အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄) - အမှောင်တမန်တော်၏အစီအစဉ်
ယခုအခိုက်အတန့်တွင် ချင်ဖုန်းဂိုဏ်းမှာ နှစ်ပွဲအနိုင်ရရှိထားလေသည်။
ရလဒ်များမှာ ဧကရာဇ် မျှော်လင့်ထားသည့်အတိုင်း လုံးဝမဟုတ်ပေ။
အခြားဂိုဏ်းများမှာမူ လုံးဝကို စိတ်ပျက်ဖွယ် ကောင်းနေချေသည်။
၎င်းတို့၏ ပြိုင်ဘက်များနှင့် ပတ်သက်သည့်အချက်အလက်များကို ကြိုတင်ပေးထားခဲ့သော်ငြားလည်း ချင်ဖုန်းဂိုဏ်းကို မယှဉ်နိုင်သေးပေ။
အခြားပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကြရာတွင် မည်သူကမျှ တစ်ပွဲထက်ပို၍ အနိုင်မရခဲ့သောအခါ ဧကရာဇ်က ယနေ့အတွက် ဤမျှဖြင့်ရပ်နားရန် ဆုံးဖြတ်လိုက်လေသည်။
“ဒီနေ့အတွက် အနားယူကြတာပေါ့... အခြားဂိုဏ်းတွေက ချင်ဖုန်းဂိုဏ်းကိုအမီလိုက်ဖို့ အများကြီး ကြိုးစားရဦးမယ် ထင်တယ်...”
ဧကရာဇ်က အကြံပြုလိုက်သည်။ သူက ပွဲစဉ်များ ဆက်လက်ကျင်းပနေသည်ကိုကြည့်ရန် စိတ်မဝင်စားတော့ချေ။
သူက ချင်ဖုန်းဂိုဏ်းကို ရှုံးနိမ့်စေချင်ရုံသာ ဖြစ်ပေသည်။
“နောက်ထပ် ဘာပွဲစဉ်တွေ ကျန်သေးလဲ...”
ဧကရာဇ်က သူ၏ဘေးရှိ မိန်းမစိုးကို မေးလိုက်သည်။
မိန်းမစိုးက အလျင်အမြန်ပင် ပြန်လည်ဖြေကြားလိုက်သည်။
“ချင်ဖုန်းဂိုဏ်းက ကျန်းရှီနဲ့ ဟွမ်ယွမ်ခွန်းက မိုးကြိုးမုန်တိုင်းဂိုဏ်းရဲ့ တပည့်တွေဖြစ်တဲ့ လိုင်မင်၊ မာရုံတို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်...”
“ချင်ဖုန်းဂိုဏ်းနဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်းတို့ကပဲ နှစ်ပွဲစီအနိုင်ရထားပါတယ်... မနက်ဖြန် နှစ်ပွဲလုံးအနိုင်ရတဲ့သူက ဒီပြိုင်ပွဲကို အနိုင်ရမှာပါ...”
“ကောင်းပြီ... စီစဉ်စရာရှိတာတွေကို မင်းကိုပဲ လွှဲခဲ့မယ်...”
ဧကရာဇ်က ပြောလိုက်ပြီးနောက် နေရာမှ ထွက်ခွာသွားလေသည်။
မိန်းမစိုးက အရိုအသေပေးလိုက်ပြီးနောက် အခြားဂိုဏ်းချုပ်များကို မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။
ညတွင်းချင်း လုပ်ဆောင်ရမည့်အလုပ်များ ရှိနေပေသည်။
…
ညအချိန်သို့ ရောက်ရှိလာလေသည်။
လူတိုင်း ညစာစားနေကြသည့် တဲအတွင်း၌ သိုးကင်တစ်ကောင်ကို တည်ခင်းထားသည်။
၎င်းကို အကောင်းဆုံး အနေအထားရသည်အထိကင်ထားပြီး ကြွပ်ရွနေသောအရေခွံ၊ နူးညံ့လှသောအတွင်းသားတို့နှင့်အတူ ဆီပြန်နေလေသည်။
လင်းဖန်နှင့် ဟိုမင်တို့မှာ သိုးသားကို တိတ်ဆိတ်စွာ စားသောက်နေကြသည်။
တစ်ခုခုဖြစ်တော့မည်ကို သူ သေချာပေါက် သိနေလေသည်။
သူတို့သည် ယုတ်မာသော အကြံအစည်တစ်ခုအတွက် ပွဲစဉ်များကို ရပ်နားလိုက်ခြင်းဖြစ်ရပေမည်။
