အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း (၁၃၆) - ကျန်းရှီ
ကျန်းရှီက သူမ၏လည်ပင်းကို ပြန်လည်ကုစားနိုင်ရန် အသက်ရှူသွင်းလိုက်တိုင်း ရိမေဂိုဏ်းသားများ၏ နှလုံးခုန်သံများပါ လိုက်ပါသွားတော့သည်။
ချီစွမ်းအင်များ ကုန်ခမ်းသွားသဖြင့် သူမသည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ခွေကျသွားချေပြီ။
ချင်းယန်ဇီ၏အသံက ကျန်းရှီ၏ စိတ်ထဲသို့ ဝင်ရောက်လာလေသည်။
“ရှီအာ... မဖြစ်နိုင်ရင် အရှုံးပေးလိုက်ပါ... ငါတို့က ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ ရောက်လာတာ မဟုတ်ဘူး...”
ကျန်းရှီက သူရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ခေါင်းခါပြလိုက်သည်။
သူမသည် မိမိကိုယ်ကိုယ်သာမက ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၏ စွမ်းပကားကိုပါ သက်သေပြချင်နေခဲ့သည်။
လိုင်မင်ကို လှမ်းကြည့်လိုက်သောအခါ သူသည် အမောတကော ဖြစ်နေပြီး လှုပ်ပင်မလှုပ်နိုင်တော့ချေ။
ထိုအရာက တစ္ဆေတစ်ဆယ့်သုံးချက် သွေးကြောပိတ်တိုက်ကွက်ကို အသုံးပြုခဲ့ခြင်းအတွက် ပေးဆပ်ရမည့် တန်ဖိုးပင်။
တိုက်ကွက်၏ အရှိန်ကုန်သွားသည်နှင့် ချီစွမ်းအင်နှင့် ခွန်အားများပါ ကုန်ခမ်းသွားမည် ဖြစ်ပေသည်။
ကျန်းရှီသည် ဆေးပုလင်းတစ်လုံးကို အမြန်ထုတ်ယူလိုက်ပြီး ဆေးတစ်လုံးကို မျိုချလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူမ၏ ချီစွမ်းအင်များ ပြန်လည်ပြည့်ဝလာပြီး ဒဏ်ရာမှာလည်း အပြည့်အဝ ကျက်သွားလေသည်။
သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးကို ထပ်သုံးလိုက်ပြန်ချေပြီ။
ပွဲကြည့်ပရိသတ်များမှာ ချင်ဖုန်းဂိုဏ်းမှတပည့်များသည် ဈေးကြီးသောဆေးလုံးများကို အပြည့်အဝ ပြင်ဆင်ထားသည်ဟု စတင်တွေးတောလာကြတော့သည်။
သူတို့ မသိခဲ့သည့်အချက်မှာ ဤအရာအားလုံးကို စတင်ခဲ့သူမှာ လင်းဖန် ဖြစ်နေခြင်းပင်။
ထို့နောက် ကျန်းရှီက လိုင်မင်ရှိရာသို့ လျှောက်သွားလိုက်သည်။
သူမ အနားရောက်လာချိန်တွင် လိုင်မင်က သူ၏ အင်္ကျီလက်စဆီသို့ လက်လှမ်းလိုက်လေသည်။
သို့သော်ငြား သူ တုံ့ဆိုင်းသွားခဲ့သည်။
သူ၏ တုံ့ဆိုင်းနေမှုကြောင့် ဒေါသထွက်နေသည့်လော့ချန်ကို သူ လှမ်းကြည့်လိုက်ပြီးနောက် လင်းဖန်ထံသို့ အကြည့်ရွှေ့လိုက်သည်။
လင်းဖန်ကိုမြင်လိုက်ရချိန်တွင် လင်းဖန်ပြောခဲ့ဖူးသည့် စကားများကို ပြန်လည်သတိရသွားလေသည်။
အချို့သောအရာများသည် စွန့်လွှတ်ရလောက်အောင် တန်ဖိုးမရှိပေ။
လိုင်မင်က ဂုဏ်သိက္ခာဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို သိရှိနေဆဲပင်။
ကိုးပတ်လည်ချီစုစည်းမှုဆေးလုံးကို သောက်သုံးရန်မှာ သူ၏ ဂုဏ်သိက္ခာနှင့် မတန်ဟု ခံစားရလေသည်။
လိုင်မင်က လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။
“ကျုပ် အရှုံးပေးတယ်...”
