← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉) - အမှောင်တမန်တော် ရောက်ရှိလာခြင်း

ဧကရာဇ်သည် ရှေ့သို့ ကိုင်းညွတ်လိုက်ပြီး သူ၏အရက်ခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း စောင့်ကြည့်နေလေသည်။

သူ၏ဘေးတွင် ထိုင်နေသော ကိုယ်လုပ်တော်မှာ ဧကရာဇ်၏ကျောပြင်ကို သူမ၏လက်ဖြင့် ပွတ်သပ်ပေးကာ အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

“နံ့သာပေါင်းတွေ ဘယ်မှာလဲ... အရှင်မင်းကြီး စိတ်တည်ငြိမ်သွားအောင် အမြန်ယူလာခဲ့စမ်း...”

ကိုယ်လုပ်တော်က မိန်းမစိုးချုပ်အား အော်ဟစ်လိုက်သည်။

သူမသည် မိန်းမစိုးချုပ်၏ လုပ်ရည်ကိုင်ရည်ကို မကျေမနပ် ဖြစ်နေချေသည်။

မိန်းမစိုးချုပ်က အလျင်အမြန် တောင်းပန်လိုက်ပြီး လူများကို အမြန်ခေါ်ရန် ထွက်သွားလေသည်။

မကြာမီတွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူများက နံ့သာပေါင်းအိုးများကို ယူဆောင်လာပြီး ပွဲကြည့်စင်နှင့် တိုက်ခိုက်ရေးစင်မြင့်အပါအဝင် ယှဉ်ပြိုင်ရေးကွင်း တစ်ခုလုံးတွင် ချထားလိုက်ကြသည်။

နံ့သာပေါင်း၏အနံ့မှာ မွှေးကြိုင်လှပြီး လူတိုင်းကို စိတ်တည်ငြိမ်သွားစေသည်။

သို့သော် ချင်းယန်ဇီနှင့် ချင်ဖုန်းဂိုဏ်းမှ အခြားတပည့်များမှာမူ ထိုကဲ့သို့ ခံစားရခြင်း မရှိပေ။

သူတို့သည် နံ့သာငွေ့များကို တတ်နိုင်သမျှ ရှူသွင်းမှု နည်းပါးစေရန် လိပ်အသက်ရှူကျင့်စဉ်ကို အသုံးပြုထားကြလေသည်။

“ဂါး...”

ကျိုရှူးသည် သူ၏ နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။

သူသည် လက်ချောင်းများထဲမှ အဆိပ်များကို လင်းဖန်၏ကိုယ်ထဲသို့ ထိုးသွင်းရန်ကြိုးစားသော်လည်း လင်းဖန်၏ အရေပြားကို ဖောက်ထွင်းနိုင်ခြင်း မရှိသလောက်ပင်။

သို့သော် လင်းဖန်မှာမူ အခွင့်အရေးယူကာ ထိုအဆိပ်များကို စုပ်ယူလိုက်ပြီး သူ၏ အဆိပ်အိတ်ထဲသို့ ပို့ဆောင်လိုက်လေသည်။

ထိုအရာက သူ၏ အဆိပ်အိတ်ထဲမှ အဆိပ်များကို ပိုမိုပြင်းထန်နိုင်စေရန် ပြုလုပ်ပေးနေလေသည်။

ခဏအကြာတွင် ကျိုရှူးသည် သူ၏အဆိပ်များဖြင့် လင်းဖန်အား ထိခိုက်အောင် မလုပ်နိုင်ကြောင်း သဘောပေါက်သွားသဖြင့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော အစွယ်များဖြင့် လင်းဖန်ထံသို့ ခုန်အုပ်လိုက်တော့သည်။

လေခွင်းသံတစ်သံ ထွက်ပေါ်လာလေသည်။

လင်းဖန်က သဏ္ဍာန်မဲ့ခြေလှမ်းစွမ်းရည်ကို အသက်သွင်းလိုက်ရာ ကျိုရှူးသည် လင်းဖန်၏ ခန္ဓာကိုယ်အား မြူခိုးများသဖွယ် ဖြတ်သန်းသွားလေသည်။

နောက်တစ်စက္ကန့်တွင် လင်းဖန်သည် ကျိုရှူး၏အနောက်၌ ထွက်ပေါ်လာပြီး ကျောပြင်ကို သံတူများဖြင့် ရိုက်ချလိုက်တော့သည်။

ဘုန်း…

သံတူများက ပြင်းထန်စွာ ထိမှန်သွားပြီး အရိုးများ ကျိုးကြေသွားသည့်အသံများကို ကြားလိုက်ရလေသည်။