ရိမေဂိုဏ်းမှတပည့်များနှင့် စကားစမြည်ပြောဆိုကာ သောက်စားနေသောဟွမ်ယွမ်ခွန်းကို သူက လှမ်းကြည့်လိုက်လေသည်။
သူတို့သည် ဟွမ်ယွမ်ခွန်း၏ ဟာသများကို ရယ်မောကာ အချိန်ကောင်းတစ်ခုကို ဖြတ်သန်းနေကြသည်။
အခြားတစ်ဖက်တွင်မူ ကျန်းရှီမှာ သူမ၏နေရာ၌ ညစာကို မြိန်ရေရှက်ရေ စားသောက်နေသည်။
ရုတ်တရက် အနက်ရောင် ဝတ်ရုံဝတ်လူများ တဲအတွင်းသို့ ဝင်ရောက်လာကြလေသည်။
အမဲလိုက်ကွင်းထဲတွင် ထိုသူများကို အရင်က တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့် လင်းဖန်က သတိထားလိုက်သည်။
သူတို့တစ်ဦးစီ၏ လက်ထဲတွင် အရသာရှိသော အစားအစာများ ထည့်ထားသည့် ပန်းကန်များကို ကိုင်ဆောင်ထားကြသည်။
ထိုလူများ၏ ခေါင်းဆောင်ဖြစ်သူက အရိုအသေပေးကာ ပြောလိုက်သည်။
“ဒါက ခင်ဗျားတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အသိအမှတ်ပြုတဲ့အနေနဲ့ ကိုယ်လုပ်တော်က တည်ခင်းကျွေးမွေးတာပါ... ဧကရာဇ်ရဲ့ နန်းတော်က မိန်းမစိုးတွေက အဆိပ်ရှိ၊မရှိ စစ်ဆေးပြီးသားမို့ စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်...”
ဘေးတွင်ရပ်နေသော မိန်းမစိုးတစ်ဦးက ခေါင်းညိတ်ပြလေသည်။
အခြားတပည့်များက ခေါင်းညိတ်လိုက်ကြပြီးနောက် အသံထွက်လာသည်။
“ကိုယ်လုပ်တော်ကို ကျေးဇူးတင်ပါတယ်...”
ထိုလူများထဲမှတစ်ယောက်က လင်းဖန်၏အရှေ့တွင် ပန်းကန်ကိုချထားပေးလိုက်ချိန်၌ ရင်းနှီးနေသော အသံတစ်ခုက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၂၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ။]
ဟိုမင်နှင့် ကျန်းရှီတို့ အစားအစာများ မစားမိစေရန် လင်းဖန်က အလျင်အမြန် တားဆီးလိုက်သည်။
သူက ဟွမ်ယွမ်ခွန်းကိုလည်း အစားမစားရန် တားဆီးသည့်အနေဖြင့် အကြည့်တစ်ချက် ပေးလိုက်သည်။
ဟွမ်ယွမ်ခွန်းက အရိပ်အကဲကို နားလည်သွားပြီး လင်းဖန်နှင့်အတူထိုင်ရန် ပြန်လျှောက်လာလေသည်။
ထိုလုပ်ရပ်မှာ ရိမေဂိုဏ်းမှ တပည့်များအတွက်မူ စိတ်ပျက်ဖွယ် ဖြစ်သွားရသည်။
သူ့အရှေ့ရှိ အစားအစာများကို မွှေနှောက်လိုက်ရင်း ဟွမ်ယွမ်ခွန်းက လင်းဖန်ကို တီးတိုးမေးလိုက်သည်။
“ဒါဆို အဆိပ်ခတ်တဲ့ ရိုးရိုးလုပ်ရိုးလုပ်စဉ်ပဲပေါ့ ဟုတ်လား...”
“ဖြစ်နိုင်တယ်... ကြာနက်ဂိုဏ်းက ဘာလုပ်မလဲဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ဘူးလေ...”
လင်းဖန်က ပြန်ဖြေလိုက်သည်။
အနက်ရောင်ဝတ်ရုံနှင့်လူက အစားအစာများအား မစားကြသည်ကိုမြင်သောအခါ သိပ်မကျေနပ်လှပေ။
သူက ရှေ့သို့လှမ်းလာပြီးနောက် မေးလိုက်သည်။
“ဘာလို့ မစားကြတာလဲ... မင်းတို့ ဒါကို သဘောမကျဘူးဆိုရင် ကိုယ်လုပ်တော်က ကျေနပ်မှာ မဟုတ်ဘူးနော်...”
