ရှိဓားဖြင့် လော့ဆီသို့ ထိုးသွင်းလိုက်လေသည်။
လေပွေဓားသိုင်းတစ်ခုက လော့ထံသို့ ပစ်ဝင်သွားပြီး မြေပြင်မှ ဖုန်မှုန့်များကိုလွင့်စင်စေကာ လော့ထံချဉ်းကပ်သွားချိန်တွင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ထိုအချိန်၌ လော့မှာ အမြင်အာရုံ ပြန်လည်ရရှိနေပြီဖြစ်ကာ ဟိုမင်၏ ညာဘက်သို့ လိမ့်ဆင်း၍ ရှောင်တိမ်းလိုက်သည်။
ဝှစ်...
လေပွေဓားသိုင်းက လွဲချော်သွားပြီး လော့၏ဝတ်ရုံမှ အဝတ်စတချို့ကိုသာ ဖြတ်တောက်သွားနိုင်လေသည်။
လော့က မတ်တတ်ရပ်လိုက်ပြီး သူ၏ စုတ်ပြဲသွားသော လက်စကို ကြည့်လိုက်သည်။
“သေလိုက်စမ်း... ဒီဝတ်ရုံက မင်းရဲ့ အောက်တန်းကျတဲ့ အသက်ထက်တောင် ပိုတန်ဖိုးရှိတယ်ကွ...”
သူက ဟိုမင်ထံသို့ ပြေးဝင်သွားလေသည်။
ဘုန်း...
လော့ ရပ်နေသောနေရာမှ ဖုန်မှုန့်များ လွင့်စင်သွားတော့သည်။
နောက်တစ်ခဏမှာပင် သူက ဟိုမင်၏အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဒုတ်...
လော့က ဟိုမင်အား မြေပေါ်သို့ လဲကျသွားစေရန် သူ၏ဒူးကို ကန်ချလိုက်လေသည်။
ဟိုမင်က သူ၏ ဘယ်ဘက်ဓားကို မြေကြီးထဲသို့ စိုက်ချကာ အားပြု ထောက်ခံထားလိုက်သည်။
ညာဘက်လက်ကမူ လော့၏ တိုက်ခိုက်လာမှုများကို တားဆီးရန် ခုတ်ပိုင်းချလိုက်သည်။
ဟိုမင်၏ ဓားက မျက်နှာဆီသို့ ဝင်ရောက်လာသောကြောင့် လော့မှာ နောက်သို့ ခုန်ဆုတ်လိုက်ရသည်။
သို့သော်လည်း သီသီလေးလွတ်သွားခြင်းဖြစ်ပြီး ဆံပင်အနည်းငယ်က မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းသွားပေသည်။
ဟိုမင်၏ ခုတ်ပိုင်းချက်များက လော့၏ ဆံပင်အနည်းငယ်ကို ပြတ်ကျသွားစေခဲ့သည်။
၎င်းက လော့ကို ထပ်မံ ဒေါသထွက်စေတော့သည်။
လော့က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ခြေထောက်များက တောက်ပသော အပြာရောင်အလင်းများ ထွက်ပေါ်လာလေသည်။
လျှပ်စီးခြေကန် သိုင်းနည်းစနစ်ပင်။
ဖုန်း...
အပြာရောင်လျှပ်စီးတစ်ခုကဲ့သို့ တောက်ပသွားပြီးနောက် လော့၏အမြန်နှုန်းမှာ ဟိုမင်အတွက် အလွန်မြန်ဆန်နေကာ ဟိုမင်၏ ရင်ဘတ်ဆီသို့ ကန်ချက်ထိမှန်သွားတော့သည်။
“အား...”
ဟိုမင်သည် သွေးများအန်ချလိုက်ရပြီး ထိုရိုက်ခတ်မှုကြောင့် မီတာအနည်းငယ်အကွာသို့ လွင့်စဉ်သွားလေသည်။
ဟိုမင် မော့ကြည့်လိုက်ချိန်တွင် ပြာလဲ့လဲ့ အလင်းရောင်တစ်ခု သူ့ထံသို့ ပြေးဝင်လာနေသည်ကိုသာ မြင်တွေ့လိုက်ရသည်။
ယခုတစ်ကြိမ်တွင် လော့၏ခြေထောက်များက ဟိုမင်၏ ဦးခေါင်းကိုထိမှန်ရန် တဖြည်းဖြည်း နီးကပ်လာချေပြီ။
ဟိုမင်က အလျင်အမြန်ပင် ကြက်ခြေခတ်ခုတ်ပိုင်းချက်တစ်ခုကို ထုတ်သုံးလိုက်သဖြင့် လော့မှာ မဖြစ်မနေ ရှောင်တိမ်းလိုက်ရသည်။
ဤသည်က သူ့အတွက် အချိန်အနည်းငယ်ရသွားစေပြီး သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံးကို အမြန်ထုတ်ကာ မြိုချလိုက်လေသည်။
ဆေးအာနိသင်က ချက်ချင်းပင် ပြသလာသည်။ သူ၏ ချီများ ပြန်လည်ပြည့်ဝလာပြီး ရင်ဘတ်မှာလည်း ယခင်ကလောက် နာကျင်မနေတော့ချေ။
” သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံး ဟုတ်လား... ငါ့ရဲ့ တိုက်ခိုက်မှုတွေအားလုံးကို ခုခံနိုင်ဖို့ မင်းဆီမှာ ဘယ်လောက်တောင် ရှိမလဲဆိုတာ ကြည့်ကြသေးတာပေါ့...”