ကျိုရှူးသည် သွေးများ အန်ကျလာပြီး သူ၏ အာရုံများ ခေတ္တမျှ ပျောက်ဆုံးသွားသည်။

လင်းဖန်၏ သံတူများထဲတွင် ဝိညာဉ်ဖျက်သံမဏိပါဝင်နေခြင်းကြောင့် ၎င်း၏ အာနိသင်က သူ့ကို သတိလစ်သွားစေခြင်းပင်။

ကျိုရှူးတစ်ယောက် ကြက်သေ သေသွားသည့် အချိန်တိုလေးမှာပင် လင်းဖန်အတွက် သံတူများဖြင့် ကျိုရှူးအား ဆက်တိုက်ရိုက်နှက်ရန် လုံလောက်နေချေပြီ။

မီးတောက်ဝံပုလွေသည် လင်းလက်တောက်ပလာပြီး ကျိုရှူး၏ လည်ပင်းကိုခုန်အုပ်ကာ အသားတစ်စကို ကိုက်ဖြတ်ယူလိုက်လေသည်။

ဖြန်းခနဲ အသံနှင့်အတူ သွေးများ ပန်းထွက်လာသည်။

ကျိုရှူး ဒူးထောက်ကျသွားစဉ် သွေးများက မြေကြီးပေါ်သို့ ဖိတ်စင်ကျလာလေသည်။

“ဘာတွေ ဖြစ်နေတာလဲ... ငါ့တစ်ကိုယ်လုံး နာနေပြီ...”

“အား... တစ်ယောက်ယောက် ငါ့ကို ကယ်ကြပါဦး...”

“အဆိပ်တွေ...”

ပွဲကြည့်ပရိသတ်များသည် လင်းဖန်၏အနိုင်ရရှိမှုကို လှောင်ပြောင်ချင်ခဲ့ကြသော်လည်း နောက်တစ်စက္ကန့်တွင် သူတို့မှာ နာကျင်မှုကို ခံစားလိုက်ရလေသည်။

သူတို့သည် ကြွက်သားများ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားကာ သွေးများအန်ကျလာပြီး မြေကြီးပေါ်သို့ လဲကျသွားကြတော့သည်။

“ဧကရာဇ်မင်းမြတ်ကို ကာကွယ်ကြ...”

မည်သည့်အရာများဖြစ်ပျက်နေသည်ကို မြင်လိုက်ရသောအခါ စစ်သူကြီးက အော်ဟစ်လိုက်လေသည်။

ကမောက်ကမ အခြေအနေများ ဖြစ်ပေါ်လာတော့သည်။

စစ်သားများသည် ယှဉ်ပြိုင်ရေးကွင်းထဲသို့ စီးဆင်းဝင်ရောက်လာကြသော်လည်း ထိုရောဂါလက္ခဏာမျိုး စတင်ခံစားလာရလေသည်။

ထိုအချိန်တွင် လင်းဖန်သည် ကျိုရှူးထံသို့ လျှောက်သွားလိုက်ပြီး အနောက်ဘက်မှနေ၍ သူ၏ခေါင်းကို သံတူများဖြင့် ရိုက်ခွဲလိုက်လေသည်။

ရိုက်ချက်အရှိန်က သူခံနိုင်ရည်ရှိသည်ထက် ပိုလွန်းနေသောကြောင့် ကျိုရှူး၏ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကို ရိုက်ခွဲလိုက်သကဲ့သို့ပင် ကြေမွ ပေါက်ကွဲသွားတော့သည်။

၎င်းမှာ မိုးကြိုးမုန်တိုင်းဂိုဏ်းအတွက် ထိုက်တန်သော နိဂုံးတစ်ခုပင်။

[ဒင်။ ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[ကလဲ့စားချေအမှတ် + ၂၃၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၁၁၆၀]

‘ကျိုရှူးရဲ့ သိုင်းနည်းစနစ်တွေက တိထော်ထက် အဆင့်နိမ့်ရမယ်...’

လင်းဖန်သည် ကလဲ့စားချေအမှတ်များကို မြင်လိုက်ရပြီးနောက် စိတ်ထဲမှ ကြိတ်တွေးလိုက်လေသည်။

ထူးဆန်းသောအဆင့်ရှိသည့် ရှစ်ကွက်အင်း သားရဲသံတူသိုင်းကိုသင်ယူရန် သူ၏ ရွေးချယ်မှုမှာ ကောင်းမွန်လှပေသည်။

သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးတစ်လုံးကို သောက်သုံးပြီးနောက် သူက မော့ကြည့်လိုက်သည်။

ပွဲကြည့်ပရိသတ်အများစုမှာ အဆိပ်မိကာ ကူကယ်ရာမဲ့စွာဖြင့် မြေကြီးပေါ်တွင် လဲကျနေကြလေသည်။

အနက်ရောင်ဝတ်ရုံနှင့်လူများသည် ကျန်းရှီ၊ ဟိုမင်၊ ဟွမ်ယွမ်ခွန်းတို့နှင့် တိုက်ခိုက်နေကြသည်။

လင်းဖန်သည် မီးလောင်ကျွမ်းနေသော နံ့သာပေါင်းဖိုများကို ကြည့်ကာ ခဏတာ စဉ်းစားလိုက်သည်။

‘ဒီအဆိပ်က အာနိသင်ပြဖို့ အပိုင်းနှစ်ပိုင်း လိုအပ်တာ သေချာတယ်...’