“ကျန်တဲ့သူတွေကတော့ မြိန်ရေရှက်ရေ စားနေကြပြီ... စစ်သားတွေတောင် စားပြီးသွားပြီကို...”
လင်းဖန် ထိုစကားကိုကြားလိုက်ရသောအခါ ကပ်ဆိုးကြီးကျရောက်လာတော့မည်ကို သိလိုက်သည်။
“စိတ်မပူပါနဲ့... ခင်ဗျား ဗိုက်ဆာနေတာ ကျုပ်သိပါတယ်... ရော့... ကျုပ်တို့ဝေစုတွေပါ အကုန်ယူလိုက်ပါ...”
ဝတ်ရုံနက်နှင့်လူမှာ လင်းဖန်ကို အစာစားစေရန် ဆက်လက်တွန်းအားပေးချင်သော်လည်း မတတ်နိုင်တော့ပေ။
တစ်စုံတစ်ယောက်က သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်သွားလေပြီ။
သူက ရုန်းကန်ရန် ကြိုးစားလိုက်သော်လည်း သူ၏ဆန္ဒအလျောက် မျက်ခွံကိုပင် လှုပ်ရှား၍ မရနိုင်တော့ချေ။
မည်သို့ဖြစ်သွားသည်မသိဘဲ သူသည် အစာပန်းကန်ကိုယူကာ အငမ်းမရ မျိုချပစ်လိုက်တော့သည်။
လင်းဖန်က သူ့အပေါ်သို့ ဆယ်ဦးအုပ်ချုပ်သူစွမ်းရည်အား အသုံးပြုလိုက်ခြင်းပင်။
” မင်း...”
ဝတ်ရုံနက်နှင့်လူမှာ လင်းဖန်ကို လက်ညှိုးထိုးလိုက်သော်လည်း ဒေါသတကြီး ပေါက်ကွဲထွက်ခွင့် မရနိုင်တော့ချေ။
သူတို့၏ လျှို့ဝှက်ချက်ကို ပေါက်ကြားမခံနိုင်သောကြောင့် ဖြစ်သည်။
လင်းဖန်၊ ဟိုမင်၊ ကျန်းရှီနှင့် ဟွမ်ယွမ်ခွန်းတို့သာ အစာမစားသည်ကို မြင်လိုက်ရသောအခါ သူက လက်လျှော့လိုက်ပြီး အခြားသူများနှင့်အတူ ထွက်ခွာသွားလေသည်။
‘အဆိပ်မစားတဲ့သူ နည်းနည်းလောက်ရှိနေတာက အမှောင်တမန်တော်ရဲ့ အစီအစဉ်ကိုတော့ ထိခိုက်စေမှာ မဟုတ်ပါဘူးလေ...’
သူက စိတ်ထဲမှ တွေးလိုက်သည်။
အံ့သြစရာကောင်းသည်မှာ ကိုယ်လုပ်တော်ထံမှ အစားအသောက်များ ယူစားခဲ့သူများမှာ ထိုနောက်ပိုင်းတွင် ပုံမှန်အတိုင်းပင် ရှိနေခဲ့သည်။
၎င်းတို့အားလုံးက အစားအသောက်များ၏ အရသာရှိမှုကို ချီးကျူးနေကြဆဲ ဖြစ်သည်။
လင်းဖန်က ထိုလူကို အစားအသောက်များ ပေးစားလိုက်သည်ကို မြင်သောအခါ သူတို့က ခေါင်းယမ်းလိုက်ကြပြီး နှမြောစရာကောင်းလှသည်ဟု တွေးလိုက်ကြသည်။
“ရှီအာ... မနက်ဖြန်ပွဲစဉ်အတွက် စောစောနားကြရအောင်...”
ဟွမ်ယွမ်ခွန်းက ယပ်တောင်ခတ်ရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ ဂိုဏ်းတူအစ်ကို... ကျွန်မတို့ သတိဝီရိယရှိမှ ဖြစ်မယ်...”
ကျန်းရှီသည်လည်း တစ်ခုခု မှားယွင်းနေကြောင်း သိရှိထားပေသည်။
“အရေးပေါ်အခြေအနေ တစ်ခုခုဖြစ်လာရင် အသင့်ဖြစ်အောင် ကျုပ်နဲ့ ဟိုမင် ဒီည ကင်းစောင့်ပေးမယ်...”
