← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀) - ပြန်ဆုံတွေ့ခြင်း

သူတို့က ပွဲကြည့်စင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

သူတို့၏တပည့်များမှာမူ အနက်ရောင်ဝတ်ရုံဝတ်လူများက လည်ပင်းကိုဓားဖြင့်ထောက်ထားသဖြင့် အကူအညီမဲ့နေကြသည်။

အနက်ရောင်ဝတ်ရုံဝတ်လူများကို တိုက်ခိုက်နေသူများမှာ လင်းဖန်နှင့် ကျန်လူများသာ ဖြစ်ပေသည်။

လင်းဖန်နှင့် ချင်ဖုန်းဂိုဏ်း၏တပည့်များကို အားကိုးနေရခြင်းက သူတို့အတွက် ရယ်စရာပင်။

လွန်ခဲ့သောအချိန်တိုလေးကပင် သူတို့သည် ချင်ဖုန်းဂိုဏ်းကျရှုံးရန် ဆုတောင်းနေခဲ့ကြခြင်း ဖြစ်သည်။

သူတို့က ခဏတာ စဉ်းစားလိုက်ပြီးနောက် ဆုံးဖြတ်ချက် ချလိုက်လေသည်။

သူတို့တွင် အခြားရွေးချယ်စရာ မရှိချေ။

ဂိုဏ်းချုပ်များအနေဖြင့် မည်သည့်အရာကို စတေးနိုင်ပြီး မည်သည့်အရာကို မစတေးနိုင်ကြောင်းကို ကောင်းကောင်းသိထားကြသည်။

သူတို့၏ တပည့်များဖြစ်လာရန် ဆန္ဒရှိသော တပည့်သစ်များလည်း ရှိလာဦးမည်ဖြစ်သည်။

“မင်းတို့က အင်ပါယာအရှင်ကိုတောင် လုပ်ကြံဖို့ ရဲတင်းနေကြတာလား...”

လော့ချန်က အော်ဟစ်လိုက်ပြီးနောက် အမှောင်တမန်တော်ဆီသို့ ခုန်အုပ်လိုက်သည်။

သူသည် အင်ပါယာအရှင်အပေါ်သို့ သစ္စာရှိကြောင်း ပြသလျှင် ပိုကောင်းပေလိမ့်မည် သို့မဟုတ်ပါက နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ရပေလိမ့်မည်။

အခြားသော ဂိုဏ်းချုပ်များသည်လည်း သူတို့၏ တောင်ထွတ်သခင်များနှင့်အတူ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြပြီး လိုက်ပါလုပ်ဆောင်ကြလေသည်။

အမှောင်တမန်တော်က မဲ့ပြုံးပြုံးလိုက်ကာ ကြာပန်းပုံစံ အနက်ရောင်ရုပ်တုငယ်တစ်ခုကို ထုတ်ယူလိုက်သည်။

သူက ၎င်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည့်အခါ အနက်ရောင်ရုပ်တုထံမှ မျက်စိကျိန်းမတတ် အလင်းရောင်တစ်ခု ထွက်ပေါ်လာတော့သည်။

ရှေ့ဆုံးတွင်ရှိနေသော လော့ချန်က သူ၏မျက်လုံးများကို လက်များဖြင့် ကွယ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ၏ ရင်ဘတ်ထဲမှ နာကျင်မှုကို ခံစားလိုက်ရလေသည်။

လော့ချန်က လက်များကို ဖယ်ရှားကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။

လူတစ်ယောက်က သူ့ရင်ဘတ်ကို လက်ဖြင့် ဖောက်ထွင်းထားခြင်းပင်။

ထိုလူမှာ အနက်ရောင် ပုံရိပ်ယောင်တစ်ခုနှင့်တူပြီး ဖောက်ထွင်းမြင်နိုင်သော်လည်း တစ်စုံတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နာကျင်စေနိုင်စွမ်း ရှိနေဆဲပင်။

ရိမေဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ မေရွှမ်းက ဓားကို အမြန်ဆွဲထုတ်ကာ ထိုလူ၏ခြေထောက်ကို ခုတ်ပိုင်းလိုက်လေသည်။

သို့သော် သူမ၏ လှုပ်ရှားမှုက နှေးကွေးနေခဲ့သဖြင့် ထိုလူက ခြေထောက်ကိုမြှောက်ကာ သူမ၏ခေါင်းကို ကန်လိုက်လေသည်။

ဖုန်း...