ဟိုမင် ဆေးလုံးသောက်လိုက်သည်ကို မြင်သောအခါ လော့က ပြောလိုက်သည်။
သူသည် ဟိုမင်ဆီသို့ သူ၏မိုးကြိုးခြေကန်ချက်ဖြင့် ထပ်မံပြေးဝင်သွားပြန်သည်။
သို့သော်ငြား ဤတစ်ကြိမ်တွင် ဟိုမင်က အသင့်ပြင်ထားပြီးဖြစ်ရာ သူ၏ ဘယ်ဘက်လက်ရှိဓားဖြင့် မြေကြီးပေါ်သို့ ခုတ်ချလိုက်လေသည်။
ဘုန်း…
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသွားကာ လော့ဆီသို့ ရိုက်ခတ်သွားတော့သည်။
ပေါက်ကွဲမှုအတွင်း ရောက်ရှိသွားသော လော့မှာ လွင့်စင်သွားပြီး ဖုန်ထူသောမြေပြင်ပေါ်တွင် လိမ့်ဆင်းသွားချေသည်။
မိုးကြိုးပေါက်ကွဲခြင်း ဓားသိုင်းပင်။
လော့ မတ်တတ်ပြန်ရပ်လိုက်ချိန်တွင် ဖုန်များပေကျံကာ စုတ်ပြတ်သတ်နေသော သူ၏ ပိုးသားဝတ်ရုံနှင့် အပိုင်းပိုင်းအစစ ကျိုးပဲ့သွားသော လက်ဝတ်ရတနာများကို ကြည့်လိုက်မိသည်။
ထိုအရာက သူ့ကို ဒေါသတကြီးဖြင့် လက်သီးဆုပ်ကာ အံကြိတ်မိစေတော့သည်။
“ဒီတိုက်ကွက်ကို မင်း ထပ်သုံးနိုင်သေးလားဆိုတာ ကြည့်ကြသေးတာပေါ့...”
လော့က ဟိုမင်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
ချီစုစည်းမှုအဆင့်သာရှိသေးသော ဟိုမင်အနေဖြင့် ဤတိုက်ကွက်ကို နောက်တစ်ကြိမ်ထပ်သုံးရန် လုံလောက်သောချီစွမ်းအင် ရှိနိုင်မည်မဟုတ်ပေ။
သို့သော် သူ အံ့အားသင့်သွားစေမည့်အရာမှာ ဟိုမင်က သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံး နောက်တစ်လုံးကို ထပ်ထုတ်လိုက်ခြင်းပင်။
ဤတစ်ကြိမ်တွင်မူ ပွဲကြည့်ပရိသတ်များက သူ့ထံတွင် ဆေးပုလင်းမည်မျှ ပါလာသနည်းဆိုသည်ကို အရိပ်အမြွက် မြင်လိုက်ရသည်။
“ဒီကောင်က ဘယ်သူလဲ...”
“ဘယ်သူကများ ဆေးလုံးတွေ ဒီလောက်အများကြီး သယ်လာမှာလဲ...”
“ဟူး... ငါတို့က မတတ်နိုင်လို့ ဒီလောက်အများကြီး မရှိတာပါ...”
“ဒါပေမဲ့ ဒီကောင်ကတော့...”
ဟိုမင်တစ်ယောက် ဤမျှဇိမ်ကျနေသည်ကို ပွဲကြည့်ပရိသတ်များက မနာလို ဖြစ်နေကြလေသည်။
ဆေးတစ်ပုလင်း ဝယ်နိုင်ရန်အတွက် သူတို့အနေဖြင့် တာဝန်များကို တစ်လတိတိ လုပ်ဆောင်ရမည် ဖြစ်သည်။
“မင်း...”
လော့မှာ ဟိုမင်ကို လက်ညှိုးငေါက်ငေါက်ထိုးရင်း စကားစဆွံ့အသွားချေသည်။
ဟိုမင်က ပြုံးလိုက်ပြီး ဘယ်ဘက်လက်ရှိဓားဖြင့် မြေပြင်ပေါ်သို့ ထပ်မံခုတ်ချလိုက်ပြန်သည်။
ဘုန်း…
ပေါက်ကွဲမှုထပ်ဖြစ်သွားကာ လော့ဆီသို့ ဖုန်လုံးများ လွင့်စဉ်သွားတော့သည်။
လော့က အမြန်ခုန်ပျံကာ ညာဘက်သို့ ရှောင်တိမ်းလိုက်သည်။
သို့သော်ငြား ဤတစ်ကြိမ်တွင် ဟိုမင်က သူ ထိုသို့လုပ်ဆောင်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။
သူက မျှော်လင့်ထားသည့်အတိုင်း ညာဘက်လက်ရှိဓားဖြင့် ထိုးသွင်းလိုက်သည်။
လေပွေဓားသိုင်းက လော့ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားကာ သူ၏ရင်ဘတ်ကို ဖောက်ထွင်းသွားပြီး ပိုးသားဝတ်ရုံအစအနများကို လေထဲသို့ လွင့်စင်သွားစေတော့သည်။
“အား...”