လင်းဖန်က ပြောလိုက်သည်။
မိုးကြိုးမုန်တိုင်းဂိုဏ်း၏ တဲအတွင်း၌…
မိန်းမစိုးတစ်ဦးသည် တဲအတွင်း၌ လော့ချန်နှင့် တွေ့ဆုံနေလေသည်။
သူက ထိုင်ခုံတွင်ထိုင်ကာ လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်ကို တစ်ကျိုက်ချင်း သောက်နေသည်။
မိန်းမစိုးမှာ ဧကရာဇ်နှင့် အနီးကပ်ဆုံးလူဖြစ်သဖြင့် လော့ချန်က မတ်တတ်ရပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“အရှင်မင်းမြတ်က မင်းရဲ့ စွမ်းဆောင်မှုတွေအတွက် တစ်လျှောက်လုံး အသိအမှတ်ပြုနေခဲ့တာပါ...”
“အဲဒီအတွက် ဆုချတဲ့အနေနဲ့ မင်းရဲ့ တပည့်တွေအတွက် ရှားပါးတဲ့ ကိုးပတ်လည် ချီစုစည်းမှုဆေးလုံး နှစ်လုံးကို ပေးသနားလိုက်တယ်...”
“ဒါတွေက နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်... သင့်တော်တဲ့အချိန်မှာ အသုံးပြုလိုက်ပါ...”
မိန်းမစိုးက ပြောလိုက်လေသည်။
“အရှင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ...”
လော့ချန်က ဧကရာဇ်ကို ကျေးဇူးတင်စကားဆိုလိုက်ပြီး မိန်းမစိုးအား ငွေတစ်တေးလ် ပေးလိုက်သည်။
မိန်းမစိုးက ထိုငွေကို အမြန်လှမ်းယူကာ သူ၏အင်္ကျီလက်အတွင်း ဖုံးကွယ်လိုက်ပြီး ပြောလိုက်သည်။
“အလုပ်တွေကိုသာ ဆက်ကြိုးစားပါ... ငါလည်း အရှင်မင်းမြတ်ဆီမှာ မင်းအတွက် စကားကောင်း နည်းနည်းပါးပါး ပြောပေးပါ့မယ်...”
“ကောင်းပါပြီ... ကျွန်တော် လိုက်ပို့ပေးပါရစေ...”
လော့ချန်က မိန်းမစိုးထံမှ ဆေးပုလင်းကိုယူလိုက်ရင်း ပြောလိုက်သည်။
ဧကရာဇ်၏ တဲနန်း၌…
ကိုယ်လုပ်တော်သည် ညအတွက် အသင့်ဖြစ်စေရန် ရေချိုးကန်အတွင်း ရေနွေးနွေးဖြင့် ရေချိုးနေလေသည်။
နံ့သာမျိုးစုံဖြင့် ရောစပ်ထားသော ရေမွှေးနံ့များ ပျံ့လွင့်နေသည့် ရေ၏ နွေးထွေးမှုကို သူမက သာသာယာယာခံစားနေသည်။
ရေမှ ထွက်ပေါ်လာသော ရေနွေးငွေ့များကြောင့် သူမ၏ မျက်နှာလေးမှာ နူးညံ့ပျော့ပျောင်းနေသည်။
ရုတ်တရက် ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထလာသည်ကို သူမ ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက် သို့မဟုတ် ဝိညာဉ်တစ်ခုခု တဲအတွင်းသို့ ဝင်ရောက်လာခြင်းပင်။
သူမက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် ဝတ်ရုံနက်နှင့် လူတစ်ယောက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
၎င်းမှာ အမှောင်တမန်တော်ထံမှ သတင်းပို့သူပင်။
သတင်းပို့သူမျှသာဖြစ်ကြောင်း မြင်လိုက်ရသောအခါမှ သူမက သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
“ရှင်ကတော့ လုပ်ချလိုက်ပြန်ပြီ... နောက်တစ်ခါ အဲဒီလို မလုပ်ပါနဲ့...”
“ငါ့မှာ အချိန်သိပ်မရှိဘူး... အမှောင်တမန်တော်က အားလုံး အစီအစဉ်အတိုင်း ဖြစ်နေပြီလားလို့ မေးခိုင်းလိုက်တယ်...”
သတင်းပို့သူက ပြောလိုက်လေသည်။
ဤသည်မှာ အမှောင်တမန်တော်၏ နောက်ဆုံးအခွင့်အရေးဖြစ်ပြီး အောင်မြင်မှုရရှိရန် သူ သေချာပေါက် လုပ်ဆောင်ရမည် ဖြစ်သည်။
ယခု ကျင်းပနေသောပြိုင်ပွဲမှာ သူ၏ အစီအစဉ်များအတွက် အာရုံလွှဲရန် သက်သက်သာ ဖြစ်ပေတော့သည်။