သူမက မီတာနှစ်ဆယ်ခန့် လိမ့်ထွက်သွားပြီးနောက် စင်အောက်သို့ ပြုတ်ကျသွားတော့သည်။

သူမက ပြန်ထရန် ကြိုးစားသော်လည်း ဦးခေါင်းခွံ ကွဲအက်ကာ ချိုင့်ဝင်သွားသောကြောင့် မထနိုင်တော့ချေ။

လော့ချန်က မိုးကြိုးမုန်တိုင်းလက်သီး သိုင်းနည်းစနစ်ကိုအသုံးပြု၍ ထိုလူ၏လက်ကို ထိုးချလိုက်သည်။

ထိုလူက သူ့ကို လွှတ်ပေးစေရန် ကြိုးစားလိုက်ခြင်းပင်။

ဘုန်း...

ထွက်ပေါ်လာသော ပေါက်ကွဲမှုက သိပ်မထိရောက်ခဲ့သော်လည်း ထိုလူက မဲ့ပြုံးပြုံးကာ လော့ချန်ကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေသည်။

“အမှောင်သခင်...”

အနက်ရောင်ပုံရိပ်ယောင်နှင့်လူကို မှတ်မိသွားသော ချင်းယန်ဇီက အော်ဟစ်လိုက်သည်။

ထိုသူက အမှောင်သခင် သို့မဟုတ် သူ၏ ပုံရိပ်ယောင်တစ်ခု ဖြစ်ရပေမည်။

၎င်းက သူ့ဆီသို့ ခုန်အုပ်လာသော ဂိုဏ်းချုပ်များကို ရင်ဆိုင်ရန်အတွက် လုံလောက်နေခဲ့လေသည်။

“ငါတို့ ထပ်တွေ့ပြန်ပြီပဲ ချင်းယန်ဇီ... မင်း ပေးဆပ်ရမယ့် အချိန်ရောက်ပြီ...”

အမှောင်သခင်က ချင်းယန်ဇီထံသို့ အာရုံပြောင်းလိုက်သည်။

အခြားသော ဂိုဏ်းချုပ်များလည်း ရပ်တန့်သွားကာ စောင့်ကြည့်နေကြတော့သည်။

လော့ချန်နှင့် မေရွှမ်းတို့ ကြုံတွေ့ခဲ့ရသည်ကိုမြင်ပြီးနောက် သူတို့ သတိထားသွားကြခြင်း ဖြစ်သည်။

ချင်းယန်ဇီက ဓားကိုဆွဲထုတ်ကာ အမှောင်သခင်ဆီသို့ ခုန်အုပ်လိုက်လေသည်။

ချွင်...

ချင်ဖုန်းဓားက ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ချိန်တွင် ကျယ်လောင်သော အသံတစ်သံ မြည်ဟည်းသွားလေသည်။

၎င်း၏ အစိမ်းနုရောင် ဓားသွားပေါ်တွင် ကျမ်းစာများထွင်းထုထားပြီး စင်မြင့်ပေါ်ရှိလူများကို ဖိနှိပ်ထားနိုင်သော အငွေ့အသက်တစ်ခုအား ထုတ်လွှတ်နေသည်။

ချင်းယန်ဇီ၏ လေပွေဓားသိုင်းက အမှောင်သခင်ဆီသို့ လှည့်ပတ်သွားချိန်တွင် စင်မြင့်ပေါ်ရှိ သစ်သားပြားများကို ဆွဲဖြဲသွားတော့သည်။

ထိုသို့ ဖြစ်ပျက်နေစဉ်အတွင်း အမှောင်တမန်တော်က အင်ပါယာအရှင်ဆီသို့ ခုန်အုပ်သွားလေသည်။

ကျောက်မင်ယဲ့က ရှေ့သို့လှမ်းထွက်လာကာ အမှောင်တမန်တော်ကိုတားဆီးရန် ကြိုးစားလိုက်သည်။

အမှောင်တမန်တော်က ကျောက်မင်ယဲ့ဆီသို့ အနက်ရောင် ရေဘဝဲလက်တံတစ်ခုကို ချက်ချင်း ပစ်လွှတ်လိုက်သည်။

ဖုန်း...

အစီအရင်ကျင့်ကြံသူတစ်ဦးဖြစ်သည့် ကျောက်မင်ယဲ့သည် တိုက်ခိုက်ရေးကို အသားပေးသူမဟုတ်သောကြောင့် အလံတစ်ခုဖြင့်သာ ကာကွယ်နိုင်လေသည်။

၎င်းမှာ တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်သော အစီအရင်မှော်ပစ္စည်းတစ်ခု ဖြစ်ပေသည်။

ထိုအခွင့်အရေးကိုအသုံးချကာ ဟန်တန်က ပိုက်ကွန်တစ်ခုကို ထုတ်ယူလိုက်ပြီး အမှောင်တမန်တော်အပေါ်သို့ ပစ်ချလိုက်သည်။

အမှောင်တမန်တော်က ပိုက်ကွန်ဆီသို့ ရေဘဝဲလက်တံများကို ပစ်လွှတ်လိုက်သော်လည်း ပိုက်ကွန်နှင့် ထိတွေ့သွားသည်နှင့်တစ်ပြိုင်နက် ရေဘဝဲလက်တံများမှာ ပျောက်ကွယ်သွားချေသည်။

‘ချင်ဖုန်းဂိုဏ်းသားတွေက အသေအချပြင်ဆင်ပြီးမှ လာခဲ့ကြတာပဲ...’