ဒိုင်လူကြီးက အသံကျယ်လောင်စွာဖြင့် ကြေညာလိုက်လေသည်။
“ဒီပွဲစဉ်အတွက် အနိုင်ရရှိသူက ချင်ဖုန်းဂိုဏ်းက ကျန်းရှီပါ...”
ရိမေဂိုဏ်းမှတပည့်များအားလုံး မတ်တတ်ရပ်ကာ ကျန်းရှီအတွက် အားပေးဟစ်ကြွေးလိုက်ကြသည်။
ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူတစ်ယောက်ဖြစ်ခြင်း၏ အဓိပ္ပာယ်ကို သူတို့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရခြင်းပင်။
အခြားသော ပွဲကြည့်ပရိသတ်များမှာမူ ရလဒ်ကြောင့် တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။
ကျန်းရှီ၏အနိုင်ရမှုက သူတို့၏မျက်နှာကို ဖြတ်ရိုက်လိုက်သည့်အလား ခံစားလိုက်ရပေသည်။
သူတို့၏ တုံ့ပြန်မှုများကို မြင်လိုက်ရသောအခါ လင်းဖန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေသည်။
မိမိမှန်ကန်ကြောင်းကို ထပ်ခါတလဲလဲ သက်သေပြနိုင်ခြင်းလောက် ကျေနပ်စရာကောင်းသည့်အရာ မရှိတော့ချေ။
လော့ချန်မှာမူ ဒေါသထွက်လွန်းသဖြင့် အငွေ့ထွက်မတတ်ဖြစ်နေပြီး အပြန်တွင် လိုင်မင်အား သီးသန့်အကျဉ်းခန်းထဲသို့ ပို့ထားရန် အမိန့်ပေးလိုက်တော့သည်။
အင်ပါယာဧကရာဇ်၏ ဘေးတွင်ရပ်နေသော မိန်းမစိုးကလည်း လော့ချန်ကို စူးရဲစွာ စိုက်ကြည့်နေလေသည်။
‘တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ...’
ဤမျှ ရိုးရှင်းသော ညွှန်ကြားချက်ကိုပင် မလုပ်ဆောင်နိုင်ခဲ့ချေ။
အင်ပါယာဧကရာဇ်က ပြောလိုက်သည်။
“ချင်းယန်ဇီ... မင်းရဲ့ မိန်းကလေးတပည့်က ယောက်ျားလေးတွေလိုပဲ တော်လှပေတယ်... ကောင်းတယ်...”
လီဖေးက မျက်စိတစ်ဖက်မှိတ်ပြကာ ဧကရာဇ်ကို လက်ဖြင့်တို့လိုက်ပြီး ပြောလိုက်သည်။
“အရှင်မင်းကြီး... ကျွန်မလည်း သူမလိုပဲ တော်အောင် သင်ယူနိုင်ပါတယ်...”
ဧကရာဇ်ချွမ်ရှီက အသံထွက်ကာ ရယ်မောလိုက်လေသည်။
ချင်းယန်ဇီက အရိုအသေပေးကာ ပြန်လည်ဖြေကြားလိုက်သည်။
“ရှီအာက ငယ်ရွယ်ပြီး ကျွန်တော်တို့ရဲ့ အကောင်းဆုံးတပည့်တွေထဲက တစ်ယောက်ပါ... အရှင်မင်းကြီးအတွက် အကောင်းဆုံး ကြိုးစားပါလိမ့်မယ်...”