‘သီးခြားစီ စမ်းသပ်မယ်ဆိုရင်တော့ အဆိပ်ဖြစ်လာမှာ မဟုတ်ဘူး...’

‘ဒါပေမဲ့ အဲဒီနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါကျရင် ဓာတ်ပြုမှုကြောင့် အဆိပ်ဖြစ်သွားတာပဲ...’

‘ပထမတစ်ပိုင်းက ကိုယ်လုပ်တော်ကျွေးတဲ့ အစားအစာပဲ...’

‘ဒုတိယတစ်ပိုင်းကတော့ လောင်ကျွမ်းနေတဲ့ ဒီအမွှေးတိုင်တွေပဲ ဖြစ်ရမယ်...’

‘ဒါတွေအားလုံးက အမှောင်တမန်တော်ရဲ့ လက်ချက်နဲ့တူတယ်...’

ဘုန်း…

လင်းဖန်သည် ခုန်တက်သွားကာ ဟိုမင်နှင့် အခြားသူများ၏တိုက်ပွဲထဲသို့ ဝင်ရောက်ပူးပေါင်းလိုက်လေသည်။

“ဘာတွေဖြစ်နေတာလဲ... ဧကရာဇ်ရဲ့ သက်တော်စောင့်တွေ ဘယ်ရောက်နေကြတာလဲ...”

မိန်းမစိုးချုပ်က ဧကရာဇ်အား လာရောက်ကာကွယ်ရန် သက်တော်စောင့်များကို အော်ဟစ်ခေါ်ယူလိုက်သည်။

မည်သူမျှ ပြေးဝင်မလာခဲ့ပေ။

နောက်တစ်ခဏ၌ မိန်းမစိုးချုပ်၏ အော်ဟစ်သံ ရပ်တန့်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

အနက်ရောင် ရေဘဝဲလက်တံတစ်ခုသည် မိန်းမစိုးချုပ်၏ဦးခေါင်းကို ဖောက်ထွက်သွားကာ ပွဲချင်းပြီး သေဆုံးသွားစေသည်။

သွေးများက ဧကရာဇ်၏ မျက်နှာပေါ်သို့ ပန်းထွက်သွားချေပြီ။

နွေးထွေးသော သွေးများက ဧကရာဇ်၏မျက်နှာပေါ်မှ စီးကျလာချိန်တွင် သူ၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားသောအအေးဓာတ်ကို ခံစားလိုက်ရလေသည်။

အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်သည် စင်မြင့်ပေါ်သို့ရောက်လာပြီး မိန်းမစိုးချုပ်ကို သတ်ဖြတ်လိုက်ခြင်းပင်။

ချင်းယန်ဇီသည် သူ၏ လက်ညှိုးနှင့် လက်ခလယ်ကို ဖြောင့်တန်းစေကာ ထိုလူဆီသို့ လှမ်း၍ ခုတ်ပိုင်းလိုက်သည်။

ဓားလှိုင်းတစ်ခုသည် ထိုလူ၏ လည်ပင်းကို ဖြတ်သန်းသွားလေသည်။

ဘုတ်…

ထိုလူ၏ ဦးခေါင်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကာ သွေးလမ်းကြောင်းတစ်ခု ချန်ရစ်၍ လိမ့်ဆင်းသွားတော့သည်။

ယင်းကို မြင်သောအခါ ဧကရာဇ်သည် ချင်းယန်ဇီနှင့် ချင်ဖုန်းဂိုဏ်းမှ တောင်ထွတ်သခင်များ၏ အနောက်သို့ ကပျာကယာ ဝင်ရောက်ပုန်းအောင်းလိုက်သည်။

“လီဖေး... ငါ မင်းကို ယုံကြည်ခဲ့တယ်... မင်းက တခြားသူတွေနဲ့ ပူးပေါင်းပြီး ငါ့အသက်ကိုရန်ရှာဖို့ ဘယ်လိုတောင် ရဲတင်းရတာလဲ...”