အမှောင်တမန်တော်က စိတ်ထဲမှ တွေးလိုက်သည်။

နောက်ဆုံး ကြိုးစားမှုအနေဖြင့် သူသည် အာရုံပြောင်းလိုက်ပြီး ဧကရာဇ်မင်းထံသို့ ရေဘဝဲလက်တံတစ်ခုကို ပစ်လွှတ်လိုက်လေသည်။

မိမိထံသို့ ပြေးဝင်လာသော ရေဘဝဲလက်တံကို မြင်လိုက်ရသောအခါ ဧကရာဇ်မှာ နောက်သို့ ဆုတ်သွားလိုက်သည်။

ထိုအချိန်လေးတွင် ကျောက်မင်ယဲ့က အလံကို ဧကရာဇ်မင်း၏အရှေ့၌ ချထားလိုက်သည်။

ဘုတ်…

၎င်းက ရေဘဝဲလက်တံကို ကာကွယ်တားဆီးပေးလိုက်လေသည်။

ဧကရာဇ်မှာ အသက်ဘေးမှ လွတ်ကင်းသွားခဲ့သော်လည်း ထိုထိတ်လန့်မှုက သူ့အား ထွက်ပြေးစေရန် လုံလောက်နေပေသည်။

“ကိုယ်ရံတော်တွေ... လာကြစမ်း... မင်းတို့ရဲ့ ဧကရာဇ်ကို ကာကွယ်ကြစမ်း...”

သူက စင်မြင့်ပေါ်မှ ပြေးဆင်းရင်း အော်ဟစ်လိုက်သည်။

“ယွမ်ခွန်း... ဧကရာဇ်မင်းကို ကာကွယ်လိုက်...”

ဧကရာဇ်တစ်ယောက် ပွဲကြည့်စင်ဘက်သို့ ထွက်ပြေးသွားသည်ကိုမြင်လိုက်ရသဖြင့် ချင်းယန်ဇီက အော်ဟစ်လိုက်လေသည်။

ဧကရာဇ်မှာ အကြီးအကျယ် တုန်လှုပ်နေပြီး သူ၏ခေါင်းထဲတွင် စင်မြင့်နှင့်ဝေးရာသို့ ထွက်ပြေးရန်သာ တွေးတောနိုင်တော့သည်။

“ဟုတ်ကဲ့...”

ဟွမ်ယွမ်ခွန်းက အော်ဟစ်လိုက်ပြီး သူနှင့် ကျန်သောသူများမှာ ဧကရာဇ်ရှိရာသို့ သွားလိုက်ကြသည်။

မိမိအပေါ်သို့ ပိုက်ကွန်လွှမ်းခြုံခံထားရသော အမှောင်တမန်တော်သည် အချိန်ကြာလာသည်နှင့်အမျှ သူ၏ချီစွမ်းအင်များ ခန်းခြောက်လာနေသည်ကို ခံစားလိုက်ရသည်။

ဤပိုက်ကွန်သည် အနိမ့်ဆုံး ကောင်းကင်အဆင့် မှော်ပစ္စည်းတစ်ခု ဖြစ်ရပေမည်။

သူသည် ဤနေရာမှ ရုန်းထွက်ရမည်ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ချင်းယန်ဇီနှင့် အမှောင်သခင်တို့၏တိုက်ပွဲကြောင့် ပျက်စီးနေသော သစ်သားပျဉ်ပြားများကိုမြင်လိုက်ရသောအခါ သူ၏ခေါင်းထဲတွင် အကြံတစ်ခု ရလာလေသည်။

သူသည် ကျန်ရှိနေသော ချီစွမ်းအင်များကိုအသုံးပြုကာ စင်မြင့်၏ သစ်သားပျဉ်ပြားများကို ရိုက်ခွဲလိုက်ပြီး အပေါက်ထဲသို့ ပြုတ်ကျသွားတော့သည်။

ပိုက်ကွန်ကို အပေါ်၌သာ ချန်ရစ်ထားခဲ့လေသည်။

“ကျစ်... သောက်ကျိုးနည်းပဲ...”