“စိတ်မပူပါနဲ့ ချင်းယန်ဇီ... ဒီက လီဖေးက ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ခံနိုင်ရည်မရှိပါဘူး... ကိုယ်တော်ကလည်း သူမရဲ့ ဆံပင်တစ်မျှင် ကျွတ်သွားတာကိုတောင် မခံစားနိုင်ဘူးလေ...”
အင်ပါယာဧကရာဇ်က ပြောလိုက်ပြီး ပွဲစဉ်ကို ဆက်လက်ကျင်းပရန် ညွှန်ကြားလိုက်သည်။
နောက်ထပ်ပွဲစဉ်သည် အလွန်အရေးကြီးလှပေသည်။
အကယ်၍ မိုးကြိုးမုန်တိုင်းဂိုဏ်းသာ အနိုင်ရခဲ့လျှင် သရေပွဲဖြစ်သွားမည်ဖြစ်ပြီး နောက်ထပ်ပွဲစဉ်တစ်ပွဲ ထပ်ကစားရမည် ဖြစ်သည်။
သို့သော် ချင်ဖုန်းဂိုဏ်းသာ အနိုင်ရခဲ့လျှင် ဤပြိုင်ပွဲတွင် ချင်ဖုန်းဂိုဏ်းက ဗိုလ်စွဲသွားတော့မည် ဖြစ်သည်။
ဟွမ်ယွမ်ခွန်းနှင့် မာရုံတို့၏ ပွဲစဉ်က ဆက်လက်စတင်တော့မည်။
သူတို့နှစ်ဦးလုံးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေကြလေသည်။
ပုံမှန် ပညာတတ်ဝတ်စုံကို ဝတ်ဆင်ထားသော ဟွမ်ယွမ်ခွန်း၏မျက်နှာမှာ ထူးထူးခြားခြား တင်းမာနေသည်။
ကျန်းရှီအား မိုးကြိုးမုန်တိုင်းဂိုဏ်းမှ အနိုင်ကျင့်ခဲ့ခြင်းအပေါ် သူက ဒေါသထွက်နေခြင်းပင်။
ဤကမ္ဘာပေါ်ရှိ အလှတရားအားလုံးကို ကာကွယ်စောင့်ရှောက်သင့်သည် မဟုတ်ပါလော။
မာရုံမှာမူ ဟွမ်ယွမ်ခွန်းနှင့် ဆန့်ကျင်ဘက်ပုံစံပင် ဖြစ်နေတော့သည်။
သူ၏ မျက်နှာပေါ်တွင် အနက်ရောင် မုတ်ဆိတ်မွေးများ ဖုံးလွှမ်းနေပြီး တောင့်တင်းကြံ့ခိုင်သော ကြွက်သားများနှင့်အတူ ခန္ဓာကိုယ်အနှံ့ တက်တူးများ အပြည့်ထိုးထားလေသည်။
သူ ပြိုင်ပွဲကွင်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် ရိမေဂိုဏ်းမှ တပည့်များက သူ့အတွက် အားပေးဟစ်ကြွေးလိုက်ကြလေသည်။
“စီနီယာအစ်ကိုကြီး... ကျွန်မတို့ အားပေးနေတယ်နော်...”
“ကြည့်စမ်း... သူက တည်တည်ကြည်ကြည်နေလိုက်တော့ လုံးဝကို ကွဲပြားသွားတာပဲ...”
“ယောက်ျားဆိုတာ ဒီလိုမျိုး ဖြစ်သင့်တာပေါ့... ဘယ်အချိန်မှာ တည်တည်ကြည်ကြည်နေရမလဲ၊ ဘယ်အချိန်မှာ ပျော်ပျော်ပါးပါးနေရမလဲဆိုတာကို သိရမယ်လေ...”
မာရုံသည် ရိမေဂိုဏ်းမှတပည့်များ၏ စကားကိုကြားသောအခါ မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်သည်။
‘မျက်ကန်း ငတုံးမတွေ...’