ဧကရာဇ်က အော်ဟစ်လိုက်ပြီး ကိုယ်လုပ်တော်ကို လက်ညှိုးထိုးလိုက်သည်။

ကိုယ်လုပ်တော်က ခေါင်းခါယမ်းပြပြီး ရှင်းပြရန် ကြိုးစားလေသည်။

ဤသည်မှာ သူမကို ပြောပြထားသည့် အစီအစဉ်မဟုတ်ပေ။

သူမသည် ထန်ခွန်း၏ အစီအစဉ်အတိုင်း ချင်ဖုန်းဂိုဏ်းကို အင်အားနည်းသွားစေရန်သာ လိုလားခဲ့ခြင်းဖြစ်သည်။

ဧကရာဇ်ကိုသတ်ဖြတ်ရန် သူမ တစ်ခါမျှ မတွေးခဲ့ဖူးချေ။

’အချိန် မနှောင်းသေးဘူး ထင်တယ်...’

ကိုယ်လုပ်တော်က တွေးလိုက်သည်။

“ထန်ခွန်းက ချင်ဖုန်းဂိုဏ်းကို အင်အားနည်းသွားစေဖို့အတွက်ပဲလို့ ကျွန်မကိုပြောခဲ့တာပါ အရှင်မင်းကြီး...”

သူမက အပြစ်မှ လွတ်ကင်းစေရန်ကြိုးစားရင်း နောက်ကွယ်မှကြိုးကိုင်သူကို ချက်ချင်းဖော်ထုတ်လိုက်သည်။

ချင်းယန်ဇီက အမြန်လှည့်ကြည့်လိုက်ပြီး ထန်ခွန်း၏ပခုံးများကို လက်ဖြင့် ဖမ်းဆုပ်ကာ ဖမ်းဆီးလိုက်သည်။

ကိုယ်လုပ်တော်၏စွပ်စွဲချက်သည် ထန်ခွန်းအား အပြစ်ဒဏ်ပေးရန် လုံလောက်နေပြီ ဖြစ်သည်။

“ဂိုဏ်းချုပ်... အားလုံးက နားလည်မှုလွဲနေတာပါ...”

ထန်ခွန်းသည် သူ၏ချီစွမ်းအင်များ ပိတ်လှောင်ခံလိုက်ရသည်ကို ခံစားလိုက်ရသဖြင့် တောင်းပန်လိုက်လေသည်။

ချင်းယန်ဇီက သူ့ကိုဂရုမစိုက်ဘဲ ထန်ခွန်း၏နဖူးပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဘုတ်…

ထန်ခွန်းသည် မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားလေတော့သည်။

‘ဒါက တာအိုက ငါ့ကို လုပ်စေချင်တဲ့ကိစ္စပဲ...’

ချင်းယန်ဇီကတွေးလိုက်ပြီး ထိုသို့လုပ်လိုက်ရသည့်အတွက် အလွန်ကျေနပ်သွားသည်။

‘ကျောက်ချင်းယင်ပြောတာ အစကတည်းက မှန်နေခဲ့တာ ဖြစ်မယ်...’

“မင်း ပြောင်းလဲသွားပြီဆိုတာ ငါ မြင်နေရတယ်...”

အသံတစ်သံက ချင်းယန်ဇီကို ကြားဖြတ်ပြောလိုက်သည်။

အမှောင်တမန်တော်သည် စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ တက်လှမ်းလာသည်။

အနက်ရောင်ဝတ်ရုံနှင့်လူများသည်လည်း သူ၏အနောက်မှ စင်မြင့်ပေါ်သို့ တသီတတန်းကြီး တက်လာကြလေသည်။

“ကြာနက်ဂိုဏ်း...”

အခြားသောဂိုဏ်းချုပ်များသည် စင်မြင့်ပေါ်သို့တက်လာသည့် အမှောင်တမန်တော်ကို မြင်လိုက်ရသောအခါ အလွန်အံ့အားသင့်သွားကြသည်။

ဤသည်မှာ သူတို့ သဘောတူထားခဲ့သောကိစ္စ မဟုတ်ပေ။

မူလအစီအစဉ်မှာ ချင်ဖုန်းဂိုဏ်းအား အင်အားနည်းသွားစေရန်သာဖြစ်သော်လည်း ယခုမူ သူတို့သည် အရုပ်များသဖွယ် ကစားခံလိုက်ရပုံပေါ်သည်။

“ကျုပ်က ဧကရာဇ်ရဲ့အသက်ကိုပဲ လိုချင်တာ... သူ့ကို ကျုပ်ဆီပေးလိုက်ရင် မင်းတို့ရဲ့ တပည့်တွေ အသက်ရှင်ရလိမ့်မယ်...”

အမှောင်တမန်တော်ကပြောလိုက်ရင်း မြေပြင်ပေါ်တွင်လဲကျနေသော ဂိုဏ်းအသီးသီးမှ တပည့်များဆီသို့ လက်ညှိုးထိုးပြလိုက်လေသည်။

All Chapters