အမှောင်တမန်တော် လွတ်မြောက်သွားသည်ကို မြင်လိုက်ရသဖြင့် ဟန်တန်က ကျိန်ဆဲလိုက်လေသည်။

နောက်တစ်ခဏတွင် အမှောင်တမန်တော်သည် သိုင်းပြိုင်ကွင်းပေါ်တွင် ပေါ်လာပြီး ပွဲကြည့်စင်များရှိရာသို့ ပြေးသွားချေသည်။

သူတို့က နောက်မှလိုက်ရန် ကြံရွယ်လိုက်သော်လည်း ချင်ဖုန်းဓားနှင့် အမှောင်သခင်၏ လက်သီးတို့ ထိပ်တိုက်တွေ့ဆုံသွားကာ ချင်းယန်ဇီနှင့် အမှောင်သခင်တို့ ရင်ဆိုင်မိချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရလေသည်။

ဘုန်း…

ချင်းယန်ဇီမှာ လွင့်စင်ထွက်သွားပြီး သူနှင့်အတူ ကျောက်မင်ယဲ့နှင့် ဟန်တန်တို့ပါ လိုက်ပါသွားလေသည်။

“မင်း ထပ်ရောက်လာပြန်ပြီလား...”

လင်းဖန်ကို မြင်လိုက်ရသောအခါ အမှောင်တမန်တော်က အော်ဟစ်လိုက်သည်။

ဟန်တန်၏ ပိုက်ကွန်ကြောင့် ချီစွမ်းအင်တစ်ဝက်ခန့် ခန်းခြောက်သွားခဲ့သော်လည်း လင်းဖန်ကို မျက်စိတစ်မှိတ်အတွင်း အဆုံးသတ်ပစ်နိုင်မည်ဟု ယုံကြည်နေပေသည်။

အမှောင်တမန်တော်၏ ရေဘဝဲလက်တံက သူ့ထံသို့ ပြေးဝင်လာချိန်တွင် ရင်းနှီးနေသော အသံတစ်ခုက လင်းဖန်၏ ခေါင်းထဲ၌ ထွက်ပေါ်လာသည်။

[ဒင်...]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့်ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်]

[ကလဲ့စားချေအမှတ် ၃၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

လင်းဖန်သည် ကလဲ့စားချေအမှတ်များကို မြင်လိုက်ရသောအခါ အဘယ်ကြောင့် ၃၀၀ သို့ ကျဆင်းသွားမှန်း မသိသော်လည်း ဤလူကို ရင်ဆိုင်နိုင်မည်ဟု ခံစားလိုက်ရသည်။

ဒေါင်…

တူများက တိုက်ခိုက်မှုကို ကာကွယ်လိုက်သောကြောင့် ရေဘဝဲလက်တံမှာ နောက်သို့ လွင့်စင်သွားချေသည်။

ဘေးဘက်မှနေ၍ လေပွေဓားသိုင်းတစ်ခုက အမှောင်တမန်တော်ထံသို့ ဝင်ရောက်လာလေသည်။

ဟွမ်ယွမ်ခွန်းက တိုက်ပွဲထဲသို့ ဝင်ရောက်လာခြင်းပင်။

အမှောင်တမန်တော်သည် လင်းဖန်ထံသို့ အတင်းတိုးဝင်သွားကာ လေပွေဓားသိုင်းကို ရှောင်တိမ်းလိုက်သည်။

လင်းဖန်က သူ၏တူများကို အမြန်ရိုက်ခတ်လိုက်ရာ အသံလှိုင်းများက အပြင်ဘက်သို့ ပြန့်ထွက်သွားသည်။

ထို့ကြောင့် အမှောင်တမန်တော်မှာ သူ၏နားများကို လက်များဖြင့် ဖုံးအုပ်လိုက်ရလေသည်။

အမှောင်တမန်တော်က ချီစွမ်းအင်များကိုအသုံးပြု၍ ကာကွယ်လိုက်ပြီးနောက် ခေါင်းထဲသို့ဝင်ရောက်ရန် ကြိုးစားနေသောချီစွမ်းအင်များမှာ ပျောက်ကွယ်သွားတော့သည်။

ထိုတဒင်္ဂလေးကပင် လင်းဖန်အတွက် အမှောင်တမန်တော်ထံသို့ တူများဖြင့်ရိုက်ချရန် လုံလောက်နေပေသည်။

သူ၏တူများထဲမှ ထွက်ပေါ်လာသော မီးတောက်ဝံပုလွေနှင့် ရေခဲအစွယ်ကျားဖြူတို့သည် အမှောင်တမန်တော်ထံသို့ ပြေးဝင်သွားကြလေတော့သည်။

All Chapters