‘ဒီကောင်မတွေက သူ့ရဲ့ အချိုသတ်စကားတွေနဲ့ အယုံသွင်းခံထားရတာ သေချာတယ်...’
မာရုံ စိတ်ထဲမှ တွေးလိုက်သည်။
“ငါ ရေတွက်တာနဲ့ ပွဲစမယ်... တစ်၊ နှစ်၊ သုံး... စတင်ကြ...”
ဒိုင်လူကြီးက အော်ဟစ်လိုက်ပြီး ပွဲကို စတင်လိုက်လေသည်။
မာရုံသည် ဤပိန်လှီနေသော ပညာတတ်ရုပ်နှင့်ကောင်ကို အပိုင်းပိုင်းခုတ်ထစ်ပစ်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။
သူက လက်ကို ဆုပ်လိုက်သည်နှင့် အပြာရောင်အလင်းတန်းတစ်ခုက လက်သီးများပေါ်တွင် လွှမ်းခြုံသွားပေသည်။
မိုးကြိုးမုန်တိုင်းလက်သီး သိုင်းနည်းစနစ်…
ဘုန်း…
မာရုံသည် ဟွမ်ယွမ်ခွန်းဆီသို့ ပြေးဝင်သွားလေသည်။
သို့သော်ငြား ဟွမ်ယွမ်ခွန်းက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး သူ၏ ယပ်တောင်ကို ဓားအဖြစ်ပြောင်းလဲကာ တားဆီးလိုက်သည်။
ထွက်ပေါ်လာသောဓားက မာရုံ၏ လည်ပင်းဆီသို့ တိကျစွာ ချိန်ရွယ်ထားပေသည်။
ထိုအခါ မာရုံသည် မြေပြင်ကို လက်သီးဖြင့်ထိုးချလိုက်ရာ ပေါက်ကွဲမှုတစ်ခုကို ဖြစ်ပေါ်သွားစေသည်။
ဘုန်း…
ဟွမ်ယွမ်ခွန်းသည် နောက်သို့ခုန်ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် မာရုံဆီသို့ ဓားဖြင့် ထိုးသွင်းလိုက်လေသည်။
လေပွေက မာရုံ၏ လက်မောင်းဆီသို့ ပစ်ဝင်လာသော်လည်း သူက လက်သီးဖြင့်သာ ပြန်လည်ထိုးနှက်လိုက်သည်။
လေပွေက သူ၏ လက်သီးထဲသို့ ဖောက်ဝင်ရန်ကြိုးစားလာချိန်တွင် မာရုံ၏ တောက်ပနေသောလက်သီးက လေပွေကို ရင်ဆိုင်လိုက်လေသည်။
သို့သော်လည်း အချည်းနှီးသာ။
ဒိုင်း…
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မာရုံ၏ တောက်ပနေသောလက်သီးက ထိုးဖောက်ဝင်ရောက်သွားရာ လေပွေမှာ ပျောက်ကွယ်သွားတော့သည်။
မာရုံသည် ဤအခွင့်အရေးကို အသုံးချကာ လက်သီးနှစ်ဖက်လုံးကို အရှေ့ထုတ်၍ လည်ပတ်ရင်း ဟွမ်ယွမ်ခွန်းဆီသို့ ပြေးဝင်သွားလေသည်။
၎င်းမှာ လေပွေတိုက်ကွက်၏ လူသားပုံစံနှင့် တူလှပေသည်။
သို့ရာတွင် မာရုံက ဟွမ်ယွမ်ခွန်းဆီသို့ လည်ပတ်ဝင်ရောက်လာချိန်တွင် လက်သီးများထံမှ တဖျပ်ဖျပ်မြည်နေသော မိုးကြိုးလျှပ်စီးများ ထွက်ပေါ်နေပေသည်။