လော့မှာ သွေးများအန်ချကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
သူက လက်ကို အမြန်မြှောက်ကာ အော်ဟစ်လိုက်သည်။
“ကျုပ် အရှုံးပေးတယ်...”
တိထော်ကဲ့သို့ သူ၏အသက်ကို စွန့်စားမည်မဟုတ်ပေ။
’နိုင်ပွဲတစ်ခုအတွက် ဘယ်သူကများ ကိုယ့်ရဲ့ ဇိမ်ကျကျဘဝကို အဆုံးရှုံးခံမှာလဲ...’
လော့တစ်ယောက် စိတ်ထဲမှ တွေးလိုက်သည်။
ဟိုမင်သည် သူ၏အရှိန်ဖြင့်ဆိုလျှင် အလွယ်တကူ အနိုင်ယူနိုင်မည့်သူဖြစ်သည်ဟူသော သူရထားသည့် သတင်းအချက်အလက်များက အလကားပင် ဖြစ်သွားချေပြီ။
“ချင်ဖုန်းဂိုဏ်းက ဟိုမင် အနိုင်ရရှိကြောင်း ကြေညာတယ်...”
ဒိုင်လူကြီးက အော်ဟစ်လိုက်လေသည်။
ချင်ဖုန်းဂိုဏ်းမှ လူတိုင်းက ဝမ်းသာအားရ ဂုဏ်ပြုလိုကိကြတော့သည်။
လင်းဖန်က ဟိုမင်၏ အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ဟိုမင်ကလည်း ပြန်လည်ပြုံးပြလိုက်လေသည်။
သူ၏ စွမ်းဆောင်ရည်က လင်းဖန်ကို အောက်ဆွဲမချခဲ့သည့်အတွက် မိမိကိုယ်ကိုယ် ကျေနပ်နေမိသည်။
“သူက တကယ်ပဲ ဓားနှစ်လက်ကျင့်ကြံခြင်းအမြုတေကို ပိုင်ဆိုင်ထားတာပဲ...”
“ချင်ဖုန်းဂိုဏ်းက ဒီလို လူငယ်ပါရမီရှင်တွေအကြောင်းကို နှုတ်ဆိတ်နေခဲ့တာပေါ့လေ...”
“ဒါပေမဲ့ ဒါက တော်တော်လေးရှားပါးတဲ့ ပါရမီပဲ...”
ပွဲကြည့်ပရိသတ်များက ဟိုမင်၏ ကျင့်ကြံခြင်းအမြုတေအကြောင်းကို စတင်ဆွေးနွေးလာကြသည်။
ကွဲပြားသော သိုင်းနည်းစနစ်များကိုအသုံးပြုကာ ဓားနှစ်လက်ကို တစ်ပြိုင်နက်တည်း ကိုင်ဆောင်နိုင်ခြင်း၏ အားသာချက်ကို ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရလေပြီ။
” ချင်းယန်ဇီ... အခြားဂိုဏ်းတွေထက် အများကြီးသာလွန်နေတဲ့ မင်းရဲ့တပည့်တွေဆီက စွမ်းဆောင်ရည်က တကယ့်ကို အံ့မခန်းပါပဲလား...”
ဧကရာဇ်က ချင်းယန်ဇီကို နောက်ထပ်အရက်တစ်ခွက်မြှောက်ပြရင်း ပြောလိုက်သည်။
“အရှင်မင်းကြီးရဲ့ ထောက်ပံ့မှုတွေမပါဘဲ ဒါတွေက ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး...”
ချင်းယန်ဇီက ပြန်လည်ဖြေကြားလိုက်ပြီး အရက်ခွက်ကို မော့သောက်လိုက်ပြန်သည်။
“အရှင်မင်းကြီး... ချင်ဖုန်းဂိုဏ်းက တကယ်ကို စွမ်းအားကြီးမားတာပဲ...”
ကိုယ်လုပ်တော်လီဖေးက ဧကရာဇ်၏လက်ကို ဆုပ်ကိုင်ထားရင်း ပြောလိုက်လေသည်။
“ကိုယ်လုပ်တော်လေး... မင်းက ဘာကို ဆိုလိုတာလဲ... သူတို့က ချွမ်မင်းဆက်မှာ အကောင်းဆုံးတွေပဲလေ...”
ဧကရာဇ်က ပြန်ဖြေလိုက်သည်။
ထိုအရာကပင် အချိန်ကိုက် ဝင်ရောက်ပြောဆိုတတ်သော ဤကိုယ်လုပ်တော်လေးကို သူ ချစ်မြတ်နိုးရသည့် အကြောင်းရင်း ဖြစ်ပေသည်။