ရွှမ်း…
ဟွမ်ယွမ်ခွန်းက ကြက်ခြေခတ်ရိုက်ချက်ဖြင့် ခုတ်ပိုင်းလိုက်လေသည်။
ဆက်တိုက်ဆိုသလိုပင် ဓားလှိုင်းများက မာရုံဆီသို့ ပစ်ဝင်သွားသည်။
မာရုံ၏ တဖျပ်ဖျပ်မြည်နေသော လျှပ်စီးများနှင့် ထိတွေ့လိုက်သည့်အချိန်တွင် ၎င်းတို့မှာ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် ဟွမ်ယွမ်ခွန်းသည် မာရုံကိုရှောင်တိမ်းရန် ဘေးဘက်သို့ လျင်မြန်စွာ ခုန်ထွက်လိုက်လေသည်။
ဖုန်း…
လျှပ်စီးအချို့က ဟွမ်ယွမ်ခွန်း၏ခါးကို ထိမှန်သွားပြီး ထိုနေရာရှိဝတ်ရုံကို အပိုင်းပိုင်း ဆုတ်ဖြဲသွားပေသည်။
သူ၏ ခါးမှာ လျှပ်စီးကြောင့် မီးလောင်ကျွမ်းကာ မည်းတူးသွားလေသည်။
မာရုံက ဟွမ်ယွမ်ခွန်းထက် အဆင့်တစ်ဆင့် ပိုမြင့်နေပုံပေါ်သည်။
‘သူ့ကို အဝေးကနေပဲ ရင်ဆိုင်မှ ရမယ်...’
ဟွမ်ယွမ်ခွန်း စိတ်ထဲမှ တွေးလိုက်သည်။
နောက်တစ်ခဏတွင် ဟွမ်ယွမ်ခွန်းသည် မာရုံနှင့် အလှမ်းဝေးရာသို့ ခုန်ဆုတ်သွားလေသည်။
သူသည် လေပွေဓားသိုင်းဖြင့် နောက်တစ်ကြိမ် ထိုးသွင်းလိုက်ပြန်သည်။
မာရုံက နှာခေါင်းရှုံ့လိုက်ပြီး လေပွေဓားသိုင်းဆီသို့ သူ၏ လည်ပတ်တိုက်ကွက်ဖြင့် ပြေးဝင်သွားလေသည်။
ဤတစ်ကြိမ်တွင်မူ ဟွမ်ယွမ်ခွန်းမှာ အသင့်ဖြစ်နေခဲ့ပြီ။
သူသည် ဘေးဘက်သို့ ချက်ချင်းခုန်ထွက်လိုက်ပြီး မာရုံဆီသို့ ခုတ်ပိုင်းလှိုင်းတစ်ခု ပစ်လွှတ်လိုက်သည်။
သူ၏ ဘေးဘက်၌ ဟာကွက် ပေါ်သွားသည်နှင့် ဓားလှိုင်းမှာ မာရုံ၏ခါးဆီသို့ လှီးဖြတ်သွားပေသည်။
ထိုအရာက သူ့ကို မြေပြင်ပေါ်သို့ လဲကျသွားစေသည်။
တောက်…
သွေးများက မြေပြင်ပေါ်သို့ တစ်စက်စက် ကျဆင်းလာသည်။
မာရုံသည် ဒဏ်ရာကို ပိတ်ဆို့ရန် သူ၏ ချီစွမ်းအင်ကို အသုံးပြုလိုက်လေသည်။
သို့သော်ငြား ဒဏ်ရာအနည်းငယ်ကိုသာ သူ ပြန်လည်ကုစားနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ သူသည် ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်ကြံသူမဟုတ်ပေ။
” ခွေးကောင်...”
မာရုံသည် သူ၏ ချီစွမ်းအင်ကိုအသုံးပြုကာ အဖြူရောင်တောက်ပနေသော လေပွေချီကွင်းများဖြင့် လက်မောင်းကို ဖြည့်တင်းလိုက်ရင်း အော်ဟစ်လိုက်လေတော့သည်။